မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ အပတ်စဉ် (၄) အခြေခံ အထူးမွမ်းမံ စစ်သင်တန်း ဆင်းပွဲ ကျင်းပ
ဇန်န ၂၉
The Kaladan Post
မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးကျင်းပသည့် အပတ်စဉ် (၄) အခြေခံ အထူးမွမ်းမံ စစ်သင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တပ်ရင်းဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း MSRF က အသိပေးထားသည်။ ယင်းသင်တန်းတွင် MSRF နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) မှ ထောက်ပို့တပ်သားများ၊ အရာရှိများအား အခြေခံ စစ်ပညာ အထူးမွမ်းမံ လေ့ကျင့်ပို့ချခဲ့ပြီး ဆင်းပွဲအခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်ကသုမွန်၊ MSRF တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်၊ နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကို၊ MSRF ဒု-တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဗညားနွန်တို့ တက်ရောက် မိန့်ခွန်းပြော ကြားခဲ့ကြသည်။ ထို့ပြင် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)၊ ရေးပြောက်ကျားတပ် (YGF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ အမှတ် ၁၈၁၅ မော်လီကျူး ဒရုန်းတပ်ရင်း၊ Nonentity Coach စသည့် ညီနောင်တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် ရဲဘော်များ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များတိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် ၉ ဦး သေဆုံး
ဇန်န ၂၉
The Kaladan Post
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ တပိုရွာနှင့် သင်္ကန်းတောရွာတို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း KNDO Drone Forces က ထုတ်ပြန်သည်။ ဤတိုက်ခိုက်မှုကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) တပ်ခွဲ (၂)၊ KNDO Drone Forces၊ ပုလောမြို့နယ် ပကဖနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း T2 Sky Shadow UAV Forces တို့ ပူးပေါင်း၍ ဒရုန်းဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တပိုရွာရှိ စစ်ကောင်စီ ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ သင်္ကန်းတောရွာရှိ အထိုင်ချ စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသော်လည်း အသေးစိတ်ကို ဆက်လက် စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေး အခြေအနေကို သတိပြု၍ မလိုအပ်သော သွားလာလှုပ်ရှားမှုများကို ရှောင်ရှားရန် အဆိုပါတပ်ဖွဲ့က တိုက်တွန်းထားသည်။

လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးကို ၃ ရက်ဆက် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦး သေဆုံး
ဇန်န ၂၉
The Kaladan Post
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းနှင့် စရဖ (စစ်ရဲဖွံ့ဖြိုးရေး) ရုံးတို့ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်သည်။ တိုက်ခိုက်မှုများတွင် ပထမဆုံး ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့်က ရဲစခန်းကို ဗုံး ၃ လုံး ကျဲချခဲ့ပြီး၊ ဇန်နဝါရီ ၂၂ ရက်တွင် ရဲစခန်းကို ဗုံး ၅ လုံး (၂ ကြိမ်ခွဲ၍) ကျဲချခဲ့ကာ၊ ဇန်နဝါရီ ၂၃ ရက်တွင် စရဖရုံးကို ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ ဒုရဲအုပ် ၁ ဦး အပါအဝင် အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို ညတွင်းချင်း ကား ၂ စီးဖြင့် ထားဝယ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ ဤစစ်ဆင်ရေး ကို L.L.S.B.F တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲမှုများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ဒေသတွင်း စစ်ရေး တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။ ထို့ပြင် လောင်းလုံးမြို့နယ်အတွင်း ကျေးရွာအချို့ကို ပင်လယ်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ကချင်ပြည်နယ် တနိုင်းဒေသ အွယ်လောတပ်စခန်း KIA ပူးပေါင်းတပ်ဖွဲ့ ပြန်လည်သိမ်းပိုက်
