_________________
၁။ သထုံတွင် ဦးဝင်းဇော်ဦးကို စစ်တပ်နှင့်ရဲက ရိုက်သတ်
————————————————–
ဇွန် ၁၃
The kaladana Post
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုဖြင့် ဇွန် ၄ တွင် ဖမ်းဆီးခံရသူ ဦးဝင်းဇော်ဦး (၅၀ နှစ်) ကို စစ်တပ်နှင့်ရဲများက ရိုက်နှက်သတ်ဖြတ်ခဲ့ရာ ဇွန် ၉ တွင် သေဆုံးခဲ့သည်။ အလောင်းတွင် ဦးခေါင်းခွံနှင့် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် နှိပ်စက်ခံထားရပြီး ရဲစခန်းက ဦးနှောက်သွေးကြောပြတ်ဟု လိမ်လည်ရေးသားကာ မိသားစုကို ငွေ ၂ သိန်းပေးခဲ့သည်။ သတင်းဖြန့်ဝေမှုကို တားမြစ်ပိတ်ပင်ရန် ခြိမ်းခြောက်မှုများလည်း ရှိနေသည်။
၂။ AA နှင့် PDF ထိုးစစ်ဆင်မှုကြောင့် အမတ ၃၄၄ မှ စစ်သားများ ဆုတ်ခွာ
——————————————————————
ဇွန် ၁၃
The Kaladan Post
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမတ ၃၄၄ အမြောက်တပ်ရင်းမှ စစ်သားများ လက်နက်ကြီးများဖြင့် ကျုံပျော်ခလရ ၃၆ သို့ ဇွန် ၁၁-၁၂ ရက်တွင် စတင်ဆုတ်ခွာခဲ့သည်။ ဖေဖော်ဝါရီလမှစ၍ AA နှင့် PDF ပူးပေါင်းတပ်များက အမတ ၃၄၄ ၏ ကာကင်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိ ပင်မတပ်စခန်းအနီးနှင့် ဂွ-ငသိုင်းချောင်းလမ်းတွင် တိုက်ပွဲများ ပြင်းထန်နေသည်။ ဒေသခံများအား လုံခြုံရေး သတိပြုရန်နှင့် စစ်ဘေးရှောင် များကို ကူညီရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။
၃။ နေပြည်တော် PDF တပ်ရင်း(၈၀၈) မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
———————————————————–
ဇွန် ၁၃
The Kaladan Post
ဇွန် ၉ ရက်နံနက်တွင် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၈၀၈)၏ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲကို သင်တန်းသား ၆၀ ဖြင့် စိုးမိုးနယ်မြေတွင် ကျင်းပခဲ့သည်။ ပွဲသို့ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာနှင့် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
၄။ မုံရွာ တပ်မ ၃၃ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၂ ဦးသေဆုံး
————————————————————————-
ဇွန် ၁၃
The Kaladan Post
ဇွန် ၁၂ တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တပ်မ ၃၃ မှ ထွက်လာသော ကြေးနီတင်ကားတန်းကို မအူဂိတ်အနီး Brave Heart Army (BHA)၊ Golden Target Force (GTF) နှင့် Chindwin Fighter Group (CFG) တို့က ပဒေသာပြောင်း ၅ ခုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ ခဲ့သည်။ ဒဏ်ရာရသူများကို ရွှေတော်ဝင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
၅။ နတ်ရေကန်စခန်းမှ ထွက်ပြေးစစ်သား ၂၃ ဦးကို လက်နက်များနှင့် ဖမ်းမိ
——————————————————————–
ဇွန် ၁၃
The kaladana Post
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ စစ်သား ၂၃ ဦးကို ဇွန် ၈-၁၂ ရက်အတွင်း CDF-Asho တပ်ဖွဲ့က လက်နက်များဖြစ်သော MA-1 သေနတ် ၅ လက်၊ MA-3 သေနတ် ၃ လက်နှင့် ခဲယမ်းများအတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိသူများသည် စစ်မှုထမ်းဥပဒေဖြင့် အတင်းဆွဲခံရသူများဖြစ်ပြီး စစ်အရာရှိများက တပ်သားသစ်များကို တိုက်ပွဲရှေ့တန်းတွင် အသေခံတိုက်ခိုက်ရန် အမိန့်ပေးနေကြောင်း သုံ့ပန်းများထံမှ သိရသည်။
၆။ စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်
————————————————————-
ဇွန် ၁၃
The Kaladan Post
