ရခိုင်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံး
ဇန်န ၂၂
The Kaladan Post
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာ အနောက်ဘက်တွင် အာရက္ခတပ်တော် (AA) ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများနှင့် မိသားစုဝင်များ ရှိရာ စခန်းကို ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခွဲခန့်က စစ်ကောင်စီ လေတပ်က ပေါင် ၃၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ လူ ၂၁ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်သတင်းရင်းမြစ်များ ထုတ်ပြန်သည်။ ဗုံးများမှာ ဆေးခန်း၊ ဆေးခန်းပတ်ဝန်းကျင်၊ အမျိုးသမီးနှင့် ကလေးငယ်များ ရှိရာ အဆောင်နှင့် အမျိုးသားစစ်သုံ့ပန်း အဆောင်တို့သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ဒဏ်ရာရရှိသူ ၃၀ ဦးအနက် အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာ ရရှိထားသူ ၅ ဦး အပါအဝင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ထိုစစ်သုံ့ပန်းများနှင့် မိသားစုဝင်များမှာ မကြာမီ ပြန်လွှတ်ပေးရန် စီစဉ်ထားသူများ ဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ရခြင်း ဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီက စစ်သုံ့ပန်းထားရှိရာ နေရာများကို အကြိမ်ရေ မနည်း လေကြောင်းဖြင့် တိုက်ခိုက်လေ့ ရှိပြီး ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင်များ ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ရေးမြို့နယ်တွင် ခမရ(၅၈၈) တပ်ရင်းမှ တပ်သားသုံးဦး ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်
ဇန်န ၂၂
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ် စကခ(၁၉) လက်အောက်ခံ မော့ကနင်ကျေးရွာအနီးရှိ ခမရ(၅၈၈) တပ်ရင်းမှ တပ်သားသုံးဦးသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ်(၈၀၀၁) တပ်ရင်းထံ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ ကိုယ်ပိုင်အမှတ် ပစ-၁၇၆၀၉၆ တပ်သားကျော်ဝင်းထွဋ်၊ ပစ-၁၇၆၂၅၀ တပ်သားရဲကိုလတ်၊ ပစ-၁၇၆၂၄၇ တပ်သားမင်းအာကာ တို့ ဖြစ်ကြပြီး ကျည်ဘောက် ၂ ဘောက်နှင့် ကျည် ၁၀၀ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။ သူတို့သည် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်း ခံခဲ့ရသူများဖြစ်ကာ သံဖြူဇရပ်မြို့နယ် ဝဲကလိ သင်တန်းကျောင်း အပတ်စဉ်(၁၆) မှ သင်တန်းဆင်းများ ဖြစ်ကြောင်း အလင်းဝင်လာသူများက ပြောဆိုကြသည်။ နှစ်သစ်အစောပိုင်းတွင် အလင်းဝင်ရောက်လာ သူများကို နွေးထွေးစွာ ကြိုဆိုဝမ်းသာပါကြောင်း၊ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံထားရသည့် ပစစတပ်သားများအနေဖြင့် ပြည်သူများနှင့်အတူ အမြန်ဆုံး ပူးပေါင်းပေးကြရန် ရေးပြောက်ကျား တပ်ဖွဲ့မှ တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်က တိုက်တွန်းသည်။ ထို့ပြင် တော်လှန်ရေး အမြန်ဆုံး ပြီးဆုံးရေးအတွက် ကျရာနေရာမှ ဝိုင်းဝန်း တွန်းလှန်ကြရန်နှင့် ပြည်သူ့ရင်ခွင်သို့ နီးစပ်ရာ တော်လှန်ရေး အဖွဲ့များနှင့် ချိတ်ဆက်ကာ အမြန်ဆုံး ခိုလှုံ အလင်းဝင်ကြရန် ရေးပြောက်ကျား တပ်ဖွဲ့က တိုက်တွန်းသည်။

