DKBA အဖွဲ့က မြဝတီ ကျောက်ခတ်ဒေသတွင် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီး
ဇန်န ၅
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသတွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ဗိုလ်မှူးချုပ် စိုင်းကျော်လှ ဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီ ၃ ရက် ည ၇ နာရီခန့်က ဒေသနေ လူငယ်များနှင့် အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူ လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွား ကြောင်း ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများနှင့် ကရင်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖမ်းဆီးမှုအတွင်း ၁၂ ဘီးကားများဖြင့် လူငယ်များကို တင်ဆောင်သွားပြီး လမ်းပေါ်တွေ့ရှိသူများ၊ ဆိုင်များတွင် အလုပ်လုပ်နေသူများကို သေနတ်ချိန်ပြီး ဖမ်းဆီးခဲ့ကာ အချို့လူငယ်များမှာ ထွက်ပြေး ပုန်းအောင်းနေရကြောင်း သိရသည်။ DKBA ဗိုလ်မှူးချုပ် စိုင်းကျော်လှ စိုးမိုးအုပ်ချုပ်နေသော ဒေသဖြစ်ပြီး ပေါ်တာဆွဲမှုကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဝက်လက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီး အမျိုးသမီး ၄ ဦး မုဒိမ်းကျင့်ခဲ့ပြီး ပြည်သူ ၆ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီး
ဇန်န ၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အင်ဒေါင်းရွာကို အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်း ပြီး အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ကာ ကိုယ်ဝန်တားဆေးများပါ ထိုးပေးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလကုန် ပိုင်းမှ စတင်ကာ ရှိမ်းမကားရွာမှ ထွက်လာသော စစ်ကြောင်းက အင်ဒေါင်းရွာကို စီးနင်းခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင် ရွာသစ်ရွာကို ထပ်မံ ဝင်ရောက်ကာ နေအိမ် ၄ လုံးနှင့် မီးဖိုချောင် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ဒေသခံများက ပြောဆိုကြသည်။ လက်ရှိတွင် ရှိမ်းမကားနှင့် ထုံးဘိုရွာမှ ထွက်လာသော စစ်ကြောင်းနှစ်ခုက တပြိုင်နက် ကျေးရွာများကို စီးနင်းနေပြီး အင်ဒေါင်း၊ ရွာသစ်၊ ကမ်းဖြူ၊ မှော်ဦး၊ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ လှေပို့ဆိပ်၊ သစ်ဆိပ်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မင်းရွာတောင်၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင်စသည့် ကျေးရွာများမှ ထောင်နှင့်ချီ သော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကြောင်းထိုး စစ်တပ်ကို တံတားလေတပ်မှ Y-12 လေယာဉ်ဖြင့် ရိက္ခာကျဲချ ပို့ဆောင်နေပြီး ဒေသတွင်း လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေကာ ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်နေကြောင်း သိရသည်။

တနင်္သာရီနှင့် စစ်ကိုင်းတိုင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက မူးယစ်ဆေးဝါး သောင်းချီ ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီး
ဇန်န ၅
The Kaladan Post
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ဇန်နဝါရီ ၄ ရက်နေ့တွင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ၂၀၂၅ ခုနှစ် အတွင်း ဖမ်းဆီးရမိခဲ့သော WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၃ ပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။ အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ပြည်သူ့အုပ်ချုပ်ရေး တရားစီရင်ရေး အဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူလူထု အသိသက်သေများ ရှေ့တွင် အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ် နေသည့် မူးယစ်ဖြန့်ဖြူးသူများထံမှ ဖမ်းဆီးရမိသော WY စိတ်ကြွဆေးပြား ၂,၀၇၅ ပြား၊ WY အမှုန့် ၁၉၇ ထုတ်နှင့် ICE ၅ ခဲကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိမှုအများစုမှာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အချို့မှာ သတင်းတိကျရရှိမှုအရ သွားရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်ကာ အမှုများသည် လွန်ခဲ့သော ၆ လမှ ၁၁ လကြာ ကာလအတွင်း စတင်ဖမ်းဆီးရမိခဲ့ပြီး တရားစီရင်ပြီးဆုံးချိန်တွင် သက်သေပစ္စည်းများအဖြစ် မီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ တရားခံများမှာ စစ်ကောင်စီနှင့် ဆက်နွယ်နေ သူများဖြစ်ပြီး လက်ရှိ CDM ရဲဦးဆောင်သော ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပလဖ အချုပ်ခန်းများတွင် ထောင်ဒဏ်ချမှတ်ကာ ထိန်းသိမ်းထားကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး နှင့် မူးယစ်ကင်းစင်ရေးအတွက် ဒေသခံတော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့များက ယခုကဲ့သို့ မူးယစ်ဆေးဝါး ဖျက်ဆီးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုးကန့်ချင်းရွှေဟော် နယ်စပ်ဂိတ်မှ နေ့စဉ် တရုတ်သို့ ကုန်သွယ်မှု မြင့်တက်
ဇန်န ၅
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၊ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ဂိတ်မှ တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်တင်ယာဉ် ၂၀၀ ကျော် ကုန်စည်တင်ပို့နေပြီး၊ လယ်ယာထွက် ကုန်ရိတ်သိမ်းရာသီကြောင့် ကုန်စည်စီးဆင်းမှု မြင့်တက်လျက်ရှိကြောင်း MNDAA က ထုတ်ပြန်သည်။ ကြံ၊ ပြောင်းဖူး အပါအဝင် လယ်ယာထွက်ကုန်များနှင့် နေ့စဉ်သုံးပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု များပြားလာ၍ MNDAA လက်အောက်ခံ ယာဉ်ထိန်းတပ်ဖွဲ့က လမ်းကြောင်းခွဲခြား၊ ယာယီစခန်းများ ဖွင့်လှစ်ပြီး နံနက် ၆ နာရီမှ ညဉ့်နက်အထိ အစွမ်းကုန် ဆောင်ရွက်နေပေးနေကြောင်း သိရသည်။ ကုန်တင်ယာဉ်ကြီးများနှင့် ယာဉ်ငယ်များကို သီးသန့်လမ်း ကြောင်း သတ်မှတ်ပေးခြင်း၊ ဦးစားပေးဖြတ်သန်းခွင့်ပြုခြင်းဖြင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရန်နှင့် ယာဉ်တိုက်မှု ကင်းရှင်းရန် ကြိုးပမ်းနေကြောင်း MNDAA လက်အောက်ခံ ယာဉ်ထိန်းတပ်ဖွဲ့က ပြောဆိုသည်။ ယင်းယာဉ်ထိန်းတပ်ဖွဲ့ကို ၂၀၂၅ တွင် ဖွဲ့စည်းခဲ့ပြီး ကွမ်းလုံ၊ တုံရှန်မြို့နယ်များအထိ တာဝန်ယူနေကြသည်။ ကြံတင်ယာဉ် ၅၀ ရာခိုင်နှုန်းကျော်နှင့် ပြောင်းဖူးတင်ယာဉ် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး၊ တောင်သူများ၏ ထွက်ကုန်များ ဈေးကွက်ရောက်ရှိရန် နှစ်ဖက်ညှိနှိုင်းမှုဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ဟားခါးမြို့နယ်တွင် စစ်တပ်လေယာဉ်ဗုံးကျဲမှုကြောင့် မိသားစု ၃ ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာပြင်းထန်
ဇန်န ၅
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကြရောက်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ည ၁၂ နာရီ ဝန်း ကျင်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟောတာ (Halta) ရွာနှင့် ဟိုင်ဖိုင် (HaiPhai) ကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူကို ပစ်မှတ်ထားကာ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ပြီး ဟောတာရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ကြသည်။ ထိုဗုံးကျဲမှုကြောင့် အိပ်ပျော်နေသော မိသားစု ၄ ဦး ထိခိုက်ခဲ့ပြီး ကလေးငယ် ၂ ဦးနှင့် မိခင်ဖြစ်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဖခင်ဖြစ်သူမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။ အလားတူ ဟိုင်ဖိုင်ကျေးရွာတွင်လည်း ဗုံးကျဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် စစ်တပ်က ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု များကို အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မိုးမိတ်မြို့တွင် ပြည်သူ့စစ်သင်တန်းဆင်း စစ်သား ၄၀ ခန့် ထွက်ပြေးကြပြီး စစ်တပ်က လိုက်လံရှာဖွေနေ
ဇန်န ၅
The Kaladan Post