ဇန်န ၂၉
The Kaladan Post
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် တနိုင်းလပူနှင့် ပရင်းမှော်ကြားရှိ အွယ်လောတပ်စခန်းကုန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ စခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်မှစ၍ မင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ဆန်းပိုင်းတွင် ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် သာလွန်အင်အား သုံး၍ အွယ်လောစခန်းကုန်းနှင့် ရှေ့တန်း ကာကင်းစခန်း တစ်ခုကို KIA ဘက်မှ ခေတ္တဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။ယင်းနောက် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) နှင့် KPDF တပ်ဖွဲ့များက အင်အားစုစည်း၍ ဇန်နဝါရီ ၂၆ ရက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၇ ရက်တွင် အွယ်လောစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသော စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် သိမ်းပိုက်နေဆဲ ဖြစ်ကြောင်း မြေပြင်ရင်းမြစ်များက ဆိုသည်။ အွယ်လောစခန်းသည် ရွှေမှော်၊ ပယင်းမှော်ဒေသများသို့ သွားလာရာ အဓိက ဖြတ်သန်းရသည့် လမ်းကြောင်းတွင်ရှိပြီး မင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ် တပ်ဖွဲ့သည် စစ်ကောင်စီ၏ ကြောထောက်နောက်ခံဖြင့် လက်နက်အင်အား၊ ငွေကြေးအင်အားဖြင့် တိုးချဲ့လာကာ တနိုင်း၊ အင်းတော်ကြီး၊ ဖားကန့်ဒေသများတွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များကို အဓိက နှောက်ယှက်နေသော တပ်ဖွဲ့ ဖြစ်သည်။ ဤဖြစ်ရပ်သည် တနိုင်းဒေသ မှော်ဒေသများကို ထိန်းချုပ်ရန် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ကြိုးပမ်းမှုများကို KIA ဘက်မှ တုံ့ပြန်နေသည့် အခြေအနေဖြစ် နေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက သတိပေး ထားသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်များ အခက်အခဲကြုံနေ
ဇန်န ၂၉
The Kaladan Post
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အင်အား ၃၀၀ ကျော်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများသို့ ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်နေမှုကြောင့် ကျေးရွာ ၁၄ ရွာမှ အိမ်ထောင်စု ၁,၇၇၇ စု၊ လူဦးရေ ၈,၅၆၆ ဦး နီးပါး စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း ဒေသခံ သတင်းရင်းမြစ်က ဖော်ပြထားသည်။ ထိုကျေးရွာ များမှာ သစ်ဆိပ်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူ စသည်တို့ ဖြစ်ကြောင်းသိရသည်။ စစ်ဘေးရှောင်ပြည်သူများသည် နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ တောတောင်အတွင်း အမိုးအကာ မရှိဘဲ နေထိုင်နေရသဖြင့် စားရေးသောက်ရေး၊ နေရေးထိုင်ရေး အလွန်အခက်အခဲ ကြုံနေရကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူက ပြောဆိုသည်။အလုပ်အကိုင် မရှိခြင်း၊ စားနပ်ရိက္ခာ လိုအပ်ချက်များကြောင့် စားဝတ်နေရေး ပိုမိုဆိုးရွားလာနေပြီး လတ်တလော အခြေအနေတွင် စစ်ကောင်စီ စစ်ကြောင်း (အင်အား ၁၆၀ ခန့်) က ထုံးဘိုရွာ အနောက်တောင်ဘက် တဲများကို မီးရှို့ဖျက်ဆီးပြီး ရွာသစ်ရွာဘက်သို့ ဆက်လက် စီးနင်းဝင်ရောက်နေကြောင်း Wetlet Informational Network က ထုတ်ပြန်သည်။ ထိုစစ်ကြောင်းသည် ၂၀၂၅ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ဝင်ရောက်ခဲ့ပြီး ယနေ့ထိ မပြန်သေးဘဲ တောင်ဘက်သို့ ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂသည် စစ်တပ်၏ ရာဇဝတ်မှုများကို အရေးယူရန် ပျက်ကွက်ဟု သံအမတ်ကြီး ပြောဆို
