ဖြူးနှင့် ထန်းတပင်မြို့နယ်များတွင် စစ်တပ်တိုက်ခိုက်ခံရပြီး ခရိုင်ဒု-ညွှန်ကြားရေးမှူး အပါအဝင် ၃ ဦး သေဆုံး

ဇန်န ၁၂
The Kaladan Post
ပဲခူးတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ လက်အောက်ခံ တပ်ရင်းများနှင့် ဒေသန္တရပကဖ တပ်ဖွဲ့များ ပူးပေါင်း၍ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်း၊ ထွေ/အုပ်ရုံးနှင့် ရဲစခန်း များကို ယနေ့ ဇန်နဝါရီ ၁၁ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန် သည်။ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆာဂွန်း ဂိတ်အထိုင်စခန်း ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အပြင် ထန်းတပင်မြို့နယ်ရှိ စစ်တပ် ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖော်ဆောင်ရေး အထွေထွေ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက် စဉ် အစည်းအဝေးလုပ်နေသည့် ခရိုင်ဒု-ညွှန်ကြားရေးမှူး ၁ ဦး သေဆုံးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် ထန်းတပင်မြို့နယ် ရဲစခန်းကို တိုက်ခိုက် ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပဲခူးခရိုင် တိုင်းစစ်ဌာနက ပြောဆိုသည်။ မင်းလှမြို့နယ်တွင် ရွေးကောက်ပွဲ လုံခြုံရေးယူနေသည့် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ ခမရ ၁၀ တပ်ရင်းကို လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဤစစ်ဆင်ရေးကို အမှတ် (၃၅၀၂)၊ (၃၈၀၂)၊ (၃၆၀၁) တပ်ရင်းများ၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ် ပကဖ စသည့် တပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ပဲခူးတိုင်း စစ်ဌာနနယ်မြေ အတွင်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး စစ်ကောင်စီ စခန်းများအနီးတဝိုက်သို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုရန် ပဲခူးတိုင်း စစ်ဌာနက ပြည်သူများအား သတိပေး ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

ဇန်န ၁၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ စာသင်ကျောင်းကို ယနေ့ ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းရှိ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေအတွက်အတိအကျကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း၊ စာသင်ကျောင်းအဆောက်အအုံနှင့် ကျောင်းဆောင်များ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း သိရသည်။ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှု ပိုမိုဆိုးရွားခဲ့သည်ဟုဆိုသည်။ လက်ရှိအချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းအန္တရာယ် အထူးသတိပြုရန်နှင့် လုံခြုံရေး အထူးဂရုစိုက်ကြရန် ဒေသခံပြည်သူများထံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ပဲနွယ်ကုန်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဗုံးကြဲမှုများ ဆက်လက်ပြုလုပ်

ဇန်န ၁၂
The Kaladan Post
ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်တွင် ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှစ၍ စစ်တပ်က လေကြောင်းမှ သုံးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပြီး ပဲနွယ်ကုန်းမြို့အနီး အထူးပစ်မှတ်ထားခဲ့ကြောင်း ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိ သူက ဆိုသည်။ မနေ့ညပိုင်းကလည်း လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ ဒေသခံတစ်ဦးက “အသံကြီး၊ အသံသေးတွေ အစုံ ကြားနေရပြီး မနက်ပိုင်းမှာလည်း လေယာဉ်များ တောက်လျှောက်ပျံသန်းနေသည် ဟု ပြောဆိုထားသည်။ တိုက်ပွဲများသည် အမှတ်(၃၀၇) ခြေမြန်တပ် ရင်း (ခမရ-၃၀၇) အနီးတွင် အဓိကဖြစ်ပွားနေပြီး ယင်းတပ်ရင်းသည် အမှတ်(၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ဖြစ်ကြောင်း သိရသည်။ ရွှေပြည်အေးရွာတွင် တည်ရှိသည့် ယင်းတပ်စခန်း အနီး ဒေသခံများကို PDF ပူးပေါင်းတပ်ဖွဲ့များက ယာယီရှောင်တိမ်းရန် ကြိုတင်သတိပေးထားပြီး ဖြစ်သည်။ ပဲနွယ်ကုန်းမြို့သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနှင့် ရထားလမ်းပိုင်း ဖြတ်သန်းရာ အချက်အချာကျသော မြို့ဖြစ်သဖြင့် လက်ရှိ စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွင့်ရန် မြို့ခံများက သတိပေးထားသည်။ ထို့အပြင် ဇန်နဝါရီ ၉ ရက်က တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် အုတ်တွင်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ဆက်စပ် နေရာများတွင် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၁၄ ခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းအတွင်း စစ်ရေးတင်းမာမှုများသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အဆင့်ဆင့်ကျင်းပချိန်နှင့် တိုက်ဆိုင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဆက်လက်တိုက်ခိုက်မှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေကြရသည်။