မိုးမိတ်မြို့သို့ စစ်ကောင်စီက ပို့လွှတ်ထားသော ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းစစ်သားသစ် ၄၀ ဦး သည် ဇန်နဝါရီလ အစောပိုင်းတွင် ထွက်ပြေးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီ တပ်ဖွဲ့က လက်သိပ်ထိုးပြီး ရပ်ကွက်များ၊ ရွာများအထိ လိုက်လံ ရှာဖွေဖမ်းဆီးနေပြီး ဒေသခံများ၏ သတင်းပေါက်ကြားမှုဖြင့် အချက်အလက်များ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီက မိုးမိတ်မြို့တွင် တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ယခုရက်ပိုင်းတွင် တပ်မ(၉၉) နှင့် တပ်မ(၁၁) လက်အောက်ခံတပ်များကို အစားထိုး ပို့ဆောင်နေ ကြောင်း သိရသည်။ မိုးမိတ်မြို့သည် တအာင်းတပ်ဖွဲ့ TNLA နှင့် မဟာမိတ်များက ၁၀၂၇ စစ်ဆင် ရေးအတွင်း သိမ်းပိုက်ထားခဲ့သော မြို့ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ဆွေးနွေးမှု အရ မိုးကုတ်နှင့်အတူ ပြန်လည်အပ်နှံရန် သဘောတူခဲ့သည်။ စစ်ကောင်စီတပ်များသည် နိုဝင်ဘာ ၂၅ ရက်မှ စတင်ကာ ကားများဖြင့် မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး ဌာနဆိုင်ရာ အဆောက်အအုံများအပြင် ဒေသခံနေအိမ်များတွင်ပါ တပ်စွဲထားကာ ဘောလုံးကွင်းတွင် အများဆုံး တပ်စွဲနေထိုင်ကြပြီး ကင်းလှည့်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် NUG လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းသား ၃ ဦး လွတ်မြောက်
ဇန်န ၅
The Kaladan Post
စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်အစိုးရ၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်အမှတ် ၁/၂၀၂၆ ဖြင့် အကျဉ်းထောင် အတွင်း ရှိသော အကျဉ်းသား ၃ ဦးကို လွတ်မြောက်ခွင့် ပြုလုပ်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်သည် ဇန်နဝါရီ ၁ ရက်နေ့က NUG နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်အရ နိုင်ငံတစ်ဝန်း အကျဉ်း ထောင်များရှိ အကျဉ်းသား/အကျဉ်းသူ ၁၁၀ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ အပြည့်အဝ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး၊ ကျန်အကျဉ်းသားများ အား ၎င်းတို့ ကျခံနေရသော ထောင်ဒဏ်၏ ၃ ပုံ ၁ ပုံ လျှော့ချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။ မုံရွာမြို့နယ်တွင် ယင်းအမိန့်အရ အကျဉ်းသား ၃ ဦး လွတ်မြောက်ခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တရားသူကြီး၊ အကျဉ်းထောင်တာဝန်ခံနှင့် မြို့နယ်ရုံးအဖွဲ့မှူးတို့ ပူးပေါင်း၍ အခမ်းအနားဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လွတ်မြောက်သူ ၃ဦးကို နေရပ်ပြန်ရောက်ရှိနိုင်ရန် လမ်းစရိတ်ထောက်ပံ့ပေးခြင်း၊ မိဘများနှင့် ချိတ်ဆက်ပေးခြင်း၊ တော်လှန်ရေးရဲဘော်များနှင့် ပူးပေါင်း၍ လုံခြုံစွာ နေရပ်ပြန်ရောက်ရှိရေး စီစဉ်ပေးခဲ့သည် ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုအာကူးက ပြောဆိုသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တရားဥပဒေနှင့်အညီ စီရင်ချက်ချမှုများသာမက လွတ်ငြိမ်းချမ်းသာခွင့်များကိုပါ ဥပဒေအတိုင်း ခံစားခွင့်ပြုနေကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားရန် စစ်ကောင်စီ ညွှန်ကြား
ဇန်န ၅
The Kaladan Post
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခြေခံပညာနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ တွင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက မဲမသမာမှု၊ မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ကြောင်း ပြဋ္ဌာန်းချက်အဖြစ်ထည့်သွင်း သင်ကြားရန် ညွန်ကြားထား ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ပြောဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက လူထုထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က မဲမသမာမှုရှိသည်ဟု စွပ်စွဲကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ယင်းစွပ်စွဲချက်များကို ပညာရေးစနစ်ထဲ တရားဝင်ထည့်သွင်းရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်များ၊ စစ်ဦးစီးတက္ကသိုလ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များအပါအဝင် စစ်တပ်ထိန်းချုပ်ထားသော