———————————-
၁။ ဖားကန့်မြို့နယ်တွင် စစ်တပ်က ကုမ္ပဏီပိုင်ကားများ မီးရှို့ဖျက်ဆီးပြီးဝန်ထမ်းများ ရိုက်နှက်ဖမ်းဆီး
———————————————————————
ဇွန် ၄
The Kaladan Post
ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်မျက်လုပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီက ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီပိုင်ကားများကို မီးရှို့ဖျက်ဆီးပြီး ဝန်ထမ်းများကို ရိုက်နှက်ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇွန်လ ၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက မှော်စီဇာလုပ်ကွက်အတွင်း ဝင်ရောက်ကာ ကားများကို မီးရှို့ပြီး ဝန်ထမ်းများကို ဖမ်းဆီးရိုက်နှက် ခဲ့သည်။
မေလ ၃၁ ရက်မှစ၍ စစ်ကောင်စီက လုံးခင်းဒေသတွင် ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ၁၁၁ ကုမ္ပဏီပိုင် ကားများနှင့် အဆောက်အအုံများကို မီးရှို့ခဲ့ကာ ဇွန်လ ၃ ရက်တွင် ယမ်းဂိုဒေါင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယနေ့မှာ ၃ ရက်မြောက် ဖျက်ဆီးမှုအဖြစ် ဆက်လက် လုပ်ဆောင်နေသည်။
၂။ မင်းတပ်မြို့တွင်း ညအချိန်ကုန်စည်ယာဉ်ထိန်းချုပ်မှု၊ အမြန်နှုန်းကန့်သတ်ချက်နှင့် ကလေးယာဉ် မောင်းနှင်မှုတားမြစ်ချက် ထုတ်ပြန်ကြေညာ
—————————————————————————-
ဇွန် ၄
The Kaladan Post
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်အမှတ် (၄/၂၀၂၅) အရ ည ၇ နာရီမှစ၍ ကုန်စည်တင်ယာဉ်များ မြို့တွင်းဖြတ်သန်း သွားလာခြင်းနှင့် အနားယူခြင်းကို တားမြစ်ပြီး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအတွက် အမြန်နှုန်း တစ်နာရီလျှင် မိုင် ၂၀ နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန်နှင့် အသက် ၁၅ နှစ်အောက် ကလေးသူငယ်များ ယာဉ်မောင်းနှင်ခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ စည်းကမ်း မလိုက်နာသူများကို ကြားကာလအုပ်ချုပ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
၃။ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ သေ့ဘောဘိုးစခန်းသိမ်းပိုက်
———————————————————————–
ဇွန် ၄
The Kaladan Post
ဇွန်လ ၃ ရက်နေ့ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သေ့ဘောဘိုးတပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်က လက်နက်ချကာ အလံဖြူထောင်ခဲ့ကြသည်။ KNLA ဘက်မှတပ်သား ၄ ဦးသည် စစ်ကောင်စီလေယာဉ်မှ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်သိမ်းပိုက်ရေးတွင် ၃၂ ဗျူဟာအောက်ခံ KNLA စစ်ကြောင်းများနှင့် PDF တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့သည်။ ယခုအခါ စစ်ကောင်စီတပ်သည် ထိုင်း-မြန်မာနယ်စပ်တွင် စခန်း ၄ ခုသာကျန်ရှိနေသည်။
၄။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
—————————————————-
ဇွန် ၄
The Kaladan Post
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် DMO Local PDF နှင့် KNPLF တပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး (WY) ဆေးပြား ၁၀၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ မူးယစ်ဆေးဝါးကြောင့် လူငယ်များအကြား ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများ ဖြစ်ပေါ်နေပြီး ဖမ်းဆီးရမိ တရားခံများကို အရေးယူလျက်ရှိသည်။ သုံးစွဲသူများကို ထိန်းသိမ်းထားပြီး ရောင်းဝယ်ဖောက်ကားသူများကို ထိရောက်စွာ အရေးယူမည်ဟု DMO Local PDF တာဝန်ရှိသူက ပြောကြားသည်။ အလားတူ ဇွန်လ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် များမှ မူးယစ်ဆေးဝါး ၆၇၆၂၆ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မေလ ၃၁ ရက်နေ့တွင်လည်း မတ္တရာမြို့နယ်တွင် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်ဖောက်ကားသူများနှင့် သုံးစွဲသူများကို ထိရောက်စွာ အရေးယူလျက်ရှိကြောင်း သိရသည်။
