ခေတ်အဆက်ဆက် မြန်မာ့လူထုလှုပ်ရှားမှုများတွင် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပေးဆပ်ခဲ့ကြသော ခေါင်းဆောင်များအား သူတို့၏ အထူးတလည်နေ့ရက်များတွင် လေးစားဦးညွှတ် အောက်မေ့ဖွယ်များ ကျင်းပခြင်းသည် ကျွန်ုပ်တို့၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။ ယနေ့သည် ထိုသို့သော အာဇာနည်သူရဲကောင်းတစ်ဦးဖြစ်သူ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၉) နှစ်မြောက် အောက်မေ့ဖွယ်နေ့ ဖြစ်ပါသည်။

 

သို့သော် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပရုံမျှဖြင့် ကျွန်ုပ်တို့၏ တာဝန်ကျေပြီလော။ ယနေ့ မပြီးဆုံးသေးသော နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသည့် တော်လှန်ရေး ခေါင်းဆောင်များနှင့် တော်လှန်ပြည်သူများအနေဖြင့် အသက်ပေးသွားသူတို့၏ စံပြုထိုက် သော ရပ်တည်ချက်နှင့် လုပ်ရပ်များကို အမှန်တကယ် လက်တွေ့ကျင့်သုံးနေပါရဲ့လားဟု မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဆလိုင်းတင်မောင်ဦး လက်တွေ့ပြသသွားခဲ့သော အတုယူဖွယ် စံတိုင်များကို ပြန်လည် အမှတ်ရရင်း ဤနွေဦးတော်လှန်ရေးကို ကောင်းမွန်သောရလဒ်ဖြင့် အဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံး ကြိုးပမ်းကြရမည်ဖြစ်ပါသည်။

 

ဆလိုင်းတင်မောင်ဦးထံမှ ကျွန်ုပ်တို့ လက်တွေ့အတုယူရမည့် စံတိုင်များမှာ –

 

၁။ ယိမ်းယိုင်ခြင်းမရှိသော ခိုင်မာသည့် ရပ်တည်ချက်

 

ဆလိုင်းတင်မောင်ဦး၏ ခိုင်မာသော ရပ်တည်ချက်ကို သူ၏ နောက်ဆုံးအချိန်များတွင် အထင်ရှားဆုံး တွေ့မြင်နိုင်ပါသည်။ သေဒဏ်ချမှတ်ခံရပြီးနောက် သက်ညှာခွင့်ပေးမည်ဟု အာဏာရှင်တို့က အခွင့်အလမ်းပေးခဲ့သော်လည်း သူသည် မတရားမှုကို တော်လှန်သည့် သူ၏ယုံကြည်ချက်ကို အလျှော့မပေးဘဲ ကြိုးစင်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့သည်။ ဤသည်မှာ ဖိအားများအောက်တွင် အမှန်တရားကို မယိမ်းမယိုင် ကိုင်စွဲနိုင်ခဲ့သည့် သမိုင်းဝင် သက်သေပင် ဖြစ်သည်။

 

ယနေ့ တော်လှန်ရေးကာလကို ပြန်ကြည့်လျှင် အချို့သော ခေါင်းဆောင်များနှင့် အင်အားစုများ၏ ရပ်တည်ချက်သည် တော်လှန်ရေးအစက ကြွေးကြော်သံများနှင့် တဖြည်းဖြည်း သွေဖည်လာနေသလားဟု စဉ်းစားစရာ ဖြစ်လာသည်။ တော်လှန်ရေးမှ ဖွင့်ပေးသော ရာထူးနေရာများနှင့် အခွင့်အလမ်းအချို့ကို အဓိကထား လုယူနေကြခြင်း၊ အချင်းချင်း မညီညွတ်မှုများ ပေါ်ပေါက်လာခြင်းသည် တော်လှန်ရေး၏ မူလပန်းတိုင်အပေါ် ရပ်တည်ချက် ခိုင်မာမှု ကင်းမဲ့နေခြင်း၏ သက်သေများပင် ဖြစ်သည်။ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ ယုံကြည်ချက်အတွက် အသက်ကိုပင် စတေးရဲသော ဆလိုင်းတင်မောင်ဦး၏ ရပ်တည်ချက်သည် ယနေ့ တော်လှန်ရေးခေါင်းဆောင်တိုင်းအတွက် အကြီးမားဆုံးသော သင်ခန်းစာ ဖြစ်ပါသည်။