ဇန်န ၂၉
The Kaladan Post
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သော ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် နိုင်ငံပေါင်းစုံဝါဒတို့အား ပြန်လည်အသက်သွင်းခြင်း ဆိုင်ရာ အဆင့်မြင့် တံခါးဖွင့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများအပေါ် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီသို့ ထပ်မံ တောင်းဆိုခဲ့ကြောင်းသိရသည်။ သံအမတ်ကြီးက မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ ကြိမ်ဖန်များစွာ တောင်းဆိုမှုများရှိခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် ယနေ့တိုင် ပျက်ကွက်နေဆဲ ဖြစ်ကြောင်း ထောက်ပြထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားရုံသာမက ဒီမိုကရေစီ အဖွဲ့အစည်း များ၊ လွတ်လပ်သော တရားရေးစနစ်များကိုပါ ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများအပေါ် နိုင်ငံတကာ ရာဇဝတ်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ကျူးလွန်နေဆဲ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် အကျင့်ပျက်ခြစားမှု မြင့်တက်လာ၊ မလုံခြုံမှုများ နိုင်ငံ တစ်ဝန်း ပျံ့နှံ့လာကာ အွန်လိုင်း လိမ်လည်မှုစခန်းများ၊ ဆိုက်ဘာရာဇဝတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေး ဝါး ကုန်ကူးမှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက်အဖြစ် မြန်မာနိုင်ငံ ပြောင်းလဲလာ ပြီး ဤအခြေအနေများသည် ဒေသတွင်း နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို သိသာစွာ ခြိမ်းခြောက်နေကြောင်း သူက ဆိုသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးအတွက် ပြည်သူများ၏ ကြိုးပမ်းမှုများကို ထောက်ခံ အားပေးရန်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် KNLA အထူးတပ်ဖွဲ့ စိတ်ကြွမူးယစ်ဆေး ၅၃,၀၀၇ လုံး ဖမ်းဆီး မီးရှို့ဖျက်ဆီး
ဇန်န ၂၉
The Kaladan Post
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့က စိတ်ကြွမူးယစ်ဆေးဝါး (WY) ၅၃,၀၀၇ လုံး ဖမ်းဆီးရမိပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တပ်ဖွဲ့၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ပုလောမြို့နယ် ပေါင်းကျေးရွာ တဝိုက်တွင် စစ်ကောင်စီ လှုပ်ရှားမှုများကို ထောက်လှမ်းရန် နှင့် လုံခြုံရေး စစ်ဆေးရန် သွားလာစဉ် မသင်္ကာဖွယ် လူငယ် ၂ ဦး၏ သွားလာမှုကို တွေ့ရှိ၍ စုံစမ်းစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ ပမာဏများစွာ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ မူးယစ်ဆေးဖမ်းဆီးရန် ရည်ရွယ်ချက်မရှိသော်လည်း ဖမ်းဆီးရမိပြီးနောက် အများရှေ့တွင် ရေတွက် စာရင်းသွင်း မှတ်တမ်းတင်ကာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဆေးပြား ၅၃,၀၀၇ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြထားသည်။ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့ ပြန်ကြားရေးဌာန တာဝန်ခံက စစ်ကောင်စီကို တော်လှန်နေရင်း အများပြည်သူ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်၊ ဖောက်ကားမှုများကိုပါ တပြိုင်နက်တည်း ကိုင်တွယ် ဖြေရှင်းသွားမည်ဟု ဆိုသည်။

