—————————–

၁။ ပုလဲတွင် စစ်ကောင်စီဒုတပ်ကြပ် လက်နက်နှင့်ဖမ်းဆီးခံရ

——————————————————

ဇွန် ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းမှားရောက်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် စိုးဝင်းကို လက်နက်နှင့်အတူ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းက ဖမ်းဆီးရမိခဲ့သည်။

ဇွန်လ ၉ ရက်က အင်မထီးမှ ကန်ဒေါင့်ရွာသို့ စစ်ကူသွားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စိုးဝင်းမှာ လူစုကွဲကာ တောထဲ လမ်းပျောက်နေခဲ့သည်။

ဇွန်လ ၁၀ ရက် မနက် ၂ နာရီခန့်တွင် သူသည် တော်လှန်ရေးတပ်၏ ကာကင်းနယ်မြေသို့ မျက်စိလည်ရောက်ရှိလာခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးချိန်တွင် MA 11 တစ်လက်၊ အီနာဂါဗုံးသီး ၂ လုံး၊ ကျည်အတောင့် ၂၀၀ သိမ်းဆည်းရမိခဲ့သည်။ စိုးဝင်းသည် ဖမ်းဆီးခံရမှန်းမသိဘဲ စစ်ကောင်စီတပ်သားများဟု ထင်မှတ်ကာ စစ်အရာရှိများကဲ့သို့ ပြောဆိုပြုမူခဲ့သည်။ သူ့ထံမှ အလင်းဝင်ရောက်လိုသည်ဟု ပြောဆိုမှုရှိသော်လည်း ယုံကြည်မှုမရှိသဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ကြည့်မည်ဖြစ်ကြောင်းသိရသည်။

၂။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပန်းသပိတ်နှင့် လွတ်မြောက်ရေးလှုပ်ရှားမှု

—————————————————————————

ဇွန် ၁၄

The Kaladan Post

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်ပြည့်မွေးနေ့အတွက် ပြည်သူများက “သံမဏိနှင်းဆီ အမေစု” ဟု ချစ်စနိုးခေါ်ဆိုကာ ပန်းပေါင်းစုံဖြင့် ဝေဆာစွာ ပန်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” ဟူသော စာသားများကို ဖြန့်ဝေကာ ရွှေဘိုမြို့နယ်သပိတ်အင်အားစုအပါအဝင် နိုင်ငံတဝန်း အထွေထွေပန်းသပိတ်ကြီးကို ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

လူထုလှုပ်ရှားမှုများသည် ပြည်တွင်းပြည်ပ၌ စည်းလုံးညီညွတ်စွာ ပေါ်ပေါက်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ဇွန်လ ၁၃ ရက်မှစတင်ကာ မွေးနေ့အကြိုဆုတောင်းခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်လည်း “SUU 80 Birthday Campaign” ဖြင့် ဆုတောင်းကမ်ပိန်းများ ဖြစ်ပေါ်ခဲ့ပြီး NLD က မွေးနေ့တွင် ၈ မိနစ်ခန့် ဆုတောင်းပေးရန် တိုက်တွန်းခဲ့သည်။ ဤလှုပ်ရှားမှုများသည် လူငယ်များ၊ အနုပညာရှင်များနှင့် ပြည်သူများ၏ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ်သော စိတ်ဓာတ်ကို ပြသခဲ့သည်။

၃။ ဖားကန့်တွင် SNA တပ်ဖွဲ့က အမျိုးသား ၃ ဦးကို ရက်စက်စွာ သတ်ဖြတ်

————————————————————

ဇွန် ၁၄

The Kaladan Post

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အမည်မသိ အမျိုးသား ၃ ဦးကို ရှမ်းနီအမျိုးသားတပ် (SNA) က ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဇွန် ၁၃ ရက် ညနေပိုင်းတွင် တောင်ယာကုန်းရေလှောင်ကန်နှင့် အောင်သာယာ-သာယာကုန်းအကြားတွင် တွေ့ရှိခဲ့သည်။ တစ်ဦးကို ရေလှောင်ကန်တွင် ပစ်ထည့်ထားပြီး ကျန်နှစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်ကာ မျက်လုံးဖောက်ထုတ်သတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီ၊ SNA နှင့် ပြည်သူ့စစ်များသည် မှော်စီစာမှ ဖားကန့်သို့ ဝင်ရန်ကြိုးစားခဲ့သော်လည်း KIA နှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တောင်ယာကုန်းတွင် စခန်းချခဲ့ရသည်။ ထိုနေ့ညနေတွင် စစ်ကောင်စီတပ်များက ပြည်သူများနှင့် လမ်းသွားလမ်းလာများကို ဖမ်းဆီးခဲ့သည်။ ဇွန် ၁၃ ရက် မနက်တွင် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ညပိုင်းတွင် တော်လှန်ရေးတပ်များက မှော်ဝမ်းကျောက်လှိုင်ဂူသို့ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့သည်။ ဒေသခံများမှာ စစ်ကြောင်းထိုးလာချိန် ရှောင်တိမ်းပြီး စစ်ကြောင်းထွက်သွားလျှင် ရွာများသို့ ပြန်ဝင်နေထိုင်နေသည်။

