စစ်ကိုင်းမြို့နယ် ပေါက်တောရွာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ခံရပြီး စစ်သား ၁၃ ဦးသေဆုံး

ဇန်န ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) – Acid စစ်ကြောင်းက ထုတ်ပြန်သည်။ တိုက်ပွဲ အတွင်း ဒဏ်ရာရစစ်သားများကို တင်ဆောင်လာသော Lefan ယာဉ်တစ်စီးသည် ကြက်ထောင့်တောင် ကေးရွာအနီး လမ်းကြိတ်စက်နှင့် ဝင်တိုက်မိခဲ့ရာ စစ်သား ၃ ဦး ထပ်မံသေဆုံးကာ စုစုပေါင်း စစ်တပ် ဘက်မှ သေဆုံးသူ ၁၃ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက ဂိတ်စခန်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့သော်လည်း စစ်ကိုင်းမြို့ဘက်မှ အိမ်စီးကား ၄ စီး၊ ၄ ဘီးကား ၂ စီး၊ Faw ကား ၁ စီးဖြင့် စစ်ကူရောက်ရှိလာခြင်းကြောင့် အိမ်စီးကား ၂ စီးကို ဖြတ်တောက်နိုင်ခဲ့သည့်အပြင် လက်နက် အင်အားနှင့် ကျည်အင်အား သာလွန်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ဤတိုက်ပွဲတွင် တော်လှန် ရေးဘက်မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဌာနကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) – Acid စစ်ကြောင်း၊ ပြည်သူ့စစ်သည်တော် အထူးပြောက်ကျားတပ်ဖွဲ့၊ မင်းကွန်းတိုက်နယ် ပလဖ၊ GUN STAR ပြောက်ကျားတပ်ဖွဲ့နှင့် နယ်မြေခံ ပကဖ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တောင်သာမြို့နယ် တမိုက်သာ စစ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံး

ဇန်န ၁၉
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေး တမိုက်သာကျေးရွာရှိ စစ်တပ် စခန်းကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း ဘန်ကာအထိ ရောက်ရှိနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်သည်။ စစ်ကောင်စီ တပ်သားများနှင့် သီတာယုမွန် လက်အောက်ခံ ပျူစောထီးများသည် ရွာမြောက်ဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြ ကြောင်းသိရသည်။ ထို့နောက် မြင်းခြံမြို့ဘက်မှ စစ်ကူ ကား ၃ စီး ရောက်ရှိလာရာ ယင်းထဲမှ ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ အရာရှိ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ထိခိုက်အထိနာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကန်တော်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ဆိုသည်။ ဤတိုက်ခိုက်မှုသည် မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း စစ်ကောင်စီ တပ်စခန်းများအပေါ် တော်လှန်ရေး အင်အားစုများ၏ ဆက်တိုက် ထိုးစစ်များထဲတွင် ပါဝင်ပြီး ဒေသခံ ပြည်သူများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေကြောင်း မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးထားသည်။

နွားထိုးကြီးမြို့နယ် ကနားရဲစခန်းမှ ဒုတပ်ကြပ် မျိုးမင်းအောင်ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ

ဇန်န ၁၉
The Kaladan Post
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းမှ ဒုတပ်ကြပ် မျိုးမင်းအောင်ကို တော်လှန်ရေးတပ်ဖွဲ့ များက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းအရ စောင့်ကြိုဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင်မြို့နယ် (PDF-စဉ့်ကိုင်) မှ ထုတ်ပြန်ပြောဆိုသည်။ ဖမ်းဆီးရမိချိန်တွင် ဒုတပ်ကြပ် မျိုးမင်းအောင်ထံမှ ကျည်ဘောက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရမိခဲ့ပြီး သူတစ်ဦးတည်း ကိုသာ ဖမ်းဆီးနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက အတည်ပြုသည်။ ထိုရဲတပ်ဖွဲ့ဝင်သည် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မိုးမခလမ်းတွင် နေထိုင်သူဖြစ်ပြီး အသက် ၃၅ နှစ်၊ မှတ်ပုံတင်အမှတ် ၉/ကပတ (နိုင်)၂၂၅၅၄၃ ရှိကာ ကနားရဲစခန်းတွင် ၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင်က ပုပ္ပါး ရဲစခန်း၊ မြစ်ကြီးနားတပ်ရင်း ၃၀၊ အမရပူရ မြို့နယ်ရဲစခန်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ကျေးရွာ ၅ ရွာကို တတိယ်အကြိမ်အဖြစ် မီးရှို့က ပြည်သူများကိုပါ ဖမ်းဆီး

