မေးမြန်းသူ- RAIN, Program Host

ဖြေဆိုသူ- New Happy (CDM)၊ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ အတွင်းရေးမှူး

မေးမြန်းသူ – မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Postရဲ့ Youth and Women’s Affairs အစီအစဉ်ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် ကျွန်မတို့ရဲ့ အစီအစဉ်မှာ ပါဝင်သွားဖို့ ဖိတ်ခေါ်ထားတာကတော့ မတူပီမြို့နယ် ပညာရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ CDM ဆရာမ New Happy ပဲဖြစ်ပါတယ်ရှင်။ မင်္ဂလာ ပါ ဆရာမရေ။

 

ဖြေကြားသူ – ဟုတ်ကဲ့ပါ မင်္ဂလာပါရှင့်။ တွေ့ရတာ ဝမ်းသာပါတယ်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ အရင်ဆုံးအနေနဲ့ ကျွန်မတို့ The Kaladan Postမှာ လာရောက် ပြီးတော့ အချိန်ပေးတဲ့အတွက် ဆရာမကို အထူးပဲ ကျေးဇူးတင်ရှိတဲ့အကြောင်းကို အရင်ဆုံး ပြောပါရစေ။ ဆိုတော့ ပထမဆုံးအနေနဲ့ ကျွန်မတို့ ဒီအစီအစဉ်မှာပေါ့နော် ဆရာမရဲ့ နာမည်ရယ် ပြီးတော့မှ ဆရာမ CDM မလုပ်ခင်က ဆရာမရဲ့ ပညာရေးနယ်ပယ်မှာ ဖြတ်သန်း ခဲ့ရတဲ့ ဆရာမရဲ့ နောက်ခံသမိုင်းအကြောင်းလေး အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ပါ။ မင်္ဂလာပါရှင်။ အခုလိုမျိုး ဆရာမတို့ဘက်ကပေါ့နော် ဒီအစီအစဉ် လေးမှာ ပါဝင်ခွင့်ရတဲ့အတွက် ဖိတ်ခေါ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မဘက်ကနေပြီးတော့မှ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ တော်လှန်ရေးမတိုင်ခင်မှာပေါ့ ဒီပညာရေး လောကမှာဆိုရင် ကျွန်မက ဒီလယ်ပြရာထူးနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်မတို့ ဒီလယ်ပြရာထူးထမ်းဆောင်နေတဲ့အချိန်မှာ တောက်လျှောက်ပေါ့နော် မြို့ပေါ်မှာတော့ သိပ်ပြီးတော့မှ တာဝန်ထမ်းဆောင်တာမရှိဘူး။ ကျွန်မတို့ ဒီနယ်စွန်နယ်ဖျားပေါ့နော် ပြောရမယ်ဆိုရင်တော့ နယ်စွန်နယ်ဖျားတွေမှာ ကျွန်မတို့ တောက်လျှောက် တာဝန်ထမ်း ဆောင်နေတာဖြစ်တယ်။ ပြီးလို့ရှိရင် ကျွန်မတို့ ဒီမတူပီမြို့နယ် ပညာရေးဘုတ်မှာကျလို့ရှိရင် အရင်တုန်းကပေါ့နော် တော်လှန်ရေးမတိုင်ခင်မှာဆိုရင် ကျွန်မတို့ MTO ဆိုပြီးမှ ဒါ မတူပီ Teacher Organization ပေါ့နော် ဒါအဖွဲ့ရှိတယ်။ အဲဒီမှာလည်း တွဲဖက်အတွင်းရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ ပြီးလို့ရှိရင် ကျွန်မတို့က အပြင်ကပေါ့နော် ဒါ MCDO လို့ခေါ်တဲ့ ကျွန်မတို့ ဒီအဖွဲ့အစည်းမှာလည်း ဒီစာပေကဏ္ဍတာဝန်ရှိသူတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်ရှင်။

 

မေးမြန်းသူ – ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ ဆိုတော့ လောလောဆယ်အနေနဲ့ ဆရာမအနေနဲ့ပေါ့နော် ဒီမတူပီမြို့နယ်ရဲ့ ပညာရေးဘုတ်အဖွဲ့ အတွင်းရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတယ် ဆိုတာကိုလည်း ကျွန်မတို့ သိရှိရတယ်။ ဆိုတော့ ဆရာမတို့ ဒီတော်လှန်ရေးနယ်မြေမှာ ပညာရေးတာဝန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဟို ထမ်းဆောင်နေကြတယ်ဆိုတဲ့ အကြောင်းလေး ကိုလည်း ပြောပြပေးပါဦးရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ရှင့် ကျွန်မတို့ တော်လှန်ရေးကာလမှာပေါ့နော် ကျွန်မတို့ နွေဦးတော်လှန်ရေး ကြားကာလမှာဆိုရင် ကျွန်မအနေနဲ့ ပါဝင်မှုကပေါ့ အဓိကကျတော့ ဥပမာဆို ဒီပညာရေးလောကထဲကို မဝင်ခင်မှာပေါ့ ဒါ ကိုယ့်မြို့နယ်မှာ ဒါဒီတော်လှန်ရေး ပေါ့နော် ဒီလက်နက်ကိုင်တော်လှန်ရေးတွေမှာပေါ့ အဓိကပါဝင်ထားပြီးတော့မှ အမျိုးသမီး တစ်ဦးတစ်ယောက်အနေနဲ့ပေါ့နော် ကျွန်မတို့ ငြိမ်းချမ်းရေးပေးကမ်းခြင်းတွေ ကျွန်မတို့ စည်းရုံးရေးဝန်ဆောင်တွေ ဆိုပြီးမှ ကျွန်မတို့ လုပ်ဆောင်နေပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ ဒီ ပညာရေးလောကမှာလည်း ကျွန်မတို့ အာဏာသိမ်းတာနဲ့ပေါ့နော် ဒီနေ့ဒီအချိန်အထိပေါ့နော် ကျွန်မတို့ ပြည်သူ့စုပေါင်းအင်အားစုရယ် ပြီးလို့ရှိရင် CDM ပညာရေး စုပေါင်းအင်အားစုရယ် ပြီးလို့ရှိရင် ဒီ Volunteer ပေါ့နော် စေတနာ့ဝန်ထမ်းတွေရဲ့ စုပေါင်းအင်အားစုနဲ့ ကျွန်မတို့ ဒီနေ့အချိန်အထိ ကြားကာလပညာရေးကို ကျွန်မတို့ ဆက်လက်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်လို့ ဟုတ်ကဲ့။

 

 

မေးမြန်းသူ – ဆိုတော့ ပညာရေးမှာဆိုလို့ရှိရင် မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဆရာမအနေနဲ့ အခုလိုမျိုး တည်ငြိမ်နေတဲ့ ဆရာမဘဝကို စွန့်လွှတ်ပြီး တော့မှ ဒီစစ်အာဏာရှင်ရဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ဖို့အတွက် CDM ဝင်လာတဲ့ အဓိက ဆုံးဖြတ်ချက်နဲ့ ဟို ဘယ်လိုခံယူချက်တွေကို ချမှတ်ခဲ့သလဲဆိုတာလေးကိုလည်း ပြောပြပေး ပါဦးရှင်။

 

 