စလင်းမြို့နယ်တွင် စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ၁ ဦး သေဆုံး
ဇန်န ၂၂
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် စစ်ဘေး ရှောင်ပြည်သူများ ထိခိုက်ခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဇန်နဝါရီ ၁၈ ရက်နေ့က စလင်းမြို့နယ်၊ မကျီးဖျားကျေးရွာအုပ်စု၊ ကျောက်ခဲကုန်းရွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ဘုရားဝင်း (ဘုရားတန်ဆောင်း) ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး ဗုံးထိမှန် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ကလေးငယ်သည် စစ်ဘေး ရှောင်နေရာတွင်ပင် မွေးဖွားခဲ့ပြီး စစ်ရှောင်ဘဝအတွင်း ထိုသို့ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကြိမ်မြောင်းကျေးရွာ အနီး အထိုင်ချထားသော စစ်ကောင်စီတပ်က ရှားတေား၊ ကျောက်ရဲတုန်း၊ အောက်လှိုင်းကျေးရွာများကို တိုက်ပွဲမရှိဘဲ ဒရုန်း ၃ စီးဖြင့် ဗုံးကျဲခဲ့ရာ ပြည်သူထိခိုက်မှု လက်ရှိတွင် မရှိသေးသော်လည်း ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံက ဆိုသည်။ စလင်းမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု၍ ဖမ်းဆီးမှုများ၊ ကျေးရွာများကို ဆက်တိုက်မီးရှို့မှုများ ပြုလုပ်နေသဖြင့် ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားသစ် လက်နက်နှင့်အတူ အလင်းဝင်ရောက်
ဇန်န ၂၂
The Kaladan Post
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ခမရ ၃၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား သစ်တစ်ဦး သေနတ်တစ်လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Yaw Revolution Army (YRA) က ထုတ်ပြန်သည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ခမရ ၃၁၅ တပ်ရင်းမှ တပ်သားသစ် အောင်ကျော်မင်း (ကိုယ်ပိုင်အမှတ် – ပစ ၁၅၈၄၀၈) သည် MA-3 သေနတ်တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင် တပ်ရင်း (၁၅/၁၆/၁၇) – YRA ထီးလင်းအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့ကြောင်း Yaw Revolution Army ထံ အလင်းဝင် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အလင်းဝင်ရောက်လာသူကို တပ်ဖွဲ့ဘက်မှ ကောင်းမွန်စွာ ကြိုဆိုစောင့်ရှောက်ထားပြီး ဆုကြေးငွေ ချီးမြှင့်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ အောင်ကျော်မင်းသည် ဇန်နဝါရီ ၁၃ ရက်နေ့က တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၅ တပ်ရင်းသို့ Mi-17 လေယာဉ်ဖြင့် ထီးလင်းမြို့သို့ ပို့ဆောင်ခံရပြီး နောက်ပိုင်း အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

စစ်တပ်နှင့် KNA ပြန်လည်သင့်မြတ် ရွှေကုက္ကိုလ်တွင် နှစ်ဖက်တပ်များ ချစ်ကြည်ရေး ထမင်းစားပွဲ ကျင်းပ
ဇန်န ၂၂
The Kaladan Post
ကရင်ပြည်နယ်အတွင်း ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော ကရင်အမျိုးသားတပ်မတော် (KNA) နှင့် စစ်တပ်အကြား တင်းမာမှုများ လျော့ကျသွားပြီး ဆက်ဆံရေး ပြန်လည်သင့်မြတ်လာကြောင်း ကရင် သတင်းရင်းမြစ်များက ဖော်ပြသည်။ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ယခင် BGF တပ်များကို KNA အမှတ် တံဆိပ်သို့ ပြောင်းလဲပြီးနောက် စစ်တပ်က တပ်စွဲထားသော အရာရှိများနှင့် စစ်သည်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းခဲ့သည့်အပြင် စစ်တပ်က ၎င်း KNA တပ်စခန်းတချို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်အထိ တင်းမာခဲ့ကြသည်။ သို့သော် နှစ်ဖက် အကြိမ်ကြိမ် ညှိနှိုင်းမှုများပြုလုပ်ပြီး သဘော တူညီချက်များ ရရှိခဲ့ရာ ရွှေကုက္ကိုလ်မြို့သစ်တွင် ချစ်ကြည်ရေး ထမင်းလက်ဆုံစားပွဲ ကျင်းပသည်အထိ ဆက်ဆံရေး ပြေလည်သွားခဲ့ကြောင်း သိရသည်။ လက်ရှိ ရွှေကုက္ကိုလ်ရွာအတွင်း စောချစ်သူနှင့် သားများ ထိန်းချုပ်နေသော နေရာများတွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နေပြီး တရုတ်နိုင်ငံသား ထောင်သောင်းချီ ပါဝင်လုပ်ကိုင်နေကြောင်း စစ်ကောင်စီက သိရှိထားသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ကြောင်း သတင်းရင်းမြစ်က ဖော်ပြထားသည်

