၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်အား သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) မှ ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး၊ ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ အသေးစိတ်အချက်အလက်ကို ဖော်ပြထားခြင်း မရှိသေးပေ။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီဘက်မှ တရားဝင်ထုတ်ပြန်ချက် မရှိသေးပေ။
လက်ရှိအချိန်တွင် ထန်းပင်ချောင်ကျေးရွာ အနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရှိရာဒေသသို့ သွားလာခြင်း၊ နေထိုင်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။