ကရင်ပြည်နယ် အလူးကြီးရွာတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

ဇန်န ၂၈
The Kaladan Post
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီ ၂၅ မိနစ်ခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ (အမှတ်-၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ (ခမရ-၃) မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု အလူးကြီးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်းသိရ သည်။ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် စောပေစိနေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး စောပေစိ၏ ဇနီး နော်အေးဝင်း (အသက် ၅၉ နှစ်) နှင့် စောမြစိုး၊ နော်တင်တင်နွယ်တို့၏ သမီး မိုးရွှေစင် (အသက် ၃ နှစ်) တို့ လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးခဲ့သည်ဟု KNU က ပြောဆို သည်။ ထို့ပြင် စောပေစိ၏ သမီး နော်သော်တာ (အသက် ၂၇ နှစ်) ညာလက်မောင်း ဒဏ်ရာရရှိခဲ့သည့် အပြင် ဒေသခံ အရပ်သားပြည်သူများ၏ စိုက်ပျိုးသီးနှံပင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လူမှုကွန်ရက်အကောင့် ၂၇၀ ခု Facebook (Meta) က ဖယ်ရှား

ဇန်န ၂၈
The Kaladan Post
Justice For Myanmar (JFM) ၏ တိုင်ကြားမှုဖြင့် Facebook (Meta) က အကြမ်းဖက်စစ်ကောင်စီ၏ စာမျက်နှာ၊ ဂရုနှင့် ပရိုဖိုင်အကောင့်များ စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားခဲ့ကြောင်း (JFM) ကထုတ်ပြန် သည်။ ဖယ်ရှားခံရသော အကောင့်အများစုမှာ MEC၊ MEHL စစ်စီးပွားရေး ကုမ္ပဏီခွဲများ (MECtel၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ နန်းမြိုင်ကဖီ၊ Indoor Skydiving) နှင့် မိုင်တဲလ်ရောင်းချအကောင့်များဖြစ်ပြီး၊ စစ်ဝါဒဖြန့်အကောင့်များ (A Light for Justice 3၊ News Service Station၊ Myanmar Information Community) တို့ပါဝင် ကြောင်းသိရ သည်။ ဤအကောင့်များသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်များကို ပံ့ပိုးခဲ့ကြောင်း JFM ထောက်ပြထားပြီး၊ Meta ၏ ၂၀၂၁ စစ်ထိန်းချုပ် စီးပွားရေး-မီဒီယာ ပိတ်ပင်မူဝါဒအတိုင်း ဆောင်ရွက်ခဲ့သည်ဟု JFM က ဆိုသည်။ JFM က Alphabet၊ Apple၊ TikTok၊ Telegram တို့အား စစ်အကောင့်များ ချက်ချင်း ပိတ်ပင်ရန် တောင်းဆိုထားသည်။

မြဝတီတောင်ပိုင်း ဖလူးကြီးကျေးရွာအနီး စစ်တပ်က လေကြောင်းဖြင် ၄ ကြိမ် တိုက်ခိုက်

ဇန်န ၂၈
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးတွင် စစ်ကောင်စီက ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆို သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေးကေ့ကော် ဒေသနှင့် ရသေ့ဂူဘက်မှ စစ်ကြောင်းထိုးလျက်ရှိပြီး၊ လက်နက်ကြီး ၁၂၀ မမ ပစ်ခတ်မှုများလည်း ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလကတည်းက မြဝတီမြို့တောင်ဘက် လက်လွတ်ခဲ့ရသော တပ်စခန်းများကို ပြန်လည် သိမ်းပိုက်ရန် စစ်ကြောင်း ၃ ကြောင်း ဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် မင်းလက်ပံကျေးရွာအနီးတွင် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း သိရသည်။ မင်းလက်ပံကျေးရွာသည် မြဝတီမြို့တောင်ပိုင်းအတွက် အဓိက ခံစစ်စည်းအဖြစ် ကာကွယ်ရေးတပ်ဖွဲ့ များက ထိန်းချုပ်ထားသည်။

ပုလောမြို့နယ်တွင် စစ်ကြောင်း၊ ဂိတ်စခန်းများကို မိုင်း-ဒရုန်း တိုက်ခိုက် စစ်သား ၃ ဦး သေဆုံး

