_______________________________-
၁။ ရေနံချောင်း၌ စစ်မှုထမ်းရန် လူငယ် ၃၀ ကျော်ကို ၃ ရက်အတွင်း အဓမ္မဖမ်းဆီး
————————————————————————–
ဇွန် ၁၁
The Kaladan Post
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ဇွန်လ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများက လူငယ် ၃၀ ကျော်ကို စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
မြို့ပေါ်နေရာများတွင် ဂိတ်များချ၍ လိုင်စင်မဲ့ယာဉ် စစ်ဆေးသည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး ငွေပေးနိုင်သူအချို့ ပြန်လွတ်လာသော်လည်း အများစုမှာ စစ်သားစုဆောင်းရေးတပ်များသို့ ပို့ဆောင်ခံခဲ့ရသည်။ ဤသို့ အဓမ္မဖမ်းဆီးမှုများကြောင့် ဒေသခံလူငယ်အများအပြား အခြားဒေသများနှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့နယ်အတွင်း အမျိုးသားလုပ်သား ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
၂။ ကမ္မတွင် စစ်တပ်က ပြည်သူ ၂ ဦးကိုသတ်ပြီး ကျေးရွာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်
————————————————————————
ဇွန် ၁၁
The Kaladan Post
မကွေးတိုင်း၊ ကမ္မမြို့နယ်တွင် မေလကုန်မှ ဇွန်လအစောပိုင်းအတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ကြောင်းထိုးမှုအတွင်း ပြည်သူအနည်းဆုံး ၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၁၀ ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် ကျေးရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ တောတဲများကို လေယာဉ်၊ ဒရုန်းများဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ်များနှင့် တော်လှန်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုလည်း ပျက်စီးခဲ့သည်။ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
၃။ စစ်တပ်က ပြည်သူ ၂ ဦးကိုသတ်ပြီး ကျေးရွာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်
——————————————————————-
ဇွန် ၁၁
The Kaladan Post
မကွေးတိုင်း၊ ကမ္မမြို့နယ်တွင် မေလကုန်မှ ဇွန်လအစောပိုင်းအတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ကြောင်းထိုးမှုအတွင်း ပြည်သူအနည်းဆုံး ၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၁၀ ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် ကျေးရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ တောတဲများကို လေယာဉ်၊ ဒရုန်းများဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ်များနှင့် တော်လှန်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုလည်း ပျက်စီးခဲ့သည်။ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
၄။ မဘသတောင်းဆိုမှုကြောင့် လိုင်စင်မဲ့ ဘုန်းကြီးကားများ ထောက်ခံချက်ဖြင့် ပြန်လည်စီးနင်းခွင့်ရ
————————————————————————–
ဇွန် ၁၁
The Kaladan Post
စစ်ကောင်စီက ဇွန်လအစောပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးခဲ့ရာတွင် ဘုန်းကြီးကျောင်းများမှ သာသနာ့ကားများလည်း ပါဝင်ခဲ့သည်။ သို့သော် မဘသအဖွဲ့၏ တောင်းဆိုမှုကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သက်ဆိုင်ရာ မြို့နယ်သံဃာနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် လိုင်စင်မဲ့ကားများကို ဘုန်းကြီးကျောင်း များတွင် ပြန်လည်အသုံးပြုခွင့်ပြုလိုက်သည်။
ထောက်ခံချက်ရရှိရန် ကားသည် သာသနာရေးအတွက် အမှန်တကယ် အသုံးပြုရမည်ဖြစ်ပြီး သံဃာနာယကအဖွဲ့ကလည်း ထောက်ခံချက်ပေးထားသည့် ကားစာရင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်နယ်မှူးများထံ ပေးပို့ထားရမည်ဖြစ်သည်။ လက်ရှိတွင် နယ်ကျော်ခရီးသွားလာခြင်းကို ခေတ္တရှောင်ကြဉ်ရန်လည်း အကြံပြုထားကြောင်း သိရသည်။
၅။ အရာတော်တွင် ရိက္ခာသယ်ထွက်လာသည့် ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရ
—————————————————————————-
ဇွန် ၁၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့က အရာတော်မြို့သို့ ရိက္ခာသယ်ရန် ထွက်လာသည့် အင်အား ၅၀ ခန့်ပါ ပျူစောထီးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တစ်နာရီခန့်ကြာမြင့်ခဲ့သော တိုက်ပွဲအတွင်း ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငွေတွင်းရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း Ngwe Dwin Revolution Force က ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၆။ မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ဇူလိုင်လမှစ၍ အခွန်ကောက်မည်ဟု ထုတ်ပြန်ကြေညာ