ရခိုင်ပြည်နယ်ရေနေသတ္တဝါများ ထိန်းသိမ်းရေး စည်းကမ်းများကို အာရက္ခတပ်တော် ထုတ်ပြန်

ဇန်န ၁၂
The Kaladan Post
ရခိုင်ပြည်နယ်အတွင်း ပင်လယ်နှင့် မြစ်ချောင်းများရှိ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းရန်အတွက် အာရက္ခတပ်တော်(AA) က စည်းကမ်းချက်များ ထုတ်ပြန်သည်။ အထူးသဖြင့် ဝေလငါး၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊ ပင်လယ်လိပ်နှင့် ရေဝက်ကဲ့သို့ ရေနေသတ္တဝါများကို ဖမ်းဆီး၊ သတ်ဖြတ် သို့မဟုတ် ရောင်းချခြင်း လုံးဝ တားမြစ်ထားသည်။ AA ထိန်းချုပ်ထားသော မြို့နယ်များတွင် ဆိုင်းဘုတ်များ ထောင်ကာ အများပြည်သူ သိရှိနိုင်ရန် ကြေညာထားကြောင်း ဒေသခံများက ပြောသည်။ ဝေလငါး၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊ ပင်လယ်လိပ်၊ ရေဝက်စသည့် ရေနေသတ္တဝါများကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချခြင်း ၊ ပင်လယ်နှင့် မြစ်ချောင်းများတွင် အဆိပ်ချ၊ ရှော့တိုက်၊ ပေါက်ကွဲပစ္စည်း အသုံးပြု၍ ငါးဖမ်းဆီးခြင်း၊ တားမြစ်ထားသော ကိရိယာ သို့မဟုတ် ငါးဖမ်းနည်းများဖြင့် ဖမ်းဆီးခြင်း၊ ရေနေ သတ္တဝါများ မျိုးပွားကျက်စားရာ နေရာများတွင် ဂေဟစနစ် ပျက်စီးစေနိုင်သော ခုတ်ထွင်ရှင်းလင်း မှုများတို့ကို အဓိက အားဖြင့် တားမြစ်ထားတာဖြစ်ပြီး ဤစည်းကမ်းချက်များကို ချိုးဖောက်ပါက ငါးလုပ်ငန်းဆိုင်ရာဥပဒေအရ ထိထိရောက်ရောက် အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်း မိုင် ၃၆၀ ခန့် ထိစပ်ထားပြီး ကျွန်းများစွာဖြင့် ဖွဲ့စည်းထားသောကြောင့် ငါးနှင့် ရေသယံဇာတ ကြွယ်ဝသည်။ လက်ရှိတွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်များမှလွဲ၍ ကျန်မြို့နယ်အများစုကို AA က ထိန်းချုပ်ထားကာ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နေသည်။


ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်က ကြံခင်းများ မီးရှို့ဖျက်ဆီးသဖြင့် ငွေကြေးသိန်းသောင်းချီ တောင်သူများ ဆုံးရှုံး

