ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦး သေဆုံး
ဇန်န ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာတွင် ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ရှိမ်းမကားရွာ စစ်တပ်စခန်းမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဒေသခံ အမျိုးသမီး ၉ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်းမတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် မတ္တရာမြို့နယ် ပကဖနှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၈ တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်း မရှိဘဲ စစ်ကြောင်း၏ စနိုက်ပါ၊ လက်နက်ကြီး ပစ်ကူနှင့် သံခွန်ပွိုင့်ဖိုက်တို့ကြောင့် ဆုတ်ခွာရ အခက်အခဲ ဖြစ်ခဲ့ကာ ရဲဘော်များ၏ ရုပ်အလောင်းများပင် ပြန်မယူနိုင်ခဲ့ကြောင်းသိရသည်။ ယင်းစစ်ကြောင်းသည် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ဝက်လက်မြို့နယ်အတွင်း လှုပ်ရှားနေပြီး အင်ဒေါင်းရွာတွင်လည်း အမျိုးသမီးများကို မုဒိမ်းကျင့်ကာ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်အပြင် ဇန်နဝါရီ ၃ ရက်တွင် ရွာသစ်ရွာကို ဝင်ရောက်စီးနင်း၍ နေအိမ် ၄ လုံးနှင့် မီးဖိုချောင် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ညောင်ဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်း Black Eagle PDF (Bagan) ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံး
ဇန်န ၉
The Kaladan Post
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ဇန်နဝါရီ ၃ ရက်နေ့က ညောင်ဦးမြို့မှ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်း (အင်အား ၂၀၀ ဝန်းကျင်) သည် လက်ဝဲကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် ပိုက်ဆံနှင့် ဖုန်းများအပါအဝင် ပစ္စည်းများကို ခိုးယူခဲ့သည်ဟု Black Eagle PDF က ပြောဆိုသည်။ ထို စစ်ကြောင်း လက်ဝဲကျေးရွာမှ ထွက်ခွာလာစဉ် လက်ဝဲကျေးရွာနှင့် မန်ကျည်းတန်းကျေးရွာအကြားတွင် Black Eagle PDF (Bagan) တပ်ဖွဲ့က အသင့်စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီးတိုက်ပွဲခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသည့် စစ်သား ၅ ဦးကို မိထ္တီလာ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးအတွင်း အီနာဂါ ၁ လုံး၊ ၄၀ မမ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ မမ ကျည် ၁၇ တောင့်၊ G3 ကျည် ၁ တောင့်နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ သို့သော် ကျည်အင်အား မလုံလောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဆုတ်ခွာခဲ့ရပြီး နောက် စစ်တပ်က ရွာစဉ်ပတ်မီးရှို့ဖျက်ဆီးကာ ပြန်လည်ထိတွေ့မှုဖြစ်ရာ တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း Black Eagle PDF တာဝန်ရှိသူက ပြောဆိုသည်၊၊လက်ရှိတွင် စစ်ကြောင်းသည် စဥ့်ကူရဲစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကာ ယင်းစစ်ကြောင်းကြောင့် အနီးဝန်းကျင် ကျေးရွာ ၁၀ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရဆဲ ဖြစ်ကြောင်း Black Eagle PDF – Bagan အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဇီးသီးက ဆက်လက်ပြောဆိုသည်။

နွားထိုးကြီးမြို့နယ် ညောင်ပင်သာရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်ခံရပြီး ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ဇန်န ၉
