ရေဦးမြို့ ကြာဖူးအဝိုင်း ဂိတ်မှ စစ်ကောင်စီတပ်သား ကျော်မျိုးသူ သေနတ် ၂ လက်နှင့် အလင်းဝင်

ဇန်န ၁

The Kaladan Post
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကြာဖူးအဝိုင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော စစ် ကောင်စီတပ်သား ကျော်မျိုးသူသည် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီဝန်းကျင်က သေနတ် ၂ လက်အပါအဝင် Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ အလင်းဝင်တပ်သား ကျော်မျိုးသူသည် စစ်မှုထမ်းသစ်မဟုတ်ဘဲ သန္ဓေတပ်သား တစ်ဦးဖြစ်ပြီး အထက်အရာရှိ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် ထွက်ပြေးအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း Wolf Guerrilla LDF Ye.U Air Force သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုညိုက ပြောကြားခဲ့သည်။ အလင်းဝင်မှုအတွက် အဆိုပါအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ကို ဒီဇင်ဘာလ ၂၉ ရက်တွင် ချီးမြှင့်ခဲ့သည်။ “ကျန်တဲ့ စစ်ကောင်စီတပ်သားများလည်း စဉ်းစားချင့်ချိန်ပြီး လာရောက်ပေါင်း စေချင်ပါတယ်။ မိမိတို့အဖွဲ့အစည်းက နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်” ဟု ရဲဘော်ကိုညိုက ဆက်လက်ပြောကြားခဲ့သည်။ Wolf Guerrilla LDF Ye.U Air Force အဖွဲ့က အလင်းဝင်လိုသူ စစ်ကောင်စီ တပ်သားများကို နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလင်းဝင်လိုပါက ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေး နှိုးဆော်ထားသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကမ်းနှစ်ဖက် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံး

ဇန်နဝါ ၁
The Kaladan Post
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းတို့တွင် ၂၀၂၅ ဒီဇင် ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲ ယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ် မတော်က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ဒိုးတန်းနှင့် ခင်တန်းလေးကျေးရွာများနှင့် အရှေ့ဘက်ကမ်းရှိ အိုးမြေဒူးကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်တပ် စခန်းများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာန (၃၅၀၄) တပ်ရင်း၊ ရေတာရှည်ပကဖ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “အဓိကရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးမှုရယူရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထိုးစစ်အရှိန်ကို တွန်းအားပေးသည့် စစ်ဆင်ရေးဖြစ်ပါသည်” ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က ရှင်းပြခဲ့သည်။ ဒိုးတန်းကျေးရွာတပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် အောင်ချမ်းသာဘက်မှ စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ (၇၀ ဝန်းကျင်) ကို တခွဲကျဲနှင့် ကြံခင်းကွင်းပြင်တို့တွင် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါး သေဆုံးနိုင်ခဲ့ကြောင်း ခန့်မှန်းထားသည်။ တင့်ကားများဖြင့် စစ်ကူပေးရန်ကြိုးစားမှုကိုလည်း တားဆီးနိုင်ခဲ့သည်။ ခင်တန်းလေးကျေးရွာဂိတ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေဒူးကျေးရွာတွင် အင်အား ၆၀ နီးပါးရှိ စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများနှင့် သံတောင်မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ရာ ရွာတစ်ရွာလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သားများ မြစ်ဖြတ်ကူးထွက်ပြေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးရမိခဲ့ပြီး သေဆုံးထိခိုက်သူ ၂၀ ဝန်းကျင်၊ စစ်သုံ့ပန်း ၃ ဦး၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့သည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပြည်သူ့စစ်မဟာဗျူဟာဖြင့် ဘက်ပေါင်းစုံထိုးစစ်ဆင်ရေးများကို အရှိန်မြှင့်တင်သွားမည်ဟု ကြေညာထားသည်။


NUG က နှစ်သစ်ကူး လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၁၁၀ ဦး ခြွင်းချက်မဲ့ လွှတ်ပေး

