The Kaladan Post

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်၊ မနက် ၅:၃၀ နာရီခန့်တွင် ချောက်မြို့မှ စဉ့်ကူရဲစခန်းသို့ စစ်ကား ၂ စီးနှင့် အင်အား ၆၀ ခန့်ပါဝင်သော စစ်သားများအား  Bagan Bo Cho PDF နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ကြောင်း Bagan Bo Cho PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားသောနေ့  ညနေ ၅:၀၀ နာရီခန့်တွင် ၎င်းစစ်သားများသည် တပ်မရေနံမှော်ဘက်သို့ စစ်ကြောင်းထိုးလာစဉ် Bagan Bo Cho PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး တိုက်ပွဲတွင် စစ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့၏ ရုပ် အလောင်းများကို ကျန်ရှိသော စစ်သားများက နေရာတွင်ပင် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများအတွင်း Bagan Bo Cho PDF နှင့် မဟာမိတ်တပ်ဖွဲ့များသည် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုဖြစ်စဥ်နဲ့ပတ်သက်ပြီး Bagan Bo Cho PDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က စစ်ရေးကိစ္စနှင့်ပတ်သက်ပြီး “အခုညနေတော့ စစ်ကြောင်းက တက်မရွာဘက်ကိုပြန်ဆုတ်သွားပြီ  ပြည်သူတွေအနေနဲ့ စစ်ရေးအသိ သတိအမြဲရှိနေဖို့နဲ့ စစ်ကြောင်းသတင်းတွေကို အမြဲလေ့လာဖို့မှာ ချင်ပါတယ်” ဟု The Kaladan Post သို့ ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် Bagan Bo Cho PDF ရဲဘော်များ၏ ကျည်ဖိုး၊ လက်နက်ဖိုးများအတွက် ပမာဏနည်းများမထားဘဲ တတ်အားသရွေ့ ပါဝင်ကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းထားကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

“အခုညနေတော့ စစ်ကြောင်းက တက်မရွာဘက်ကိုပြန်ဆုတ်သွားပြီ  ပြည်သူတွေအနေနဲ့ စစ်ရေးအသိ သတိအမြဲရှိနေဖို့နဲ့ စစ်ကြောင်းသတင်းတွေကို အမြဲလေ့လာဖို့မှာ ချင်ပါတယ်”

တိုက်တွန်းချက်နဲ့ ပတ်သက်၍  Bagan Bo Cho PDF ပြန်ကြားရေး တာဝန်ခံ က “ပြည်သူတွေအနေဖြင့် ဘယ်လောက်ထိရ ရမယ်လို့တော့ မသတ်မှတ်ထားပါဘူး၊ နိူင်သလောက်ပါဝင်လှူတန်းပေးဖို့ကိုပါ ထပ်လောင်း မေတ္တာရပ်လိုကြောင်း” The Kaladan Post သို့ ဆက်လက် ပြောကြားသည်။ ဤတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီသည် တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။