 

၂။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း

 

“ကိုယ်ကျိုးစွန့်ခြင်း” ၏ အနက်အဓိပ္ပာယ်ကို ယနေ့ခေတ်တွင် မှန်ကန်စွာ သတ်မှတ်ရန် အလွန်အရေးကြီးပါသည်။ အမှန်တရားနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးအတွက် စွန့်လွှတ်ခြင်းကိုသာလျှင် ဂုဏ်ပြုထိုက်သော ကိုယ်ကျိုးစွန့်မှုဟု ဆိုရပါမည်။ ဤရှုထောင့်မှကြည့်လျှင် CDM ဝန်ထမ်းများ၊ ရှေ့တန်းမှ အသက်ပေးတိုက်ပွဲဝင်နေသော ရဲဘော်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းထောင်အသီးသီးတွင် ဆင်းရဲဒုက္ခခံနေရသူများ၏ အနစ်နာခံမှုသည် အမှန်တကယ် လေးစားထိုက်ပါသည်။

 

သို့သော် တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန်တွင် မိမိတို့၏ စွန့်လွှတ်မှုသည် မည်သူ့အတွက် ဖြစ်နေသနည်းဟု ဆန်းစစ်ရန် လိုအပ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကဲ့သို့သော အမျိုးသားရေးအကျိုးစီးပွားကို ဦးစားမပေးဘဲ မိမိတို့ အုပ်စုနှင့် အပေါင်းအပါများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်နေပါက ထိုစွန့်လွှတ်မှုသည် မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများ၏ အဆင့်ထက် မပိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မင်းအောင်လှိုင်တို့သည်လည်း နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြားမှ သူတို့၏ အာဏာတည်မြဲရေးအတွက် “အနစ်နာခံ” နေကြခြင်းဖြစ်ပြီး ထိုအနစ်နာခံမှုမှာ တိုင်းပြည်အတွက်မဟုတ်ဘဲ သူတို့၏ အသိုင်းအဝိုင်းအတွက်သာ ဖြစ်သောကြောင့်တည်း။

 

ထို့ကြောင့် တော်လှန်ရေးကို ဦးဆောင်နေသည်ဟု ဆိုသူတိုင်း မိမိကိုယ်ကို ပြန်မေးသင့်သည်မှာ “ငါသည် လွတ်မြောက်နယ်မြေတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်နေသလော”၊ “ငါ့ထက်ပိုတော်သူ၊ ပိုသင့်တော်သူကို နေရာပေးရဲသည့် စိတ်ဓာတ်ရှိသလော”၊ “စစ်ကိုင်း၊ မကွေး၊ ချင်းဒေသများတွင် ဖြစ်ပေါ်နေသော အကွဲအပြဲများသည် ရာထူး၊ နေရာ၊ အာဏာတို့ကြောင့် တော်လှန်ရေးကို ထိခိုက်စေသည်အထိ ဖြစ်နေပြီလော” ဟူသော မေးခွန်းများပင် ဖြစ်သည်။ အများအကျိုးအတွက်ဟု ဟန်ဆောင်ကာ အဖွဲ့အစည်းတိုင်းတွင် ရာထူးယူပြီး အမျိုးသားရေးအကျိုးစီးပွားကို အမှန်တကယ် အကောင်အထည်မဖော်သူများသည် တော်လှန်ရေးကို အမည်ခံ အခွင့်ကောင်းယူခြင်း၊ အသုံးချခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်း နေသူများသာ ဖြစ်ကြောင်း သတိချပ်သင့်သည်။

 

၃။ အာဇာနည်လမ်းကို သတိတရားဖြင့် ရွေးချယ်ခြင်း

 

