စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မမှာ နယ်ထိန်းတာဝန်ထမ်းဆောင်နေသူ ဒုတပ်ကြပ်တယောက် လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မိသားစုနှင့်အတူ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းထံ  အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်တယ်လို့ ဧပြီ ၁၀ ရက်နေ့မှာ ယင်းမာပင်ခရိုင်တပ်ရင်း- ၁၆ မှ တရားဝင် ထုတ်ပြန်ထားပါတယ်။ အဆိုပါ အလင်းဝင်လာသော ဒုတပ်ကြပ် ရဲလင်း ကိုယ်ပိုင်အမှတ် လ-၂၅၅၀၀၀ သည် ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ယင်းမာပင် တပ်ရင်း -၁၆ ထံ အလင်းဝင်လာခြင်းဖြစ်ပြီး G-3တစ်လက်၊ ကျည် (၅) တောင့်ကိုလည်း ယူဆောင်လာခြင်းကြောင့် တပ်ရင်းတာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေ သိန်း (၈၀) ကျပ် ချီးမြှင့်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အလင်းဝင်လာသော ဒုတပ်ကြပ်မိသားစုနှင့် ပတ်သက်ပြီး “သူတို့က စခန်းမှာ မနေချင်တော့လို့ ဆက်သွယ်လာတဲ့အတွက် သွားရောက်ခေါ်ဆောင်ခဲ့တာပါ။ ဆက်သွယ်လာတာက ကြာပါပြီ။ မိသားစုရော ပါတာဖြစ်တဲ့အတွက် အခုမှ ထွက်လာဖြစ်တာပါ။ သူတို့မိသားစုကို လုံခြုံတဲ့ နေရာတစ်ခုမှာ လိုအပ်တာအကုန်စီစဉ်ပေးထားပါတယ်။ အလင်းဝင်တဲ့သူတွေအနေနဲ့ တော်လှန်‌ရေးထဲမှာ ဆက်လုပ်ချင်တယ်ဆိုရင်လည်း ဆက်လုပ်ခွင့်ပေးတယ်၊ သူတို့ ဘေးကင်းရာမှာ နေချင်တယ်ဆိုရင်လည်း သူတို့အဆင်ပြေတဲ့ နေရာကို စီစဉ်ပေးထားပါတယ်” ဟု ယင်းမာပင် ခရိုင်အမှ ၁၆ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း  ဧပြီလ (၁၁) ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားပါသည်။