ဧပြီ ၁၆ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားသည့် အစီအစဉ်အပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယခုရက်ပိုင်းအတွင်း ကျင်းပမည့် အစည်းအဝေးတွင် မြေငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ပေးရေးကိစ္စများကို ဆွေးနွေးကြမည်ဟု သိရသည်။
ထုတ်ပြန်ချက်တွင် “အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်၏ ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် စစ်လက်နက်ကြီးငယ်၊ တိုက်လေယာဉ်များ၊ ဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဟူသည့် အကြောင်းပြချက်ဖြင့် အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် အထူးစိုးရိမ်မိကြောင်း” ဖော်ပြထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က လူသားချင်းစာနာမှုအကူအညီများ ပေးရာတွင် စစ်ကောင်စီမှ တစ်ဆင့်သာ ပေးအပ်ခြင်းအစား အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ စီမံအုပ်ချုပ်သည့် နယ်မြေများရှိ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပေးသင့်ကြောင်း တိုက်တွန်းထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် တိုင်းပြည်နယ်နိမိတ်၏ ၂၂ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သည်ဟု ခန့်မှန်းကြောင်းနှင့် “စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်ပါ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးဆိုသည့် မူအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ရှေ့မှောက်တွင် လိုက်နာရန် သဘောတူညီခဲ့မှုအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် တရားခံလည်း ဖြစ်သည်” ဟု ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက တဖက်သတ်ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်းလည်း သတိပေးထားသည်။
“အာဆီယံခေါင်းဆောင်များအနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများကို ခွဲခြားဆက်ဆံမှုမရှိ၊ ဘက်မလိုက်ဘဲ Humanitarian Principles များနှင့်အညီ ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားသည့် အကူအညီများသည် နိုင်ငံရေးအရ အလွဲအသုံးချမည့် အန္တရာယ်ကို မလွဲမသွေ တွေ့ကြုံရမည်” ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က သတိပေးထားသည်။