ဇွန် ၂ တွင် ပြင်ဦးလွင်တွင် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဖမ်းဆီးပြီး ဇွန် ၁၂ တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။ မန္တလေးအိုဘိုထောင်သို့ လွှဲပြောင်းထားပြီး ဇွန် ၂၆ တွင် ရုံးထုတ်မည်။ မဘသ ပေါက်ဘုန်းကြီးက ဇော်ဘုန်းဟိန်းအတွက် ဆန္ဒပြရန် လှုံ့ဆော်မှုများ မလုပ်ရန် သတိပေးပြီး ၎င်း၏ ပရိသတ်သည် လူမှုကွန်ရက်ပေါ်တွင်သာ ရှိသည်ဟု ပြောကြားသည်။
၇။ ငါးရံ့နီစခန်းစွန့်ခွာနှင့် မော်လမြိုင်လမ်းတိုက်ပွဲ
——————————————-
ဇွန် ၁၃
The Kaladan Post
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်၊ ငါးရံ့နီစစ်စခန်းမှ စစ်သား ၃၀ ခန့် ဇွန် ၁၂ တွင် စခန်းစွန့်ခွာပြီး ထိုင်းဘက်သို့ ထွက်ပြေးခဲ့သည်။ KNLA နှင့် PDF တပ်များက နယ်မြေစိုးမိုးထား သော်လည်း မြေမြှုပ်မိုင်းများကြောင့် စခန်းသိမ်းပိုက်ရေး လတ်တလောမလုပ်ဆောင်သေးပေ။ အလားတူ၊ မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ်လမ်းတွင် ဇွန် ၁၁ နံနက်၌ ရာမညမွန် တပ်တော် (NMSP-AD/RMA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၁ နာရီခန့်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး ရာမညမွန်တပ်မှ ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့သည်။
၈။ ရွှေပြည်သာ Rongda စက်ရုံတွင် အလုပ်သမား ၂၀၀၀ ကျော် လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြ
——————————————————————-
ဇွန် ၁၃
The Kaladan Post
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Rongda အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၂၀၀၀ ကျော်သည် ဇွန် ၁၃ နံနက်မှစ၍ လုပ်ခလစာတစ်ရက် ၁၃၀၀၀ ကျပ်နှင့် အချိန်ပိုကြေး ၁ နာရီ ၂၅၀၀ ကျပ်သို့ တိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုနေသည်။ လက်ရှိ လုပ်ခလစာ ၈၈၀၀ ကျပ်နှင့် OT ကြေး ၂၀၀၀ ကျပ်သာ ရရှိပြီး စက်ရုံ၏ ဖိအားပေးမှုနှင့် မတရားမှုများကြောင့် ဆန္ဒပြရသည်ဟု အလုပ်သမားများက ပြောကြားသည်။
၉။ တောင်သာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ ၁ ဦးအရှင်ဖမ်းမိ၊ ၇ ဦးရေနစ်သေဟု သုံ့ပန်းထွက်ဆို
—————————————————————————
ဇွန် ၁၃
The Kaladan Post
ဇွန် ၁၂ နံနက် ၁၀ နာရီခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်တဲဝချောင်းအနီး ထနောင်းကုန်းပျူရွာမှ ထွက်လာသော စစ်ကြောင်းကို PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး တပ်သား ကျော်နိုင်ဝင်းကို အရှင်ဖမ်းဆီးရရှိခဲ့သည်။ လက်နက်များနှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၇ ဦးကို ကယ်တင်နိုင်ခဲ့သည်။ ဖမ်းမိသုံ့ပန်း၏ ထွက်ဆိုချက်အရ ဆင်တဲဝချောင်းတွင် စစ်သား ၇ ဦးခန့် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
၁၀။ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၈ ဦးအပါအဝင် ၉ ဦးသေဆုံး
—————————————————————–
ဇွန် ၁၃
The Kaladan Post
ဇွန် ၇ ရက်နေ့ ညနေ ၅:၃၀ တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်တပ်သင်တန်းကျောင်းမှ တပ်ခွဲမှူးသင်တန်းဆင်းများ လိုက်ပါလာသော စစ်ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းတွင် People Defense Force Thandaung နှင့် မဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၈ ဦးအပါအဝင် ၉ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။