ကရင်နီအကျဉ်းထောင်ဖောက်ထွက်ပြေးမှု၌ စစ်သုံ့ပန်း ၈ ဦး အသေဖမ်းမိပြီး ၂ ဦး အရှင်ဖမ်းမိ
ဇန်န ၂၉
The Kaladan Post
ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်အတွင်းရှိ အကျဉ်းထောင်တစ်ခုမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်သုံ့ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း ၂ ဦး၊ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၅ ဦး စုစုပေါင်း ၈၃ ဦးတို့သည် လက်နက် ၅ လက်ဖြင့် ထောင်ဖောက်ထွက်ပြေးခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်သည်။ ထွက်ပြေးသူများကို နယ်မြေခံ တော်လှန် ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဇန်နဝါရီ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ လိုက်လံ ဖမ်းဆီးခဲ့ရာ စစ်သုံ့ပန်းများ ဘက်မှ ပြန်လည်ခုခံပစ်ခတ်မှုများ ရှိခဲ့သဖြင့် ၈ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပြီး ၂ ဦးကို အရှင်ဖမ်း ဆီးရမိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ထွက်ပြေးသူများ ယူဆောင်သွားသော လက်နက်ငယ် ၅ လက်နှင့် ကျည်အချို့ကိုလည်း ပြန်လည် သိမ်းဆည်းရမိခဲ့ကာ ဇန်နဝါရီ ၂၄ ရက်အထိ နယ်မြေ လုံခြုံရေး ကင်းပတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း IEC က ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှုများအရ ထောင်ဖောက်ထွက်ပြေးရန် ၃ လခန့် ကြိုတင်စီစဉ်ခဲ့ကြပြီး အုပ်စုငယ်များဖြင့် လှုပ်ရှားခြင်း၊ နယ်စပ်ဖြတ်ကျော်ရန် ဆုံမှတ်များ သတ်မှတ်ထားခြင်း၊ ဆက်သွယ်ရေးအတွက် ဖုန်းဆင်းကတ်များ ကြိုတင်ပြင်ဆင်ထားခြင်းတို့ စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း IEC တရားရေးဌာနက ဖော်ထုတ်နိုင်ခဲ့သည်။ ထောင်ဖောက်ရာတွင် ကူညီခဲ့သော ထောင်ဝန်ထမ်း ၂ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး ကျန်အကျဉ်းသားအများစုမှာ ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့ကာ မြန်မာစစ်အစိုးရထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အာဆီယံက မြန်မာစစ်တပ် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ဖိလစ်ပိုင်ဥက္ကဋ္ဌ ကြေညာ
ဇန်န ၂၉
The Kaladan Post
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး (Retreat) အပြီး သတင်းစာရှင်းလင်းပွဲတွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲ (၃ ဆင့်လုံး) ကို အာဆီယံအနေဖြင့် အသိအမှတ်မပြုကြောင်း ကြေညာသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုနောက် ပိုင်း ပထမဆုံး ကျင်းပခဲ့သော ဤရွေးကောက်ပွဲကို အာဆီယံက လက်မခံကြောင်း ရှင်းလင်းခဲ့ပြီး စစ်ကောင်စီ၏ နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရေး ကြိုးပမ်းမှုများအပေါ် ကြီးမားသော ထိခိုက်မှု ဖြစ်ပေါ်လာမည်ဟု သုံးသပ်မှုများ ရှိနေသည်။ အာဆီယံသည် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို တရားဝင်အစိုးရအဖြစ် မသိမှတ်ဘဲ ဆက်လက်ထားရှိထားကာ မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ချက် ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ထပ်မံ အတည်ပြုခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှု ရပ်စဲရေး၊ ပါဝင်သူအားလုံး ပါဝင်သော ဆွေးနွေး ညှိနှိုင်းမှုများ၊ ငြိမ်းချမ်းမှု၊ လုံခြုံရေးနှင့် ပါဝင်ခွင့်ရှိမှု အခြေခံထားသော ပတ်ဝန်းကျင်တွင်သာ နိုင်ငံရေး တိုးတက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အလေးပေး ဖော်ပြခဲ့သည်။ အာဆီယံက မြန်မာပြည်သူများ ဦးဆောင်သော ငြိမ်းချမ်း၊ ရေရှည်တည်တံ့သော ဖြေရှင်းချက်ရှာဖွေရေးကို အထောက်အကူပေးသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေမည်ဟုလည်း ထပ်မံ အတည်ပြုခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းက စစ်ရှောင် တောတဲများနှင့် PDF ရဲဘော်ကျောက်တိုင်များကို မီးရှို့ဖျက်ဆီး
