ဂန့်ဂေါခရိုင်တွင် ပျူစောထီးကျေးရွာ နှစ်ရွာ သိမ်းပိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၄၂ ဦး သေဆုံး

ဇန်န ၁၁
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် ပျူစောထီး ကျေးရွာ နှစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန် သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ခဲ့သော Yawland Operation စစ်ဆင်ရေးအတွင်း ဝင်ဝ ပျူစောထီးရွာ၊ ရွှေမြစ်သာရွာ အပါအဝင် ပျူစောထီးကျေးရွာများနှင့် စစ်စခန်းများကို တပြိုင်နက်ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စုစုပေါင်း ၄၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။ တိုက်ပွဲများအတွင်း G3 သေနတ် ၄ လက်၊ ကာဘိုင် ၂ လက်၊ ခါးချိုး ၂ လက်၊ Jumber ၁ လုံး အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ဝင်ဝရွာသိမ်းပွဲတွင် လက်နက် ၆ လက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် ရဲဘော် တစ်ဦးက ပြောဆိုသည်။ ဒေသခံပြည်သူများကို လုံခြုံရာသို့ ကြိုတင်ရွှေ့ပြောင်းထားပြီး ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံ တပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း(၅/၆)၊ ပကဖ အဖွဲ့များ၊ ယောတပ်တော် (YA)၊ YDF အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ Yawland Operation ကို ဆက်လက်တည်ရှိစေမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများဖြင့် စစ်ဆင်ရေးများ ဆက်လက်ဖော် ဆောင်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် ဂန့်ဂေါခရိုင်စစ်ဌာနက တိုက်တွန်းထားသည်။

မုန်းမြို့နယ်တွင် စစ်တပ်လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး

ဇန်န ၁၁
The Kaladan Post
မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ် ခြင်းများကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃ လုံး ပျက်စီးခဲ့ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ လေယာဉ်က လှေဒုံးကျေးရွာအတွင်းသို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ချပစ်ခဲ့ရာ အသက် ၇၆ နှစ်အရွယ် ဒေါ်တင်မြင့်၊ အသက် ၄၈ နှစ်အရွယ် ဒေါ်နန်းနွယ်၊ အသက် ၇၉ နှစ်အရွယ် ဒေါ်လှအေး တို့ သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မောင်သူရဟိန်း ဒဏ်ရာရရှိခဲ့သည်ဟု (KNU) ဗဟိုကဆိုသည်။ ထို့ပြင် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဝါတပ်ရင်း မှ စစ်တပ်က လက်နက်ကြီး ၄၀ လုံး ပစ်ခတ်ခဲ့ရာ ကြိမ်ခါးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပြီး အသက် ၃၆ နှစ်အရွယ် မညိုညိုဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင်လည်း ရွှေဝါ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာအတွင်း ကျရောက်ပေါက် ကွဲခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးကျော်မြိုင် သေဆုံးခဲ့ကြောင်း သိရသည်။ KNU ဗဟိုက စစ်ကောင်စီ သည် ထိန်းချုပ်ရာဒေသများတွင် အတုယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ငြိမ်းချမ်းနေသည့်ဟု ဟန်ဆောင်နေသော်လည်း KNU ထိန်းချုပ်ရာ ကော်သူးလေ နယ်မြေများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း ပြောဆိုထားသည်။

 


စစ်တပ်က အကြီးစား ရေအားလျှပ်စစ် စတင်ရန်ပြင်ဆင်နေသော မြစ်စုံကို ဒေသအမွေအနှစ်အဖြစ် NUG ကြေညာ

