အုတ်တွင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၅၀ သေဆုံးအပြင် တပ်ဖွဲ့တစ်ခုလုံးပျက်

ဇန်န ၃၀
The Kaladan Post
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာအနီး ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ပြည်မြို့နယ် ပေါက်ခေါင်းမှ ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ (၂၂) အပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၅၀ ဝန်းကျင် သေဆုံးပြီး တပ်ပျက်ထွက်ပြေးခဲ့ ကြောင်း သိရသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ထံမှ MA-1 (၂)လက်၊ MA-2 (၁)လက်၊ MA-3 (၂)လက်၊ RPG-7 (၁)လက်၊ ၆၀ မမ ကွန်မန်ဒို (၁)လက်အပါအဝင် လက်နက် ၇ လက်၊ ကျည်ခဲယမ်း၊ မိုင်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PDF ဗျူဟာ (၂၂)က ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို ဗျူဟာ (၂၁) နှင့် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ ပဲခူး၊ သာယာဝတီ၊ ပြည်ခရိုင် များမှ PDF တပ်ရင်း၊ တပ်ခွဲအများအပြားနှင့် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းတွင် စစ်ကောင်စီ တပ်စခန်းများကို တပြိုင်နက် တိုက်ခိုက်မှုများအပါအဝင် စစ်ရေးအရှိန်မြှင့် ဆက်လက် တိုက်ပွဲဝင်နေကြောင်း ဗျူဟာ (၂၂) က ဆိုထားသည်။

စစ်ကိုင်းမြို့တွင် ဆီသယ်ယာဉ်များကို ငွေညှစ်နေသော ရဲနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး

ဇန်န ၃၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူများ၏ စက်သုံးဆီသယ်ယာဉ်များကို လိုက်လံဖမ်းဆီး၍ ငွေညှစ်နေကာ ဆီပုံးများကိုပါ ချယူနေသော ဒုရဲအုပ်တစ်ဦးနှင့် ပြည်သူ့စစ် (ပျူစောထီး) တစ်ဦး ပါဝင်သည့် ရဲကားကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က စစ်ကိုင်းမြို့အထွက်တစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်တာနက်ချိတ်ဆက်မှု အခက်အခဲကြောင့် တိုက်ပွဲဖြစ်ပွား ပြီး လေးလခန့်အကြာ ယခုမှ သတင်းထုတ်ပြန်ရခြင်း ဖြစ်ကြောင်း တပ်ဖွဲ့က အသိပေးထားသည်။ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီက စက်သုံးဆီနှင့် ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်ထားသဖြင့် ပြည်သူများ ခက်ခဲစွာ သယ်ဆောင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးတို့၏ ငွေညှစ်မှု၊ ဖမ်းဆီးမှု၊ ပစ္စည်းသိမ်းယူမှုများကို ရင်ဆိုင်နေရသည့် အခြေအနေတွင် ဤတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိန်းချုပ်ဒေသအတွင်းဖမ်းမိသော ကျပ်သိန်းတစ်သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို NUG က မီးရှို့ဖျက်ဆီး

ဇန်န ၃၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးအုပ်ချုပ်နေသော ဒေသများတွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၂၅ ရက်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း NUG က ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၆,၅၄၅ ခွက်၊ WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ ပြားဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း တစ်သိန်းခန့်ရှိသည်ဟု NUG က ဆိုသည်။ ဘိန်းဖြူများကို မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဖမ်းဆီးရ မိ၍ NUG ထံ အပ်နှံခဲ့ပြီး WY ဆေးပြားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့ များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဦးဆောင်ကာ ဒေသခံပြည်သူများ၊ PDF နှင့် ပအဖ၊ ပကဖ၊ ပလဖ ရဲဘော်များ တက်ရောက်ခဲ့သည့် ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက် သော တရားခံများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဟု NUG က အသိပေးထားသည်။ NUG အစိုးရသည် ထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါးအပြင် သစ်တောထွက်ပစ္စည်း၊ တောရိုင်း တိရစ္ဆာန်များ တရားမဝင် သယ်ဆောင်မှုများကိုပါ ဖမ်းဆီး အရေးယူလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ စစ်ရေးတိုးတက်မှု အစီရင်ခံစာအရ PDF နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက မြို့နယ် ၃၇ ခုကို အပြည့်အဝ သိမ်းပိုက်ထားပြီး နောက်ထပ် ၄၁ မြို့နယ်ကို ဆက်လက် ပိတ်ဆို့ ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။

