မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦး ရေးပြောက်ကျားတပ် (YGF) ထံ အလင်းဝင်

ဇန်န ၁၄
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းမှ တပ်သားတစ်ဦး စုစုပေါင်း သုံးဦး အမှတ်(၈၀၀၁) တပ်ရင်းထံ အလင်းဝင် ရောက် ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ တပ်သား ကျော်ဇင်ကို၊ တပ်သား ဝင်းမိုးကျော်နှင့် တပ်သား သန့်ထွေးအောင် တို့ ဖြစ်ပြီး သူတို့သည် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများ ဖြစ်ကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ်(၁၆) မှ ဆင်းသက်သူများ ဖြစ်ကြောင်းသိရသည်။ ခလရ ၂၉၉ မှ တပ်သားနှစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း၊ စကခ(၁၉) မှ တပ်သားတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင်လည်းကောင်း အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ တပ်သားများသည် လွန်ခဲ့သည့် ၆ လခန့်က ဖမ်းဆီးခံခဲ့ရပြီး မွန်ပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းမှ တစ်ဦး ပါဝင်ကြောင်း သိရသည်။ အလင်းဝင်လာသူများသည် နည်းဗျူဟာ ၃၃ မှ တစ်ဆင့် YGF အမှတ်(၈၀၀၁) တပ်ရင်းသို့ ချိတ်ဆက်ပြီး ဝင်ရောက်ခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောဆိုသည်။ အလင်းဝင်ရောက်လာသူများအား ရေးပြောက်ကျားတပ် (YGF) က နွေးထွေးစွာကြိုဆိုပြီး အလင်းဝင်လိုသူများအနေဖြင့် အမြန်ဆုံး ပြည်သူ့ဘက်သို့ ပူးပေါင်းကာ တော်လှန်ရေးကို အရှိန်မြှင့် ဆက်လက် တွန်းအားပေးကြရန်လည်း တိုက်တွန်းထားသည်။

ရေဦးမြို့တွင် စစ်တပ်ရွေးကောက်ပွဲကျင်းပစဉ် တိုက်ခိုက်ခံရပြီး စစ်သား ၁၃ ဦး သေဆုံး

ဇန်န ၁၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိစဉ် ကြာဖူးအဝိုင်းပတ်လည်တွင် နေရာယူထားသော စစ်သားများနှင့် လက်နက်ကြီး အထိုင်ချရာနေရာများ ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဗျူဟာမှူး အဆင့်ရှိ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Farmer Heros တပ်ဖွဲ့က ထုတ်ပြန် သည်။ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သော ဤတိုက်ခိုက်မှုအတွင်း စစ်သားများ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုကို ပစ်ခတ်နေသော ၈၁ မမ လက်နက်ကြီး ၁ လက်နှင့် Jammer အထိုင်စက် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (Farmer Heros Khin U)၊ ရွှေဘိုခရိုင် ပကဖ ဒရုန်းအဖွဲ့နှင့် ရွှေဘိုခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် စစ်တပ်က ဖမ်းဆီး

ဇန်န ၁၄
The Kaladan Post
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီ ၁၃၊ ၂၀၂၆) ညပိုင်းတွင် ရန်ကုန်မြို့ နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း ပါတီဗဟိုကော်မတီဝင် တစ်ဦးက ထုတ်ဖော်ပြောဆိုသည်။ ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ စစ်ကောင်စီ ကျင်းပရန် ပြင်ဆင် နေသော ရွေးကောက်ပွဲတွင် တန်းတူညီမျှမှု (Level Playing Field) မရှိကြောင်း ဝေဖန်ပြောဆိုခဲ့မှု ကြောင့်ဖြစ်နိုင်တယ်ဟု သိရှိရသည်။ ဒေါ်သက်သက်ခိုင်သည် ယခင်က ဒီဇင်ဘာလအတွင်း ပြည်တွင်း မီဒီယာတစ်ခုသို့ ပေးခဲ့သော အင်တာဗျူးတွင် စစ်တပ်က ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်နေရာ စစ်ဗိုလ် ချုပ်များကိုယ်တိုင် ကြံ့ခိုင်ရေးပါတီ သို့မဟုတ် အခြားပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်လာခြင်းကြောင့် တန်းတူညီမျှမှု မရှိတော့ကြောင်း ထုတ်ဖော်ဝေဖန်ခဲ့သည်။ လက်ရှိအချိန်အထိ ဒေါ်သက်သက်ခိုင်ကို ပြန်မလွှတ်သေးဘဲ ဖမ်းဆီးထားဆဲ ဖြစ်ပြီး စစ်တပ်ဘက်က ခေါ်ယူမေးမြန်းတာဟု ဆိုသော်လည်း လွတ်မြောက်မလာသေးကြောင်း ပါတီအသိုင်းအဝိုင်းမှ သိရှိရသည်။ ရွေးကောက်ပွဲ နှောင့်ယှက်မှု သို့မဟုတ် အခြားစွဲချက်များဖြင့် တရားစွဲဆိုနိုင်ခြေ ရှိနေသည်ဟုလည်း သုံးသပ်သူများရှိနေသည်။ ဒေါ်သက်သက်ခိုင်သည် ယခင်က စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဘဏ်အကြွေး ကျပ်ဘီလီယံ ၁၀၀ ကျော် ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ခံခဲ့ရပြီး အယူခံ တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မရောက်ဟု မင်းအောင်လှိုင် ပြောဆို