မြသိန်းတန်စေတီနှင့် မင်းကွန်းရဲစခန်း စစ်တပ် စခန်းများကို မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်
ဇန်န ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်အတွင်း မြသိန်းတန်စေတီတော်နှင့် မင်းကွန်းရဲစခန်း တို့တွင် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့် တပ်စွဲထားသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship (NMD) တပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီ၏ ဘန်ကာ ၁ ခုကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း No More Dictatorship (NMD) တပ်ဖွဲ့က ပြောဆိုသည်။နယ်မြေ အနေအထားအရ စစ်ကောင်စီတပ်စွဲရာ နေရာများကို သိမ်းပိုက်နိုင်ခြင်း မရှိသဖြင့် ရဲဘော်များ ထိခိုက် မှု နည်းပါးစေရန် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။ ယင်းစစ်ဆင်ရေးကို ယူနီကွန်း ပျောက်ကြား တပ်ဖွဲ့ ဦးဆောင်မှုဖြင့် Mingun PDF၊ မင်းကွန်းတိုက်နယ် ပကဖ/ပလဖ၊ People Servant Force၊ ရတနာပုံတပ်ဦး၊ No More Dictatorship (NMD)၊ GS Force၊ ဥဒေါင်းမင်း၊ ဒေါင်းမာန်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ဇေယျသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လယ်သမားတော်လှန်ရေးအဖွဲ့ (FRF) နှင့် မဟူရာရွှေဘိုသား PDF စသည့် မဟာမိတ်တပ်ဖွဲ့ ၁၂ ဖွဲ့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး NMD အဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးအဖွဲ့များအကြား ပဋိပက္ခများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းရန် PLA တိုက်တွန်း
ဇန်န ၂၂
The Kaladan Post
တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများသည် စစ်အုပ်စုကလွဲ၍ မည်သူ့အကျိုးစီးပွားကိုမျှ ဖြစ်ထွန်းစေမည် မဟုတ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ထုတ်ပြန် ထောက်ပြခဲ့သည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးစားပေးကာ မိတ်ဖက် အဖွဲ့များအကြား ပဋိပက္ခများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းသင့်ကြောင်း ပြောဆို သည်။ ဤထုတ်ပြန်ချက်သည် ဗိုလ်နဂါး ဦးဆောင်သော BNRA နှင့် NUG လက်အောက်ခံ အဖွဲ့များ အကြား ပြဿနာများအပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် အခြားတော်လှန်ရေးအဖွဲ့များအကြား ပွတ်တိုက်မှုများကိုပါ ရည်ရွယ်ကြောင်း PLA အထွေထွေ အတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောဆို သည်။ အချို့အဖွဲ့များကို အကြပ်အကိုင် လက်အောက်ခံ သွတ်သွင်းရန် ကြိုးပမ်းမှုများ ရှိနေကြောင်း ကြားသိရပြီး ထိုသို့ ဆက်လက်ဖြစ်ပွားပါက တော်လှန်ရေး တစ်ခုလုံး ထိခိုက်နိုင်ကြောင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က ထောက်ပြသည်။ တူညီရာ တွဲလုပ်၊ မတူရာ ခွဲလုပ်ခွင့်ကို အသိအမှတ် ပြုရမည်ဖြစ်ပြီး စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေသူ အားလုံးကို တရားဝင်ဟု ခံယူကြောင်း PLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဗမာပြည်တော်လှန်ရေးသည် စစ်အုပ်စုကို ပုံစံမျိုးစုံဖြင့် တိုက်ခိုက်နေသူ အားလုံး၏ ကျယ်ပြန့်သော တော်လှန်ရေး ဖြစ်ပြီး စည်းလုံးညီညွတ်မှုဖြင့်သာ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု PLA က အလေးပေး ဖော်ပြထားသည်။

ချိုင်းကြီးကျေးရွာ စစ်တပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး
ဇန်န ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်စခန်း အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၂၀ ရက်နေ့က မတ္တရာမြို့နယ် ပကဖနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်းမတ္တရာမြို့နယ် ပကဖ ကထုတ်ပြန် သည်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု မရှိခဲ့ဘဲ စစ်တပ်များ ဆုတ်ခွာသွားပြီးနောက် ရဲဘော်များ၏ ကျည်ဆန်များ ကုန်ခမ်းသွားသဖြင့် ဆက်လက်လိုက်လံ တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မတ္တရာမြို့နယ် ပကဖအနေဖြင့် စစ်ရေးအရ လိုအပ်ချက်များကို ဖြည့်ဆည်းရန် စားနပ်ရိက္ခာအတွက် ရှိသမျှ စရိတ်များ ကို အသုံးပြုပြီး ကမ်ပိန်းရရှိငွေများကို ကျည်ဆန်ဝယ်ယူရန် ဦးစားပေးနေကြောင်း ဖော်ပြရာ လက်ရှိ ဆက်လက်လှုပ်ရှားနေသော “To Madaya, To Home” ကမ်ပိန်းသို့ ပါဝင်ပံ့ပိုးပေးရန် ပြည်သူများကို အဆိုပါတပ်ဖွဲ့က မေတ္တာရပ်ခံ ထားသည်။

မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်စစ်တပ် မိုင်းဆွဲခံရပြီး ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
ဇန်န ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ဆက်ကြေးကောက်ခံရင်း မိုင်းရှာဖွေရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ (အင်အား ၂၀ ခန့်) ကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း MONYWA DYNAMITE – Special Task Force က အသိပေးထားသည်။ မုံရွေးတန်ပိုဂိတ်မှ ထွက်လာသော ထိုစစ်ကောင်စီအဖွဲ့ကို BRAVE HEART AYMY.BHA၊ MONYWA DYNAMITE – Special Task Force နှင့် CHINDWIN FIGHTER GROUP (CFG) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု မရှိခဲ့ဘဲ ဒဏ်ရာရရှိသော စစ်တပ် များကို မုံရွာမြို့ထဲမှ သံပြားကာ ကား ၁ စီးဖြင့် လာရောက်တင်ဆောင်ကာ မုံရွာနမခသို့ ခေါ်ဆောင် သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီ၏ ဆက်ကြေး ကောက်ခံမှုနှင့် လမ်းပန်းဆက်သွယ်ရေး ထိန်းချုပ်မှုများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက် တုံ့ပြန်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