မင်းဘူးမြို့နယ် အနောက်ပိုင်း စစ်တပ် မုန်တောင်ရဲစခန်းသိမ်းပိုက် စခန်းပါ မီးရှို့ဖျက်ဆီး

ဇန်န ၃၀
The Kaladan Post
မကွေးတိုင်း၊ မင်းဘူးခရိုင် စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မင်းဘူးမြို့နယ် အနောက်ပိုင်း မုန်တောင်ရဲ စခန်း ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ရဲနှင့် စစ်သားများ စတင်ပစ်ခတ်ချိန်မှာပင် ထွက်ပြေးသွားကြသဖြင့် ရဲစခန်းကို ၁၅ မိနစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက အသိပေးထားသည်။ အဆိုပါ ရဲစခန်းမှ ရဲများသည် ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ လူငယ်များကို ပေါ်တာဆွဲခြင်းစသည့် နည်းလမ်း မျိုးစုံဖြင့် ဖိနှိပ်နေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်း တာဝန် ရှိသူက ပြောဆိုသည်။ တိုက်ပွဲအတွင်း ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စခန်းအတွင်း ရဲအသုံးအဆောင်ပစ္စည်း များနှင့် ပြည်သူများထံမှ လုယက်ယူထားသော ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကာ လက်နက်များ မရရှိခဲ့ ကြောင်း သိရသည်။ စခန်းကို မီးရှို့ ရှင်းလင်းခဲ့ပြီး တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက သာ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်ရင်းအနေဖြင့် လုပ်ငန်းရှင်များအပါအဝင် မည်သူ့ထံမှမဆို အလှူခံခြင်း၊ ခြိမ်းခြောက် ငွေတောင်းခံခြင်း မရှိကြောင်း အသိပေးထားသည်။ မင်းဘူးမြို့နယ်အတွင်း ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများ၊ ရဲများနှင့် စခန်းများအနီး မနေထိုင်ကြရန်လည်း မေတ္တာရပ်ခံ နှိုးဆော်ထားကြောင်း သိရသည်။

ကသာမြို့ ရှောင်ကွင်းလမ်းတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခရီးသွားဇနီးမောင်နှံနှစ်ဦး သေဆုံး

ဇန်န ၃၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကသာမြို့ ရှောင်ကွင်းလမ်းထဲတွင် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က စစ်တပ် က မြို့ထဲမှ ဟောက်ဝှစ်ဇာ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း Indaw Revolution – IR က ထုတ်ပြန်သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးမှာ ဆိုင်ကယ်နှင့်အတူ နေရာတွင်ပင် မီးလောင်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရင်း ည ၁၀ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူနှစ်ဦးမှာ ဗန်းမော်မြို့နယ်၊ မံစီမြို့ပေါ်မှ လူလတ်ပိုင်းအရွယ် ခရီးသွားဇနီးမောင်နှံ ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း နန့်ခမ်းမြို့မှ ဆိုင်ကယ်များတင်၍ အင်းတော်-မော်လူးဘက်သို့ ရောင်းချ ရန် လာရောက်နေသူများ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ကသာမြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်ရှိနေကြောင်း သိရသည်။

NUG နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု ဆွေးနွေးချက်များ သဘောတူညီချက်ရရှိ