ဇန်န ၁၁
The Kaladan Post
ကချင်ပြည်နယ် မြစ်ဆုံဒေသ (မေခမြစ်နှင့် မလိခမြစ်ဆုံရာ) ကို သဘာဝနှင့် ယဉ်ကျေးမှု ပေါင်းစပ် အမွေအနှစ်အဖြစ် ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်သော ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က တရားဝင်သတ်မှတ်ကြေညာခဲ့သည်။ NUG ၏ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (Interim Board for Heritage Administration – IBHA) က မြစ်ဆုံဒေသကို ကမ္ဘာ့အမွေအနှစ်စံနှုန်း သဘာဝအမွေအနှစ် စံနှုန်း ၁ မှ ၇ နှင့် ယဉ်ကျေးမှုအမွေအနှစ် စံနှုန်း ၃ အရ အသိအမှတ်ပြုခဲ့ပြီး၊ ဧရာဝတီမြစ်၏ မူလအစဖြစ်သော ဤနေရာသည် ထူးခြားသော ပထဝီဝင်လက္ခဏာ၊ ဇီဝမျိုးကွဲကြွယ်ဝမှု၊ ရေတံခွန်များ၊ တောင်ကုန်းချိုင့်ဝှမ်းများ၊ ဆေးဖက်ဝင်အပင် များနှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ အသက်မွေးဝမ်းကျောင်းဘဝနှင့် နက်ရှိုင်းစွာ ချိတ်ဆက်နေသော Living Heritage Landscape ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် မြစ်ဆုံ အငူစွန်းမှ အချင်း ၂၀ ကီလိုမီတာ ပတ်လည်ဧရိယာအတွင်း အကြီးစားရေအားလျှပ်စစ်၊ အခြေခံ အဆောက်အအုံ၊ သယံဇာတထုတ်ယူရေး စီမံကိန်းများ၊ စစ်ရေးရည်ရွယ်ချက်ဖြင့် စခန်းတည်ဆောက် ခြင်း၊ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း နှင့် ဒေသ၏ မူလအနေအထားကို ပျက်စီးစေမည့် ပြုပြင်မွမ်းမံခြင်း၊ ပုံစံပြောင်းလဲခြင်းများ အပြင် သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ရင်းမြစ်များကို ခိုးယူရောင်းချ၊ တရားမဝင်ကုန်သွယ်ခြင်း များကိ အဓိက ပိတ်ပင်ထားပြီး ဖောက်ဖျက်ပါက ပြည်တွင်း ဥပဒေများအပြင် နိုင်ငံတကာ လူသားယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ရေး စည်းမျဉ်းများအရ တာဝန် ယူမှုရှိစေမည်ဟု NUG က သတိပေးထားသည်။ ဤကြေညာချက်သည် စစ်ကောင်စီနှင့် တရုတ်နိုင်ငံ ပူးပေါင်း၍ ပြန်လည်စတင်ရန် ကြိုးပမ်းနေသော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း (၅၆၀၀ မဂ္ဂါဝပ် CFRD တမံအမျိုးအစား) ကို တိုက်ရိုက်ဆန့်ကျင်သည့် အရေးပါသော လှုပ်ရှားမှုတစ်ရပ် ဖြစ် သည်။ ယခင်က ၂၀၁၁ ခုနှစ်တွင် ပြည်သူ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့သော စီမံကိန်းကို မင်းအောင်လှိုင်က ၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံသို့ တရားဝင်အကြောင်းကြားခဲ့ပြီး၊ ၂၀၂၅ ခုနှစ်အတွင်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း၊ SPIC Yunan ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ စီမံကိန်းကန့်ကွက်သူများကို အရေးယူမည်ဟုလည်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။

ကျွန်းစုမြို့နယ် တောင်သုံးလုံးရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်

ဇန်န ၁၁
The Kaladan Post
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မ တော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ဇန်နဝါရီ ၉ ရက် ည ၇ နာရီခန့်က ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း စခန်းအတွင်း တပ်စွဲနေသော ပျူစောထီးများက ဟန်ချက်ညီညီ တိုက်ခိုက်မှု ကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက စခန်းကို အပြည့်အဝ သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် G-3 သေနတ် ၁ လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း တာဝန်ရှိသူက ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း သိရပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများကို ဆက်လက် ကူညီပံ့ပိုးပေးကြရန် မေတ္တာရပ်ခံထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ကော့သောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦး ကို WY ဆေးပြား ၁၆,၄၀၀ ကျော်နှင့် အတး ဖမ်းဆီး