ဖြေကြားသူ – ဟုတ်ကဲ့ ကျွန်မတို့ အဓိက ဒီ CDM ပြုလုပ်ရခြင်းရဲ့ အဓိက ကျွန်မတို့ ဆုံးဖြတ်ချက်ပေါ့နော်။ ဒီဆုံးဖြတ်ချက်မှာ ကျွန်မတို့ ဘယ်တော့မှ မတွန့်သွားဘူးပေါ့နော်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ ပထမအချက်အနေနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ကျွန်မတို့ ဒီအုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်သည့် လက်နက်ကိုင်အဖွဲ့အစည်း ပေါ့ ကျွန်မတို့ လုံးဝ လုံးဝ အလိုမရှိဘူး။ ပြီးလို့ရှိရင် ကျွန်မတို့ ဒီလက်နက်ကိုင်အုပ်ချုပ်စနစ်ကို လုံးဝ ပပျောက်နိုင်ရေးပေါ့နော် ပပျောက်နိုင်ရန်အတွက် ပြီးလို့ရှိရင် ကျွန်မတို့က စစ်အာဏာ ရှင် ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်တော့ အဓိက နှစ်ပေါင်း ၇၀ ပေါ့နော် ကျွန်မတို့ စစ်ကျွန် ဘဝရောက်နေတယ်။ အဲဒါကြောင့်မို့လို့ စစ်အာဏာရှင် လုံးဝကျဆုံးရမည်။ ပြီးလို့ရှိရင် ပြည်သူ့ အာဏာ ပြည်သူပိုင်ရမည်။ တိုင်းရင်းသားများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးရရှိရ မည်ဆိုတဲ့ အဓိကခိုင်မာတဲ့အချက်နဲ့ ကျွန်မတို့က ဒီ CDM ကို သေသေချာချာ ဆုံးဖြတ်ချက်ချ ပြီးတော့မှ ရွေးချယ်သွားတာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့။

 

မေးမြန်းသူ – ဆိုတော့ ဒီပဋိပက္ခကာလအတွင်းမှာ ကြားကာလပညာရေးကို ဆရာမတို့အနေနဲ့ အကောင်အထည်ဖော်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ ဟို အဓိကစိန်ခေါ်မှုတွေဆိုလို့ရှိရင်ရော ဘာတွေဖြစ်မလဲပေါ့နော်။ အာ ဒီ ဟို လုံခြုံမှုတွေမရှိတဲ့ စာသင်ကျောင်းတွေ ပြီးတော့ သင်ထောက်ကူပစ္စည်းပြတ်လပ်မှုတွေအပြင် စစ်ဘေးကြောင့် အာ ကလေးတွေမှာ ဖြစ်ပေါ်နေ တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဒီ Trauma နဲ့ ဟို သင်ယူနိုင်စွမ်းကျဆင်းမှုတွေကို ဆရာမတို့ အနေနဲ့ ဘယ်လိုတွေ ကျော်လွှားနေရပါသလဲရှင်။

 