ဇန်န ၂၈
The Kaladan Post
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ-၄ အထူးတပ်ဖွဲ့က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းနှင့် ဂိတ်စခန်းများကို မိုင်း၊ ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁:၃၀ ခန့်တွင် တောင်ယာကမ်းရွာ လမ်းဆုံဂိတ်သို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်တပ်ကြောင်းသည် လှည်းကျွန်းဝရွာအနီး KNLA ထောင်ထားသော မိုင်းနင်းမိခဲ့ပြီး အရာရှိ ၂ ဦး သေဆုံး၊ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒီဇင်ဘာ ၁၈၊ ၂၀၊ ၂၂ ရက်များတွင် ကျောက်စုဂိတ်၊ ပုလောမြို့ အမှတ် ၅ ဂိတ်နှင့် နန်းတောင်ရွာ စစ်စခန်းကုန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။ ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၈ ရက်တွင် လည်း ပုလောမြို့ အမှတ် ၄ ဝန်ထမ်းအိမ်ရာ၊ ကျောက်စုဂိတ်၊ နန်းတောင်ဂိတ်စခန်း၊ အမှတ် ၇ ဂိတ်နှင့် တောင်ယာကမ်းရွာ ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ KNLA အထူးတပ်ဖွဲ့က စစ်ကောင်စီကို အခွင့်အရေးရသည်နှင့်အညီ အမြဲတမ်း တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး၊ ပြည်သူများ အနေဖြင့် စစ်တပ်တပ်စွဲထားသည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း ရှောင်ရှားရန် အထူး သတိပေး ထုတ်ပြန်ထားကြောင်းသိရသည်။

မင်းအောင်လှိုင်အပါအဝင် အရာရှိ ၆၁ ဦးကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန် သက်သေရှိဟု Fortify Rights ထုတ်ပြန်

ဇန်န ၂၈
The Kaladan Post
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Fortify Rights က ဇန်နဝါရီ ၂၄ ရက်နေ့တွင် “လုံခြုံရာ အရပ်ကင်းမဲ့နေခြင်း” အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုက ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများအတွက် ခိုင်မာသော သက်သေအထောက်အထားများ ရရှိထားကြောင်း ကြေညာသည်။ ၎င်း ကြေညာချက်တွင် ပထမ အဆင့်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်လအထိ ဆန္ဒပြပြည်သူများအပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့ များက ကျူးလွန်ခဲ့သော လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးထောင်ချမှု၊ အဓမ္မဖျောက်ဖျက်မှု၊ အဓမ္မနေရပ်စွန့်ခွာစေမှု၊ ကွပ်မျက်မှုတို့ကို အဓိက မှတ်တမ်းတင်ထားပြီး၊ ဤရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု ယုံကြည်ရသော စစ်တပ်နှင့် ရဲအရာရှိ ၆၁ ဦးကို ခွဲခြားဖော်ထုတ်ထားသည်။ အစီရင် ခံစာရေးဆွဲရာတွင် မျက်မြင်သက်သေ ထွက်ဆိုချက်များ၊ အသက်ဘေးမှ လွတ်မြောက်လာသူများ အင်တာဗျူး၊ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုနှင့် ဓာတ်ပုံ ၃၀၅ ခု၊ Open Source ဒေတာ ၁၁၅၃ ခုကို သုံးသပ်ခဲ့ပြီး၊ စစ်တပ်၏ တပ်ဖွဲ့စည်းပုံနှင့် ပတ်သက်သော အချက်အလက်အသစ်များကိုပါ တင်ပြထား ကြောင်း သိရသည်။ စစ်တပ်က ဆန္ဒပြသူများကို နေ့ခင်းပြည်လယ်တွင်ပင် ရင်ဘတ်နှင့် ခေါင်းကဲ့သို့ သေစေနိုင်သော နေရာများကို ပစ်ခတ်ခဲ့ပြီး၊ စနိုက်ပါသမားများဖြန့်ကျက်ကာ သတ်ဖြတ်ရန်နှင့် အကြောက်တရားရိုက်သွင်းရန် ရည်ရွယ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်တပ်စခန်း ဒရုန်း-ရော့ကတ်ဖြင့် တိုက်ခိုက်ခံရ