ဇန်န ၁၁
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသူများကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် ဒေသခံများ၏ သတင်းပေးချက်အရ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားခံ ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိချိန်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၄၀၀ ပြားခန့်၊ ICE (ရေခဲ) မူးယစ်ဆေး ၁ ဂရမ်ခန့်၊ ၃၈ ဗို့ ကျည်အတောင့် ၄၀ နှင့် မူးယစ်ရောင်းဝယ်မှုမှ ရရှိထားသော ထိုင်းဘတ်ငွေ ၈၇,၀၀၀ ကျပ်ခန့်ကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သိမ်းဆည်းရမိထားသော မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၉ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံရသူများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။ ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်အတွင်း မူးယစ်ဆေးဝါး အထူးသဖြင့် WY စိတ်ကြွဆေး ရောင်းဝယ်ဖြန့်ဖြူးမှုများ ပိုမိုများပြားလာနေသည့်အတွက် ရောင်းဝယ်သူ၊ သုံးစွဲသူ များကို တွေ့ရှိပါက သို့မဟုတ် တိုင်ကြားလာပါက ထိရောက်စွာ အရေးယူသွားမည်ဟု ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ မူးယစ်ဆေးဝါးများသည် မျိုးဆက်သစ်လူငယ်များကို ပျက်စီးစေသည့် အန္တရာယ်ရှိသောကြောင့် ဒေသခံပြည်သူများ ပူးပေါင်း ကူညီတိုင်ကြားပေးကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

 


စလင်းမြို့နယ်တွင် စစ်ရှောင်များကို စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ဒဏ်ရာရ

ဇန်န ၁၁
The Kaladan Post
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် စစ်တပ်က ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို အသေခံဒရုန်းများ၊ ဒရုန်းဖြင့် drop ဗုံးသီးများချသည့် တိုက်ခိုက် မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နှင့် စလင်း ချောင်း မြောက်ဘက်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာလယ်ခေါင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရွာခံပြည်သူ ၄ ဦး ဒဏ်ရာရရှိကာ နွားသုံးကောင် သေဆုံးခဲ့ကြောင်း ပြည်သူ့ ညီနောင် – စလင်းက ထုတ်ပြန်သည်။ ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင်လည်း နွယ်တမယ်ရွာမှ စစ်ရှောင်ပြည်သူ ၁၅၀ ခန့် နေထိုင်နေသော စစ်ရှောင်နေရာကို ဒရုန်း နှစ်စင်းဖြင့် drop ဗုံးသီး ၄ လုံးခန့် ချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ယင်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်း အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိကြောင်း ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။ထို့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့တွင် စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်တွင် စစ်တပ်များ အင်အားအများအပြား ဖြည့်တင်း ကာ မြို့နေရာအနှံ့ တပ်ဖြန့်ပြီး အထက ၁ နှင့် အထက ၂ ကျောင်းများတွင် အတုယောင်ရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် စစ်ရှောင်နိုင်ခြင်းမရှိသော ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်ကာ မဲထည့်ရန် ဖိအားပေးနေကြောင်း သိရသည်။ စစ်ရှောင်ရန် ထွက်လာသူများကို သေနတ်ဖြင့် ချိန်ကာ မဲပေးပြီးမှ သွားခွင့်ပြုမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း မြို့ခံတစ်ဦးက ပြောဆိုခဲ့သည်။ လက်ရှိ အချိန်ထိ စလင်းမြို့နယ်အတွင်း စစ်ရေးအရှိန်ပြင်းထန်နေပြီး စစ်ရှောင်ပြည်သူ ၇၀၀၀ နီးပါး ရှိနေကာ အပြစ်မဲ့ ဒေသခံများနှင့် စစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ လူသားဒိုင်းအဖြစ် အသုံးချ နေမှုများကို တွေ့ရှိနေရသည်ဟု ပြည်သူ့ညီနောင် – စလင်း က ဆိုသည်။