ဖြေကြားသူ – ဒီပဋိပက္ခကြားကာလမှာ ကျွန်မတို့ စိန်ခေါ်မှုကတော့ တွေ့နေရပါတယ်။ ဒီစိန်ခေါ်မှုဆိုတဲ့နေရာမှာ ပညာရေးမှာဆိုရင် ကျွန်မတို့ ဒီပညာရေးမှာသက်ဆိုင်နေတဲ့ပေါ့နော် ဒီကျောင်းသုံးစာရေးကိရိယာ လုံလောက်မှုမရှိတာရယ် ပြီးလို့ရှိရင် ဒီအဓိက ဆရာ၊ ဆရာမ တွေသော်လည်းကောင်း ဒီကျောင်းသူ၊ ကျောင်းသားတွေသော်လည်းကောင်း ကျွန်မတို့ သင်ထောက်ကူပေါ့နော် သင်ထောက်ကူက လုံးဝမရှိဘူး။ ကျွန်မတို့ တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံပေါ့နော် ကျွန်မတို့ ရှာဖွေပြီးတော့မှ ကလေးတွေရဲ့ ပညာရေးကို ကျွန်မတို့ သင်ကြားပေးနေပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ ဆရာ၊ ဆရာမတွေပေါ့နော် အခုကျွန်မတို့ ကြားကာလမှာဆိုရင် CDM ပညာရေးဝန်ထမ်းရယ် ပြီးလို့ရှိရင် ကျွန်မတို့ စေတနာ့ ဝန်ထမ်းရှိတယ်။ ဒီလိုမျိုးသင်ကြားရေးကို ဝင်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ ဇွဲလုံ့လရှိမှုကြောင့် ကျွန်မတို့ နောက်ကနေ ပါလာတဲ့ပေါ့နော် ယခုအနာဂတ်ခေါင်းဆောင်ဖြစ်နေတဲ့ သူရဲကောင်း များဖြစ်နေတဲ့ ဒီကျောင်းသူ၊ ကျောင်းသားတွေကလည်း ကျွန်မတို့ ရှေ့မှာသွားနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ ဇွဲလုံ့လကို တုပခြင်းအားဖြင့်ပေါ့နော် သူတို့မှာလည်း လုံးဝမကြောက်မရွံ့ဘဲ ကျွန်မတို့ မည်သည့်နေရာမဆို မည်သည့်အချိန်မဆိုပေါ့နော် ကျွန်မတို့ မိုးဒဏ်လေဒဏ်ကို မကြောက်ဘဲနဲ့ ဆရာ၊ သင်ကြားရေးဆရာမအပါအဝင် ကျောင်းသူ၊ ကျောင်းသားအားလုံး ပူးပေါင်းပြီးတော့မှ တောထဲမှာသော်လည်းကောင်း ပြီးလို့ရှိရင် စမ်းချောင်းထဲမှာသော်လည်း ကောင်းပေါ့နော် ဟို ကျွန်မတို့ တကယ်နွေးထွေးတဲ့အိုးအိမ်တွေကို ထားခဲ့ပြီးမှ ကျွန်မတို့ တောထဲမှာပေါ့နော် ဒီသဲလေးထဲမှာ စာသင်တဲ့အချိန်မှာ သူတို့က အင်မတန်မှ ပျော်ရွှင် နေရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနေရာမှာ ကျွန်မတို့မှာ ယုံကြည်မှုအပြည့်အဝရှိတယ်။ ကျွန်မတို့ ဒီစစ်ကျွန်ပညာရေးကို လုံးဝအလိုမရှိကြောင်း ဒါက ဆရာ၊ ဆရာမတွေရဲ့ ကျောင်း သူ၊ ကျောင်းသားတွေရဲ့ စိတ်ဓာတ်မှာ အပြည့်အဝ ဘယ်တော့မှ စစ်ကျွန်ပညာရေး မဖြစ်စေရ ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ အခုလိုမျိုး ကျွန်မတို့ ရင်ဆိုင်ကျော်လွှားနေရတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ အရင်တုန်းကဆိုရင်ပေါ့နော် ဒါက ဟို ဝန်ထမ်းဖြစ်ပြီဆိုရင် ကျွန်မ တစ်လမှာ လစာ ဘယ်လောက်ရသလဲပေါ့နော် ကျွန်မတို့ တွက်ချက်ပြီးတော့မှ ကိုယ့်ရဲ့ရှေ့လုပ်ငန်းစဉ်တွေ Plan ချထားတာများရှိတယ်။ ဒါပေမဲ့ ဒီကြားကာလမှာ ကျွန်မတို့က လစာဆိုတာ လုံးဝ မရှိပါဘူး။ အဲဒီလိုမျိုး လစာလုံးဝမရှိပေမယ့် ကျွန်မတို့မှာ ယုံကြည်မှုအပြည့်အဝနဲ့ အသက်ရှင် နေရတယ်ပေါ့နော်။ ကျွန်မတို့ မည်သည့်အခက်အခဲပေါင်းမြောက်များစွာ ရှိနေပါစေ ကျွန်မတို့ ကျော်လွှားနိုင်တယ်။ အဲဒီလိုမျိုး ကျော်လွှားနိုင်တာကလည်း ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားပေါ့နော် ဒါ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ ဆိုသကဲ့သို့ အပြန်အလှန် လက်တွဲပြီးတော့ မှ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေရဲ့ မျက်နှာကို မြင်နေတဲ့အချိန်မှာ ပြုံးတဲ့ အပြုံးမျက်နှာ စေတနာအပြည့်အဝနဲ့ သင်ကြားပေးသလို ကျောင်းသူ၊ ကျောင်းသားတွေ ကလည်း ဆရာမတွေရဲ့ ပေးဆပ်မှုပေါ့နော် ကိုယ့်နိုင်ငံကို ချစ်တဲ့မျိုးချစ်စိတ်ဓာတ်ကို မြင်တဲ့ အချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေကလည်း မကြောက်မရွံ့ ကျွန်မတို့ လက်တွဲပြီး ပူးပေါင်းနိုင်ပါတယ်။ ပြီးလို့ရှိရင် အခုကျွန်မတို့ ကြားကာလဖြစ်နေတဲ့အချိန်မှာ စေတနာ့ ဝန်ထမ်းတွေကို အင်မတန်မှ ကျွန်မအနေနဲ့ ဂုဏ်ယူတာဖြစ်တယ်။ စေတနာ့ဝန်ထမ်းတွေကို ကျွန်မတို့က အချိန်မရွေးပေါ့နော် မိမိဒေသကျောင်းမှာသော်လည်းကောင်း မည်သည့်နေရာမှာ သော်လည်းကောင်း ပညာသင်ကြားပေးပါဆိုပြီးမှ ကျွန်မတို့ ဆွဲခေါ်နေတဲ့အချိန်မှာ စေတနာ့ ဝန်ထမ်းတွေမှာ သူတို့မှာ ငြင်းညူတာတွေမရှိဘူး။ အဲဒီလိုမျိုး ငြင်းသွားတာတွေမရှိ ငြင်းပယ်တာတွေမရှိဘဲနဲ့ ကျွန်မတို့ CDM ပညာရေးတွေကို လက်တွဲပူးပေါင်းပေးတယ်။ အဲဒီလို ပူးပေါင်းပေးတဲ့အချိန်မှာ ကျွန်မတို့ အဓိကပေါ့နော် ဒါက ကိုယ့်မြို့နယ်ပညာရေး ဘုတ်ကနေ ဦးဆောင်ပြီးတော့မှ နွေရာသီသင်တန်းတွေ ပြီးရင် ToT ပေါ့နော် သင်တန်း training လေးတွေပေးပြီးတော့မှ ကျွန်မတို့ စနစ်သစ်နဲ့ ဒီစနစ်သစ်မှာဆိုရင် စနစ်သစ်နဲ့ ကိုက်ညီတဲ့သင်တန်းလေးတွေ ကျွန်မတို့ ပို့ချပေးပါတယ်။ အဲဒါတွေနဲ့ပဲ ကျွန်မတို့ ဒီကြားကာလရဲ့ စိန်ခေါ်မှုလေးတွေကို ကျွန်မတို့ ရင်ဆိုင်ကျော်ဖြတ်တယ်။ အဓိကကျတော့ ကျွန်မတို့ ဒီမြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင်လည်း ကျွန်မတို့ ချင်းပြည်နယ်ပေါ့နော် အဓိက ကျွန်မတို့ အခုမှမဟုတ်ဘူး အရင်ကတည်းက စိန်ခေါ်မှုနှစ်ချက်ရှိတယ်။ ကျွန်မအနေနဲ့ ပေါ့နော်။ အဓိက ကျွန်မတို့ လမ်းပန်းဆက်သွယ်ရေးက လုံးဝမရှိဘူး။ ပြီးရင် ဒုတိယအချက် အနေနဲ့ ကျွန်မတို့က ဒီဆက်သွယ်ရေးကိရိယာပေါ့နော် ဒါအရင်ကတည်းက လုံးဝမရှိတာ။ ဒါဆိုတော့ အခုတော်လှန်ရေးကာလဆိုတော့ ပိုပြီးတော့မှ ဒီဟာအဓိက ကျွန်မတို့က ရင်ဆိုင် နေရတယ်။ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေပြီလဲဆိုပြီးမှ ကျွန်မတို့ သတင်းပို့မယ့်အချိန်မှာက ကျွန်မတို့ ဆက်သွယ်ရမယ့်သတင်းက မရှိဘူးပေါ့နော်။ ဒါအချိန်မီသတင်းမပေးပို့နိုင်တယ်။ လမ်းပန်းဆက်သွယ်ရေးက ဒီကအခက်အခဲရှိတယ်။ ပြီးလို့ရှိရင် ဒီဆက်သွယ်ရမယ့် သတင်း ဆက်သွယ်နိုင်မယ့် အချက်အလက်ရရှိနိုင်မယ့် ကိရိယာ ဒီဆက်ကိရိယာတွေ အင်မတန်မှ လိုအပ်ချက်ရှိတယ်။ ပြီးလို့ရှိရင် ကျွန်မတို့က ရှေ့ဆက်အင်အားနဲ့ ကျွန်မတို့ လုပ်ဆောင်နိုင် ဖွင့်ရန်အတွက်လည်း ဒီ Budget ပိုင်းဆိုင်ရာမှာပေါ့နော် အင်မတန်မှ အခက်အခဲရှိဆုံး ဖြစ်တယ်။ ပြီးလို့ရှိရင် ကျန်းမာရေးဆိုင်ရာပေါ့နော် ဆေးဝါးတွေ အင်မတန်မှ ခက်ခဲရှိတယ်။ ဒီအခက်အခဲစိန်ခေါ်မှုတွေကို ကျွန်မတို့က ဒီနေ့ဒီအချိန်အထိတော့ ဒီကျောင်းသား၊ ကျောင်းသူအပါအဝင် ဆရာ၊ ဆရာမအပါအဝင် မိဘပြည်သူအပါအဝင် ကျွန်မတို့က 100% မလုပ်နိုင်ရင်တောင်မှ ကျွန်မတို့က 80% ကျွန်မတို့ အောင်အောင်မြင်မြင်နဲ့ ဒီနေ့အချိန်အထိ ကျွန်မတို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်သွားနိုင်တယ်ပေါ့နော် ဟုတ်ကဲ့ ကျေးဇူးပါ။

 

 

မေးမြန်းသူ – ဟုတ်ကဲ့ ဆိုတော့ ဟို အစိုးရယန္တရား ပြိုလဲနေတဲ့အချိန်မှာ အသိုင်းအဝိုင်း အခြေပြု စာသင်ကျောင်းတွေကို ဆရာမတို့အနေနဲ့ ဘယ်လိုတွေ စုဖွဲ့ပြီးတော့ လည်ပတ် နေရတာမျိုးရှိလဲရှင်။ ဒီပြည်သူ့လှူဒါန်းငွေတွေနဲ့ ထောက်ပံ့ငွေတွေအပေါ်မှာ ဘယ်လောက် ထိ မှီခိုနေရပြီးတော့မှ ဒေသခံတိုင်းရင်းသား ပညာရေးအဖွဲ့တွေ၊ တခြား CDM ဝန်ထမ်းတွေနဲ့ ဘယ်လိုမျိုးချိတ်ဆက်ပူးပေါင်းပြီးတော့ ဒီပညာရေးကွန်ရက်ကို တည်ဆောက်ထားပါသလဲ ရှင်။

 

