၁။ တော်လှန်ရေးတပ်များ စိုးမိုးနယ်မြေ မလေးရှားထက်ကျယ်ပြန့်ပြီး အသွင်ကူးပြောင်းရေး အစိုးရ လိုအပ်ဟု NUG ဝန်ကြီးပြော
——————————————————————————————-
ဇွန် ၂၃
The Kaladan Post
မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေသည် မလေးရှားနိုင်ငံထက်ပင် ကျယ်ပြန့်လာပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။ The Burma Guardian နှင့် တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက လက်ရှိ စိုးမိုးဧရိယာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လည်ပတ်နေပြီး လေကြောင်းရန်မှလွဲ၍ သွားလာလုပ်ကိုင်နိုင်သည့် နယ်မြေများ ကျယ်ပြန့်လာသည်ဟု ဆိုသည်။ EROs များကလည်း အသွင်ကူးပြောင်းရေးအစိုးရ လိုအပ်မှုကို သဘောတူညီထားသည်။ ဒေါက်တာဇော်ဝေစိုးက စစ်ရေးနှင့် နိုင်ငံရေး နောက်တစ်ဆင့်တက်ရန် လိုအပ်ကြောင်း ထောက်ပြသည်။
တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေများသည် စတုရန်းမိုင် ၁၂၇၇၂၄ ရှိသော မလေးရှားထက် ကျယ်ဝန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ မဖြစ်ပေါ်မီ အသွင်ကူးပြောင်းရေးအစိုးရ လိုအပ်ကြောင်း EROs များက လက်ခံထားသည်။ ဒေါက်တာဇော်ဝေစိုးက စစ်အာဏာရှင်ကို ချေမှုန်းပြီး အသွင်ကူးပြောင်းရေးအစိုးရ ပေါ်ပေါက်ရန် ပြည်သူနှင့် တော်လှန်ရေး အင်အားစုများ ဝိုင်းဝန်းကြိုးစားရန် တိုက်တွန်းသည်။ ၎င်းသည် ယခုနှစ်ဆန်းပိုင်းတွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိခဲ့သည့် ပထမဆုံး NUG ဝန်ကြီးလည်းဖြစ်သည်။
၂။ ဆေးရုံ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မီးဖွားမိခင်သေဆုံးပြီး ပြည်သူ ၁၂ ဦးဒဏ်ရာရ
——————————————————————————————-
ဇွန် ၂၃
The Kaladan Post
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ မေတ္တာနန္ဒဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၂ ရက် ည ၁၁ နာရီခန့်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စဉ့်ကူးပကဖသတင်းတာဝန်ခံက ပြောသည်။ သားဖွားမီးယပ် အဆောင်အပါ အဝင် ဆေးရုံအဆောက်အဦး ၃ လုံး ပျက်စီးခဲ့သည်။ သေဆုံးသူမှာ မတ္တရာမြို့နယ်မှ အသက် ၃၀ ခန့်အရွယ် မီးဖွားပြီး ၂ ရက်သာရှိသေးသူဖြစ်ပြီး ကလေးမှာ အသက်ရှင်ကျန်ခဲ့သည်။
ဒဏ်ရာရသူများထဲတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရပြီး အခြား ၁၁ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့သည်။ ဆေးရုံသည် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းဒေသခံများ၏ အဓိကအားကိုးရာ အရပ်သားဆေးရုံဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ကုသမှုမရှိကြောင်း ပကဖသတင်း တာဝန်ခံက ဆိုသည်။ စစ်ကောင်စီက ဇွန်လအတွက် အပစ်ရပ်ကြေညာထားသော်လည်း စဉ့်ကူးတွင် စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေ သည်။
၃။ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တိုက်ခိုက်ရာတွင် စစ်သား ၁၅ ဦးသေဆုံး
——————————————————————————————-
ဇွန် ၂၃
The Kaladan Post
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။ မေလ ၂၇ ရက်မှ ဇွန်လ ၁၆ ရက်အထိ ၂၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းသည် ကျောက်ပန်းတောင်းမြို့နယ်မှ ပျူစောထီးများနှင့်ပူးပေါင်း၍ အင်အား ၁၅၀ ခန့်ဖြင့် သားကူးကန်ကျေးရွာမှ ဝင်ရောက်လာခဲ့သည်။ တိုက်ခိုက်မှုကို YNG-PDF၊ Tamar Myay Special Column၊ Yenanthar Column နှင့် အင်တောတိုက်နယ် (ပကဖ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။