ဇန်နဝါ ၁
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအခါသမယ်တွင် ထိန်းချုပ်နယ်မြေ အတွင်း အကျဉ်းထောင်များမှ အသက်ကြီးပိုင်းအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၁၀ ဦးကို ခြွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ကျန်ရှိအကျဉ်းသားအားလုံးအတွက် ပြစ်ဒဏ်၏ ၃ ပုံ ၁ ပုံကို လျှော့ပေါ့ပေးလိုက်ကြောင်း ဇန်နဝါရီ ၁ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုးထုတ်ပြန်သော လွတ်ငြိမ်းသက်သာခွင့်အမိန့်သည် လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံထားခြင်းဖြစ်ပြီး လူသတ်မှု၊ မုဒိမ်းမှုစသည့် ပြင်းထန်အမှုများမှ ကင်းလွတ် သူများ၊ ရောဂါဝေဒနာခံစားနေရသူများ၊ အသက် ၇၀ ကျော်နှစ်ကြီးသမားများနှင့် အသေးစားအမှုများ ဖြင့် ထောင်ဒဏ် ၆ လ ကျော်ကျခံနေပြီးသူများကို ဦးစားပေးရွေးချယ်လွှတ်ပေးခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားခဲ့သည်။ လွတ်ငြိမ်းချမ်းသာ (ခြွင်းချက်မဲ့ လွှတ်ပေး) နှင့် လွတ်ငြိမ်းသက်သာ (ပြစ်ဒဏ်လျှော့ချ) ဟူ၍ နှစ်မျိုးခွဲ၍ ဆောင်ရွက် ထားပြီး ဒုတိယအကြိမ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။ လွှတ်မြောက် လာသူများ၏ လုံခြုံရေးနှင့် မိသားစုထံ ပြန်လည်ရောက်ရှိရေးအတွက် သက်ဆိုင်ရာ နယ်မြေများ အလိုက် ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း သိရသည်။ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုရင်း ပြည်သူလူထု စိတ်နှလုံးအေးချမ်းစေရေးနှင့် လူသားချင်းစာနာမှုကို အလေးထားသည့်အနေဖြင့် ယခုလွတ်ငြိမ်းခွင့်ကို ပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်သစ်ကူး မိန့်ခွန်း၌ စစ်အာဏာရှင် အမြစ်ဖြတ်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းတိုက်ပွဲဝင်ကြရန် KIO/KIA ဥက္ကဋ္ဌ တိုက်တွန်း

ဇန်နဝါ ၁
The Kaladan Post
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ၂၀၂၆ ခုနှစ် နှစ်သစ်ကူး အခါသမယ်တွင် ပြည်သူသို့ ပြောကြားသော မိန့်ခွန်းအတွင်း စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မဟာမိတ်တပ်များ ပါဝင် သည့် နိုင်ငံရေး၊ စစ်ရေး သဘောတူညီသော မဟာမိတ်တပ်ပေါင်းစုကြီး ပေါ်ပေါက်လာရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “ဒီလို ဆိုးသွမ်းလှတဲ့ စစ်အာဏာရှင်စနစ် အမြစ် ပြတ်ချေမှုန်းဖို့အတွက် နိုင်ငံရေး စစ်ရေး သဘောတူညီတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို စုစည်းပြီးတော့ အကုန် ပူးပေါင်း လက်တွဲပြီးတော့ စစ်ရေးမဟာမိတ်တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာ အောင် ဆက်လက် လုပ်ဆောင်နေပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းသွားတဲ့အထိ စုစုစည်းစည်း ညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်သွားကြဖို့ နှိုးဆော်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုက်တွန်းပြောဆိုခဲ့သည်။ ၂၀၂၅ ခုနှစ်တစ်နှစ်ပတ်လုံးတွင် စစ်ကောင်စီထိန်းချုပ်နယ်မြေအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင် လာသဖြင့် ထိန်းချုပ်နယ်မြေများကို လက်မလွှတ်ရအောင် ခုခံစစ်ကို အဓိကဆင်နွှဲခဲ့ရသည်ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူများ၏ နေအိမ်၊ ဆေးရုံ၊ ကျောင်း၊ ဘုရားကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး အရပ်သားထိခိုက်သေဆုံးမှုများ များပြားခဲ့ကြောင်း ထောက်ပြသည်။ ထို့အပြင် စစ်ကောင်စီက ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံကို တည်မြဲစေရန် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေသဖြင့် ပြည်သူများ မဲပေးရာ တွင် သတိထားဆင်ခြင်ရန် လိုအပ်ကြောင်း၊ တော်လှန်ရေးတပ်များ စည်းစည်းလုံးလုံး အင်အားကြီး လာမည်ကို စိုးရိမ်၍ တိုင်းရင်းသားအချင်းချင်း၊ တော်လှန်ရေးအဖွဲ့အချင်းချင်း သွေးကွဲအောင် နည်းလမ်းမျိုးစုံဖြင့် ကြံစည်နေကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လ က သတိပေးပြောဆိုခဲ့သည်။