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထား သော စစ်အုပ်စုတပ်စခန်းကို ဇန်နဝါရီ ၂ ရက်နေ့က မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း (၁၊ ၄၊ ၁၀)၊ မြင်းခြံခရိုင်ပကဖနှင့် အမှတ်(၉၉၂၄) တပ်ဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲသည် နှစ်နာရီကြာ နှစ်ဖက်အပြန်အလှန် ပြင်းထန်စွာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကာ ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း သတင်းတာဝန်ရှိသူက ပြောဆိုသည်။ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို ကြားသိရှိထားသော်လည်း သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ တော်လှန်ရေးတပ်များအနေဖြင့် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အတည်ပြုထားသည်။ ထို့အပြင် ဇန်နဝါရီ ၆ ရက်နေ့တွင်လည်း မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်းမှ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ မြင်းခြံမြို့နယ် လေးအိမ်တန်းရွာ ရွှေညောင်ပင် စစ်တပ်ဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ယခုရက်ပိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင် စစ်ကြောင်းထိုးမှုများနှင့် တပ်စွဲရာ ဂိတ်စခန်းများကို ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရှိရသည်။

ဖြူးမြို့နယ်တွင် စစ်ကောင်စီ၏ ဒေါက်တိုင် ထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး
ဇန်န ၉
The Kaladan Post
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ညောင်ပင်သာမြို့၊ ဇေယျာသီရိ ၉ လမ်းတွင် နေထိုင်သော စစ်ကောင်စီ၏ သတင်းပေး (ဒေါက်တိုင်) ထွန်းဝင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က သီရိဝေ ဘီယာဆိုင်တွင် ဘီယာသောက်နေစဉ် ဖြူးမြို့နယ် ပကဖ (Phyu Township People’s Defense Organization) မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထွန်းဝင်း သေဆုံးသွားကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်သည်။ ထွန်းဝင်းသည် ၂၀၂၁ ခုနှစ် တော်လှန်ရေးစတင်ချိန်မှ စစ်ကောင်စီနှင့် ပူးပေါင်း၍ သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်ရင်း တော်လှန်ရေးအဖွဲ့များ၏ သတင်းကို စုံစမ်းပေးနေသူဖြစ်ကြောင်း သိရသည်။ ယခင်က တစ်ကြိမ် ရှင်းလင်းရန် ကြိုးစားခဲ့သော်လည်း ကျည်မထိဘဲ လွတ်မြောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သေဆုံးခဲ့ဟု ဖြူးမြို့နယ် ပကဖ ဆိုသည်။ သူသည် အပြစ်မဲ့ပြည်သူများကို အတင်း အဓမ္မ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခံခြင်း၊ သစ်မှောင်ခိုလုပ်ငန်းများနှင့် အတုအယောင်ရွေးကောက်ပွဲကို အားပေးနေသူဖြစ်သောကြောင့် ယခုလို ပစ်ခတ်ခံရခြင်းဖြစ်သည်။ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ခွေးစခန်းနှင့် ခွေးဂိတ်အကြား ဘီယာဆိုင်ထဲတွင် တစ်ချက်ပဲ ပစ်ပြီး ပြန်ခွာခဲ့ရသည် ဟု ပြောကြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီနှင့် သစ္စာဖောက်များကို ဆက်လက် ရှင်းလင်းသွားမည်ဟု သတိပေးထားသည်။

ပခုက္ကူမြို့နယ်တွင် စစ်တပ်အင်အား ၃၀၀ခန့်ပါ စစ်ကြောင်းက ကံရပ်ကြီးရွာကို ဝင်ရောက်ပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး
ဇန်န ၉