ဇန်န ၂၉
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း သာစည်နှင့် သစ်ပလွေကုန်းကျေးရွာအကြားရှိ ဘိုမင်းဘုရားကုန်း ပေါ်တွင် ယာယီစစ်ရှောင်နေထိုင်သော ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် တောတိုက်တဲ ၃ လုံးနှင့် ကျဆုံး PDF ရဲဘော် ၂ ဦး၏ ကျောက်တိုင်များကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ပြောဆိုသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က သစ်ပလွေကုန်းရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက တွင်းမကျေးရွာ စစ်ရှောင်နေရာများကို ပစ်မှတ်ထား မီးရှို့ခဲ့ပြီး ဘုန်းကြီး ကျောင်းအပါအဝင် တောတိုက်တဲများ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ ကျောက်တိုင်များကို လည်း အမှိုက်များပုံ၍ မီးရှို့ခဲ့ပြီး ကျောက်တိုင်ထိပ်ပိုင်း ကြယ်များကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း ဆရာထွေးက ဆိုသည်။ စစ်ဘေးရှောင်ပြည်သူများသည် စစ်ကြောင်း မရောက်မီ ကြိုတင်တိမ်းရှောင် နိုင်ခဲ့သဖြင့် ဖမ်းဆီး သတ်ဖြတ်ခံရမှု မရှိကြောင်း ဒေသခံများက ပြောဆိုသည်။ ထိုစစ်ကြောင်းသည် နှမ်းဆီကန်ကျေးရွာ အနောက်ဘက်သို့ ရောက်ရှိနေပြီး သရက်ကန်ပျူစောထီးရွာနှင့် နီးကပ်လာနေ ကြောင်း ဒေသခံများက ဆိုသည်။ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က မြိုင်နယ်တောင်ပိုင်း ပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်းနှင့် လေကြောင်းရန်ကို အထူးဂရုစိုက်ရန် သတိပေး ထုတ်ပြန်ထားသည်။

ပုလောမြို့ ဆားဖိုးရပ်ကွက်တစ်ရပ်အတွင်း လူနေအိမ် ၇၈ လုံးကို စစ်တပ်က မီးရှို့ပျက်စီး
ဇန်န ၂၉
The Kaladan Post
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၄) ဆားဖိုဆိပ်ရပ်ကွက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တိုက်ပွဲမရှိ ဘဲ ရုတ်တရက် ဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ပြည်သူနေအိမ်များ ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုလော ပကဖ) က ထုတ်ပြန် သည်။ စစ်ကောင်စီ တပ်သားအင်အား ၃၀ ခန့်ပါဝင်ခဲ့ပြီး ရပ်ကွက်တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ် စုစုပေါင်း ၇၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ရေလုပ်ငန်း အဓိက လုပ်ကိုင်သော ရပ်ကွက်ဖြစ်သဖြင့် ပြည်သူများသည် ရုတ်တရက် ဖြစ်ပွားမှုကြောင့် ပစ္စည်းများ သယ်ယူချိန်မရဘဲ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး လူထိခိုက်မှု မရှိကြောင်း ပုလောပကဖ တာဝန်ခံက ပြောဆိုသည်။ မီးလောင်ကျွမ်းနေစဉ် ပုလောမြို့နယ် ပကဖနှင့် ပလမြို့ အမှတ် (၄) ရပ်ကွက် ပကဖ အဖွဲ့ဝင်များက မီးမပြန့်ပွားစေရန် မီးလမ်းဖြတ်တောက်ခြင်း၊ ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုဖြစ်စဉ်ကြောင့် ဒေသခံ ပြည်သူအများအပြား နေအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး ထမင်း၊ ဟင်းချက်အိုးခွက်၊ ပန်းကန်များအပါအဝင် အရေးပေါ် အကူအညီများ အလွန်လိုအပ်နေကြောင်း ပုလောပကဖက ဆိုသည်။