ဖြေကြားသူ – ဒီပညာရေးကို စပြီးတော့မှ ဖော်ဆောင်နေတဲ့အချိန်မှာ ပထမဆုံးအနေနဲ့ဆို ကျွန်မတို့မှာက ထောက်ပံ့ပေးတဲ့အဖွဲ့ လေးခုပဲရှိတယ်ပေါ့နော်။ အဓိက ဒီနိုင်ငံခြားမှာရှိနေတဲ့ ဒါအစုအဖွဲ့တွေပေါ့နော်။ ပြီးရင် ပြည်တွင်းမှာရှိနေတဲ့ ဒါမိဘပြည်သူပေါ့နော်။ သူတို့လည်း ကျွန်မတို့ဘက်နဲ့ အပြည့်အဝပါဝင်ပေးတယ်။ ပြီးလို့ရှိရင် NGO သော်လည်းကောင်း ပြီးရင် INGO သော်လည်းကောင်း ဒါကျွန်မတို့ကို အသိုင်းအဝိုင်းတစ်ခုအထိ သူတို့က ပါဝင်ပေး ပါတယ်။ ပြီးလို့ရှိရင် အခုကျွန်မတို့ လက်ရှိပေါ့နော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာနကနေပြီးတော့မှ ကျွန်မတို့ကို ထောက်ပံ့ပေးတာရှိတယ်ဆိုတော့ ကျွန်မတို့ အဓိကကျတော့ အစုအဖွဲ့လေးခုနဲ့ ကျွန်မတို့ အဓိက သူတို့ရဲ့ အပြည့်အဝထောက်ပံ့မှုဖြင့် ကျွန်မတို့ လျှောက်လှမ်းနိုင်ပါတယ်ရှင် ဟုတ်။

 

မေးမြန်းသူ – ဆိုတော့ နောက်တစ်ခုအနေနဲ့ပေါ့နော် စစ်ရဲ့ဒဏ်ကို ဟို တိုက်ရိုက်ခံစားနေ ကြရတဲ့ ကလေးငယ်တွေရဲ့ ဘဝတွေသာမကဘဲနဲ့ အခက်အခဲတွေကြားကနေပြီးတော့မှ သင်ကြားပေးနေတဲ့ ဆရာမတို့လိုမျိုး ဆရာ၊ ဆရာမတွေနဲ့အတူ ဆရာမကိုယ်တိုင်ရဲ့ စိတ်ဖိစီးမှုတွေကိုရော ဘယ်လိုမျိုး ကုစားဖြေရှင်းနေရသလဲ ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်နေရသလဲဆိုတာလေးကိုလည်း ပြောပြပေးပါဦးရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ ကျွန်မတို့ ဒီစိတ်ဖိစီးမှုဆိုတဲ့နေရာမှာ ကျွန်မတို့ အပိုင်းပိုင်းရှိတာ ပေါ့နော်။ CDM ဝန်ထမ်းတွေမှာလည်း အခက်အခဲတဲ့ စိတ်ဖိစီးမှုရှိတယ်။ ဘယ်လိုမျိုးလဲဆိုရင် ဥပမာ စိတ်မလုံခြုံမှုရယ် ပြီးရင် လူပင်ပန်းမှုရယ် စိတ်ဓာတ်ပင်ပန်းမှုရယ် Budget ငွေရေး ကြေးရေးပိုင်းမှာသော်လည်းကောင်း ဒီလုံခြုံမှုမရှိတဲ့အပိုင်းမှာသော်လည်းကောင်း ကျွန်မတို့ စိန်ခေါ်မှုတွေ့နေရတယ်။ ပြီးလို့ရှိရင် နောက်တစ်ခုပေါ့နော် အခုပြည်သူတွေမှာလည်း အင်မတန်မှ ဒါစိန်ခေါ်မှုတွေရှိနေရတဲ့အချိန်မှာ ကျွန်မတို့ စိတ်ဖိစီးမှုတွေရှိတဲ့အချိန်မှာ ကျွန်မတို့ အဓိကဖြေရှင်းတာကတော့ ယုံကြည်မှုမှာပဲ။ ယုံကြည်မှုက အဓိကဘာလဲဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံက တစ်နေ့ပေါ့နော် ဒီစစ်ကျွန်ဘဝကနေ လွတ်မြောက်ပြီးတော့မှ ကျွန်မတို့ တောက်ပနေတဲ့ လှပနေတဲ့ အင်မတန်မှ တိုးတက်နေတဲ့ နိုင်ငံတော်ကြီးဖြစ်မယ် ဆိုတာ ကျွန်မတို့ အပြည့်အဝယုံကြည်တယ်။ ပြီးလို့ရှိရင် ကျွန်မတို့ အဓိကပညာရေးမှာဆိုရင် ကျွန်မတို့ လူသားအရင်းအမြစ်ရှိဖို့လိုတယ်။ အဲဒါကြောင့်မို့လို့ ဒီလူသားအရင်းအမြစ်ရှိဖို့ဆိုရင် ကျွန်မတို့ ဆရာ၊ ဆရာမတွေက အဓိကရုန်းကန်ပြီးတော့မှ ကြိုးစားရမှာ ကျွန်မတို့ ပေးဆပ် ရမှာ ကျွန်မတို့ အဓိက ဒီ CDM လုပ်ပြီဆိုကတည်းကိုက ကျွန်မတို့က နိုင်ငံအတွက် ကျွန်မတို့ အသက်ပေးဖို့ အဆင်သင့်ဖြစ်ပါတယ်။ အဲဒီနိုင်ငံအတွက်ဆိုရင် ကျွန်မတို့ CDM ပညာရေး ဆိုရင် အဓိက ကိုယ့်နိုင်ငံမှာ စစ်ကျွန်ပညာရေးမဖြစ်မြောက်အောင် စစ်ကျွန်ပညာရေးကနေ လုံးဝပပျောက်ပြီးတော့မှ ကမ္ဘာ့အလယ်မှာနဲ့အတူ ကျွန်မတို့ တိုးတက်နိုင်တဲ့ ပညာရေးစနစ် ပေါ့နော် ဒီလိုမျိုးဖြစ်ဖို့ရန်အတွက် ကျွန်မတို့ အဓိက CDM ဝင်တာဖြစ်တယ်ဆိုတော့ ကျွန်မတို့မှာ အဓိက လုံခြုံရေးစိတ်ဖိစီးမှုရယ် Budget စိတ်ဖိစီးမှုရယ် ကျွန်မတို့ ရှိသော်ငြား လည်းပဲ ဒါကျွန်မတို့ ရွေးချယ်နေတဲ့အချိန်မှာ ယုံကြည်မှုအပြည့်အဝနဲ့ ရွေးချယ်တယ်ဆိုတော့ ကျွန်မတို့မှာ ဆူးခင်းလမ်း ကျွန်မတို့ လျှောက်ရခဲ့သော်လည်းကောင်းပေါ့နော် ကျွန်မတို့မှာ စိတ်ဓာတ်ကျခြင်း လုံးဝမရှိပါဘူး။ ဪ သူတို့ဒီ Non-CDM ကျတော့ ရာထူးတွေတိုးနေပါ လား ပြီးလို့ရှိရင် လစာတွေရနေပါလား ဟာ သူတို့က အရင်တုန်းက ကားမစီး ကားမပိုင်ဖူးဘူး အခုတော့ ကားပိုင်နေပြီဆိုတဲ့ ကျွန်မတို့မှာ သူတို့ကို တစ်စက်လေးမှ အားမကျဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ဘယ်သူမှမလုပ်နိုင်တဲ့အလုပ်ကို လုပ်နေရတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်နိုင်ငံကို ကိုယ့်အသက်နဲ့ စတေးပြီးတော့မှ CDM ပါဝင်တဲ့အနေနဲ့ ကျွန်မတို့ ကိုယ့်နိုင်ငံကို ကယ်တင်တဲ့ ကယ်တင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့မှာ စိတ်ဖိစီးမှုရှိသော်ငြားလည်းပဲ ဘယ်တော့မှ ကျွန်မတို့ စိတ်ဓာတ်မကျပါဘူး။ ဘယ်လိုမျိုး အခက်အခဲပဲလာနေပါစေ ရှေ့ဆက်ပြီးတော့မှ ဒီတော်လှန်ရေးကို ရှေ့ဆက်ပါဝင်မယ်ဆိုတဲ့ စိတ်ဓာတ်ယုံကြည်မှုအပြည့်အဝနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်လို့ ဟုတ်ကဲ့ ကျေးဇူးပါ။

 

 

