——————————–

၁။ စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ် လက်နက်ကြီးအပြန်အလှန်ပစ်ခတ်

——————————————————————–

ဇွန် ၁

The Kaladan Post

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ ၂၇၅) မှ လက်နက်ကြီးများဖြင့် KNLA ပူးပေါင်းတပ်များနှင့် အနီးဝန်းကျင်ကျေးရွာများကို ပစ်ခတ်ခဲ့ရာ ယမန်နေ့ (မေ ၃၁၊ ၂၀၂၅) ညပိုင်းတွင် အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၃ ရက်ခန့်ကတည်းက စစ်ကောင်စီက ဦးစွာပစ်ခတ်ခဲ့ရာ ရွှေမြစန္ဒီရွာမှ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး အခြေအနေဆိုးရွားခဲ့သည်။ KNLA ပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ညဥ့်နက်ပိုင်းအထိ ပစ်ခတ်သံများ ကြားခဲ့ရသည်။ ခလရ ၂၇၅ တပ်တွင် ဝေါလေဒေသမှ ဆုတ်ပြေးလာသူများဖြင့် တပ်အင်အား ၇၀၀ ခန့်ဖွဲ့စည်းထားပြီး သင်္ဃန်းညီနောင်သို့ စစ်ကြောင်းပြန်ထိုးရန် စီစဉ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ၂၀၂၄ မတ်နှင့် ဧပြီလများတွင် KNLA ပူးပေါင်းတပ်များက ခလရ ၂၇၅ အပါအဝင် သင်္ဃန်းညီနောင်ရှိ ဗျူဟာကုန်းနှင့် တပ်ရင်း ၄ ရင်းကို သိမ်းပိုက်ခဲ့သော်လည်း ခလရ ၂၇၅ ကို ရက်ပိုင်းအတွင်း ပြန်လည်လွှဲပေးခဲ့ရသည်။ သင်္ဃန်းညီနောင်ကို လက်ရှိအချိန်ထိ KNLA ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

၂။ ဆီဆိုင်တွင် PNLA တပ်သား ၅ ဦးအား စစ်တပ်နှင့် PNO က ပစ်သတ်

—————————————————————–

ဇွန် ၁

The Kaladan Post

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က ဖမ်းဆီးပြီး နောက်တစ်နေ့ (ဇန်နဝါရီ ၁၃) တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သက်သေအဖြစ် ဗွီဒီယိုမှတ်တမ်းနှင့် စစ်သုံ့ပန်းတစ်ဦး၏ ဖုန်းထဲမှ ထွက်ဆိုချက်များ တွေ့ရှိခဲ့သည်။ PNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ၎င်းဖြစ်စဉ်သည် စစ်သုံ့ပန်းဥပဒေကို ချိုးဖောက်ပြီး ရက်စက်စွာ ကျူးလွန်ခဲ့သည့်လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ PNLA အနေဖြင့် စစ်သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းမပြုဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု ဆိုသည်။ ဤတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်ဖြစ်ပြီး ပအိုဝ်းလူမျိုးအချင်းချင်း သတ်ဖြတ်မှုမဖြစ်စေရန် ထိန်းသိမ်းထားကြောင်း PNLA က အသိပေးထားသည်။

၃။ တော်လှန်ရေးအောင်မြင်ရန် နောက်ဆုံးစည်းကျော်ဖြတ်ရန်လိုဟု ရဲဘော်တင်ဦးပြော

——————————————————————————-

ဇွန် ၁

The Kaladan Post

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက စစ်အာဏာရှင်ကို အနိုင်ရရန် တော်လှန်ရေးသမားများ ညီညွတ်စွာ သွေးကွဲစေမည့် နောက်ဆုံးစည်းကို ကျော်ဖြတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက အာဏာရှင်များ၏ ကောလာဟလ၊ မျှော်လင့်ချက်အမှား၊ ရက်စက်မှုများကို ပြည်သူနှင့် တော်လှန်ရေးသမားများက ကျော်ဖြတ်ခဲ့ပြီး ယခု အဖွဲ့အစည်းများ သွေးမကွဲပါက စစ်ကောင်စီ၏ ရှုံးနိမ့်မှုများနှင့်အတူ တော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်စွာ ထုတ်ဖော်ခဲ့သည်။

၄။ ကင်းရွာတွင် စကစ စစ်ကြောင်းက နေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီး

————————————————————

ဇွန် ၁

The Kaladan Post

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းရွာတွင် မေလ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့များက နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းစစ်ကြောင်းကို ရတနာပုံတပ်ဦး (LPDF) နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့သည်။ မေလ ၂၅ ရက်မှစတင်ခဲ့သော စစ်ကြောင်းထိုးမှုအတွင်း ၅ နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ကင်းရွာသို့ဝင်ရောက်ကာ နေအိမ်များကို ဖျက်ဆီးခဲ့သည်။ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာကာ မင်းကွန်းရဲစခန်းသို့ ဆုတ်ခွာသွားခဲ့သည်။ ဒေသခံများ စစ်ရှောင်နေရပြီး တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ တိုးလာနေသည်။ ရတနာပုံတပ်ဦး တာဝန်ခံ ကိုကီရီက မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေသော တပ်ဖွဲ့များအတွက် ထိရောက်သော အကူအညီများ လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၅။ စစ်ကိုင်းမြို့ တပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

———————————————————-

ဇွန် ၁

The Kaladan Post

၂၀၂၅ ခုနှစ် မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်ကို Brave Warriors for Myanmar (BWM) ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်စခန်း အတွင်း ထိရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုနှင့် ပျက်စီးမှုများ ရှိနိုင်ကြောင်း သိရသည်။

ဤတိုက်ခိုက်မှုသည် ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများအတွက် လက်တုံ့ပြန်ရန်နှင့် စစ်ကောင်စီ၏ ထိပ်သီးခေါင်းဆောင်တစ်ဦး တပ်မ ၃၃ သို့ လာရောက်မည့်သတင်းကြောင့် ၎င်းတို့အား လုံခြုံမှုမရှိကြောင်း သတိပေးရန် BWM Mission 40 ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Shadow (စစ်ကိုင်း)၊ No More Dictatorship (NMD) နှင့် စစ်ကိုင်းမြို့ပြ ပြောက်ကျားအဖွဲ့ (Infinity) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တပ်မ ၃၃ သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများအပေါ် ရက်စက်စွာ နှိပ်စက် သတ်ဖြတ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး လက်ရှိတွင်လည်း ဒုတပ်မမှူး ဦးစီးသော စစ်ကြောင်းများက ကျေးရွာများတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများ ပြုလုပ်နေ သည်။ ဤတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ စစ်ရေးဖိအားကို တိုးမြှင့်စေပြီး တော်လှန်ရေးအဖွဲ့ များ၏ ဗျူဟာမြောက် စွမ်းဆောင်ရည်ကို ပြသလျက်ရှိသည်။

၆။ စစ်ကောင်စီ၏ ရာထူးတိုးမြှင့်မက်လုံးပေးမှု ထုတ်ပြန်

————————————————

ဇွန် ၁

The Kaladan Post

၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်မြေသိမ်းပိုက်ရေးနှင့် တိုက်ပွဲအောင်နိုင်မှုအတွက် အရာရှိနှင့် စစ်သည်များကို အသက်အရွယ်၊ အရည်အချင်းကန့်သတ်ချက်မထားဘဲ ရာထူးတိုးမြှင့်ပေးမည့် မက်လုံးပေးမှု ထုတ်ပြန်ခဲ့သည်။ ဤညွှန်ကြားချက်သည် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် စစ်ရေးစွမ်းရည်မြှင့်တင်ရန် ရည်ရွယ်သော်လည်း တပ်တွင်းစိတ်ဓာတ် အားနည်းမှုနှင့် ထွက်ပြေးမှု၊ လက်နက်ချမှုများကို ဖုံးကွယ်ရန် ဗျူဟာတစ်ခုလည်း ဖြစ်နိုင်သည်။

တစ်ဖက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဗိုလ်မှူးချုပ် ကျော်မျိုးအောင် ၊ ဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်၊ ဗျူဟာမှူးနှင့် ဗိုလ်မှူးအဆင့်အထိ ဖမ်းဆီးမှုများဖြင့် စစ်ကောင်စီ၏ ကွပ်ကဲမှုနှင့် စစ်ရေးစွမ်းရည်ကို ထိခိုက်စေပြီး တော်လှန်ရေးအဖွဲ့နများ၏ နယ်မြေထိန်းချုပ်မှုနှင့် စိတ်ဓာတ်အားမာန်ကို မြှင့်တင်လျက်ရှိသည်။


၇။ မီဇိုရမ်ပြည်နယ်တွင် မြေပြိုမှုကြောင့် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံး

——————————————————————–

ဇွန် ၁

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်း (Vaphai) ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ချင်းစစ်ဘေးရှောင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများမှာ ဦးလဲန်းခွေထန်းနာ (Lenkhuaithanga) အသက် ၇၁ နှစ်၊ ၎င်း၏သမီး လာလ်နိုက်ထွာမ်မီး (Lalneihthuami) အသက် ၄၈ နှစ်၊ နှင့် ၎င်း၏ယောင်းမဖြစ်သူ လာလ်ရဲမ်နီအဲန်းအီး (Lalremniengi) အသက် ၂၈ နှစ် (ကိုယ်ဝန်လေးလရှိ) တို့ဖြစ်သည်။ မြေပြိုမှုသည် Samthang ရွာမှ Vaphai ရွာအဝင်အနီးတွင်ဖြစ်ပွားခဲ့ပြီး ၎င်းတို့နေထိုင်ရာ အိမ်ပေါ်သို့ မြေပြိုကျလာခြင်းဖြစ်သည်။

ထို့အပြင် လာလ်ရဲမ်နီအဲန်းအီး၏ခင်ပွန်း ပဲခ့်မှင်းထန်းနာ (Pekhmingthanga) အသက် ၂၆ နှစ်နှင့် ၎င်းတို့၏ဧည့်သည် လာလ်ဇာမ်မာ (Lalzama) အသက် ၄၇ နှစ်တို့လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန်ဖိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ သေဆုံးသူများမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မောစီ (Vutbuak) ကျေးရွာမှ ဗာဖိုင်းသို့ စစ်ဘေးရှောင်ရန် ရောက်ရှိလာသူများဖြစ်သည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဗာဖိုင်ကျေးရွာရှိ သုသာန်တွင် မေလ ၃၁ ရက် နေ့ခင်းပိုင်းက မြေမြှုပ် သင်္ဂြိုဟ်ခဲ့ ကြောင်းသိရသည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်တစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် အိမ်ပြိုကျမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်း ရှိနေသည်။