ဖေဖော် ၅
The Kaladan Post
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ၅ နှစ် ပြည့်မြောက်လာသည့် အချိန်တွင်
အိန္ဒိယအခြေစိုက် National Alliance of People’s Movements (NAPM) က
အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြန်မာပြည်သူ့တော်လှန်ရေး ဘက်တွင် အပြည့်အဝ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
NAPM ၏ ဖေဖော်ဝါရီ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့စစ်တပ်က ပြည်သူရွေးချယ်ထားသည့် အစိုးရကို အင်အားသုံးဖြုတ်ချခဲ့ပြီးနောက်
ဒီမိုကရေစီအပြောင်းအလဲအတွက် မျှော်လင့်ချက်များကို အပြီးတိုင် ဖျက်ဆီးကာ
ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ ဆက်တိုက်ကျူးလွန်လာခဲ့ကြောင်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ၊ အိုးအိမ်စွန့်ခွာနေရသူများ များပြားလာမှု၊ အစာအဟာရရှားပါးမှုများနှင့် လူမှုဘဝဖျက်ဆီးခံရမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း NAPM က ထောက်ပြထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအောက်ရှိ Independent Investigative Mechanism for Myanmar (IIMM) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက
စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ပြစ်မှုများ ကို အထောက်အထားများဖြင့် စုဆောင်းထားပြီး အရပ်သားသတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဖမ်းဆီးစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ ကျူးလွန်နေ ကြောင်း အတည်ပြုထားကြောင်းလည်း ဖော်ပြထားသည်။
လက်ရှိအချိန်အထိ
▪️ အိုးအိမ်စွန့်ခွာနေရသူ ၃.၆ သန်းကျော်
▪️ အစာအဟာရအရေးပေါ်အခြေအနေ ကြုံတွေ့နေရသူ ၁၅ သန်းခန့်
▪️ နိုင်ငံရေးအကျဉ်းသား ၂၃,၀၀၀ ကျော် ဆက်လက် ထိန်းသိမ်းခံနေရခြင်း
▪️ လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းစေသည့် စစ်ကောင်စီ၏ ဥပဒေကြောင့် လူငယ်ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း
တို့ ဖြစ်ပေါ်နေကြောင်း NAPM က ဆိုသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂,၁၀၀ ကျော် ပြုလုပ်ခဲ့ပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံ များနှင့် စစ်ဘေးရှောင်စခန်းများကိုပါ ပစ်မှတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။
NAPM က စစ်ကောင်စီက ၂၀၂၅ နှောင်းပိုင်းမှ ၂၀၂၆ ခုနှစ်အစပိုင်းအတွင်း ကျင်းပခဲ့သည့် “ရွေးကောက်ပွဲ” များကို စစ်ပွဲ၊ ဖိအား၊ ဖမ်းဆီးမှုများအောက်တွင် ပြုလုပ်ခဲ့သည့် မျက်နှာဖုံးဒီမိုကရေစီ ဟု ခေါ်ဆိုကာ အပြည့်အဝ ငြင်းပယ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် အိန္ဒိယအစိုးရအနေဖြင့် စစ်ကောင်စီနှင့် စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး ဆက်ဆံမှုများ ဆက်လက်ထားရှိနေခြင်းကို အလွန် စိုးရိမ်ဖွယ်ရာအဖြစ် သတိပေးခဲ့ပြီး
မြန်မာပြည်သူများ၏ တောင်းဆိုချက်ဖြစ်သည့် စစ်ကောင်စီအား နိုင်ငံတကာမှ အထီးကျန်အောင် ပြုလုပ်ရေး ကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။
NAPM က အောက်ပါအချက်များကို တိုက်တွန်းတောင်းဆိုထားသည်–
- အိန္ဒိယအစိုးရအနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲများကို မည်သည့်အခါမျှ အာဏာတရားဝင်အဖြစ် မအသိအမှတ်ပြုရန်၊
- စစ်ကောင်စီအား အားပေးသည့် စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး ဆက်ဆံမှုများ ချက်ချင်းရပ်တန့်ရန်၊
- အိန္ဒိယတွင် ခိုလှုံနေရသည့် မြန်မာဒုက္ခသည်များနှင့် ရိုဟင်ဂျာများကို လူ့ဂုဏ်သိက္ခာရှိစွာ ကာကွယ်ပေးရန်၊
- နိုင်ငံတကာအနေဖြင့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှု ရရှိအောင် ဆောင်ရွက်ရန်
ထုတ်ပြန်ချက်အဆုံးတွင် “စစ်အာဏာရှင်အုပ်ချုပ်မှုသည် ငြိမ်းချမ်းရေးကို မပေးနိုင်ဘဲ အကြမ်းဖက်မှုများကိုသာ ဆက်လက် ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ဗိုလ်ချုပ်များ မဟုတ်ဘဲ ပြည်သူများ၏ လက်ထဲတွင်သာ ရှိသည်” ဟု NAPM က အလေးအနက် ပြောကြားထားသည်။
သတင်းရင်းမြစ် (Source)
NAPM India (National Alliance of People’s Movements)
ထုတ်ပြန်ချက် – ဖေဖော်ဝါရီ ၂၊ ၂၀၂၆