ဇန်န ၁၄
The Kaladan Post
နေပြည်တော်တွင် ဇန်နဝါရီ ၁၃ ရက် က ကျင်းပခဲ့သော “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်း အနားတွင် မင်းအောင်လှိုင်က လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့မတိုးနိုင်ဘဲ အတားအဆီးများနှင့်သာ ရင်ဆိုင်နေ ရကြောင်း ပြောဆိုသည်။ လက်နက်ကိုင်လမ်းစဉ်များကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များဟာ ထိခိုက်ပျက်စီးခဲ့ရပြီး လူ့စွမ်းအားအရင်းအမြစ်များနှင့် အခြေခံ အဆောက်အအုံများ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် စစ်တပ် က တာဝန်ယူခဲ့ရခြင်း ဖြစ်ပြီး NUG၊ CRPH တို့က လူငယ်များကို လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့ ကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများမှ ရလဒ်မထွက်ခဲ့ သည်ကို သင်ခန်းစာ ယူရန်လိုအပ်ပြီး ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တူပါက PDF အပါ အဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် မင်းအောင်လှိုင်က ဖိတ်ခေါ်ထားသော်လည်း တော်လှန်ရေးလက်နက်ကိုင်အားလုံးက မည်သောအခါမှ စစ်တပ်နှင့် ဆွေးနွေးမှာဟုတ်ဘဲ မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်‌ထောင်စုတည်ဆောက်နိုင်သည် အထိ အာဏာရှင်ကို တိုက်ထုတ်သွားမည် ဖြစ်ကြောင်း အကြိမ်ကြိမ် ကြေညာထားကြသည်။

မြောင်မြို့နယ် ကျောက်ရစ်စခန်းသို့ အင်အားဖြည့်စစ်ကြောင်း ကြားဖြတ်ခံရပြီး စစ်သား ၁၀ ဦး သေဆုံး

ဇန်န ၁၄
The Kaladan Post
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို အင်အားဖြည့်တင်းရန် ရေစကြိုမြို့မှ ထွက်လာ သော စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီ ၅ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း Yae Nagar ထုတ်ပြန်ထားသည်။ တိုက်ပွဲသည် သနပ်ကုန်းကျေးရွာနှင့် ဇီးကျွန်းကျေးရွာကြားတွင် ပထမအကြိမ် စတင်ခဲ့ပြီး စစ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထို့နောက် ကျောက်ရစ်ကျေးရွာ အနောက်ဘက်တွင် တပ်ချထားစဉ် နနွင်းကိုင်းကျေးရွာ ဘက်သို့ ဦးတည်လာချိန်တွင် ဒုတိယအကြိမ် စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးမှာ ရေစကြိုဆေးရုံကြီးတွင် ကုသရာတွင် နောက်ထပ် သေဆုံးခဲ့သည်ဟု Yae Nagar က ပြေဆိုသည်။ စစ်ကောင်စီ စစ်ကြောင်းသည် ထိန်းချုပ်မှု ဆုံးရှုံးချိန်တွင် ရေစကြိုဘက်မှ ၁၂၀ မမ လက်နက်ကြီး ပစ်ကူနှင့် စက်လှေများဖြင့် အင်အားထပ်ဖြည့်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသည်။ ဤတိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး ရေနဂါးစစ်ကြောင်းအပါအဝင် မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တအောင်း တော်လှန်ရေးနေ့ ၆၃ နှစ်မြောက် မန်တုံတွင် ကျင်းပခဲ့ပြီး TNLA စစ်သည်အင်အားများ စွာဖြင့် စစ်ရေးပြ ချီတက်