ဇန်န ၂၈
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MPL မြောက်ပိုင်းဇုန်-(မြိုင်-ပကဖ) က ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက် ထိခိုက်မှု အရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်းသေးကြောင်း သိရသည်။ ထို့အပြင် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်သို့ စစ်ကြောင်းထိုးနေသော စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် တောတဲများကို မီးရှို့ ဖျက်ဆီးနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီ ၂၈ ရက် နံနက် ၇:၃၀ ခန့်တွင် သစ်ပုလွေကုန်းရွာမှ ထွက်လာသော စစ်ကြောင်းက သစ်ပုလွေကုန်းရွာနှင့် သာစည်ကျေးရွာအကြား တွင်းမကျေးရွာရှိ စစ်ဘေးရှောင်တော တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ပျက်စီးမှု အတိုင်းအတာကို အတည်ပြုနိုင်ခြင်း မရှိသေး ဘဲ လက်ရှိတွင် သစ်ပုလွေကုန်းရွာ၊ သာစည်ကျေးရွာ၊ တွင်းမကျေးရွာနှင့် အနီးအနားကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။လက်ရှိ စစ်ကြောင်း၏ ဆက်လက်ထွက်ခွာရာ လမ်းကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသဖြင့် တွင်းမ၊ သာစည်နှင့် နှမ်းဆီကန် စစ်ရှောင်တောတဲများတွင် နေထိုင်သော ပြည်သူများအနေဖြင့် အထူးသတိထားရန် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေး ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပထမဆုံး ဗဟိုကော်မတီအစည်းအဝေး အောင်မြင်ကြောင်း ထုတ်ပြန်

ဇန်န ၂၈
The Kaladan Post
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဇန်နဝါရီ ၂၇ ရက်တွင် ပထမဆုံးအကြိမ် ပါတီဗဟို ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ရလဒ်များကို ထုတ်ပြန်လသည်။ အဆိုပါ အစည်းအဝေးတွင် ဒုတိယဥက္ကဌနေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ခူးထဲဘူးကို ရွေးချယ်တင်မြှောက်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ယခင် အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်က ဆက်လက်တာဝန်ယူမည်ဖြစ်ပြီး၊ အတွင်းရေးမှူး(၁) နေရာကို ရဲဘော်ပလူးရယ်၊ အတွင်းရေးမှူး(၂) နေရာကို ရဲဘော်နဲနယ်ပလိုးတို့က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပါတီဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ရွေးချယ်တင် မြှောက်ခဲ့ပြီး ပါတီဗဟိုရေးရာကော်မတီများကိုလည်း ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သော ၁၅ ကြိမ်မြောက် ပါတီကွန်ကရက်တွင် ပါတီဗဟိုဌာနချုပ်၏ လေးနှစ်တာ လုပ်ငန်းအစီရင်ခံစာ၊ ကရင်နီပြည်အစိုးရ၏ လေးနှစ်တာ ဆောင်ရွက်ချက်များကို သုံးသပ်ခဲ့ပြီး၊ ပါတီ၏ အခြေခံမူလမ်းစဉ်၊ ဖွဲ့စည်းပုံဥပဒေ၊ ကရင်နီပြည်အစိုးရ ဖွဲ့စည်းအုပ်ချုပ်ပုံနည်းဥပဒေတို့ကို တင်သွင်း အတည်ပြုခဲ့ကြ ကြောင်းသိရသည်။ပါတီကွန်ကရက်မှ အမြဲတမ်း ဗဟိုကော်မတီဝင် ၄ဦးကို အတည်ပြု ပြီး မဲကော်မရှင်အဖွဲ့က ရွေးချယ်တင်မြှောက်မှုပြုလုပ်ရာ ပါတီဥက္ကဌအဖြစ် ခူဦးရယ်၊ ပါတီဗဟိုကော်မ တီဝင် ၁၅ ဦး၊ အရံပါတီဗဟိုကော်မတီဝင် ၁၂ ဦးကို ရွေးချယ်ခဲ့ကြသည်။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် Bottom-up Federalism ချဉ်းကပ်မှုဖြင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်နယ်ဖက်ဒရယ်ယူနစ်အားကောင်းရေးနှင့် တော်လှန်ရေးအင်အားစု များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNPP က ဆိုသည်။ ကရင်နီပြည်နယ်အတွက် သီးခြားလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး လှုပ်ရှားမှုကို ၁၉၄၈ ခုနှစ်မှ စတင်ခဲ့ပြီး၊ နိုင်ငံရေး အရ ဦးဆောင်မှုပေးရန် KNPP ကို ၁၉၅၇ ခုနှစ် မေလ ၂ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းသိ၇သည်။ ကရင်နီတပ်မတော် KA သည် KNPP ၏ တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ပြီးနောက် ကရင်နီတော်လှန်ရေးတပ်များကို စစ်သင်တန်းပေးခြင်း၊ ပူးတွဲစစ်ဆင်ရေးများ ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် ၂၀၂၁ ဧပြီလတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အဖြစ် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ယန္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကောလင်းမြို့နယ် သစ်ဖုလတောင်အနီး တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်သုံ့ပန်း ၂ ဦး ဖမ်းမိ