ဇန်န ၁၉
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁၈ ရက်နေ့တွင် စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ပန်းတိမ်ကုန်းကျေးရွာသို့ ဝင်ရောက်စီးနင်း၍ ပြည်သူ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျန်ရှိနေသော နေအိမ်များကို တတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ပြည်သူ့ ညီနောင်-စလင်း အသိပေးထားပါသည်။ ထိုစစ်ကြောင်းသည် ဆက်လက်၍ ကညှပ်ကျေးရွာ၊ နောင်တော်လေး၊ နောင်တော်ကြီး နှင့် ဥယျာဉ်စု ကျေးရွာများသို့ ဝင်ရောက်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူပိုင် နေအိမ်များနှင့် ဘုန်းကြီးကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း တပ်ဖွဲ့က ဆိုသည်။ ဖမ်းဆီးခံရသူ ၉ ဦးအနက် အမျိုးသား ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂ ဦး ဆက်လက်ဖမ်းဆီးခံနေရကြောင်း၊ စစ်ကြောင်းက ဘယ်သို့ ဆုတ်ခွာသွားသည်ကို မသိရသေးဘဲ ရွာခံများ ရွာထဲ ပြန်ဝင်ရန် မရဲကြသေးကြောင်း ကိုပြည်သူက ဆိုသည်။ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ပန်းတိမ်ကုန်းကျေးရွာတွင် နေအိမ် ၁၅ လုံး မီးရှို့ခံခဲ့ရသည်။ လက်ရှိတွင် စစ်ကြောင်း ကြောင့် ရွာ ၁၂ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရကာ စစ်ကောင်စီ၏ ရွာများကို မီးရှို့ဖျက်ဆီးမှုနှင့် လူသားဒိုင်း အသုံးပြုမှုများသည် ဒေသတွင်း လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားစေကြောင်း သိရသည်။

မင်းအောင်လှိုင် ကျိုင်းတုံမြို့ ဝစီပိတ်ဘုန်းကြီး ကောဝိဒထံ ရုတ်တရက် သွားရောက်တွေ့ဆုံ

ဇန်န ၁၉
The Kaladan Post
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ကြိုတင်စီစဉ်မှု မရှိဘဲ ရုတ်တရက် သွားရောက်ခဲ့ပြီး မိသားစုအတွက် အဓိက ဗေဒင်ယတြာ အစီအရင်များ ပြုလုပ်ပေးလေ့ရှိသော ဝစီပိတ်ဘုန်းကြီး ဘဒ္ဒန္တကောဝိဒ (သီလဓမ္မကုန်းသာ တောရပဓာနနာယက) ထံ ဆိုက်ဆိုက်မြိုက်မြိုက် သွားရောက်ခဲ့ကြောင်း စစ်တပ်‌ ထောက်ခံ သတင်းများက ‌ဖော်ပြကြသည်။ ၎င်းခရီးစဥ်တွင် ဝစီပိတ်ဘုန်းကြီး ဘဒ္ဒန္တကောဝိဒ (သီလဓမ္မကုန်းသာ တောရပဓာနနာယက) နှင့် နှစ်ဦးတည်း သီးသန့် နှစ်နာရီခန့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည် နယ်တွင် AA က တူးဖော်တွေ့ရှိခဲ့သော သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း ကိစ္စနှင့် လာမည့် မတ်လ-ဧပြီလ အစိုးရနှင့် တပ်ဖွဲ့ အပြောင်းအလဲ ဆိုင်ရာ ဗေဒင်ယတြာ များပါဝင်နိုင်ကြောင်း နေပြည် တော်စစ်ဘက် သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။ မင်းအောင်လှိုင်မိသားစု အမြဲ ယုံကြည် အားကိုးရသော ဤဘုန်းကြီးထံ သွားရောက်မှုသည် လက်ရှိ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများ ကြားတွင် ယတြာနှင့် ဗေဒင်ကို အခြေခံ၍ အချိန်အခါ တွက်ချက်နေမှု၏ အရိပ်အယောင်တစ်ရပ်အဖြစ် စစ်ဘက်အသိုင်းအဝိုင်းတွင် သုံးသပ်မှုများ ရှိနေသည်။

