——————————-
၁။ မုံရွာတွင် ပြည်သူ့စစ် ၂ ဦးနှင့် ရဲ ၁ ဦး လက်နက်များဖြင့် PDF ထံ အလင်းဝင်
————————————————————————
ဇွန် ၅
The kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော လက်နက်ကိုင် ပြည်သူ့စစ် (ပျူစောထီး) ၂ ဦးနှင့် ရဲ ၁ ဦးတို့သည် MA1၊ G3 နှင့် MA13 လက်နက်များဖြင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (PDF) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ကိုအာကူးက ပြောသည်။ ၎င်းတို့သည် ဧပြီနှင့် မေလအတွင်း ဆက်သွယ်လာပြီး ခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်နက်အပ်နှံမှုအတွက် တစ်ဦးလျှင် ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့သည်။ အလင်းဝင်သူများမှာ ရန်ကုန်၊ ပုသိမ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဖြစ်ပြီး ၂ ဦးသည် တော်လှန်ရေးတွင် ဆက်လက်ပါဝင်မည်ဟု သိရသည်။ ကိုအာကူးက စစ်ကောင်စီ၏ ဝါဒဖြန့်စကားများကို မယုံကြည်ဘဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်အလင်းဝင်ရန်နှင့် သွားလိုရာပို့ဆောင်ပေးမည်ဟု နှိုးဆော်သည်။ ယခင်ကလည်း မုံရွာ PDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း အလင်းဝင်ခဲ့သည်။
၂။ စစ်မှုထမ်းတပ်သား ၃ ဦး သေနတ် ၃ လက်ဖြင့် အလင်းဝင်
—————————————————–
ဇွန် ၅
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာသို့ မေလ ၁၆ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၄ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် MA-1 သေနတ် ၁ လက် နှင့် MA-3 သေနတ် ၂ လက်ဖြင့် Spring Warriors Column တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် မတရားဖမ်းဆီးခံရပြီး စစ်တပ်အတွင်း နှိပ်စက်မှုများကို ခံခဲ့ရကာ အရဲစွန့်ထွက်ပြေး လာချိန်တွင် တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ခိုလှုံခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလင်းဝင်သူများမှာ စစ်မှုထမ်းအပတ်စဉ် ၈ နှင့် ၉ မှဖြစ်ပြီး ၎င်းတို့အား ဂုဏ်ပြုဆုငွေ သိန်း ၃၀ ချီးမြှင့်ထားသည်။ တစ်ဦးမှာ ရန်ဖြစ်ပြီး အချုပ်ကျချိန်တွင် စစ်တပ်သို့ အတင်းသွင်းခံရ။ အခြားတစ်ဦးမှာ ကားဂိတ်တွင် ထမင်းစားနေစဉ် ပေါ်တာဆွဲခံရပြီး နောက်တစ်ဦးမှာ ပတ်စပို့ရုံးအနီး ထမင်းဆိုင်တွင် ဓားထောက်ဖမ်းဆီးခံရကြောင်းသိရသည်။ Spring Warriors Column က ပြည်သူ့ရင်ခွင်ခိုလှုံလိုသူများအား နီးစပ်ရာတပ်ရင်း စစ်ကြောင်းသို့ ဆက်သွယ် အလင်းဝင်ရန် နှိုးဆော်ထားသည်။
၃။ AA နှင့် ပူးပေါင်းတပ်များ MPT တာဝါတိုင်စခန်းကို သိမ်းပိုက်
——————————————————–
ဇွန် ၅
The Kaladan Post
ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ်၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းရိုးမတောင်ပေါ်မှ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ဇွန်လ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ ထို့နောက် နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေသည်။ စစ်ကောင်စီဘက်မှ ဒဏ်ရာရစစ်သားများကို ကား ၅ စီးဖြင့် ပဒါန်းဘက်သို့ ပြန်သယ်သွားခဲ့ပြီး လက်ရှိ လေကြောင်းတိုက်ခိုက်မှုနှင့် ဘုံဘောခမောက်တောင်စခန်းမှ လက်နက်ကြီးပစ်ကူများ ပေးနေသည်။ ယနေ့ နံနက်ပိုင်းတွင် ပဒါန်းမြို့အခြေစိုက် အမှတ်(၉၀၅) အမြောက်စခန်းမှ စစ်ကား ၈ စီးထက်မနည်း နတ်ရေကန်သို့ အင်အားဖြည့်ချီတက်ခဲ့သည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ AA နှင့် ပူးပေါင်းတပ်များက အမ်း-ပဒါန်းလမ်းကို ပိတ်ဆို့ထားပြီး နတ်ရေကန်ကို ထိုးစစ်ဆင်နေသည်။ အပစ်ရပ်ကာလ ထပ်တိုးထားသော်လည်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေသည်။