၄။ ပျူစောထီးရွာ သိမ်းပိုက်မှုတွင် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁၈ ဦးဖမ်းမိ

——————————————————————

ဇွန် ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆယ်ပင်ကျွန်းပျူစောထီးရွာကို ဇွန် ၉ ရက် နံနက် ၅:၃၀ မှစတင်တိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းကို ၆:၁၅ တွင် အပြီးသိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲတွင် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁၈ ဦးအရှင်ဖမ်းမိကာ G-3 သေနတ် ၂ လက်၊ ကာဘိုင် ၆ လက်၊ ၁၂ ဗို့သေနတ် ၂ လက်သိမ်းဆည်းရမိသည်။ စစ်တပ်က Y-12 ဖြင့် ဗုံး ၁၉ လုံးကြဲချပြီး ပျူစောထီးများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ပျူစောထီးများသည် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အခြားရွာများမှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ ဤတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်းများနှင့် နယ်မြေပကဖအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

၅။ အိုးဘိုထောင်တွင် CDM ကျောင်းအုပ်ဆရာမ ဆေးကုသခွင့်မရှိလို့ ကွယ်လွန်

———————————————————————–

ဇွန် ၁၄

The kaladana Post

မန္တလေး၊ အိုးဘိုထောင်တွင် CDM အလယ်တန်းကျောင်းအုပ် ဒေါ်မြင့်မြင့်သန်း ဆေးကုသမှုမရရှိဘဲ မေလ ၇ ရက်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည် တီဘီရောဂါအခံရှိသူဖြစ်ပြီး ၂၀၂၃ ဇူလိုင်တွင် စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်။ ဆေးဝါးစောင့်ရှောက်မှု လိုအပ်သော်လည်း ထောင်အာဏာပိုင်များက ပြင်ပဆေးကုသခွင့် မပေးခဲ့သဖြင့် သေဆုံးခဲ့ရသည်။ PPNM မှ ကိုသိုက်ထွန်းဦးက အိုးဘိုထောင်သည် ၂၀၂၅ တွင် နိုင်ကျဉ်းသေဆုံးမှု အများဆုံးဖြစ်သည်ဟု ပြောသည်။ ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ဆေးကုသမှုမရသဖြင့် နိုင်ကျဉ်း ၁၁ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ PPNM က ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု ချို့တဲ့မှုကြောင့် ရောဂါများ ပိုမိုဆိုးရွားလာပြီး သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်သည်။

၆။ သဲကုန်းတွင် ပျူစောထီးတစ်ဦး စစ်သားများရိုက်နှက်မှုကြောင့် သေဆုံး

—————————————————————–

ဇွန် ၁၄

The Kaladan Post

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်တွင် ပျူစောထီး မျိုးအောင်သည် ဇွန် ၁၃ ရက် နံနက် ၇ နာရီတွင် လုံခြုံရေးတာဝန်နောက်ကျမှုကြောင့် စစ်သားများက ရိုက်နှက်အပြစ်ပေးရာ လက်လွန်သေဆုံးခဲ့သည်။ စစ်တပ်က မိသားစုထံ အကြောင်းကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မျိုးအောင်၏ ညီနှင့်ဖခင်လည်း ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်။ သဲကုန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ စိုးမိုးမှုကြောင့် စစ်တပ်နှင့် ပျူစောထီးများမှာ ကြောက်လန့်နေသည်။ စစ်တပ်နှင့် ပျူစောထီးများအကြား တာဝန်လွှဲအပြစ်တင်မှုနှင့် အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်နေသည်။

၇။ ရေဖြူတွင် ၂ ရက်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ၃ ဦးသေဆုံး