ကျောက်တံခါး-ဖြူးမြို့နယ်တွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်

ဇန်န ၁၉
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်အစပ်ရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ထောင်စု ၈၀၁ စု၊ လူဦးရေ ၂,၀၀၀ ကျော်သည် ဇန်နဝါရီ ၁၀ ရက်မှစ၍ စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ် အထည်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ စစ်ဘေးရှောင်များတွင် အမျိုးသမီး ၁,၃၂၀ ဦး၊ အမျိုးသား ၁,၁၇၉ ဦး ပါဝင်ပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများတွင် အဖျားရ၊ ချောင်းဆိုး၊ နှာစေးဝင်ခြင်းများ ဖြစ်ပွားနေကာ ဆေးဝါးများကို ရှိသူနှင့် မရှိသူ မျှဝေသုံးစွဲနေရကြောင်း၊ စားနပ် ရိက္ခာအတွက် ဆန်ရှိသူနှင့် မရှိသူ မျှဝေစားသုံးကာ တောထဲမှ ဟင်းသီးဟင်းရွက်ရှာစားနေရကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းရုံး တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ပဲခူးတိုင်း PDF က ဇန်နဝါရီ ၁၇ ရက်တွင် အိမ်ထောင်စု ၃၀၀ ကျော်အတွက် ကျပ်သိန်း ၆၀ ငွေကြေးကို ဖြူးမြို့နယ် လူသားချင်းစာနာထောက်ထားရေး အဖွဲ့မှတစ်ဆင့် ထောက်ပံ့ပေးခဲ့သော်လည်း နောက်ထပ် ထောက်ပံ့ မှုများ မရှိသေးကြောင်း သိရသည်။ ဤစစ်ဘေးရှောင်မှုသည် ဇန်နဝါရီ ၉ ရက်က ကျောက်တံခါး၊ ဖြူးနှင့် အုတ်တွင်းမြို့နယ်များရှိ စစ်ကောင်စီ စခန်း ၁၄ ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့မှု (အောင်မြင်စစ်ဆင်ရေး) နှင့် ဇန်နဝါရီ ၁၂ ရက်က ပဲနွယ်ကုန်း ကြိမ်ခါးကုန်းအနီး စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှု (စစ်ကောင်စီ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ ဦး သေဆုံး၊ သေနတ် ၁၀ လက်ကျော် သိမ်းဆည်း) တို့နှင့် ဆက်စပ်နိုင်ကြောင်း သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့တွင် စစ်ကောင်စီ ဂျက်ဖိုက်တာ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ၁ ဦး ပွဲချင်းသေဆုံး

ဇန်န ၁၉
The Kaladan Post
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁၁:၄၅ မိနစ်ခန့်က ပဲခူးတိုင်း၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့သို့ စစ်ကောင်စီ တံတားဦးတက်ဂျက်ဖိုက်တာ လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်‌အဖွဲ့က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကာ ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ၍ လက်ရှိ အရေးပေါ်အခြေအနေတွင် ရောက်ရှိနေကြောင်း သိရသည်။ ထို့အပြင် ပြည်သူပိုင် အဆောက် အအုံ အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ဒီပဲယင်းမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်များကို အမြဲထားရှိရန်နှင့် လေယာဉ် ပျံသန်းသံ၊ လေကြောင်းသတင်း ကြားရသည့်အခါ ချက်ချင်း ဘေးလွတ်ရာ နေရာများသို့ အထူးဂရုစိုက် ရွှေ့ပြောင်းနေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်‌အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ရခိုင်နှင့် ဧရာဝတီအစပ်တိုက်ပွဲများတွင် စစ်ကောင်စီ အင်အားပြုန်းတီးမှု ဆိုးရွားနေ

ဇန်န ၁၉
The Kaladan Post
အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်နေသော ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်ဒေသများတွင် စစ် တပ်များ အင်အားထောင်ချီ အသုံးပြုထားရသော်လည်း စစ်ကူ၊ ရိက္ခာ အဆက်မပြတ် ပို့ဆောင်နေရသည့်အပြင် အင်အားပြုန်းတီးမှု အလွန်ဆိုးရွားနေကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်သည် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကိုသာ အဓိက စစ်မြေပြင်ပို့ ဆောင်နေရသဖြင့် အင်အားပြုန်းတီးနေခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ဖော်ပြသည်။ ထို့အပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်း၏ ပဇီကျေးရွာ လမ်း ဟောင်းရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်း အချိန်တွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်းရင်း မြစ်များက ဖော်ပြကြသည်။နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း၏ လမ်းသစ်နှင့် လမ်းဟောင်း တို့တွင် ‎ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် KIA ရှေ့တန်းကာကင်းစခန်းနှင့် ဂိတ်တစ်ခု လက်လွှတ်ခဲ့ရ

ဇန်န ၁၉
The Kaladan Post
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရှေ့တန်းကာကင်းစခန်းတစ်ခုနှင့် ဝေလောဂိတ်စခန်းကို စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လက်လွှတ်ခဲ့ရကြောင်း ဒေသ တင်းရင်းမြစ်က ထုတ်ပြန်သည်။ ဤနေရာသည် KIA တပ်မဟာ (၂) တပ်ရင်း (၁၄) တည်ရှိရာ ပယင်းမှော်ရွှေမှော်ဒေသဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတပ်များက အလောင်း၊ လက်နက်ခဲ ယမ်းအချို့ ရရှိခဲ့ကြောင်း ဝါရာဇွပ်ပြည်သူ့စစ်က ထုတ်ပြန်သည်။ လက်ရှိအချိန်တွင် တိုက်ပွဲကြီးများ မဖြစ်ပွားသေးသော်လည်း စစ်ကောင်စီဘက်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် မှုများ ရှိနေပြီး KIA ဘက်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် တုံ့ပြန်နေကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံတပ်များသည် ဒေသတွင်း စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေပြီး စစ်ကြောင်းများ ပြန်ဆုတ်သွားခြင်း မရှိသေးကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ဒေသတွင်း ပြည်သူလူထု သွားလာရေး အဟန့်အတားများ ရှိနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်သည့် အလားအလာ မြင့်မားနေကြောင်း KIA တာဝန်ရှိသူက သတိပေး ထုတ်ပြန်ထားသည်။