၄။ KNLA နှင့် PDF ရဲဘော်များအား ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို
———————————————————————–
ဇွန် ၅
The Kaladan Post
မြန်မာ-ထိုင်းနယ်စပ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းနှင့် သေ့ဘောဘိုးစခန်းများကို အပြီးသတ်တိုက်ခိုက်ချေမှုန်းခဲ့သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့ဝင်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့သည်။ ဘလယ်ဒိုစခန်းကို ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နှင့် သေ့ဘောဘိုးစခန်းကို ဇွန်လ ၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို ရရှိခဲ့သည်။ ယနေ့ ဇွန်လ ၅ ရက်တွင် ပြည်သူများက ၎င်းတို့၏ အောင်မြင်မှုကို ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
၅။ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံမှုအတွက် တောင်ကိုရီးယားသမ္မတ အီဂျဲမြောင်ထံ ကျေးဇူးတင်ဂုဏ်ပြု
—————————————————————————–
ဇွန် ၅
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလသည် မြန်မာ့ဒီမို ကရေစီရေး ကြိုးပမ်းမှုများအပေါ် အားပေးထောက်ခံမှုအတွက် တောင်ကိုရီးယား ရွေးကောက်ခံသမ္မတ အီဂျဲမြောင်ထံသို့ ၂၀၂၅ ဇွန် ၄ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် သမ္မတ အီဂျဲမြောင်၏ အောင်မြင်မှုနှင့် ကိုရီးယားပြည်သူများ၏ ရွေးချယ်မှုကို လေးစားဂုဏ်ယူကြောင်း၊ ကိုရီးယားနိုင်ငံ၏ တိုးတက်မှုနှင့် ဒီမိုကရေစီတန်ဖိုးများကို ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကိုရီးယား၏ အောင်မြင်မှုများကို မြန်မာနိုင်ငံအတွက် နမူနာယူစရာအဖြစ် မျှော်လင့်အားကျကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ဆက်လက်တည်တံ့ရန် ဆန္ဒပြုကြောင်း ထည့်သွင်းဖော်ပြထားသည်။
၆။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရ
——————————————————————————-
ဇွန် ၅
The Kaladan Post
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ၂၀၂၄ ဒီဇင်ဘာလတွင် ပြင်ဦးလွင်မြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီး စစ်ကြောရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံကာ ကွယ်လွန်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်သည်။
CRPH က ဦးအောင်စိုးမင်း၏ သေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်ကာ စစ်ကောင်စီကို ပြင်းထန်စွာ ရှုတ်ချသည်။ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်များအတွက် စိုးရိမ်မှု ဖော်ပြထားသည်။ စစ်ကောင်စီ၏ လူမဆန်သော နှိပ်စက်မှုနှင့် ဆေးကုသခွင့်မရှိမှုကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ၃ ဦး ထောင်တွင်း၌ သေဆုံးခဲ့ရသည်။
၂၀၂၂ ဇွန်လတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း လမ်းဘေးတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး ဖမ်းဆီးခံထားရပြီး အချို့မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။
၇။ သွေးသစ္စာသီချင်းအော်ဆိုသည့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ၃ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီး
——————————————————————————–
ဇွန် ၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်တွင် မေလ ၂၂ ရက်နေ့ ညနေပိုင်းက KTV နှင့် ဘီယာဆိုင်မှ ပြန်လာစဉ် ဆိုင်ကယ်စီးရင်း သွေးသစ္စာသီချင်း အော်ဆိုခဲ့သည့် အထက ၁ ကျောင်းအုပ် ဆရာကြီး ဦးမိုးထွန်း၊ အထက်တန်းပြဆရာ ဦးစိုးသင်းနှင့် ကျောင်းစောင့် ဦးညွန့်ဝင်းတို့ ၃ ဦးကို မေလ ၂၇ ရက်နေ့တွင် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက် စေမှုဖြင့် ကျောင်းဝင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူ များအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောကြားသည်။
ဖမ်းဆီးခံရသူများသည် အဆိုပါနေ့တွင် မြို့ပေါ်လမ်းများပေါ်တွင် သီချင်းအော်ဆိုခဲ့သဖြင့် ဒေသခံများထံမှ အာရုံစိုက်ခံရပြီး ကျောင်းဝင်းအတွင်း အစောင့်ပျူများရှိနေချိန်တွင် ခံဝန်ထိုးခိုင်းခံရသည်ဟု သိရသည်။ ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းမှာ တန့်ဆည်ဇာတိ ဖြစ်ပြီး ကန့်ဘလူတွင် တာဝန်ကျစဉ် ဇနီးနှင့်အတူ ကျောင်းဝင်းအတွင်း နေထိုင်ခဲ့ကာ ဖမ်းဆီးခံရပြီးနောက် ၎င်း၏ဇနီးမှာ တန့်ဆည်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။
၈။ နောင်ချိုမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး တရုတ်ဖိအားပြင်းထန်နေကြောင်း TNLA ပြော
——————————————————————————–
ဇွန် ၅
The Kaladan Post
စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်တွင် ထိုးစစ်ဆင်မှု၊ စစ်ကူအင်အားဖြည့်တင်းမှု၊ လက်နက်ခဲယမ်းဖြည့်တင်းမှုနှင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ဇွန်လအတွင်း စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ရပ်စောက်ဘက်မှ စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းဖြည့်တင်းကာ ထိုးစစ်ဆင်နေပြီး တောင်ခမ်းဒေသတွင် နေ့စဉ် သို့မဟုတ် တစ်ရက်ခြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ “စစ်ရေးက တင်းမာနေဆဲဖြစ်ပါတယ်။ ကျမတို့က စစ်ဗျူဟာအတိုင်း ခုခံတိုက်ခိုက်နေပါတယ်” ဟု လွေးယေဦးက ရှင်းပြသည်။
တရုတ်နိုင်ငံ၏ ဖိအားမှာလည်း ပြင်းထန်နေဆဲဖြစ်ပြီး TNLA က ၎င်းကို ဖြေရှင်းရန် နည်းလမ်းရှာဖွေနေသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ TNLA က သဘောထားမှတ်ချက် မပေးလိုဘဲ ပြည်သူလုထုဘက်မှ ရပ်တည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု TNLA က ကြေညာသည်။
၉။ ဆင်စွယ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်
————————————————————————-
ဇွန် ၅
The Kaladan Post
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာမှ လှည့်ကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များက ဇွန်လ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း Launglone Peninsula Force – LPF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး တော်လှန်ရေးတပ်များက လက်ဦးမှုရယူကာ ပစ်ခတ်နိုင်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်စခန်းကို ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ထပ်မံရှိနိုင်ကြောင်း စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို LPF၊ KBDF၊ YGF၊ MSRF၊ NMSP (AD)RMA နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။