၅။ သေမည့်နေ့ထိုင်စောင့်မည့်အစား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိ
————————————————————
ဇွန် ၄
The Kaladan Post
အောင်ဇေယျစစ်ကြောင်းမှ စစ်မှုထမ်းတပ်သား မောင်ဖြိုးနှင့် ဇင်ကိုကိုတို့သည် KNLA ထံ အလင်းဝင်ရောက်ပြီး စစ်တပ်အတွင်း သေမည့်နေ့ကို ထိုင်စောင့်ရသည့် ခံစားချက်မျိုး မဟုတ်တော့ဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရရှိလာကြောင်း ပြောကြားသည်။ မောင်ဖြိုးသည် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၂ တပ်ရင်းတွင် စနိုက်ပါတွဲဖက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပေါ်တာဆွဲခံရမှုကြောင့် စစ်တပ်ဝင်ခဲ့ရသူဖြစ်ကာ စနိုက်ပါနှင့် MA1 သေနတ်ယူဆောင်ကာ အလင်းဝင်ခဲ့သည်။ ဇင်ကိုကိုသည် ရန်ကုန်တွင် ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ အတင်းဝင်ခဲ့ရသူဖြစ်ပြီး MA3 သေနတ်နှင့် ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ခဲ့သည်။ ၎င်းတို့သည် KNLA နှင့် PDF ရဲဘော်များထံမှ နွေးထွေးစွာ ကြိုဆိုမှု ရရှိခဲ့ကြောင်း ဆိုသည်။ စစ်တပ်ထဲမှ အရာရှိများ၏ ပြောဆိုချက်များသည် ဝါဒဖြန့်ချိရေးသာ ဖြစ်ပြီး ကိုယ်ပိုင်အသိဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကာ တော်လှန်ရေးတပ်ထံ အလင်းဝင်ရောက်ရန် စစ်မှုထမ်းသူများကို တိုက်တွန်းထားသည်။
၆။ ကြို့ပင်ကောက်မြို့နယ် ပိတောက်မြိုင်ရွာ စစ်ကြောင်းတိုက်ခိုက်
———————————————————–
ဇွန် ၄
The Kaladan Post
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပိတောက်မြိုင်ရွာသို့ ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာမှ အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်း ဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Yoma GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။ စစ်ကြောင်းသည် ဘော်ဘင်ရွာသို့ ပြန်ဆုတ်သွားခဲ့ သည်။ ဇွန်လ ၂ ရက်နေ့တွင် ပိတောက်မြိုင်ရွာထဲသို့ ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို ပေါ်တာဆွဲ ခဲ့သော်လည်း တိုက်ပွဲဖြစ်ပြီးနောက် ၎င်းတို့ လွတ်မြောက်သွားခဲ့သည်။ တိုက်ခိုက်မှုကို BTZM GBK PDF၊ Yoma GBK PDF နှင့် Dragon Brothers တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၇။ စဉ့်ကူးမြို့ မြသိန်းတန်ဘုရားနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်
————————————————————–
ဇွန် ၄
The Kaladan Post
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဇွန်လ ၃ ရက် နံနက် ၁၁:၀၅ တွင် တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။ ပြည်သူထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ပြည်သူခိုလှုံရာ နေရာများကို ပစ်မှတ်ထားသည်ဟု ၎င်းက ဆိုသည်။ ပြည်သူများအား စစ်ကောင်စီနှင့် ဝေးရာနေထိုင်ရန်၊ ဗုံးခိုကျင်းများ တူးထားရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ လေကြောင်းရန်သတိပေးချက်များကို လိုက်နာရန် တိုက်တွန်းထားသည်။