စစ်တပ်စစ်ကြောင်းသည် လွန်ပင်ရှိုကျေးရွာနှင့် အင်တောကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကံသာ(ရွာသစ်) နှင့် လွန်ပင်ရှိုကျေးရွာမှ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၆ ရက်တွင် စစ်ကြောင်းသည် ကုန်းအိုင်၊ ဖောင်းကွဲလမ်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဤတိုက်ပွဲတွင် မကွေးအခြေစိုက် တပ်မ ၈၈၊ ခလရ ၇၇၊ ခလရ ၁၃ နှင့် ပျူစောထီးများ ပါဝင်ခဲ့ကြောင်း ပကဖတာဝန်ရှိသူက ဆိုသည်။
၄။ စစ်တပ်က ဗိုလ်တထောင်ရွာကို စစ်ကြောင်းထိုး မီးရှို့
——————————————————————–
ဇွန် ၂၃
The Kaladan Post
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဗိုလ်တထောင်ကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် နံနက် ၅ နာရီမှစတင်ကာ မီးတင်ရှို့နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးသတ်ဖြတ်ခံရမှု ရှိ၊ မရှိ မသိရသေးပေ။ ယခင်ရက်များကလည်း ဦးတိုကျွဲလမ်းစုနှင့် ရွေးကုန်းရွာအနီး နေအိမ် ၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကြောင်းထိုးမည့်သတင်းကြောင့် ဂန့်ဂေါ်ပင်အုပ်စုရှိ ရွာများမှ ပြည်သူ အများစု အိမ်စောင့်သူများသာ ကျန်ရစ်ခဲ့ကာ နီးစပ်ရာရွာများသို့ တိမ်းရှောင်နေရသည်။
ဇွန်လ ၁၆ ရက်က အုတ်တွင်းရွာအနီး စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ ဗိုလ်မှူး ဖြိုးမင်းဦး၊ ဒုရဲမှူးကြီး စိုးခိုင်၊ ဗိုလ်မှူး ရန်နိုင်အောင်အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ ဤတိုက်ပွဲ ဆုံးရှုံးမှုကြောင့် စစ်ကောင်စီသည် ဇွန်လ ၁၉ ရက်မှစတင်ကာ မင်းလှမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို ဆက်လက်မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသအတွင်းရှိသတင်းရင်းမြစ်က ဆိုသည်။
၅။ KNLA ပူးပေါင်းတပ်များ ထီးကပလယ်စခန်းသိမ်းပိုက်
——————————————————————–
ဇွန် ၂၃
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးကပလယ်စစ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇွန်လ ၉ ရက်မှစတင်ကာ ဒရုန်းဗုံးကြဲ၍ ပိတ်ဆို့ထားပြီး ဇွန်လ ၂၁ ရက်တွင် ထိုးဖောက်ဝင်ရောက်ကာ နောက်တစ်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ လက်ရှိ နယ်မြေရှင်းလင်းနေပြီး သေဆုံးမှုနှင့် လက်နက်သိမ်းဆည်းမှုကို စိစစ်နေသည်။ ဤစခန်းသည် ဝေါ်လေဗျူဟာကုန်းအနီးရှိ ကာကင်းစခန်းလည်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို KNU ထိန်းချုပ်ရန် ဥကရစ်ထ၊ ဝေါ်လေဗျူဟာကုန်း၊ တီသဲလယ်စခန်း ၃ ခုသာ သိမ်းပိုက်ရန်ကျန်ရှိသည်။ ဥကရစ်ထစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့ထားပြီး မကြာမီ သိမ်းပိုက်နိုင်မည်ဟု သတင်းရင်းမြစ်က ဆိုသည်။ ဇွန်လအတွင်း သေ့ဘောဘိုးနှင့် ထီးကပလယ်စခန်းများကို ဆက်တိုက်သိမ်းပိုက်ခဲ့ပြီး၊ ယခင်က ပူးလူးတူ၊ မယ်လ၊ ဘုရင့်နောင်စခန်းကုန်းစသည့် စခန်းများကိုလည်း KNU က သိမ်းပိုက်ထားသည်။
၆။ တပ်ကြပ်ကြီးအောင်ဝင်းကို PDF ရဲမေများက လက်နက်နှင့်အတူ ဖမ်းဆီး
——————————————————————————————-
ဇွန် ၂၃
The Kaladan Post
မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တွင် အရက်သောက်မူးရူးပြီး ကွမ်းယာ ဝယ်ထွက်လာသော တပ်ကြပ်ကြီး အောင်ဝင်းကို တောင်သာမြို့နယ် PDF ရဲမေများက လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးခဲ့ကြောင်း ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇွန်လ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် စစ်သားများ မူးရူးနေသည့်သတင်းကြောင့် ရဲမေများ ဦးဆောင်သော အဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိသူမှာ အကြမ်းဖက် စစ်ကောင်စီ၏ မိတ္ထိလာအမှတ် ၁ တပ်မတော် အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး အောင်ဝင်းဖြစ်ပြီး MA1 အမျိုးအစား လက်နက် ၁ လက်၊ ၅.၅၆ ကျည် ၂၅၀ တောင့်တို့နှင့် ဖမ်းဆီးရမိသည်။