ကရင်နီတော်လှန်ရေးသည် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် အခြေခံအင်အားဖြစ်ကြောင်း ကရင်နီ IEC ဥက္ကဋ္ဌ ပြောဆို

ဇန်နဝါ ၁
The Kaladan Post
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ယနေ့ နှစ်သစ်ကူးနေ့တွင် ကရင်နီပြည်သူများထံ ပေးပို့သော သဝဏ်လွှာတွင် ကရင်နီပြည်သူများ၏ တော်လှန်ရေးသည် မိမိတို့ဒေသ လွတ်မြောက်ရေးအတွက်သာမက မြန်မာတစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ်တည်ဆောက်ရေးအတွက် မဖြစ်မနေ အခြေခံအင်အားတစ်ရပ် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်မှုအောက်တွင် ကရင်နီပြည်နယ်သည် လူမှုဘဝ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေးစသည့် ကဏ္ဍပေါင်းစုံမှ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရဆဲဖြစ်သော်လည်း ပြည်သူများ၏ သတ္တိ၊ အညံ့မခံ အားမလျော့သော စိတ်ဓာတ်နှင့် လွတ်မြောက်ရေးအပေါ် ယုံကြည်ချက် တို့ကို မည်သည့်အခက်အခဲကမျှ မတားဆီးနိုင်ခဲ့ကြောင်း ဥက္ကဋ္ဌ ခူဦးရယ်က အလေးပေးဖော်ပြခဲ့သည်။ ထို့အပြင် ကရင်နီဒေသ၏ တည်ကြည်မှု၊ စွန့်လွတ်အနစ်နာခံမှုနှင့် အရှုံးမပေး စည်းလုံးညီညွတ်မှုတို့ သည် တရားမျှတမှုကို လိုလားသော မြန်မာပြည်သူတစ်ရပ်လုံးနှင့် တစ်သားတည်း ရပ်တည်နေကြောင်း သက်သေပြနေသည်ဟုလည်း ဆိုခဲ့သည်။ ကရင်နီပြည် IEC အနေဖြင့် ဖက်ဒရယ်အခြေခံ ခိုင်မာသည့် ဥပဒေပြုစနစ်တည်ဆောက်ရေး၊ ပြည်သူ့အခြေပြု ဒေသန္တရ အုပ်ချုပ်ရေးစနစ် အပြည့်အဝဖော်ဆောင် ရေး၊ တိုင်းရင်းသားများအတွက် တန်းတူအခွင့်အရေးနှင့် လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာကို နိုင်ငံရေး အခြေခံအုတ်မြစ်အဖြစ် ထူထောင်ရေးတို့ကို မူဝါဒအဖြစ် ချမှတ်ထားကြောင်း၊ ပြည်သူများအနေဖြင့် လည်း အတူရပ်တည်ပေးကြရန် တိုက်တွန်းထားသည်။ ၂၀၂၆ ခုနှစ်ကို ကရင်နီပြည်၏ အမျိုးသားလွတ် မြောက်ရေး အိပ်မက်ကို အမှန်တကယ် စတင်ဖော်ဆောင်နိုင်သည့် နှစ်တစ်နှစ်အဖြစ် မြန်မာပြည်သူ တစ်ရပ်လုံးနှင့် ကရင်နီပြည်သူများ လက်တွဲညီညွတ်စွာ ကြိုးပမ်းကြရန်နှင့် ကရင်နီတော်လှန်ရေး သမိုင်းကို ကမ္ဘာ့သမိုင်းတွင် ဇွဲ၊ သတ္တိ၊ ဂုဏ်သိက္ခာ၏ သက်သေအဖြစ် မော်ကွန်းတင်ထိုက်အောင် ဆက်လက်အားထုတ်ကြရန် ဥက္ကဋ္ဌ ခူဦးရယ်က တိုက်တွန်းထားသည်။