ဇန်န ၂၈
The Kaladan Post
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များထိန်းချုပ်ထား သော နယ်မြေဖြစ်သည့် သစ်ဖုလတောင်အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဇန်နဝါရီ ၂၆ ရက်တိုက်ပွဲအတွင်း ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန်ရရှိထားသော စစ်သုံ့ပန်း ၂ ဦးကို PDF တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဒဏ်ရာပြင်းထန်မှု ကြောင့် စိတ်ချရသော အခြေအနေမရှိကြောင်း ဆိုသည်။ စစ်တပ်စစ်ကြောင်းသည် သစ်ဖုလတောင်မှ ကီလိုမီတာ ၆ မိုင်ခန့်အကွာရှိ ကျောက်တန်းကျေးရွာတွင် တပ်စွဲထားပြီး ဇန်နဝါရီ ၂၇ ရက်တွင် Y-8 လေယာဉ်ဖြင့် စစ်ကူ ထပ်မံပို့ဆောင်ခဲ့သည်။ ကျောက်တန်းရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိက္ခာ၊ လက်နက်ခဲယမ်းများကို လေထီးဖြင့် ချပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဝန်းသို မြို့နယ်မှ ထွက်လာသော အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းသည် ခမရ(၁၀၁) နှင့် ခမရ(၁၂၀) တပ်ရင်း များမှ ဇန်နဝါရီ ၁၆ ရက်က စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး၊ ထိုနေ့တွင် ဝန်းသိုမြို့နယ် ညောင်ပင်သာရွာနှင့် ကောလင်းမြို့နယ်အရှေ့ခြမ်း ချဉ်ပစ်ခုံကျေးရွာဘက်တွင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ် က်ရှိ စစ်ကောင်စီစစ်ကြောင်းသည် သစ်ဖုလတောင်ကို ဦးတည်ပြီး စစ်ကြောင်းထိုးရန် ကြိုးပမ်းနေဆဲ ဖြစ်ပြီး ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် ကျေးရွာ ၇ ရွာထက်မနည်း စစ်ရှောင်နေရပြီး ဒေသခံများအနေဖြင့် အကူအညီများ အလွန်အမင်း လိုအပ်နေကြောင်း သိရှိရသည်။

မင်းကွန်း ဒေသအတွင်း စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

ဇန်န ၂၈
The Kaladan Post
စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်အတွင်း ချောင်းမကြီးရွာအနီး၌ ဇန်နဝါရီ ၂၅ ရက်မှ စတင်ထိုးလာ သော တပ်မ ၃၃ စစ်ကြောင်း (အင်အား ၁၅၀ ဝန်းကျင်) ကို ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းတွင် တော်လှန် ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံး၊ ထိခိုက်သူ ၁၀ ဦး ဝန်းကျင်ရှိခဲ့ ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် မင်းကွန်း PDF၊ People Servant Force၊ ရတနာပုံတပ်ဦး၊ No More Dictatorship (NMD)၊ GS Force နှင့် ဥဒေါင်းမင်း တပ်ဖွဲ့ တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းသည် ဆုတ်ခွာသွားခဲ့သည်။ စစ်ကြောင်းသည် စစ်ကိုင်းမြို့ အထိ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။ စစ်ကြောင်း ဆုတ်ခွာပြီးနောက် တွင်လည်း မင်းကွန်းတိုက်နယ်အတွင်း စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် အခြေပြုတပ်စွဲထားဆဲ ဖြစ်သည်။ ဇန်နဝါရီ ၁၈ ရက်က မြသိန်းတန်စေတီတော်နှင့် မင်းကွန်းရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ဖူးပြီး ပြီးခဲ့သည့်လ ၁၀ ရက်နေ့ကလည်း ချောင်းမကြီးရွာအနီး စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများနှင့် ခဲယမ်းစစ်အသုံးအဆောင်များ ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် သြဂုတ်လမှစ၍ စစ်ကိုင်း မြို့နယ် မင်းကွန်းဒေသ အပါအဝင် မြို့ပေါ်တွင်ပင် စစ်အင်အားဖြည့်တင်းမှုနှင့် စစ်ကြောင်းထိုးမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး နယ်မြေစိုးမိုးရေး ကြိုးပမ်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ ယင်းစစ်ကြောင်းထိုးမှုများသည် မန္တလေးရောက်ရှိနေသော စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစဉ်အတွက် နယ်မြေရှင်းလင်းရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လာခြင်းဖြစ်နိုင် ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က သုံးသပ်ထားသည်။