ဇန်န ၃၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် တွေ့ဆုံ၍ လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း Division of Competency ကိစ္စရပ်နှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ NUG ဘက်မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်စောဖူးတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်း၊ ကာကွယ်ရေးဝန်ကြီး ဦးကိုကိုအောင်၊ ပြည်ထဲ ရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇင်မင်းထွန်း၊ ရှေ့နေချုပ် ဦးအောင်ချစ်ညိုတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နှစ်ဘက်တာဝန်ရှိသူများက living document အဖြစ် ထားရှိထားသော DOC စာရွက်စာတမ်းပါ အချက်များကို အသေးစိတ် ဆွေးနွေးခဲ့ရာ သဘောတူညီရရှိပြီးသော အချက်များ၊ ပြင်ဆင်ရန်လိုအပ်သော အချက်များနှင့် ဖြည့်စွက် ရန်လိုအပ်သော အချက်များကို ရှင်းလင်းစွာ ခွဲခြားဆွေးနွေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးရရှိခဲ့ သော အချက်များကို NUG ထံ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ဆက် လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး

ဇန်န ၃၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာတွင် စစ်ကောင်စီ ထိုင်ချတပ်စွဲထားသည့်နေရာမှ ထွက်လာသော စစ်သားများနှင့် အင်မထီးရွာ ပျူစောထီး ၃ ဦးကို ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်က တော်လှန်ရေးတပ်ဖွဲ့များက ကင်းဝပ်စောင့်ကြိုကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း Unity Column က ထုတ်ပြန်သည်။ သေဆုံးသူများတွင် အင်မထီးပျူစောထီး ခေါင်းဆောင် ကျော်လှိုင့်၏ သားဖြစ်သူ စိုးမြတ်မင်း ပါဝင်ပြီး နောက်ထပ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဂန့်သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ထို့အပြင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ဇန်နဝါရီ ၂၇ ရက်က ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်း ခြောက်သဲကွေ့ အနီး ပြည်သူများထံမှ ဆက်ကြေးတောင်းနေစဉ် ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ၄၀ မမ ဗုံး ၃ လုံးနှင့် လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်တွင် ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက် မှုကို ချင်းတွင်းဒိုင်းနမိုက် PDF (Salingyi)၊ SOLO အောင်ကြီး (Salingyi)၊ ချင်းတွင်ကာကွယ်ရေး (CDF) နှင့် ဆားလင်းကြီးမြို့နယ် ပလဖ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စတင်ပြီး တော်လှန်ရေးတပ်များက စစ်တပ်ကာကင်း တစ်ခု သိမ်းပိုက်

ဇန်န ၃၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်အစပ်ရှိ ထီးချိုင့်မြို့ကို ပြန်လည်သိမ်းပိုက်ရေး တော်လှန်ရေးတပ်ဖွဲ့များ က ဇန်နဝါရီ ၂၈ ရက် နံနက် ၅ နာရီခန့်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်တွင် စစ်တပ်၏ ကာကင်းစခန်း တစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ KIA ဦးဆောင်မှုဖြင့် PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်နေသည့် မြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး မြို့နေပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လုံခြုံရေးအရ Starlink အင်တာနက် လိုင်းများကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။ ယခင်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ထီးချိုင့်မြို့ ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တွင်း နေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့ သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ယခု နှစ်နှစ်ကျော်အကြာ ၂၀၂၆ ဇန်နဝါရီလတွင် မြို့သိမ်းတိုက်ပွဲကို တစ်ကျော့ပြန် စတင်လိုက်ခြင်း ဖြစ်သည်။

ပွိုင့် ၆၆၆ ကုန်းကို AA နှင့် မဟာမိတ်တပ်များ တစ်ကျော့ပြန်သိမ်းပိုက် အထိနာသည့်စစ်တပ် ပြန်ဆုတ်ခွာ