—————————————————————————
ဇွန် ၁၁
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်းစန်းကျော်ဂိတ်၌ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အခွန်အခများ ကို တရားဝင်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာသည်။ ထို့ကြောင့် နယ်စပ်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ကုန်တင်ယာဉ်များအနေဖြင့် ဇူလိုင်လ ၁ ရက်မတိုင်မီ မဟာမိတ်အဖွဲ့၏ အကောက်ခွန်ဌာနတွင် ကြိုတင်မှတ်ပုံတင်ထားရန် လိုအပ်သည်။ အခွန်ပေးဆောင်ခြင်းကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ဤသည်မှာ ညီနောင်မဟာမိတ်အဖွဲ့က ၎င်းတို့ ထိန်းချုပ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တရားဝင် စီမံခန့်ခွဲမည့်အစီအစဉ် ဖြစ်သည်။
၇။ ပေါက်မြို့နယ် ကပစ(၂၄)မှ ဒုတပ်ကြပ်တစ်ဦး သေနတ် ၂ လက်နှင့်အတူ အလင်းဝင်
———————————————————————–
ဇွန် ၁၁
The Kaladan Post
မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) မှ ဒုတပ်ကြပ်တစ်ဦးသည် ဇွန်လ ၃ ရက်နေ့တွင် MA-3 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပခုက္ကူခရိုင်၊ အမှတ် ၅ တပ်ရင်း) ထံသို့ လာရောက်အလင်းဝင်ခဲ့သည်။ အဆိုပါ ဒုတပ်ကြပ်အား အမှတ် ၅ တပ်ရင်းက ကြိုဆိုပြီး လက်နက်များယူဆောင်လာမှုအတွက် ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့သည်။ ထို့အပြင် တပ်ရင်းမှ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပြည်သူ့ဘက်သို့ အချိန်မီခိုလှုံကြရန် တိုက်တွန်းထားသည်။
၈။ ပုလဲ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်ပြီး ဂျက်ဖိုက်တာတစ်စီး ပစ်ချနိုင်ခဲ့ဟု PLA ဆို
——————————————————————————-
ဇွန် ၁၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသော ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၂ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
လက်ရှိတွင် အဆိုပါစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု PLA က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်တင်းခြင်း၊ ဗုံးအလုံးရေ ရာနှင့်ချီ၍ ကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ဇွန်လ ၁၀ ရက်နေ့က တိုက်ခိုက်ရန်လာသော စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်းလည်း PLA က သတင်းထုတ်ပြန်သည်။ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
၉။ အဓမ္မစစ်မှုထမ်းခိုင်းခံရသည့် စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
——————————————————————————–
ဇွန် ၁၁
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခလရ-၂၉၉) မှ စစ်ကောင်စီတပ်သား ၂ ဦးသည် ဇွန်လ ၉ ရက်နေ့က လက်နက်ခဲယမ်းများဖြင့် ဒေါနစစ်ကြောင်း (ရေးပြောက်ကျားတပ်) ထံသို့ အလင်းဝင်ရောက်လာခဲ့သည်။
၎င်းတို့နှင့်အတူ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခုနှင့် ကျည် ၁၂၃ တောင့် ပါလာခဲ့ပြီး ၎င်းတို့သည် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။ ဒေါနစစ်ကြောင်းက အလင်းဝင်လာသူများကို ကြိုဆိုခဲ့ပြီး အခြားတပ်ဖွဲ့ဝင်များကိုလည်း ပြည်သူ့ဘက်တော်သားအဖြစ် အမြန်ဆုံးလာရောက်ပူးပေါင်းရန် တိုက်တွန်းထားသည်။
၁၀။ ဖယ်ခုံနယ်စပ်တိုက်ပွဲ၌ စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံး
—————————————————————————-
ဇွန် ၁၁
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်တွင် ဇွန်လ အစောပိုင်းမှစ၍ စစ်ကောင်စီ-PNA ပူးပေါင်းတပ်များနှင့် ဒေသကာကွယ်ရေး တပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။ တစ်ပတ်ကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNA ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်သည်။
ထိုတိုက်ပွဲများနှင့်ဆက်စပ်၍ စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်အတွင်းသို့ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကလေးများနှင့်အမျိုးသမီးများအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ-PNA ပူးပေါင်းတပ်များသည် ကျေးရွာများတွင် ပြည်သူများကို အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ငွေညှစ်ခြင်းများလည်း ပြုလုပ်နေကြောင်း ဖယ်ခုံ PDF က စွပ်စွဲထားသည်။