မေးမြန်းသူ – ဟုတ်ကဲ့ ဆိုတော့ ဒီအရင်းအမြစ်တွေ အင်မတန်ရှားပါးနေတဲ့အချိန်မှာ ဟို ဆရာမတို့အနေနဲ့ ဘယ်ရွာ ဘယ်အုပ်စုက ကလေးတွေကို ဦးစားပေးပြီးတော့မှ သင်ကြား ပေးရမယ်ဆိုတာမျိုးပေါ့နော်။ ဟို ကျင့်ဝတ်ဆိုင်ရာအခက်အခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရတဲ့အခါမှာရော ဘယ်လိုစံနှုန်းတွေနဲ့ စဉ်းစားပြီးတော့ ဆုံးဖြတ်ရတာမျိုးရှိလဲရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ ကျွန်မတို့ ဒီစံနှုန်းဆိုတဲ့နေရာမှာပေါ့နော်။ အခုကျွန်မတို့ လိုချင်နေတဲ့ အရာက ဒီ Federal Democracy ပေါ့နော်။ ပညာရေးဌာနမှာဆိုရင် Federal Democracy ပညာရေးဆိုတာ ကျွန်မတို့ အဓိကလိုချင်တယ်။ လိုချင်တဲ့အချိန်မှာ ကျွန်မတို့ ဒီအရင်တုန်း ကပုံစံမျိုးပေါ့နော် ဒါအပေါ်ကနေ ဦးစီးအုပ်ချုပ်စနစ်ကို ကျွန်မတို့ လုံးဝအလိုမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ ဒီပညာရေးကို ကျွန်မတို့က စတင်ပြီးတော့မှ ကြီးမှူးပြီး ကျွန်မတို့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ နံပါတ်တစ် ကျွန်မတို့ အခုပြည်သူ့အစိုးရဖြစ်တဲ့ NUG၊ MoE ရဲ့ ကျွန်မတို့ လမ်းညွှန်ချက်ကိုလည်း ကြည့်တယ်။ ပြီးလို့ရှိရင် ကျွန်မတို့မှာ ဒေသအသီးသီးမှာ ရှိနေတဲ့ ဒါကျွန်မတို့ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ သွားနေတာဖြစ်တယ်။ ကျွန်မတို့ ဒီအဖွဲ့အစည်း တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ပထမဆုံး ကျွန်မတို့ အချက်သုံးချက်အနေနဲ့ ကျွန်မတို့ လုပ်ဆောင်နေရတာဖြစ်တယ်။ ပထမတစ်ချက်ကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် နဲ့ သွားနေတာပါ။ ဒီအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာဆိုရင် ဘယ်သူတွေပါဝင် သလဲဆိုရင် ကျောင်းအသီးသီးမှာရှိနေတဲ့ ကျောင်းတာဝန်ခံတွေ အကုန်လုံးပါဝင်တယ်။ ပြီးလို့ ရှိရင် သင်ကြားရေးဝင်နေတဲ့ CDM ဆရာ၊ ဆရာမတွေ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေ အားလုံးပါဝင်တယ်။ ပြီးလို့ရှိရင် သက်ဆိုင်ရာ ကော်မတီဆိုတာရှိတယ် အမှတ်လိုက် ဒေသ အလိုက်ပေါ့နော် ကော်မတီဆိုတာ ကျွန်မတို့ ပေးထားတာဖြစ်တယ်။ အဲဒီအမှတ်လိုက် ကော်မတီတွေမှာဆိုရင် ကျွန်မတို့ တချို့နေရာမှာ မိဘနဲ့ဆရာနဲ့ ပူးပေါင်းပြီးတော့မှ ဖွဲ့စည်း ထားတဲ့ အမှတ်ဒေသရှိတယ်ဆိုတော့ အဲဒီအမှတ်ဒေသတွေလည်း ကျွန်မတို့ အမှတ်ကော်မတီ တွေရဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြီးလို့ရှိရင် တတ်သိပညာရှင်တွေရဲ့ ပြီးရင် အကြံပေးနိုင်တဲ့သူတွေရဲ့ ကျွန်မတို့ တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့မှ အထွေထွေညီလာခံဆိုတာ ကျွန်မတို့ တစ်နှစ်တစ်ခါပေါ့နော် ကျင်းပပြီးတော့မှ အဓိက အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ သွားရတာဖြစ်တယ်။ EC ဆုံးဖြတ်ချက်ပေါ့နော်။ EC ဆိုပြီးမှ ဒါက EC ဆုံးဖြတ်ချက်နဲ့ သွားရ တယ်။ ပြီးလို့ရှိရင် ကျွန်မတို့ OB ဆုံးဖြတ်ချက်အတွက် ကျွန်မတို့ အဓိက သွားနေတာ ဖြစ်တယ်။ ဒါဆိုတော့ ကျွန်မတို့ အဲဒီလိုမျိုး သွားနေတဲ့အချိန်မှာကျတော့ ဘယ်သူတွေက ပူးပေါင်းဆောင်ရွက်ပေးသလဲဆိုရင် မတူပီမြို့နယ်မှာဆိုရင် အဓိက ကာကွယ်ရေးပေါ့နော် ကျွန်မတို့ မတူပီတပ်မဟာ – ၁ ရှိတယ်။ ပြီးလို့ရှိရင် အုပ်ချုပ်ရေးအဖွဲ့ရှိတယ်ပေါ့နော်။ ပြီးခဲ့တဲ့ညီလာခံအထိပေါ့နော် ဒါကျွန်မတို့ ၂၀၂၄ ညီလာခံအထိက မတူပီတပ်မဟာ-၁ ရယ် ပြီးလို့ရှိရင် ဒါအုပ်ချုပ်ရေးအဖွဲ့ပေါ့နော် အမြဲတမ်း ပူးပေါင်းပြီးတော့မှ ပူးပေါင်းဆောင်ရွက် သည့်နည်းအရာမှာ ကျွန်မတို့ ပူးပေါင်းပြီးတော့မှ ဒီကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်ချပြီးမှ အကောင်အထည်ဖော်နေတာဖြစ်ပါတယ် ဟုတ်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဆရာမအနေနဲ့ တော်လှန်ရေးအောင်မြင်ပြီးတဲ့နောက်မှာ တည်ဆောက်ချင်တဲ့ Federal Democracy နိုင်ငံရဲ့ ပညာရေးစနစ်ကို ဘယ်လိုပုံစံဖြစ်သင့် တယ်လို့ မြင်မိပါလဲရှင်။ ဒီစစ်အာဏာရှင်မတိုင်ခင်က ပညာရေးစနစ်တွေရဲ့ အားနည်းချက် တွေကိုရော ဘယ်လိုအဓိကပြုပြင်ပြောင်းလဲချင်တာမျိုးရှိလဲရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ ပထမဆုံးအနေနဲ့ ဒီစစ်ကောင်စီရဲ့ ပညာရေးကို ကျွန်မအင်မတန်မှ ခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ နာကျည်းတယ်ပေါ့နော်။ အင်မတန်မှ နာကျည်းစရာ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့က ဘာတွေ့ရသလဲဆိုရင် လူတန်းစားပေါ့နော် ခွဲခြားမှု အင်မတန်မှရှိတယ်။ မရှိဆင်းရဲသူနဲ့ ချမ်းသာတဲ့သူ နှစ်မျိုးရှိတယ်ပေါ့နော်။ အဓိကမှာ ဆိုရင် ချင်းပြည်မှာဆိုရင်တော့ အင်မတန်မှ ဒါကျွန်မတို့ ခက်ခဲနေရပါတယ်။ ခက်ခဲနေရတယ် ဆိုတော့ ကျွန်မတို့ ကျူရှင်မတက်နိုင်တာမျိုးပေါ့နော်။ ဒါကျွန်မတို့ ဒီကျောင်းတစ်ခုကိုပဲ အားကိုးပြီးတော့မှ ကျူရှင်မတက်နိုင်တာတွေ ပြီးရင် အဆောင်မှာမနေနိုင်တာတွေပေါ့နော်။ ပြီးရင် ကိုယ်မှာ အရည်အချင်းရှိသော်ငြားလည်းပဲ အပြင်ဘက်က သင်ယူမှုအင်မတန်မှ ခက်ခဲတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့မှာ ဒီနေရာမှာ ကျွန်မတို့ Major တွေလျှောက်တဲ့ အချိန်မှာဆိုရင်တော့ အင်မတန်မှ အခက်တွေ့နေရပါတယ်။ ဒါပေမဲ့ ယခုကျွန်မတို့ ကြားကာလမှာပေါ့နော် နွေဦးတော်လှန်ရေးရဲ့ ပညာရေးဟာ အင်မတန်မှာဆိုရင်တော့ ကျွန်မတို့ ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ပြေးလွှားရင်းနဲ့ လုပ်ငန်းဆောင်ရွက်နေရတယ်။ ခုမြို့နယ်မှာဆိုရင် ကျွန်မတို့ တစ်ခါတလေ လုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာ ဗုံးသံတွေ ကြားနေရတယ် သေနတ်သံတွေကြားနေရတဲ့အချိန်မှာ ကလေးတွေက ကြောက်တဲ့စိတ်နဲ့ ဖြေဆိုတဲ့ စစ်ဆေးအကဲဖြတ်စာတွေကို ကျွန်မတို့ တွေ့နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဘယ်လိုမျိုးနဲ့ ဖြေရှင်းကြသလဲဆိုရင် NUCC ကနေ ပေးထားတဲ့ပေါ့နော် ဒါ Federal Democracy နိုင်ငံရေးပညာစနစ်သည် အင်မတန်မှ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့က ၂၀၂၁ မှာ NUCC ကနေ ကျွန်မတို့ Federal Democracy စနစ်တည်ဆောက်ဖို့ ဆိုပြီးမှ ကျွန်မတို့ အကုန်လုံးချထားပြီးမှ ကျွန်မတို့လည်း အကုန်လုံးဖြန့်ထားပြီးပါပြီ။ ဒါကိုလည်း ကျွန်မတို့ ကျောင်းအသီးသီးသော်လည်းကောင်း ကျွန်မတို့ အကုန်လုံး ချပြပေးတာရှိပါတယ်။ အင်မတန်မှ ကောင်းတဲ့အချက်ကတော့ KG to ပေါ့နော် ဒီ Grade 12 အထိက အခမဲ့ပညာရေးစနစ်ဖြစ်ရမယ်ဆိုတာ ဒါက ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးတဲ့အချက် လူတန်းခွဲခြားမှုမရှိတဲ့ ဒါပညာရေးစနစ်ဖြစ်တယ်။ ပြီးနောက်တစ်ချက် က KG ကနေ Grade 12 အထိ ကျွန်မတို့ ကျောင်းသားများ မဖြစ်မနေသင်ယူရမယ့် ပညာရေး ဖြစ်မယ်ဆိုတဲ့ အချက်သည် ပြီးလို့ရှိရင် အလယ်တန်းပြီးမြောက်သည့် ကျောင်းသားများ အတွက်က ရွေးချယ်စရာရှိတယ်ပေါ့နော်။ ကျွန်မတို့ အရင်တုန်းကဆိုရင် ဒါ ၁၀ တန်းအောင်မှ အောင်တာသော်မှ ကျွန်မတို့ ဒီအမှတ်အကန့်သတ်တွင်းပေါ့နော်။ ဒါက အများအားဖြင့် ကျွန်မတို့ ဟို လူသားအရင်းအမြစ်ကျရှုံးတာများရှိတယ်ပေါ့နော် ကိုယ့်နိုင်ငံထဲမှာ။ ဒါပေမဲ့ အခု Federal ပညာရေးရဲ့ စနစ်မှာကျတော့ အလယ်တန်းပြီးမြောက်တဲ့ ကျောင်းသားများ အတွက်ဆိုရင် ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမမှာ အခြေခံပညာအထက်တန်းရယ် ဒုတိယမှာ သက်မွေးပညာဆိုပြီးမှ ကျွန်မတို့ ရွေးချယ်ထားတာရှိတယ်။ ပြီးလို့ရှိရင် အကောင်းဆုံးကတော့ သက်မွေးပညာကို ကျွန်မတို့ တစ်နှစ်တက်မယ်ဆိုရင် အဲဒီသက်မွေး ပညာကို တစ်နှစ်လေ့လာမယ် သင်ယူမယ် မကြိုက်ဘူးဆိုရင် တခြားချက်ချင်းကူးပြောင်းတဲ့ ပညာရေးစနစ်ဖြစ်တယ်ပေါ့နော်။ ကိုယ်ကြိုက်တဲ့ဘက်ကို ချက်ချင်းကူးပြောင်းတဲ့ ပညာရေး စနစ်ဖြစ်မယ်ဆိုတာ ကျွန်မတို့အနေနဲ့ အင်မတန်မှ စကစပညာရေးနဲ့ ကြားကာလ NUG မှာ ချပြပေးတဲ့ ဒါ Federal ပညာရေးစနစ်က အင်မတန်မှ ကွာခြားပြီးတော့မှ အင်မတန်မှ ကောင်းတဲ့အချက်ဖြစ်တယ်။ ပြီးလို့ရှိရင် အလွတ်ကျက်မှတ်တဲ့ စနစ်ပပျောက်ရေးပေါ့နော်။ အလွတ်ကျက်မှတ်တဲ့ စနစ်ပပျောက်ပြီးတော့မှ ကိုယ်ထူးကိုယ်ချွန် ကိုယ်ကိုယ်တိုင် မိမိကိုယ် တိုင် စူးစမ်းလေ့လာတဲ့ စနစ်ဖြစ်နေတယ်။ အခုကျွန်မတို့ သင်ကြားရေးတွေ သင်နေတဲ့ အချိန်မှာလည်း စနစ်သစ်ပုံစံနဲ့ ပုံစံနဲ့ သူတို့သင်နေတဲ့အချိန်မှာ အစုလိုက်အဖွဲ့လိုက်ပေါ့နော် ထိုင်ပြီးတော့မှ အစုလိုက်ကို အဲလိုမျိုး အပြန်အလှန် သူတို့က ခေါင်းဆောင်တွေရွေးပြီးတော့ အုပ်စုခေါင်းဆောင်တွေရွေးပြီးတော့မှ ဒီဘက်က ဆိုင်မှုနဲ့ ရှင်းပြတာတွေ သူတို့နားလည် သဘောပေါက်တဲ့ အရာတွေပေါ့နော် ဒါသူတို့ရဲ့ ကိုယ်ပိုင် ရဲရဲဝံ့ဝံ့စွာဖြေဆိုနိုင်တဲ့ ကျောင်းသား တွေ ကျွန်မတို့ အဲဒီစနစ်သွားနေတယ်ဆိုတော့ အင်မတန်မှ ဒီ Federal ပညာရေးကို ကျွန်မတို့ နိုင်ငံနဲ့ အတင့်တော်ဆုံး ကမ္ဘာ့Levelနဲ့ အတင့်တော်တဲ့ ပညာရေးစနစ်ဖြစ်မယ်လို့ အင်မတန်မှ ဒါက လိုချင်တဲ့စနစ်ဖြစ်တယ်။ ဒီတော်လှန်ရေးအောင်မြင်ပြီးတာမဟုတ်ဘဲနဲ့ ယခုလက်ရှိ တောင်မှ ဒီ Federal Democracy လမ်းစဉ်နဲ့ လျှောက်လှမ်းနိုင်တဲ့ တချို့တချို့တွေကို ကျွန်မတို့ လုပ်ဆောင်နေပါတယ်လို့ ဟုတ်ကဲ့ ကျေးဇူးပါ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ UNICEF၊ UNESCO လိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်က ဒီပညာရေးကပ်ဘေးကို ကူညီဖို့ ဘာတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ်လို့ ဆရာမအနေနဲ့ မြင်ပါသလဲရှင်။ ဒီနယ်စပ် ဖြတ်ကျော်အကူအညီတွေကရော မြေပြင်က ကလေးငယ်တွေရဲ့ အနာဂတ်တွေအတွက် ဘယ်လောက်ထိ အရေးကြီးပါသလဲရှင်။

