ဧပြီ ၁၇

ယနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမှုထန်အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ချီးမြှင့်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့သည်။

 

ဒေါက်တာမှုထန်သည် ၁၉၉၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ထန်တလန်မြို့နယ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင်လည်း ပါဝင်ခဲ့ပြီး အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။ သူသည် ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဥက္ကဌဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

 

ထို့အပြင် ယနေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း ၄၈၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်းလည်း စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခဲ့သည်။

 

သို့သော် ယခုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဉ်းသူ/အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ မည်မျှပါဝင်သည်ကို လတ်တလောတွင် အတိအကျ သိရှိရခြင်း မရှိသေးပေ။