The Kaladan Post

ဧပြီ ၁၀၊ ၂၀၂၅

 

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်မှုကြောင့် မြန်မာပြည်သူများ ဘေးဒဏ်ခံစားနေရချိန်တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများက နိုင်ငံတဝန်းကို ထပ်မံအကြပ်အတည်းထဲ တွန်းပို့နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက် နေ့လည် ၁ နာရီမှ ဧပြီလ ၈ ရက် နေ့လည် ၂ နာရီအထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုပေါင်း ၉၂ ကြိမ်အတွင်း အရပ်သား ၇၂ ဦး သေဆုံးကာ ၉၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

 

ဤတိုက်ခိုက်မှုများသည် လေကြောင်းဗုံးကြဲမှု၊ ဒရုန်းတိုက်ခိုက်မှု၊ လေထီးဖြင့် စက်တပ်စေလွှတ်တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပါဝင်ပြီး ဒေသ ၁၂ ခုတွင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းတိုင်းတွင် ၁၉ ကြိမ်၊ မန္တလေးတိုင်းတွင် ၁၈ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၁၁ ကြိမ်ဖြင့် အများဆုံး ထိခိုက်ခဲ့ပြီး ကချင်၊ ရှမ်း၊ ချင်း၊ မကွေး၊ ကရင်နီ၊ ပဲခူး၊ ဧရာဝတီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင်လည်း တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု သိရှိရပါသည်။

စစ်ကောင်စီသည် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ငလျင်ဘေးကယ်ဆယ်ရေးအတွက် အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များက “စစ်ကောင်စီ၏ ကတိစကားများသည် ပြည်သူလူထုကို လှည့်စားရန်သာ ရည်ရွယ်ထားပြီး လက်တွေ့တွင် ရက်စက်မှုများ တိုးလာနေသည်” ဟု ထောက်ပြပြောဆိုထားသည်။

 

ငလျင်ဘေးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသူများကို ကယ်ဆယ်ရန် အချိန်မရသေးခင် စစ်ကောင်စီ၏ ထိုးစစ်များက အသက်အိုးအိမ်များကို ထပ်မံဖျက်ဆီးနေသည်။ အထူးသဖြင့် စစ်ကိုင်းနှင့် မန္တလေးကဲ့သို့ ငလျင်ဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် ဒေသများတွင် တိုက်ခိုက်မှုများ အများဆုံးဖြစ်ပွားနေခြင်းက ပြည်သူများအတွက် နှစ်ထပ်ဒုက္ခဖြစ်စေသည်။ “တစ်ဖက်မှာ ငလျင်ကြောက်လို့ ပြေးနေရတယ်၊ နောက်တစ်ဖက်မှာ ဗုံးသံကြောက်လို့ ပုန်းနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်ဟု သိရသည်။

 

ဤတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၇၂ ဦးနှင့် ဒဏ်ရာရသူ ၉၁ ဦးအပြင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများ ထောင်နှင့်ချီရှိနေသည်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက “စစ်ကောင်စီ၏ လုပ်ရပ်များသည် လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်” ဟု ထုတ်ဖော်ပြောကြားထားသည်။

စစ်ကောင်စီ၏ ဤရက်စက်မှုများသည် ငလျင်ဘေးဒဏ်ကို ကျော်လွှားရန် ရုန်းကန်နေရသည့် ပြည်သူများအတွက် မီးထဲဆီသွန်းသလို ဖြစ်နေပြီး နိုင်ငံတဝန်းရှိ လူမှုအသိုင်းအဝိုင်းများက ဤအပြစ်မဲ့အသက်များ ဆုံးရှုံးမှုအတွက် တရားမျှတမှု ရှာဖွေရန် တောင်းဆိုနေကြသည်ကို  လူမှုကွန်ယက်စာမျက်နှာပေါ် တွေ့မြင်နေရပါသည်။

ငလျင်ဘေးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ ဒေသခံများသည် လိုအပ်သည့် အကူအညီများ အရောက်ပို့ပေးကြရန် မျှော်လင့်တောင်းတနေချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်သည် အလွန်ဆိုးရွားလှသည့် လူမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု သုံးသပ်မိပါသည်။