 

ဖြေကြားသူ – ကျွန်မတို့ လက်ရှိပေါ့နော် ကျွန်မတို့ နိုင်ငံတကာမှာရှိတဲ့အဖွဲ့ပေါ့နော် အဖွဲ့အစည်းတွေမှာဆိုရင် အင်မတန်မှ ကျွန်မတို့အတွက် လိုအပ်တဲ့အချက်ဖြစ်တယ်။ ဘယ်လိုမျိုးမှာလဲဆိုရင် ကျွန်မတို့ အဆင့်မြင့်ပိုင်းမှာသော်လည်းကောင်း ပြီးလို့ရှိရင် အခြေခံ ပညာပေါ့နော် ကျွန်မတို့ ပထမတစ်ချက် အခြေခံပညာ။ ကျွန်မတို့ အခြေခံပညာ ဆိုတဲ့အချိန်မှာ အခြေခံပညာက KG ကနေ Grade 12 အထိပေါ့။ ပြီးရင် ဒုတိယအချက်အနေနဲ့ ကျွန်မတို့ အဆင့်မြင့်ပိုင်းပေါ့နော်။ ပြီးရင် တတိယအချက်မှာ ကျွန်မတို့ သက်မွေးပိုင်းမှာဆိုရင် အင်မတန်မှ အရေးကြီးတယ်။ ဒါဆိုတော့ အဲဒီလိုမျိုး အရေးကြီးတဲ့ အခန်းကဏ္ဍမှာ နိုင်ငံတကာရဲ့အဖွဲ့အစည်းတွေက ကူညီပေးဖို့ လိုအပ်တယ်။ ကျောင်းသုံးစာရေးကိရိယာ တည်း သို့မဟုတ် သင်ကြားရေးဆရာ၊ ဆရာမတွေပေါ့နော် ကျွန်မတို့ လိုအပ်နေတဲ့အချိန်မှာ အဓိက နယ်စပ်တွေပေါ့နော် ကျွန်မတို့ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်ပေါ့နော် ဒါဖြတ်ကျော်ခွင့်ပေါ့ နယ်စပ်တွေဖြတ်ကျော်ခွင့်က သူတို့ အင်မတန်မှ Number 1 အဲဒါလေးလုပ်ပေးလို့ရှိရင် ကျွန်မတို့ လွတ်လွတ်လပ်လပ်စွာ သွားလာနိုင်ပြီးမှ ကျွန်မတို့ လိုအပ်တဲ့အရာတွေကို ကျွန်မတို့ ဖြည့်ဆည်းနိုင်မယ်ဆိုတဲ့ အချက်တစ်ချက်တွေ့ရတယ်။ ပြီးလို့ရှိရင် ဆက်သွယ်ရေးကိရိယာတွေ ထောက်ပံ့ပေးလို့ရှိရင် ဒါအင်မတန်မှ အရေးကြီး တယ်။ ပြီးလို့ရှိရင် ကျွန်မတို့ အခြေခံအဆင့်မှာဆိုရင် ကိုယ့်နိုင်ငံမှာဆိုရင် ကျွန်မတို့ တတ်နိုင် သလောက် CDM ပညာရေးတွေနဲ့ မိဘတွေ ပူးပေါင်းပြီးမှ ဆောင်ရွက်နိုင်တယ်။ ဒါပေမဲ့ ဒီအဆင့်မြင့်ပညာပိုင်းနဲ့ သက်မွေးပညာပိုင်းမှာ ကျွန်မတို့ရဲ့ ကလေးတွေက ဒီအချိန်ဒီ ကာလမှာဆိုရင် ကိုယ့်ဒေသ ကိုယ့်မြို့မှာ တက်နိုင်ဖို့ အင်မတန်မှ ခက်ခဲရှိတယ်။ အဲဒီလိုမျိုးနေရာမှာလည်း နိုင်ငံတကာမှာရှိနေတဲ့ အစိုးရအဖွဲ့တွေအားလုံးက ဒီကလေးတွေကို အဆင့်မြင့်နဲ့ သက်မွေးပိုင်းကို သူတို့ဘက်ကနေ အပြည့်အဝ ပံ့ပိုးကူညီပေးပြီးမှ ဆောင်ရွက် ပေးနေတယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ကြားကာလမှာလည်း လူသားအရင်းအမြစ်က ပပျောက်မှုလုံးဝမရှိဘူးဆိုတာ ကျွန်မတို့အနေနဲ့ တောင်းဆိုချင်ပါတယ်။ ပြီးလို့ရှိရင် ကျောင်းတိုင်းမှာသော်လည်းကောင်း မည်သည့်နေရာမှာသော်လည်းကောင်း ဒီကျောင်းစာရေး ကိရိယာ လုံးဝ လုံးဝမရှိပါဘူး။ အခုလုံခြုံရေးအရပေါ့နော် ကျောင်းဆိုတာ မမြင်ဖူးတဲ့ ကလေးတွေရှိမယ်။ ပြီးလို့ရှိရင် စားဝတ်နေရေးအင်မတန်မှ ခက်ခက်ခဲခဲတဲ့ မိဘမဲ့ကလေးတွေ ရှိတယ်ဆိုတော့ သူတို့အတွက်သော်လည်းကောင်း ကျွန်မတို့ နိုင်ငံတကာမှာရှိနေတဲ့ အဖွဲ့ အစည်းအားလုံးကို အင်မတန်မှ လိုအပ်နေတဲ့ကာလဖြစ်နေတယ်ဆိုတာ ကျွန်မအနေနဲ့ ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ကျောင်းကို ပုံမှန်မတက်နိုင်တဲ့ ကလေးတွေရဲ့ မိဘတွေ အနေနဲ့ရော ဒီမိမိတို့ရဲ့ ရင်သွေးငယ်တွေ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အဆက်မပြတ် အောင်လို့ ဒီစိတ်ဓာတ်မကျမသွားအောင်ပေါ့နော် အိမ်မှာတင်ပဲ ဘယ်လိုမျိုး အခြေခံ နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးပေးနိုင်မလဲဆိုတာလေးကိုလည်း အကြံပြုပေးပါဦးရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ အခုလက်ရှိပေါ့နော် ကျွန်မတို့ လုံခြုံရေးအရသော်လည်းကောင်း မိမိရဲ့မိသားစုအခြေအနေအရသော်လည်းကောင်းပေါ့နော် ကျောင်းမထားနိုင်တဲ့ပေါ့နော် မိဘ တွေကို အကြံပြုချင်တာကတော့ ကျွန်မတို့ ဒီတော်လှန်ရေးကာလဆိုနေပေမယ့်လည်း ကျွန်မ တို့မှာ ရွေးချယ်စရာတွေရှိပါတယ်။ ကျွန်မတို့ အရင်တုန်းကဆိုရင် ရွေးချယ်စရာတစ်ခုပဲ ၁၀ တန်းမအောင်လို့ရှိရင်တော့ လူရာမဝင်ဘူးဆိုတဲ့ ဟို အဲလိုမျိုး အပြောခံရတာတွေရှိတာ ပေါ့နော်။ ဒါပေမဲ့ အခုပညာရေးစနစ်မှာ အဲလိုမျိုးမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ က အခွင့်အရေးအရသော်လည်းကောင်း ပြီးလို့ရှိရင် ကိုယ့်မိသားစုအခြေအနေအရသော် လည်းကောင်း ကျွန်မတို့ အခြေခံအဆင့်မှာ ကောင်းမွန်စွာ ပညာမသင်ကြားနိုင်သော်ငြား လည်းပဲ NUG မှာ ချမှတ်ပေးထားတဲ့ Federal Democracy ပညာရေးစနစ် တည်ဆောက်ပုံ အရဆိုရင် ဒါပြည်ပကျောင်းဆိုပြီးမှ ပြည်ပဖြေဆိုခွင့်တွေရှိမှာပါဆိုတာ ကျွန်မအကြံပြုချင် တယ် ခွန်အားလည်းပေးချင်တယ်။ ပြီးလို့ရှိရင် ကြားကာလမှာ သင်ကြားရေးက သုံးမျိုးရှိ တယ်။ ဘယ်လိုမျိုးလဲဆိုရင် ပထမတစ်ချက်က Online အခြေပြုကျောင်းရှိတယ်။ ဒုတိယ အချက်က Home Base ပေါ့နော်။ Home Base ဆိုတဲ့ သင်ကြားရေးရှိတယ်။ တတိယအချက် က On Ground ဆိုပြီးမှ ကျွန်မတို့ ရှိတယ်။ ဒါဆိုတော့ ကျွန်မတို့က ဒီထဲမှာ မိမိဒေသ အခြေအနေအရ ဘယ်ဟာနဲ့ ကိုက်ညီသလဲဆိုတာ ဒါကတော့ ဟို မိဘပြည်သူတွေက ရွေးချယ်ဖို့ဖြစ်ပါမယ်။