ဇန်န ၁၂
The Kaladan Post
ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဗောဓိကုန်းနှင့် ရေဖြူကျေးရွာများမှ ကြံစိုက်ပျိုးထားသော ခင်းများကို ဇန်နဝါရီ ၈ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကြံ လုပ်သားအချို့ကို ဖမ်းဆီးခဲ့ပြီး ခုတ်သိမ်းရန် ပြင်ဆင်ထားသော ကြံခင်းများကိုပါ မီးရှို့ခဲ့ရာ ဧကရာချီ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးရှို့ခံရသော ကြံများသည် သုံးရက်ခန့်အကြာတွင် ချဉ်သွားသောကြောင့် စက်ရုံများက လက်မခံတော့ကြောင်း ဒေသခံအမျိုးသမီးတဦးက ပြောသည်။ ဗောဓိကုန်းနှင့် ရေဖြူ နှစ်ရွာလုံးတွင် ကြံခင်းဧက တရာနီးပါး ရှိပြီး တချို့တောင်သူများတွင် ဧက ၃၀ နီးပါးအထိ ရှိကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတဦးက ဆိုသည်။ ဤနေရာများသည် ကြံကို အဓိကစိုက်ပျိုးထားသည့် ဒေသများ ဖြစ်ပြီး တစ်ဧကလျှင် ပျှမ်းမျှ တန် ၂၀-၂၅ ထွက်ရှိသည်။ ၂၀၂၅-၂၀၂၆ ကြံရာသီအတွက် ပြည်မြို့ နဝဒေးသကြားစက်ရုံက ကြံတတန်လျှင် ကျပ် ၁၇၀,၀၀၀ ပေါက်စျေး ကြေညာထားသည်။ တစ်ဧက လျှင် ပျှမ်းမျှ တန် ၂၃ ထွက်ရှိပါက ကျပ်သိန်း ၃၉၁ ဝန်းကျင် ရရှိနိုင်သဖြင့် မီးရှို့ခံရသော ကြံခင်းများ၏ စုစုပေါင်း တန်ဖိုးမှာ သိန်း ၄၀၀၀ နီးပါး ရှိနိုင်ကြောင်း တွက်ချက်ရသည်။ ပေါက်ခေါင်းမြို့နယ်သည် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့် မြို့နယ်တစ်ခုဖြစ်ပြီး ရွေးကောက် ပွဲ လုံခြုံရေးဆိုသောအကြောင်းပြချက်ဖြင့် စစ်ကြောင်းထိုး၊ ဖမ်းဆီးမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်တပ်လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်တစ်ဦး သေဆုံး၊ ပြည်သူ ၁၀ ဦး ဒဏ်ရာရ

ဇန်န ၁၂
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် ပုလောမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီ ၁၀ ရက်နေ့က စစ်တပ် က လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ ထားဝယ်မြို့နယ်အတွင်း KNU လယ်ဒိုစိုးမြို့နယ်ရုံးကို မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးကာ အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ပုလောမြို့နယ်တွင် ည ၈ နာရီ ၃၀ မိနစ်ခန့်က မျှစ်ချဉ်စုကျေးရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက် ခဲ့ပြီး ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုနေ့ညပိုင်းတွင် ပလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်ရင်းက ဒူးရင်းပင်ရှောင်နှင့် နန်းတောင်ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် အေးရွာလေးကျေးရွာရှိ ဘုရားအနီးတဝိုက်ကို ည ၁၁ နာရီ ၁၁ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေး ရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူနေ ထိုင်ရာ နေရာကို ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပြည်သူ ထိခိုက်မှု မရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရာမညမွန်တပ်တော် (RMA) က စစ်တပ်စခန်း ၅ ခု တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

ဇန်န ၁၂
The Kaladan Post
မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုကို ရာမညမွန်တပ်တော် (RMA) / မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ တိုက်ခိုက်မှုများတွင် ၁၀၇ မမ ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးသီးချ စသည့် လက်နက်များကို အသုံးပြုခဲ့သည်။ ဇန်နဝါရီ ၁၁ ရက်တွင် ရေးမြို့ နယ် အစင်ကျေးရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်း၊ ရေးမြို့ပေါ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)၊ ကလော့ကျေးရွာအနီး အမြောက်တပ် (၃၁၆) နှင့် မုဒုံမြို့နယ် ကမာဝက်အခြေစိုက် ခမရ (၂၀၉) တပ်ရင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၀ ရက်တွင်လည်း ကမာဝက်မြို့ရှိ မဲရုံများကို ကြည့်ရှုနေသော စစ်ကောင်စီတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပြီး အစင်ကျေးရွာ စခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ စကခ (၁၉) ကို ရှော့တိုက်ဒုံး ၃ လုံး၊ အမတ (၃၁၆) ကို ၂ လုံး ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုများကို စုံစမ်းနေဆဲဖြစ်သည့် အပြင် ကမာဝက် ခမရ (၂၀၉) တပ်ရင်းကို ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ရာ စစ်ကောင်စီ အရာရှိ တစ်ဦး သေဆုံးခဲ့သည်။ ဤစစ်ဆင်ရေးများကို စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ထားသည့်အတိုင်း ဆက်လက်တိုက်ဖျက် ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုသာ အဓိက ပစ်မှတ်ထား ကြောင်း NMSP-AD/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ရှင်းလင်းခဲ့သည်။