ဇန်န ၁၄
The Kaladan Post
ရှမ်းပြည်နယ် မန်တုံမြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ တွင် ကျရောက်သော (၆၃) နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က စည်ကားခမ်းနားစွာ ကျင်းပခဲ့ ကြောင်း တအောင်းတပ်မတော် သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အခမ်းအနား တွင် TNLA စစ်သည်အင်အား ၁,၅၀၀ ကျော်ပါဝင်ကာ စစ်ကြောင်း ၁၅ ကြောင်း ခွဲ၍ စစ်ရေးပြချီတက် ပြသခဲ့ပြီး လက်နက်အပြည့်အစုံ၊ သံချပ်ကာယာဉ်များ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ လေယာဉ်ပစ် လက်နက်ကြီးများနှင့် ဆင်များပါဝင်ကာ စွမ်းရည်ပြသခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ TNLA ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ထို့အပြင် PSLF/TNLA က ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီ တပ်သား ၁၀၀ ကျော်ကို လွတ်မြောက်ချမ်းသာခွင့် ပေးအပ်ခဲ့ကြောင်း PSLF/TNLA က ပြောဆိုသည်။ ဤနေ့အခမ်းအနားတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ အောက်တိုဘာ ၂၈ ရက်က စစ်ကောင်စီနှင့် အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့မှုကြောင့် တအောင်း ဒေသအသီးသီးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ခဲ့ပြီး ပြည်သူများ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခံရမှု သက်သာခွင့် ရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ TNLA အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်တွင် တိုင်းရင်းသားများ၏ တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်မရောက်မချင်း ဘဝတူ မဟာမိတ်အဖွဲ့များနှင့်အတူ ခုခံတော်လှန်သွားမည်ဟု အလေးပေး ပြောကြားခဲ့သည်။

ကေအဲန်ယူ ဖားအံခရိုင် တပ်မဟာ(၇)ထံ စစ်ကောင်စီ စစ်သား ၂ ဦး လက်နက်ချ အလင်းဝင်

ဇန်န ၁၄
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇) ထံသို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီ ခမရ-၅၄၈ တပ်ရင်းမှ စစ်သား ၂ ဦး လက်နက်များယူဆောင်လာကာ လက်နက်ချ အလင်းဝင် ပူးပေါင်းလာခဲ့ကြောင်း ကေအဲန်ယူ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အလင်းဝင်လာသော စစ်သားများမှာ စည်သူဟိန်း (၂၅ နှစ်) နှင့် မောင်မောင်စိုး (၂၄ နှစ်) တို့ ဖြစ်ပြီး အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရ သူများဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံနေရသော စစ်ကောင်စီ တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန် ကေအဲန်ယူ ဘက်က ထပ်မံ တိုက်တွန်း အသိပေးထားသည်။

ရေဦးမြို့ပေါ် စစ်တပ်အထိုင်စခန်းများကို ဒရုန်းဗုံးဖြင့် တိုက်ခိုက်ရပြီး စစ်တပ်ဘက် ဒရုန်းဂျမ်ဘာ ဖျက်ဆီး

ဇန်န ၁၄
The Kaladan Post
စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်ဖြန့်ထားသည့် ကြာဖူး အဝိုင်းပတ်ဝန်း ကျင်နှင့် ၈၁ မမ လက်နက်ကြီး အထိုင်ချထားသော နေရာများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မနက် ၁၁:၁၀ နာရီနှင့် ညနေ ၆:၅၅ နာရီအချိန်များတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးသီးများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ၈၁ မမ လက်နက်ကြီး ၁ လက်နှင့် ဒရုန်းဂျမ်ဘာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း YE-U Freedom Comrates က ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်ကောင်စီ အရာရှိ ၁ ဦး အပါအဝင် စစ်သားအရေအတွက် သေဆုံးမှု အများအပြားပြီး သေဆုံးသူ အရည်အတွက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF)၊ Farmers Heroes (ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)၊ ရွေဘိုခရိုင် ပကဖ ဒရုန်းအဖွဲ့နှင့် ရွေဘိုခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။