——————————————————–

ဇွန် ၁၄

The Kaladan Post

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသို့ မေလ ၂၉ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကာ ဆုတ်ခွာထွက်ပြေးသွားသည်။ ရေဖြူပကဖ၊ ထားဝယ်ခရိုင်တပ်ရင်း T1၊ TPLF၊ ဒေါနတပ်ရင်း၊ နဂါးနီပြောက်ကျားနှင့် ရွှေဘီလုံးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မဟာမိတ်အဖွဲ့သည် စစ်ကောင်စီကို ဆက်လက်ချေမှုန်းရန် စုဖွဲ့မှုအား ပိုမိုကောင်းမွန်စွာ ဆောင်ရွက်မည်ဖြစ်သည်။ စစ်ကောင်စီတပ်သားများအား ပြည်သူနှင့်အတူ ပူးပေါင်းရန် ရေဖြူပကဖက တိုက်တွန်းထားသည်။

၈။ အိုးဘိုထောင်တွင် နိုင်ကျဉ်းများကို ရိုက်နှက်ရာ ၅၀ ဦးထက်မနည်း ဒဏ်ရာရ

——————————————————————–

ဇွန် ၁၄

The Kaladan Post

မုံရွာထောင်မှ အိုးဘိုထောင်သို့ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နိုင်ကျဉ်းနှင့် ရာဇဝတ်ကျဉ်းသား ၂၀၀ ဝန်းကျင်ကို ကုန်တင်ကား ၅ စီးဖြင့် ပို့ဆောင်ခဲ့ပြီး ထောင်ဝင်ပေါက်တွင် ရော်ဘာနှင့် သစ်သားတုတ်များဖြင့် ဝိုင်းရိုက်ခဲ့ သည်။ ဒဏ်ရာများသည် ဦးခေါင်း၊ လက်၊ နောက်ကျောတွင် ထိရှပေါက်ပြဲဖြစ်ပြီး အသက်ရှင်ပိုင်ခွင့်များပါ ခြိမ်းခြောက်ခံရသည်။ PPNM မှ ကိုသိုက်ထွန်းဦးက ဤလုပ်ရပ်များကို လက်မခံနိုင်ကြောင်း ပြောသည်။ ၎င်းက အိုးဘိုထောင်၏ ဆိုးရွားသည့် စီမံခန့်ခွဲမှုနှင့် သေဆုံးမှုများအတွက် ထိရောက်စွာ အရေးယူရန် တောင်းဆိုသည်။ အကျဉ်းသားများကို မြင်းခြံနှင့် မကွေးထောင်သို့ ထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း PPNM က ထုတ်ပြန်သည်။

၉။ ကျောက်ရစ်ရဲတပ်ကြပ် မိသားစုနှင့် သေနတ်ယူ၍ အလင်းဝင်

———————————————————

ဇွန် ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲတပ်ကြပ် ကျော်မင်းရန်သည် ဇွန် ၁၂ ရက်တွင် ဇနီးနှင့်သားဖြစ်သူတို့နှင့်အတူ MA 13 သေနတ် ၁ လက်၊ ၉ မမ ကျည် ၃၀ တောင့်နှင့် အလင်းဝင်ရောက်ခဲ့သည်။ ၎င်းသည် ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၀ (ADPRA) တပ်ခွဲ ၂ နှင့် ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယူဆောင်လာသော လက်နက်အတွက် သိန်း ၃၀ မှ ၅၀ အထိ ဆုချီးမြှင့်မည်ဖြစ်ပြီး လက်ရှိတွင် ၎င်းအား စုံစမ်းထိန်းသိမ်းထားသည်။ ADPRA တပ်ဖွဲ့က ၎င်းကို ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ကာ လစဉ်ထောက်ပံ့မှုများ ပေးအပ်မည်ဖြစ်သည်။ တပ်ဖွဲ့၏ ပြန်ကြားရေးရဲဘော် ကိုမင်းညဏ်က CDM ဝင်ရောက်သူ ၃ ဦးရှိပြီး လက်နက်ပါဝင်သူများကို ကြိုဆိုမည်ဟု ပြောသည်။ စစ်ကောင်စီလက်အောက်ခံများကို လက်နက်နှင့် အလင်းဝင်ရန် တိုက်တွန်းထားပြီး တိုက်ပွဲတွင် လက်နက်ချပါက စစ်သုံ့ပန်အဖြစ် အရေးယူမည်ဟု ၎င်းက ဆိုသည်။

၁၀။ မော်လမြိုင်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်အရာရှိ ၂ ဦးသေဆုံး

—————————————————————-

ဇွန် ၁၄

The Kaladan Post

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာကို ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ဥပဒေချုပ်အိမ်ထိမှန်ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ပြောသည်။ စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ပါ။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုကို SDDF၊ Alpha Bats Drone Force၊ Sky Worries Drone Force နှင့် မွန်ပြည်နယ် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။