ပညာရေးအဖွဲ့အစည်းများတွင် ယခုအခါ နိုင်ငံရေးဘာသာရပ်အဖြစ် သင်ကြားနေပြီဖြစ်ကာ၊ အရပ်ဘက်တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်လည်း ပြဋ္ဌာန်းချက်အဖြစ် ထည့်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက် မဲမသမာမှုများကြောင့် စစ်တပ်က အာဏာထိန်းရခြင်းဖြစ်ပြီး NLD အစိုးရကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခဲ့သည်ဟု မင်းအောင်လှိုင်ကိုယ်တိုင်က ထပ်ခါတလဲလဲ ထုတ်ဖော်ပြောဆိုခဲ့ပြီး ယခု ပညာရေးစနစ်ထဲသို့ တရားဝင်ထည့်သွင်းရန် အဆုံးအဖြတ်ချမှတ်လိုက်ပုံ ရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီ ယာဉ်ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်
ဇန်န ၅
The Kaladan Post
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ဇန်နဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီ ယာဉ်များကို မိုင်းဆွဲ တိုက်ခိုက်မှု နှစ်ကြိမ် ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂) က ထုတ်ပြန်သည်။ ပထမအကြိမ်တွင် ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပေါ်ရှိ တောင်လည် စစ်ဆေးရေးဂိတ်မှ ထွက်လာသော Probox ကားတစ်စီး (ဗိုလ်မှူး အပါအဝင် အင်အား ၆ ဦးခန့်ပါ) ကို မနက် ၁၀ နာရီခန့်တွင် ပုလရွာ နှင့် ဖိုးကျော့ကွင်း ကျေးရွာ ကြားတွင် တပ်ခွဲ (၃) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး၊ ကားဆက်မောင်းထွက်သွားသည်ကို ပျားထိုးကျွန်း အနီးတွင် တပ်ခွဲ (၄) က ထပ်မံ မိုင်းဆွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးကြောင်း တပ်ရင်း (၂) က ပြောဆိုသည်။ ထို့အပြင် ဒုတိယအကြိမ်တွင် ပေါင်းတလည်မြို့မှ ကင်းပတ်ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းကို ကန်စုရွာ အနောက်ဘက် ကျောင်းအနီး တွင် ဗျူဟာ (၂၁) လက်အောက်ခံ ပြည်ခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၃) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ တပ်ရင်းများက အသိပေးထားသည်။ လက်ရှိ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်းများသည် စစ်ဆင်ရေးများကို တတ်နိုင်သမျှ ဆက်လက် ဖော်ဆောင်နေကြောင်း တာဝန်ရှိသူ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star ပြောကြားထားသည်။ ထို့ပြင် ပေါက်ခေါင်းမြို့နယ်သည် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သော်လည်း မြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၀ ခန့်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သော စာရင်းတွင် ပါဝင်နေကြောင်း တပ်ရင်း (၂) က ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆားလင်းကြီးတိုက်နယ်ဆေးရုံ စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ဆရာဝန်အပါအဝင် ၃ ဦး သေဆုံး
ဇန်န ၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင်းတတိုက်နယ်ဆေးရုံကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့က ဂျိုင်ရိုကော်ပတာ နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆရာဝန်တစ်ဦး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဒေသခံတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ သေဆုံးသူများထဲတွင် ဒေါက်တာအောင်သဲထွဋ်နှင့် သူ၏အဖိုးဖြစ်သူ ပါဝင်ပြီး ကျန်တစ်ဦးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရသေးကြောင်းနှင့် ဒဏ်ရာရရှိသူ အများအပြားလည်း ရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယခင်ကလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့လို နေ့ထူးနေ့မြတ်များတွင် ကြိုးလွန်နေသော အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များကို ကုလသမဂ္ဂ၊ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေး အဖွဲ့ (APHR) တို့က စစ်ကောင်စီကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်စစ်ရာဇဝတ်မှု ကျူးလွန်သည်ဟု ထုတ်ပြန်ထားကြသည်။ ဤလေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ ပြည်သူ့ဆေးရုံများနှင့် အရပ်သားများကို ပစ်မှတ်ထားသည့် ရက်စက်မှုပုံစံကို ထပ်မံ သက်သေပြနေပြီး နိုင်ငံတကာ ရှုတ်ချမှုများ ပိုမိုပြင်းထန်လာစေရန် ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
