——————————————————————
မေ ၂၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်နှင့် မင်းစုကျေးရွာများကို ၂၀၂၅ ခုနှစ် မေလ ၂၃ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ The Kaladan Post က ဆက်သွယ်မေးမြန်းရာတွင် “လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ ဦးရှိလာပါပြီဗျ ထိခိုက်ဒဏ်ရာရ ၁၀ ဦးကိုတော့ ဆေးဝါးကုသခံယူနိုင်ဖို့ ဒေသတွင်းဆေးခန်းသို့ ပို့ဆောင်နေဆဲဖြစ်ပါတယ် လမ်းခရီးခက်ခဲတာရော မိုးကြီးပြီး ချောင်းရေများ လျှံနေတာကြောင့် ထွန်စက်များ ကားများဖြင့် ရသလို ပို့ဆောင်နေရဆဲဖြစ်ပါတယ်” လို့ မင်းကင်းဒေသခံတစ်ဦးက ပြောဆိုသည်။
ဒဏ်ရာရသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူများ ပါဝင်ပြီး ဆေးဝါးနှင့် ပစ္စည်းကိရိယာ မလုံလောက်မှုကြောင့် ကုသမှုအခက်အခဲရှိနေသည်။ စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် ပြည်သူများကို ပစ်မှတ်ထားသတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။