ကံမမြို့နယ်တွင် စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်အပါအဝင် ၂ ဦး သေဆုံး

ဇန်န ၁၂
The Kaladan Post
မကွေးတိုင်း ကံမမြို့နယ် ပြည်-ကံမလမ်းပိုင်းတွင် ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်လိုက်ပါလာသော ယာဉ်တန်းကို ကံမမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဇော်မင်းနိုင်နှင့် ၎င်း၏ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။ ဇော်မင်းနိုင်နှင့် ယာဉ်မောင်း သန့်ဇင်အောင်တို့ လိုက်ပါလာသော ကားနှင့် jammer တပ်ဆင်ထားသည့် Double-Cab ကားတစ်စီးသည် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲရုံများကို စစ်ဆေးရန် ခရီးထွက်စဉ် ပြောင်ကျကျေးရွာနှင့် ပယ်ကျကျေး ရွာအကြားတွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်မှုတွင် ဇော်မင်းနိုင်နှင့် သန့်ဇင်အောင် အပါအဝင် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်ရှိသော ထိခိုက်ဒဏ်ရာရရှိသူများ၏ အခြေ အနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဤတိုက်ခိုက်မှု သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆန့်ကျင်တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်-ကံမလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးနှင့် ရှင်းလင်းရေး တင်းကျပ်လုပ်ဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

ကရင်ပြည်နယ်တွင် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဇန်န ၁၂
The Kaladan Post
ဇန်နဝါရီလ ၈ ရက်မှ ၁၁ ရက်အတွင်း စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားငယ်များ လက်နက်ခဲယမ်း များယူဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ကြသည်။ တနင်္သာရီမြို့နယ်တွင် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ခလရ ၂၆၅ နှင့် စအရ ၉၁၈ တပ်ရင်းများမှ စစ်မှုထမ်းတပ်သား ၃ ဦး အလင်းဝင်ခဲ့ပြီး MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက်နှင့်အတူ KNLA တပ်မဟာ ၄ တပ်ရင်း ၁၁ ထံ ရောက်ရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ထိုတပ်သားများမှာ စစ်ကောင်စီ၏ အတင်းအဓမ္မ စုဆောင်းခံရသူများဖြစ်ကြောင်း သိရသည်။ အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ခလရ ၂၈၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကို သည် ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် MA-3 သေနတ် ၁ လက်၊ ကျည် ၁၂၀ တောင့်၊ ကျည်ဘောက် ၅ ဘောက်ယူဆောင်ကာ KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံ အလင်းဝင်ခဲ့သည်ဟု Phoenix – Special Warfare Force က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ကြိမ်ခါးကုန်းကျေးရွာတွင် စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် ၂၀ ဦးသေဆုံး

ဇန်န ၁၂
The Kaladan Post
ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အနီး ရန်ကုန်-မန္တလေးလမ်း ဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန်တွင် ဝင်‌ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။ ထိုတိုက်ပွဲကြောင့် စစ်ကောင်စီ ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကြောင်း ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုသော လက်နက်များ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ အများအပြား သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ၃ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ လက်ရှိအချိန်တွင် အဆိုပါ စစ်ဆင်ရေး နယ်မြေအတွင်း စစ်ရေးအခြေအနေများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး တိုက်ပွဲအနီးဝန်းကျင်ရှိ ပြည်သူများ၊ ခရီးသွားပြည်သူများနှင့် လမ်းပိုင်းအသုံးပြုသူများအနေဖြင့် ဘေးကင်းလုံခြုံရေး အထူး သတိပြု သွားလာကြရန် PDF ဘက်က မေတ္တာရပ်ခံ အသိပေးထားသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း (P-29914)၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၃) တပ်ရင်း (Fire Dragon) နှင့် တော်ဝင်ဒေါင်းတပ်ရင်း (P-29913) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။