ကသာမြို့တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် မြို့ခံအများစု စစ်ရှောင်နေရ

ဇန်နဝါ ၁
The Kaladan Post
စစ်ကိုင်းတိုင်း ကသာမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် (KIA) ပါဝင်သည့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက် နေမှုကြောင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသဖြင့် မြို့ခံအများစုမှာ မြို့ကို စွန့်ခွာစစ်ရှောင်နေကြရကြောင်း ကသာမြို့ခံများက ပြောသည်။ ၂၀၂၅ ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့ခံများကို ထွက်ခွာခွင့်မပေးခဲ့သော်လည်း ဒီဇင်ဘာ ၃၁ ရက်မှစ၍ စစ်ရှောင်ခွင့်ရရှိခဲ့သည်။ ငွေကြေး မတတ်နိုင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အချို့မြို့ခံများမှာ မြို့တွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများက လမ်းခရီးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခံ ရမည်ကို စိုးရိမ်သဖြင့် စစ်မရှောင်ကြခြင်းဖြစ်ကြောင်း တော်လှန်ရေးဘက်က လမ်းဖွင့်ပေးစေလို ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် ကသာမြို့ မြောက်ဘက်ခြမ်းတွင် ပစ်ခတ်သံများ ဆက်လက်ကြားနေရပြီး စစ်ကောင်စီတပ်က Y-12 လေယာဉ်များဖြင့် မြို့နှင့်အနီးဝန်းကျင်ကျေးရွာ များကို ပုံမှန်ဗုံးကြဲတိုက်ခိုက်နေသည်။ ရဟတ်ယာဉ်များဖြင့် စစ်အင်အားဖြည့်တင်းနေစဉ် လေယာဉ် များက ကင်းထောက်ဝဲပျံခြင်းနှင့် ဗုံးကြဲခြင်းများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ကချင်စစ်ရေးရင်းမြစ်က ဒီဇင်ဘာ ၂၈ မှ ၃၀ ရက်အတွင်း စစ်တပ်၏ ကာကင်း ၅ နေရာခန့်ကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၅၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးခဲ့သည်။ ကသာမြို့အတွင်း ခမရ (၃၀၉) နှင့် ခမရ (၁၀၆) တပ်ရင်းများ တပ်စွဲထားရာ နေရာများကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကာ စစ်တပ် ဘက်တွင် တပ်မ (၇၇) လက်အောက်ခံတပ်များအပြင် ရှမ်းနီပြည်သူ့စစ်များပါ ပါဝင်ကာ စစ်အင်အား ၆၀၀ ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါရင်းမြစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ပဲခူးမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံးကာ ၅ ဦး ဖမ်းမိ