စစ်ရှုံးနေချိန် ကမ္ဘာ့စံနှုန်း တပ်မတော် တည်ဆောက်နေဟု မင်းအောင်လှိုင် ကြုံးဝါး
ဇန်န ၅
The Kaladan Post
နေပြည်တော်တွင် ဇန်နဝါရီ ၄ ရက်က ကျင်းပခဲ့သော စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ပွဲအခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အင်အားချိန်ခွင်လျှာ ပျက်ယွင်းမှု၊ ဗိုလ်ကျစိုးမိုးမှုနှင့် ရုပ်သေးအစိုးရ ဖြစ်စေရေး ကြိုးပမ်းမှုများကြောင့် သမားရိုးကျ စစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် အသုံးချခံရမှု မဖြစ်စေရေး အတွက် တပ်မတော်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော “Standard Army” ဖြစ်အောင် တည်ဆောက်နေကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် စွမ်းရည် (၃) ရပ်နှင့် ပြည့်စုံသော တပ်မတော်တစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီး စွန့်လွှတ် စွန့်စားစိတ်ရှိသော အရာရှိ၊ စစ်သည်များကို ဆောင်ရွက်ပေးသင့်သမျှ ဆောင်ရွက်ပေးနေကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက်လည်း ကြိုးစားပေးနေသည်ဟု ချီးကျူးခဲ့သည်။ သို့ရာတွင် စစ်တပ်သည် နွေဦးတော်လှန်ရေး စတင်ချိန်မှစ၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (MNDAA သိမ်း)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (AA သိမ်း) အပါအဝင် တိုင်းစစ်ဌာနချုပ် နှစ်ခု ဆုံးရှုံးခဲ့ရပြီး တပ်မမှူး ၅ ဦး ကျဆုံး၊ တပ်မမှူး ၂ ဦး အပါအဝင် တိုင်းမှူးများ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည်။ လက်ရှိတွင် နေပြည်တော်နှင့် ရန်ကုန်မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းအင်အားကိုသာ အဓိက အားထားနေရသည်။

မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ ဦး ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံနေရ
ဇန်န ၅
The Kaladan Post
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ ဦးကို ထောင်အာဏာပိုင်များက ရက်စက်စွာ ရိုက်နှက်ကာ လက်ရှိအချိန်အထိ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများ ကွန်ရက် (PPNM) ဗဟိုက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် အမျိုးသား ဆောင် ၄ အတွင်း နိုင်ငံရေးအကျဉ်းသားများကို ထောင်တစ်ခုလုံး၏ စားပြီးသား ပန်းကန်များကို ဆေးကြောရန် အတင်းအကြပ် ခိုင်းစေခဲ့ရာ နိုင်ငံရေးအကျဉ်းသားများက မဆောင်ရွက်နိုင်ကြောင်း ပြန်လည်တင်ပြခဲ့ကြသည်။ ထို့ကြောင့် ထောင်အာဏာပိုင်များက ခေါင်းငုံ့ထိုင်ခိုင်း၊ မငုံ့သူများကို မျက်နှာအဝတ်စည်း၍ ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်း စသည့် ရက်စက်မှုများ ပြုလုပ်ခဲ့ပြီး ခေါင်းကွဲ ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်း ဒီဇင်ဘာ ၁၇ ရက်တွင် ထောင်ဈေးဘား များ၏ မတရားဈေးနှုန်းမြင့်မားမှုကို ဆန့်ကျင်ကာ ကွမ်းယာ မဝယ်စားရန် ကွမ်းဖြတ်တောက်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကိုပါ ရိုက်နှက်ကာ ခြေကျင်းခတ်ပြီး တိုက်ပိတ်ထားခဲ့သည်။ ယနေ့အချိန်အထိ စုစုပေါင်း ၃၅ ဦး တိုက်ပိတ်ခံနေရဆဲ ဖြစ်ပြီး အရိုက်ခံရသူ များ၏ ကျန်းမာရေးအခြေအနေကို မိသားစုများက အတိအကျ မသိရသေးကြောင်း သိရသည်။ ထိုရက်စက်မှုများတွင် သက်ပိုင်စိုး၊ တန်းစီး တင်အောင်ထွန်း၊ တန်းစီး စစ်သားကြီး၊ တန်းစီး ငပွေး၊ အခန်းလူကြီး မြတ်ကို စသည့် ထောင်ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း PPNM က အသေးစိတ် ဖော်ပြထားသည်။ PPNM က ဤလုပ်ရပ်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ အကျဉ်းသားဆိုင်ရာ စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ထောက်ပြပြီး ပါဝင်ပတ်သက်သူများကို တရားမျှတမှု ရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