ဖမ်းဆီးရမိထားသည့် တပ်ကြပ်ကြီး အောင်ဝင်းကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း ထားပြီး ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု တောင်သာပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဤဖမ်းဆီးမှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို မလှိုင်မြို့ပေါ်တွင် ဖမ်းဆီးနိုင်ခဲ့သည့် PDF ရဲမေများ၏ ထူးခြားအောင်မြင်မှုတစ်ရပ်ဖြစ်သည်။ စစ်ကောင်စီတပ်သားများ၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအတွက်လည်း PDF ၏ ဆောင်ရွက်မှုများကို ထင်ရှားစေသည်။
၇။ ရေဖြူကံတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံး
——————————————————————————————-
ဇွန် ၂၃
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရေဖြူကံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း 7Ravens Drone Force တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇွန်လ ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ၆၀ မမ ဗုံးသီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အဆောက်အဦးထိမှန်ပေါက်ကွဲခဲ့သည်။ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ သေဆုံးစာရင်းထပ်တိုးမရှိသေးကြောင်း စောင့်ဆိုင်းစုံစမ်းနေသည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် တင့်ကား ၃ စီးပါ စစ်ကြောင်းနှင့် တောင်ဇင်းရဲစခန်းမှ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို People Democratic Army (PDA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး PDA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးစဖြင့် ဦးခေါင်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ စစ်ကြောင်းကြောင့် ညောင်ဦးမြို့နယ်ရှိ ၁၀ ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်။
၈။ စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး ပြည်သူ ၇ ဦးဖမ်းဆီး
————————————————————————–
ဇွန် ၂၃
The Kaladan Post
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာနှင့် ဂန့်ဂေါ်ပင်ရွာတို့ကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် နံနက်ပိုင်းမှစတင်ကာ မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နံနက် ၇ နာရီခန့်တွင် ဆားချောင်းရွာ၊ ၁၁ နာရီခန့်တွင် ဆင်အိုင်ချောင်းပေါက်ရွာနှင့် မွန်းလွဲ ၂ နာရီခန့်တွင် ဂန့်ဂေါ်ပင်ရွာကို မီးရှို့ခဲ့သည်။ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူ ၇ ဦးရှိကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်မှစတင်ကာ ဦးတိုတောင်စုရွာမှ ပြည်သူ ၅ ဦးနှင့် ဇွန်လ ၂၂ ရက် သရော်ကုန်ရွာမှ လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားသည်။ ဖမ်းဆီးခံရသူများကို ဘုန်းကြီးကျောင်းများတွင် ထိန်းသိမ်းထားပြီး စစ်တပ်က ရွာများအတွင်း မိုဘိုင်းဖုန်းများ သိမ်းယူ၊ လူမနေအိမ်များတွင် တပ်စွဲနေရာယူထားသည်။ ဗိုလ်တထောင်ရွာအပါအဝင် ကျေးရွာ ၄ ခုကို တစ်နေ့တည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။