မြင်းခြံမြို့နယ် ကျောက်ကုန်းရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

ဇန်န ၁၁
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာတွင် အထိုင်ချထားသော ပျူစောထီးစခန်းကို ဇန်နဝါရီ ၁၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲသည် ၁ နာရီခွဲကျော်ကြာ ဖြစ်ပွားခဲ့ ပြီး မြင်းခြံခရိုင် OneMore စစ်ကြောင်း၊ မြင်းခြံခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂၊ ထနောင်းမြေစစ် ကြောင်း၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ္တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှင်းလင်းရေး ပြုလုပ်ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လယ်ဝေးမြို့နယ် ဆက်ကြေးဂိတ်ကို ဝရဇိန်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ဇန်န ၁၁
The Kaladan Post
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ နန်းချိုးချောင်း ရေကျော်တွင် အတင်းအဓမ္မ ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းကို ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်သည်။ ပြည်သူများဘက်မှ အကြိမ်ကြိမ် တောင်းဆိုမှုများအရ ဝရဇိန်တပ်ဖွဲ့က အလစ်အငိုက် ပြောက်ကျား နည်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁၀ မိနစ်ကျော်သာ ရှိကြောင်း၊ ဂိတ်သည် ကြီးမား သော စခန်းမဟုတ်ဘဲ ကုက္ကိုလ်ပင်အောက်တွင် ထိုင်ကာ ဆက်ကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ ပစ်ခတ်မှုအတွင်း စစ်တပ် ၁ ဦး သေဆုံးကာ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများကို နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ဂိတ်တွင် အင်အားအနည်းငယ်သာ အထိုင်ချထားခဲ့ပြီး တိုက်ခိုက်မှုအပြီး ထိုဂိတ်တွင် စစ်ကောင်စီတပ်များ ပြန်လည်အထိုင်ချတော့မည်မဟုတ်ကြောင်း ဆိုသည်။ ဝရဇိန်တပ်ဖွဲ့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း တောင်ငူခရိုင် ကေတုမတီ လေဆိပ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ (၂၈၃) တပ်သား လက်နက်ခဲယမ်းများနှင့်အတူ KNLA ထံ အလင်းဝင်

ဇန်န ၁၁
The Kaladan Post
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) ခြေလျင် တပ်ရင်းမှ တပ်သား အောင်ကိုကိုသည် ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် လက်နက်ခဲယမ်းအပြည့်အစုံ နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း Phoenix Special Warfare Force က သတင်းထုတ်ပြန် သည်။ စစ်အာဏာရှင်လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ဘဲ စစ်တပ်၏ ဖိနှိပ်ညှဉ်းပန်းမှုများကို မကြိုက်ဖြစ်သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆)၊ တပ်ရင်း (၁၇)၊ တပ်ခွဲ (၂) ထံ ဆက်သွယ်ခိုလှုံလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အလင်းဝင်ရောက်လာစဉ် အောင်ကိုကိုသည် MA-3 သေနတ် ၁ လက်၊ ကျည်ဆန် ၁၂၀ တောင့်နှင့် ကျည်ဘောက်စ် ၅ ဘောက်ကို တစ်ပါတည်း ယူဆောင်လာခဲ့သည်။ လက်ရှိတွင် လုံခြုံစွာ ထိန်းသိမ်းထားပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း သူကိုယ်တိုင် ပြောဆိုထား ကြောင်း သိရသည်။ အဆိုပါ အလင်းဝင်ရောက်မှုကြောင့် ဗိုလ်ကြီး စောအေးစိုးက ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Phoenix Special Warfare Force တပ်မှူး ထိန်းလင်းက ဆက်လက်၍ “နောက်လာမယ့် အလင်းဝင်လိုသူတွေကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ စစ်ကောင်စီကို ဘက်ပြောင်း တော်လှန်ချင်တဲ့သူတွေကိုလည်း အချိန်မရွေး ကြိုဆိုပါတယ် ဟု အသိပေး ထုတ်ပြန်ထားသည်။