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးကျေးရွာကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ စစ်ကောင်စီ စစ်ကြောင်းသည် ကား ၆ စီးဖြင့် အင်အား ၃၀၀ ခန့်ပါဝင်ပြီး ကန်တော်ရွာမှတဆင့် ဇန်နဝါရီ ၆ ရက်မှ ထွက်ခွာလာကာ ဇန်နဝါရီ ၈ ရက်တွင် ကံရပ်ကြီးရွာကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော် ပြာကျပျက်စီးခဲ့ပြီး ရွာသားများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် လက်ရှိတွင် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီ ၉ ရက် ယနေ့အချိန်အထိ ထိုစစ်ကြောင်းသည် ကမ္မမြို့နှင့် အနီးအနားရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေပြီး မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ခြေ ရှိနေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေး အသိပေးထားသည်။

စစ်ကိုင်းနှင့် မန္တလေးတိုင်းများတွင် စစ်တပ် မိုင်းဆွဲ ၃ ကြိမ် ခံရပြီး စစ်သား ၂ ဦး သေဆုံး ၁၁ ဦး ဒဏ်ရာရ
ဇန်န ၉
The Kaladan Post
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဇန်နဝါရီ ၈ ရက် နံနက် ၆ နာရီခန့်က မြောင်လမ်းခွဲ အလ္လကပ္ပရွာအနီး၌ စစ်တပ်ဂိတ်မှ ထွက်လာသော စစ်ကား ၁ စီးကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ မြင်းမူမြို့နယ်ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams နှင့် မြောင်မြို့နယ် ပကဖအဖွဲ့များက ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မိုင်း ၄ ပွိုင့်ထုတ်ခဲ့ရာ ၃ ပွိုင့် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ အလားတူ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တွင် ဇန်နဝါရီ ၇ ရက်နေ့က မြို့သာလမ်းမကြီးပေါ်တွင် လမ်းပိုင်း စစ်ဆေးနေစဉ် ရောက်ရှိလာသော စစ်ကား ၂ စီးကို Special Task Force Ngazun အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သေဆုံးမှု ရှိ၊ မရှိ အတည်မပြုရသေးဘဲ ဒဏ်ရာရစစ်သားများကို မြို့သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင်လည်း ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီခန့်က မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို နွားပေါင်ရွာအနီး၌ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (လက်ရုံးတပ်) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိခိုက်သေဆုံးမှု အတိအကျကို လက်ရှိတွင် အတည်မပြုရသေးပေ။ တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူများအား စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဝေးနိုင်သလောက် ဝေးဝေးနေရန် သတိပေးထားသည်။

စောနယ်ဒါးမြ ဦးဆောင်သော KTLA ၏ ကော်သူးလေ သမ္မတနိုင်ငံ ကြေညာချက်ကို KNU က ပယ်ချ
ဇန်န ၉
The Kaladan Post
စောနယ်ဒါးမြ ဦးဆောင်သော ကော်သူးလေတပ်မတော် (Kawthoolei Army – KTLA) ၏ ဇန်နဝါရီ ၅ ရက် ကြေညာချက်နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာချက်ခဲ့သည်။ KTLA က ဇန်နဝါရီ ၅ ရက်တွင် ကော်သူးလေ အစိုးရ (Government of Kawthoolei) ဖွဲ့စည်းကာ ကော်သူးလေ သမ္မတနိုင်ငံ (Republic of Kawthoolei) တည်ထောင်ကြောင်း ကြေညာခဲ့ရာ စောနယ်ဒါးမြကို သမ္မတအဖြစ် သတ်မှတ်ခဲ့ ဖြစ်သည်။ ကရင်အမျိုးသား တော်လှန်ရေး၏ ရည်မှန်းချက်နှင့် လုံးဝ မကိုက်ညီသည့်အပြင် လက်တွေ့ အခြေအနေနှင့်လည်း မလျော်ညီဟု KNU က ထိုကြေညာချက်သည် ဆိုသည်။ စောနယ်ဒါးမြသည် စစ်ရာဇဝတ်မှု စွပ်စွဲခံရသူ ဖြစ်သည့်အပြင် KNU စည်းမျဉ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သော ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) စစ်ဦးစီးချုပ် ရာထူးမှ ရပ်စဲကာ KNU မှ ထုတ်ပယ်ခဲ့သူဖြစ်ကြောင်းသိရသည်။ ထို့နောက် ၂၀၂၂ ဇူလိုင်တွင် KTLA ကို ခွဲထွက်တည်ထောင်ခဲ့ရာ ထိုအဖွဲ့၏ လုပ်ဆောင်ချက်များနှင့်လည်း KNU ပတ်သက်မှု မရှိကြောင်း ယခင်က ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းသိရသည်။ KNU က KTLA ၏ လုပ်ရပ်များသည် “ကော်သူးလေ” အမည်ကို အလွဲသုံးစား ပြုလုပ်ခြင်းသာဖြစ်ကာ ကရင်တော်လှန်ရေးနှင့် ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ရှုတ်ချခဲ့သည်။ KNU သည် ခရိုင် ၇ ခု နယ်မြေအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၄ နှစ်တစ်ကြိမ် ကွန်ကရက်များ ကျင်းပပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အပြင် ရည်မှန်းချက်တူ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အာဏာရှင်စနစ်များကို ဆန့်ကျင်တိုက်ပွဲဝင်နေပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုအလွန် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KNU က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနှင့် ဆက်လက် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ကြေညာခဲ့သည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ခံရပြီး စစ်တပ်ဘက်မှ အသေအပျောက်များပြား
ဇန်န ၉
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ (ခေါ်) အောင်မြင်မြို့ကို ဇန်နဝါရီ ၉ ရက် နံနက် ၃ နာရီဝန်းကျင်မှ စတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များနှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ထုတ်ပြန်ကြသည်။ တိုက်ပွဲအတွင်း ရဲစခန်း၊ ဂိတ်စခန်းများအပါအဝင် စစ်တပ် တပ်စွဲထားသည့် နေရာအားလုံးကို တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ အသေ အပျောက်များပြားခဲ့ကြောင်း သိရသည်။ ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SGDF) က လည်း ကျောက်တံခါးနှင့် တောကျွဲအင်းမြို့ ဂိတ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခြင်းမရှိသေးပါ။ မြို့အဝင် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် စစ်သား အလောင်းများ ပြန့်ကျဲနေပြီး မကောက်ယူနိုင်သေး ကြောင်း၊ ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရပြီး ဆေးရုံများတွင်လည်း ဆရာဝန်များ အပါအဝင် ဝန်ထမ်းများ ပြေးကုန်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က တိုက်ပွဲ ပြင်းထန်မှုကြောင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် စစ်ကူတပ်များ စေလွှတ်ရန် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်များက စစ်ကူလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။
စစ်တပ်ပိုင် Mytel ဆက်စပ်ဖေ့စ်ဘုတ်စာမျက်နှာ ၁၀၀၀ ကျော်ကို Meta က ဖယ်ရှား
ဇန်န ၉
The Kaladan Post
Meta ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဆက်သွယ် ရေးကုမ္ပဏီ Mytel နှင့် ဆက်စပ်နေသော ဖေ့စ်ဘုတ် စာမျက်နှာ၊ ဂရွတ်နှင့် အကောင့်ပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။ ဤဖယ်ရှားမှုသည် Mytel ကုမ္ပဏီ၊ ကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်များ၏ စာမျက်နှာများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး စစ်တပ်ထိန်းချုပ်ထားသော ဆက်သွယ်ရေးကွန်ရက်၏ အွန်လိုင်းတည်ရှိမှုကို ကြီးစွားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်ဟု JFM က ဆိုသည်။ ထို့အပြင် ဤလုပ်ဆောင်ချက်သည် ၂၀၂၁ ခုနှစ်တွင် Meta က ချမှတ်ခဲ့သော စစ်တပ် ထိန်းချုပ်စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်သည့် မူဝါဒနှင့် ကိုက်ညီသည်ဟုလည်း ထောက်ပြထား သည်။ ယခင်က Mytel ၏ အဓိကစာမျက်နှာများကို ဖယ်ရှားခဲ့သော်လည်း ကုမ္ပဏီက စာမျက်နှာသစ် များ ဖွင့်လှစ်ကာ ရှောင်ရှားခဲ့သဖြင့် JFM က Meta ထံ ဆက်လက်တိုင်ကြားခဲ့ရာ ယခုအခါ ကိုယ်စား လှယ်နှင့် အရောင်းဆိုင်အကောင့်များပါ ပစ်မှတ်ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ Mytel ကို စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဌာနပိုင် Viettel Global နှင့် မြန်မာခရိုနီများ၏ ကုမ္ပဏီများက ပူးတွဲပိုင်ဆိုင်ထားပြီး စစ်တပ်အတွက် အခွန်ဝင်ငွေ၊ နည်းပညာနှင့် စောင့်ကြည့်ထောက်လှမ်းမှုများတွင် ကူညီပံ့ပိုးပေးနေသည်ဟု JFM က ထောက်ပြသည်။ အမြတ်ငွေခန့်မှန်းချက်အရ စစ်တပ်သည် Mytel မှ ပထမ ၅-၉ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ၊ နောက်ထပ် ၅ နှစ်အတွင်း သန်း ၄၅၀ ထပ်မံ ရရှိနိုင်ဖွယ်ရှိ ကြောင်း သုံးသပ်မှုများရှိနေသည်။ ထို့ကြောင့် Mytel သည် စစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှုများကို ငွေကြေးနှင့် နည်းပညာဖြင့် အားပေးကူညီနေသည်ဟု JFM က ရှုတ်ချထားသည်။ JFM က Alphabet (Google) နှင့် Apple အပါအဝင် အခြားနည်းပညာ ကုမ္ပဏီများကို Mytel အက်ပ်များကို ဆိုင်များမှ ဖယ်ရှားရန် ဆက်လက်တောင်းဆိုထားသည်။

မြိုင်မြို့ဘက် ရိက္ခာကားတန်းလိုက်ပါလာသော ခလရ ၂၅၁ တပ်သား ကိုညီညီဖြိုး ခဲယမ်းများနှင့် အတူ အလင်းဝင်
ဇန်န ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်သို့ ရိက္ခာကားတန်းနှင့်အတူ လိုက်ပါလာသော ခလရ ၂၅၁ တွင် တာဝန် ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သား ကိုညီညီဖြိုး သည် ခဲယမ်းများယူဆောင်ကာ အလင်းဝင် ရောက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း-၃၀၁၁ က ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က မြိုင်မြို့ ထွေအုပ်ရုံးတွင် ကင်းတာဝန်ကျနေစဉ် ကိုညီညီဖြိုးက ၅.၅၆ ကျည် ၁၃၀ တောင့်၊ ဗုံးသီး ၁ လုံး၊ နင်းမိုင်း ၁ ခု၊ MA1 ဘောက် ၃ ဘောက်တို့ကို ယူဆောင်ကာ ကားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှတဆင့် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက ကိုညီညီဖြိုးကို တစ်နှစ်နီးပါး စောင့်ရှောက်ထားခဲ့ပြီး စခန်းတွင်း နေထိုင်စဉ် မိသားစုဝင်များနှင့် ဆက်သွယ်ပေးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း-၃၀၁၁ တာဝန်ရှိသူက မြိုင်နားမှာ တပ်ခွဲတစ်ခွဲနဲ့ စောင့်နေတဲ့အချိန် သူ ချိတ်ဆက်ဝင်ရောက်လာခဲ့တာဖြစ်ပြီး တစ်နှစ်နီးပါး အနီးကပ် စောင့်ကြည့်စောင့်ရှောက်ခဲ့တယ် မိဘတွေနဲ့ အမြဲလိုလို ဆက်သွယ်ဖြစ်တယ် ဟု ပြောဆိုခဲ့သည်။ ခဲယမ်းများ ယူဆောင်လာမှုအတွက် ကိုညီညီဖြိုးကို ဂုဏ်ပြုငွေ ကျပ်သိန်း ၂၀ တိတိ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ သတင်းထုတ်ပြန်ရခြင်းမှာ သူ၏ လုံခြုံရေးနှင့် မိသားစုဆီ ဘေးကင်းစွာ ရောက်ရှိပြီးမှ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူက ဆိုသည်။ ကိုညီညီဖြိုးမှာ ဘုတလင်မြို့နယ်ဇာတိ ဖြစ်ပြီး ဟုမ္မလင်းတွင် ရွှေမျှောလုပ်ကိုင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရပြီး နောက် ကလေးမြို့ လေ့ကျင့်ရေးကျောင်းတက်ကာ တံတားဦးသို့ စေလွှတ်ခံရပြီး မြိုင်မြို့သို့ ရိက္ခာကားတန်းနှင့် လိုက်ပါလာစဉ် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်များရှိ စစ်တပ်စခန်းများကို ပူးပေါင်းတပ်များ တစ်ပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်သား ၄၀ ခန့် သေဆုံး
ဇန်န ၉