ဆလိုင်းတင်မောင်ဦးသည် ဆန္ဒပြပွဲတွင် ကျည်ထိမှန်ကျဆုံးခဲ့၍ အာဇာနည်ဖြစ်လာခြင်း မဟုတ်ပါ။ ရှေ့တန်းတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းလည်း မဟုတ်ပါ။ သူသည် အာဏာရှင်တို့၏ ဖမ်းဆီးမှု၊ မတရားသည့် စီရင်မှုတို့ကို ခံရပြီးနောက် ကြိုးစင်တက်ရမည့် နောက်ဆုံး အချိန်အထိ သူ၏ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ သတိတရားဖြင့် အဆုံးတိုင် တော်လှန် သွားခဲ့သောကြောင့် အာဇာနည်အဖြစ် သမိုင်းတွင်ခဲ့ခြင်းဖြစ်သည်။ သူရွေးချယ်ခဲ့သော လမ်းသည် သူ၏ ခိုင်မာသောရပ်တည်ချက်နှင့် စွန့်လွှတ်မှုတို့ကြောင့် “အာဇာနည်လမ်း” ဖြစ်လာရခြင်းဖြစ်သည်။

 

ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း အာဇာနည်လမ်းကို လျှောက်လှမ်းနေသူများစွာ ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။ သို့သော် ဆလိုင်းတင်မောင်ဦးကဲ့သို့ ကြိုးစင်ကို ရင်ဆိုင်ရဲသည့် စိတ်ဓာတ်မျိုးမှာမူ ရှားပါးနေဆဲဖြစ်သည်။ အချို့သောခေါင်းဆောင်များသည် မိမိတို့၏ ရာထူး၊ ငွေကြေး သို့မဟုတ် ပုဂ္ဂိုလ်ရေး ရန်ငြိုးများအတွက် အောက်ခြေရဲဘော်များ၏ အသက်ကို လွယ်လင့်တကူ စတေးစေပြီး အာဇာနည်တံဆိပ်ကပ်ကာ ကိုယ်ကျိုးရှာနေခြင်းမျိုးသည် အာဇာနည်တို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အလွန်အမင်း ဝမ်းနည်းဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ပါသည်။

 

ဆလိုင်းတင်မောင်ဦး လျှောက်လှမ်းခဲ့သောလမ်းသည် အာဏာအတွက်မဟုတ်၊ ရာထူး အတွက်မဟုတ်၊ အသက်ရှင်ခွင့်အတွက်ပင် မဟုတ်ပါ။ ၎င်းမှာ ခိုင်မာသော ရပ်တည်ချက်နှင့် အများအကျိုးအတွက် အနစ်နာခံမှုတို့ ပေါင်းစပ်ထားသည့် ဂုဏ်သိက္ခာရှိသော လမ်းဖြစ်ပါသည်။

 

ယနေ့ တော်လှန်ရေးကို ဦးဆောင်နေသူများသည် အထက်ပါ အချက်သုံးချက်ကို အလေးအနက်ထား၍ လက်တွေ့ အတုယူကျင့်သုံးရန် အရေးတကြီး လိုအပ်နေပါသည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့၏ တော်လှန်ရေးသည် ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သော်လည်း အောင်မြင်မှုနှင့် ဝေးနေဦးမည်ဖြစ်ပြီး နွေဦးတော်လှန်ရေးသည်လည်း အောင်ပွဲနှင့်မဟုတ်ဘဲ နှစ်ပတ်လည်နေ့များဖြင့်သာ အဆုံးသတ်သွားရပေလိမ့်မည်။ ထို့ကြောင့် တော်လှန်ရေး၏ အောင်မြင်သော အဆုံးသတ်နှင့် ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်အတွက် ဆလိုင်းတင်မောင်ဦးကိုယ်တိုင် လုပ်ပြသွားခဲ့သော စံပြုထိုက်သည့် လုပ်ရပ်များကို အတုယူနိုင်ကြပါစေကြောင်း သူ၏ မပျောက်ပျက်သော စိတ်ဓာတ်ကို အရိုအသေပြုရင်း လေးနက်စွာ နှိုးဆော်အပ်ပါသည်။

 

အယ်ဒီတာချုပ်
The Kaladan Post