ဇန်န ၃၀
The Kaladan Post
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ရခိုင်ပြည်နယ်နှင့် နယ်စပ်ထွက်ပေါက်အတွက် စစ်ရေးအရ အရေးပါ သော ၆၆၆ ပွိုင့်ကုန်း (ပုဂံဂွေ့/ပန်းကန်ကွဲ ကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာ) ကို အာရက္ခ တပ်တော် (AA) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ဇန်နဝါရီ ၂၈ ရက်တွင် တစ်ကျော့ပြန် သိမ်းပိုက် ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ ယင်းကုန်းကို AA က ၂၀၂၅ အောက်တို ဘာ ၁၄ ရက်က ပထမအကြိမ် သိမ်းပိုက်ထားခဲ့သော်လည်း စစ်တပ်က နိုဝင်ဘာလမှ စတင်ကာ လက်နက်ကြီး၊ လေကြောင်းဖြင့် ထိုးစစ်ဆင်ပြန်လည်တိုက်ခိုက်ခဲ့ရာ ခေတ္တဆုတ်ခွာပေးခဲ့ရသည်။ နှစ်လနီးပါး ပြင်းထန်သော တိုက်ပွဲများအပြီး ဇန်နဝါရီလအတွင်း AA က စစ်ရှိန်ပြန်မြှင့်တင်ကာ တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်းများ အထိနာပြီး ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့ပြီး ဇန်နဝါရီ ၄ ရက်က တိုက်ပွဲတွင် အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် အပါအဝင် ဗိုလ်ကြီး ၂ ဦး၊ အခြားအဆင့်များစွာ သေဆုံးခဲ့ကြောင်း သိရသည်။ ဆုတ်ခွာပြီးနောက် ဇန်နဝါရီ ၂၆ ရက်မှ ၃၀ ရက်အတွင်း အကြိမ် ၃၀ ကျော် ပျံသန်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကပစ (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ အနီးတဝိုက်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်တောင်းမြစ်တံတားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး တပ်သား ၂ ဦး သေဆုံး

ဇန်န ၃၀
The Kaladan Post
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် မုန်း-အုတ်ဖြတ်လမ်းပိုင်း စစ်တောင်းမြစ်ကူးတံတားပေါ်တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈)၊ ARMS Local PDF တပ်ရင်းနှင့် Falcons (စွန်ရဲ) တပ်ခွဲတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၉ ရက်နေ့တွင် စနိုက်ပါလက်နက်ဖြင့် နှစ်ကြိမ်တိုင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ၂ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Falcons တပ်ခွဲက ထုတ်ပြန်သည်။ တိုက်ခိုက်မှုများမှာ နံနက် ၈ နာရီဝန်းကျင်တွင် တံတားပေါ်တွင် နေပူဆာထွက်လှုံနေသော ဆံပင်ဖြူဖြူ အသက်အရွယ် ကြီးရင့်သူ စစ်ကောင်စီတပ်သားတစ်ဦးကို ပထမဦးစွာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် အဝတ်လှန်းရန် ထွက်လာသော အရာခံဗိုလ်အဆင့် (၂ ရစ်) တပ်သားတစ်ဦးကို ထပ်မံ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ စစ်တောင်းမြစ်တံတားသည် လမ်းပိုင်း လုံခြုံရေးအတွက် စစ်ကောင်စီ အထိုင်ချ တပ်စွဲထားသည့် နေရာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များက စနိုက်ပါ ၃ လက်အသုံးပြု၍ အချိန် ခြားတိုက်ခိုက်ခဲ့ကြောင်း Falcons နှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။ ထို့ပြင် ရှမ်းပြည်နယ် ရွာငံ-အောင်ပန်း လမ်းပိုင်း ရွာငံမြို့ပေါ်မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်တပ်များကို ဇန်နဝါရီ ၁၃ ရက်က တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များက တရားဝင်ထုတ်ပြန်မှု မရှိသေးပေ။