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်များအတွင်း စစ်ကောင်စီတပ်စွဲထားသော ဂိတ်စခန်း များကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၂) စစ်ဆင်ရေး နယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ ပကဖ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ က ထုတ်ပြန်သည်။ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းကို ဗျူဟာရုံးတပ်ဖွဲ့၊ အမှတ်(၃၈၀၁) တပ်ရင်း တပ်ခွဲများ၊ ဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၇၀၁) တပ်ရင်းနှင့် ရန်ကုန်ပကဖ တို့က တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့သည်။အလားတူ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်အနီး မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကို အမှတ်(၃၈၀၁)၊ (၃၈၀၂) တပ်ရင်းများ၊ သာယာဝတီခရိုင်ပကဖနှင့် ဇီးကုန်းပကဖ တို့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၉ ဦးနီးပါး သေဆုံးခဲ့ ပြန်သည်။ထို့အပြင် မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် အမြန်လမ်းပေါ် စစ်ကွင်းတာဆုံ ရဲကင်းစခန်းနှင့် တာဆုံဘုရားအနီး စခန်းများကို အမှတ်(၃၈၀၃)၊ (၃၈၀၂) တပ်ရင်းများ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ လက်ပံတန်းပကဖ၊ သာယာဝတီခရိုင်ပကဖ၊ ရန်ကုန်တိုင်းပကဖနှင့် ACDF တပ်ရင်း(၃) တို့က တိုက်ခိုက်ရာ စစ်သား ၁၀ ဦးနီးပါး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ က နယ်မြေအတွင်း စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ပြည်သူများ စစ်ကောင်စီစခန်းများအနီးသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုရန်နှင့် စစ်ရေးသတိထားနေထိုင်သွားလာကြရန် အသိပေးထားသည်။

စစ်တွေမြို့ ဒေသကွပ်ကဲမှုဌာနချုပ် ကာကင်းစခန်း ၂ ခု အာရက္ခတပ်တော် သိမ်းပိုက် စစ်တပ် ၄၀ ခန့်
ဇန်န ၉
The Kaladan Post
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) က စစ်တွေနှင့် ကျောက်ဖြူမြို့များတဝိုက် စစ်ရေးအရှိန် မြှင့်လျက်ရှိရာ စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ခန့်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ သိမ်းပိုက်ရရှိခဲ့သည့် ကာကင်းစခန်းများမှာ တောကန်နှင့် ဂန့်ဂေါ်ကျွန်းအနီး တည်ရှိသည့် စခန်းနှစ်ခုဖြစ်ပြီး ဇန်နဝါရီလဆန်းကတည်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများကိုသာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ စစ်တွေမြို့သည် စစ်ကောင်စီ၏ အဓိကခြေကုတ်ယူထားသည့် မြို့ကြီးဖြစ် ပြီး ဒကစဌာနချုပ်အပြင် ရဲတပ်ရင်း (၁၂) တွင်လည်း တပ်စွဲထားကြောင်းသိရသည်။ မြို့ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး ပင်လယ်ထွက်ပေါက်များကိုလည်း ပိတ်ဆို့ထားသည်။ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး ဇန်နဝါရီလဆန်း တွင် မြို့ပေါ်မှ တိုက်ပွဲသံများ ကြားနေရသည်အထိ ပြင်းထန်ခဲ့သည်။ လက်ရှိတွင် AA နှင့် စစ်တပ်များ အကြား ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့များအပြင် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနယ်စပ် ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။ ကျောက်ဖြူမြို့နယ်အတွင်း ဓညဝတီရေတပ်စခန်း နှင့် ရဲတပ်ရင်း (၃၂) အနီးက ကာကင်းများတဝိုက်တွင် ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားနေပြီး AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု သတင်းများက ဆိုသည်။ ယခုတိုက်ပွဲများနှင့် ပတ်သက်၍ AA ဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်ရေးအရ အရေးပါသည့် ဒေသများတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေကြောင်း ယခင်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