ဇန်နဝါ ၁
The Kaladan Post
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်တပ်က တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်နေသော ပြည်သူများဆီ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၃) ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အောင်ပွဲရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ ဆေးဗိုလ် ၁ ဦး၊ တပ်သား ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကာ စစ်ကြောင်းအထိနာကျဆုံးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ရသည်။ ထို့ပြင် စစ်သား ၅ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ငယ် ၁၂ လက်၊ ခဲယမ်းများ၊ လက်ပစ်ဗုံး၊ စကားပြောစက်များနှင့် အခြားစစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်သုံ့ပန်း ၅ ဦးအနက် ၂ ဦး ဒဏ်ရာရရှိထားသဖြင့် ဆေးကုသပေးထားကာ ကောင်းမွန်စွာ စောင့်ရှောက် ထားကြောင်း၊ ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူက ဆိုသည်။ ဤတိုက်ပွဲသည် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ ဗဟိုကွပ်ကဲမှုတစ်ခုတည်းအောက် စုစည်းရေး အဓိကလိုအပ်ဟု NUG ယာယီသမ္မတက နှစ်သစ်ကူးမိန့်ခွန်းတွင် သတိပေး

ဇန်နဝါ ၁
The Kaladan Post
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံ မိန့်ခွန်းပြောကြားရာတွင် နွေဦးတော်လှန်ရေး အောင်မြင်မှုအမြန်ဆုံး ရ ရှိနိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအင်အားစုအားလုံး ဗဟိုကွပ်ကဲမှု တစ်ခုတည်းအောက်တွင် စုစည်း ညီညွတ်ရေးကို အထူးအလေးပေး သတိပေးခဲ့သည်။ “လက်နက်ကိုင်လမ်းစဉ်ကို လျှောက်နေကြတဲ့ တော်လှန်ရေးအင်အားစုအားလုံးဟာ ဗဟိုကွပ်ကဲမှုတစ်ခုတည်းအောက်မှာ စုစည်းနိုင်လေလေ၊ စစ်အာ ဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းနိုင်လေလေ” ဟု ယာယီသမ္မတက အလေးအနက်ထား ထပ်မံ သတိပေးခဲ့ ပြီး ပြည်သူလူထုအနေဖြင့်လည်း စစ်ရေးတပ်ပေါင်းစု စုဖွဲ့မှုကို လေးနက်စွာ ဂုဏ်ပြုကြိုဆိုရန်နှင့် ပြည်သူ့ဝန်းရံမှု အမြဲရှိနေရန် တိုက်တွန်းခဲ့သည်။ လက်ရှိတွင် C3C ကဲ့သို့ စုဖွဲ့မှုများ ရှိပြီးဖြစ်သော်လည်း ထိုထက်ပို၍ အားကောင်းလာရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ယာယီသမ္မတက နွေဦး တော်လှန်ရေး၏ အောင်မြင်မှုများအနေဖြင့် ထိန်းချုပ်နယ်မြေများစွာ ပေါ်ပေါက်လာခြင်း၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့တွင် ဖက်ဒရယ်ယူနစ်အစိုးရ သုံးခု စတင်ဖွဲ့စည်းနိုင်ခြင်း ၊ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့များ၏ လွတ်မြောက်နယ်မြေ သိသိသာသာ ချဲ့ထွင်နိုင်ခြင်း၊ တောင်တန်းနှင့်ပြည်မ ပေါင်းစပ် နိုင်ငံရေးပလက်ဖောင်းများ ပုံဖော်နိုင်ခြင်း စသည်တို့ကို ထောက်ပြခဲ့သည်။ သို့သော် ရုရှားနှင့် အိမ်နီး ချင်းနိုင်ငံအချို့၏ စစ်ကောင်စီအား စစ်ရေးနှင့် နည်းပညာပံ့ပိုးမှုများကြောင့် ရရှိထားပြီးသော ပြည်သူ့ ထိန်းချုပ်နယ်မြေအချို့ ပြန်လည်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီ သေလုမျောပါးအခြေအနေမှ အသက်ရှူ ချောင်လည်လာနိုင်ခဲ့ကြောင်း ဝမ်းနည်းဖွယ် ရှိကြောင်းပြောဆိုသည်။ နိုင်ငံတကာအနေဖြင့် စစ်အာဏာ ရှင်စနစ်ကို ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်ပံ့ပိုးရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်ဝိုင်းဝန်း ကူညီပေးကြရန် ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းတွင် ထပ်မံ တိုက်တွန်းခဲ့သည်။