၁၁။ တွန်းဇံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ZRA စခန်းကို CDF သိမ်းပိုက်
———————————————————————-
ဇွန် ၁၁
The Kaladan Post
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ် (ZRA) စခန်းတစ်ခုကို ဇွန်လ ၉ ရက်နေ့က CDF-တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ZRA တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်း၊ သေနတ် ၄ လက်၊ ခဲယမ်းများနှင့်အတူ အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
အထူးသဖြင့် သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် အိန္ဒိယနိုင်ငံသား မှတ်ပုံတင်ကတ်များ ပါဝင်နေသည်ကို အံ့ဩဖွယ်တွေ့ရှိခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် တီးတိန်မြို့နယ်တွင်လည်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
၁၂။ ပေါက်ခေါင်းတွင် မီးရှို့နေသည့် စစ်ကြောင်းကို PDFကတိုက်ခိုက်ချေမှုန်းရာတွင် လက်နက်နှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရမိ
————————————————————————-
ဇွန် ၁၁
The Kaladan Post
ပဲခူးတိုင်း၊ ပေါက်ခေါင်းနှင့် ပေါင်းတည်မြို့နယ်တို့တွင် ကျေးရွာများကို လိုက်လံမီးရှို့နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့များက ၆၀ မမ စိန်ပြောင်း ၂ လက်၊ ရိုင်ဖယ်မျိုးစုံ၊ ခဲယမ်းများနှင့်အတူ WY စိတ်ကြွဆေးပြား ၁၅၀ ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီက လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
၁၃။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသူ ၂ ဦးပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်
—————————————————————————
ဇွန် ၁၁
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦးနှင့် တပ်သားသစ် ၂ ဦး၊ စုစုပေါင်း ၃ ဦးသည် ဇွန်လ ၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံသို့ အလင်းဝင်ရောက်လာခဲ့သည်။
အလင်းဝင်လာသူများအနက် စစ်မှုထမ်းတပ်သားသစ် ၂ ဦးမှာ အလုပ်သွားရင်း လမ်းခုလတ်မှ ဖမ်းဆီးခံရကာ အတင်းအဓမ္မ စစ်မှုထမ်းရန် သွတ်သွင်းခံခဲ့ရသူများဖြစ်ကြောင်း PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်နက်မပါဘဲ အလင်းဝင်လာသည့် ၎င်းတို့ ၃ ဦးကို တစ်ဦးလျှင် ဆုငွေ ၅ သိန်းကျပ်စီဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
၁၄။ စစ်တွေအနီး ကံ့ကော်ကျွန်းစခန်းကို AA ဝင်ရောက်စီးနင်း စစ်ကောင်စီတပ်ဖက်က အကျအဆုံးများပြား
——————————————————————
ဇွန် ၁၁
The Kaladan Post
ရခိုင်ပြည်၊ စစ်တွေမြို့အနီးရှိ ကံ့ကော်ကျွန်းကျေးရွာတွင် အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) က မေလနောက်ဆုံးအပတ်အတွင်း အလစ်အငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ ညအချိန် မိုးသည်းထန်နေစဉ်အတွင်း ဝင်ရောက်ခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးခဲ့ပြီး သံချပ်ကာကား ၂ စီး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားရုပ်အလောင်းများ၏ အပုပ်နံ့များ စစ်တွေမြို့ဘက်အထိ ရောက်ရှိနေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။ တိုက်ခိုက်ခံရသည့် စခန်းသည် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) နှင့် တစ်မိုင်ကျော်သာကွာဝေးသော နေရာတွင် တည်ရှိသည်။ ဤတိုက်ပွဲနှင့် ပတ်သက်၍ AA ဘက်မှ တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
၁၅။ စစ်ကောင်စီက Cluster ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ၅ ဦးသေဆုံး
—————————————————————————-
ဇွန် ၁၁
The Kaladan Post
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ပိုင်ရပ်ကျေးရွာရှိ နေအိမ်စာသင်ကျောင်းတစ်ခုကို ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မူလတန်းကျောင်းသား ကလေးငယ် ၃ ဦး၊ ကျောင်းဆရာမ ၁ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၅ ဦး သေဆုံးခဲ့သည်။ ထို့အပြင် ကျောင်းသား ၁၈ ဦးနှင့် အခြားသူများအပါအဝင် ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် ဘုန်းကြီးကျောင်းတစ်ဆောင် ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။
KNU ၏ ထုတ်ပြန်ချက်အရ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသော Cluster ဗုံး (ဆင့်ကွဲဗုံး) အမျိုးအစားကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟုလည်း KNU က စွပ်စွဲထားသည်