————————–
၁။ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
——————————————————————-
ဇွန် ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာမှ ပျူစောထီးလက်နက်ကိုင် ၁ ဦးသည် ဇွန်လ ၆ ရက်တွင် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် G3 ကျည် ၉၂ တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အလင်းဝင်သူအား ဂုဏ်ပြုဆုငွေ ထိုက်သင့်သလို ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့် အမြန်ဆုံး အလင်းဝင်ရောက်ရန်နှင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံနိုင်ရန် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖိတ်ခေါ်တိုက်တွန်း ထားသည်။
၂။ စစ်တပ်က ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကျဲတိုက်ခိုက်
———————————————————
ဇွန် ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဘုန်းကြီးကျောင်းကို ဇွန်လ ၇ ရက် နံနက် ၁၁:၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်၏ တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၏ အုတ်တံတိုင်း နှင့် ဘုရားစေတီတစ်ဆူ ထိမှန်ပျက်စီးခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုရှိမရှိ အတည်ပြု နိုင်ခြင်း မရှိသေးကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောကြားခဲ့သည်။
စစ်ကောင်စီသည် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအနေဖြင့် လေကြောင်းသတိရှိစွာ နေထိုင်ရန် အဆိုပါအဖွဲ့က အသိပေးနှိုးဆော် ထားသည်။
၃။ စစ်တပ်ဂိတ်စခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး
————————————————————————-
ဇွန် ၇
The Kaladan Post
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အထက်ခပေါင်းဆည် ရေလွှဲတမံရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းကို ဇွန်လ ၃ ရက်နံနက် ၅:၃၀ တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီး စခန်းတစ်ခုလုံးကို မီးရှို့ရှင်းလင်းနိုင်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း G3 သေနတ် ၃ လက်၊ MA-11 သေနတ် ၁ လက်၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ကာ ၂ ထည်ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အင်အား ၆၀ ခန့်ပါ စစ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး ထပ်မံသေဆုံးခဲ့သည်။ A.D.G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက စုစုပေါင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
၄။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး
—————————————————————————-
ဇွန် ၇
The Kaladan Post
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းတွင် စစ်ကောင်စီတပ်က ဇွန်လ ၆ ရက်ည ၉:၁၀ နာရီတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် မြေဩဇာဂိုဒေါင်နှင့် နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
ဒေသသတင်းရင်းမြစ်များအဆိုအရ စစ်ကောင်စီတပ်သည် ဖားကန့်တပ်မကုန်းမှ လက်နက်ကြီး များဖြင့် ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ပြီး လွန်ခဲ့သောရက်ပိုင်းအတွင်း လုံးခင်း မှော်စီစာ၊ ကုဋေမှော်နှင့် ဆန်ခါရွာများတွင်လည်း စစ်ကြောင်းများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ သည်။
ဤဖြစ်ရပ်သည် ဒေသခံပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများ၏ ဆိုးရွားသော အကျိုးဆက်များကို ထင်ရှားစေသည်။