 

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ အရာရာကို စွန့်လွှတ်ပြီးတော့မှ ပညာရေးတိုက်ပွဲဝင်နေကြတဲ့ CDM ဆရာ၊ ဆရာမတွေ ပြီးတော့မှ ဒီအခက်အခဲကြားကနေပြီးတော့မှ သင်ယူနေကြတဲ့ ကလေးငယ်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားလူငယ်တွေ နောက်ပြီးတော့မှ ဒီနောက်ကွယ်ကနေပြီးတော့မှ ပံ့ပိုးပေးနေတဲ့ ပြည်သူလူထုတွေကိုပေါ့နော် ဒီ interview လေးကနေတစ်ဆင့် နောက်ဆုံးအနေနဲ့ ကျေးဇူးတင်စကား အားပေးစကားနဲ့အတူ မျှော်လင့် ချက်စကားလေးလည်း ပြောကြားပေးသွားပါဦးရှင်။

 

ဖြေကြားသူ – ပထမဆုံးအနေနဲ့ ကျွန်မအနေနဲ့ အားပေးချင်တာကတော့ CDM ဝန်ထမ်းတွေကို ကျွန်မအားပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်တုန်းက အဆက်ဆက်မှာ ကျွန်မတို့ ဖြစ်ပျက်နေတဲ့ သမိုင်းအကြောင်းကို လေ့လာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဟို CDM ကြောင့် ဟို နိုင်ငံတစ်ခု တုန်လှုပ်သွားရတယ်ဆိုတာ မရှိခဲ့ဘူး။ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်ပေါ့နော်။ ဒါပေမဲ့ ဒီနှစ်နွေဦးတော်လှန်ရေးမှာ ကျွန်မတို့ CDM ဝန်ထမ်းသည် မိမိရဲ့ရာထူးရာခံတွေကို ကျွန်မတို့ စွန့်လွှတ်ရတယ်။ CDM ဝန်ထမ်းတွေကို ကျွန်မအနေနဲ့ ဘာနဲ့နှိုင်းယှဉ်သလဲဆိုရင် အမိနိုင်ငံကို ကယ်တင်တဲ့ ကယ်တင်ရှင်လို့ ကျွန်မ CDM ဝန်ထမ်းတွေကို ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟို CDM တွေဟာ အဓိကပါဆိုတာ ကျွန်မတို့ တွေ့နေရတယ်။ ပြီးလို့ရှိရင် ဒုတိယအနေနဲ့ ဘာကိုတွေ့နေရသလဲဆိုရင် CDM ကျောင်းသူ၊ ကျောင်းသားတွေနဲ့ Non-CDM ကျောင်းသူ၊ ကျောင်းသားတွေကို ယှဉ်ကြည့်တဲ့အချိန်မှာ Non-CDM ကျောင်းသား တွေက ကောင်းမွန်တဲ့ အဆောက်အအုံအောက်တွေမှာပေါ့နော် စာရေးခုံ၊ စာရေးကိရိယာ အပြည့်အဝနဲ့ ပျော်ပျော်ပါးပါးနဲ့ စာသင်နေတဲ့အချိန်မှာ ဟို CDM ကျောင်းသူ၊ ကျောင်းသား လေးတွေက တောတောင်ထဲမှာ ခြင်ကိုက်ဖြုတ်ကိုက်ပြီးတော့မှ ကျောင်းတက်နေရ သော်ငြား လည်းပဲ သူတို့ရဲ့ စိတ်ဓာတ်ထဲမှာ ဘာရှိလဲဆိုရင် ကိုယ့်နိုင်ငံကို တိုးတက်ဖို့ ကျွန်တော်တို့မှာ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်လေးတွေကို ကျွန်မတို့ အင်မတန်မှ လေးစားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ ဒီကျောင်းသူ၊ ကျောင်းသားတွေကိုလည်း ကျွန်မအနေနဲ့ ပြောချင်တာက အမိနိုင်ငံရဲ့ သူရဲကောင်းဆိုပြီးမှ ကျွန်မပြောချင်ပါတယ်။ ပြီးလို့ရှိရင် ပြည်သူတွေကိုလည်း ကျွန်မတို့ ကြည့်နေတဲ့အချိန်မှာ အင်မတန်မှ ခက်ခဲတယ်။ အရင်တုန်းက မလုပ်ဖူးတဲ့အလုပ်တွေပေါ့နော် ပြောင်းရွှေ့တောင်ယာခုတ်တာတွေ သူတို့ စပါးစိုက်တာတွေ လုပ်ရတယ်။ လယ်ထွန်နေရတာ ကျွန်မတို့ တွေ့နေရတယ်ဆိုတော့ ဒီလိုမျိုး အမှန်တရား ဘက်မှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့ ပြည်သူတွေနဲ့ ပြီးလို့ရှိရင် နိုင်ငံခြားမှာရှိနေတဲ့ ပြည်သူတွေရယ်ပေါ့နော် ကျွန်မတို့ကို အပြည့်အဝထောက်ပံ့ပေးနေတဲ့ နိုင်ငံခြား ရှိပြည်သူ တွေရယ် ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေကို ကျွန်မအနေနဲ့ အမိတိုင်းပြည်အပေါ်မှာ သစ္စာရှိတဲ့ သစ္စာရှင်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ ယခုကျွန်မတို့ CDM ဝန်ထမ်း သော်လည်းကောင်း CDM ကျောင်းသား၊ ကျောင်းသူများသော်လည်းကောင်း အမှန်တရားကို မြတ်နိုးတဲ့ အမိမြေ အမိနိုင်ငံကို ချစ်တဲ့ပြည်သူများသော်လည်းကောင်း ကျွန်မတို့အနေနဲ့ ဘယ်တော့မှ လူပင်ပန်းသော်ငြားလည်းပဲ ကျွန်မတို့အနေနဲ့ ဘယ်တော့မှ စိတ်ဓာတ်မကျဘဲနဲ့ ရှေ့ဆက်ပြီးတော့မှ အမိနိုင်ငံမှာ စစ်ကျွန်အာဏာရှင်အုပ်ချုပ်တဲ့စနစ် လုံးဝပပျောက်နိုင်ရန် အတွက် ပူးပေါင်းလက်တွဲပြီးတော့မှ တိုက်ထုတ်ကြပါစို့လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့ ကျေးဇူးပါ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာမရေ။