————————–

၁။ လက်နက်ခဲယမ်းများနှင့်အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသစ်အား ဆုငွေသိန်း ၅၀ ချီးမြှင့်

——————————————————————————–

ဇွန် ၈

The Kaladan Post

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံ ဇွန်လ ၇ ရက်တွင် စစ်ကောင်စီမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆံ ၁၅၀ တောင့်နှင့် ၁၄ မိုင်း ၁ လုံးတို့ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့သည်။ PDF Dawei District Battalion 1 က ၎င်းအား ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မတရားဖမ်းဆီးခံရသည့် စစ်မှုထမ်းတပ်သားများအား အလင်းဝင်ရန် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးနှိုးဆော် ထားသည်။

၂။ လေယာဉ်ဆီဘောက်ဆာကားနှင့် စစ်သား ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

——————————————————————————

ဇွန် ၈

The Kaladan Post

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် နတ်မောက်မြို့နယ်၊ မိုင်တိုင် ၂၆၂ အနီးတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီသယ်ဆောင်လာသော ဆီဘောက်ဆာကား (ယာဉ်အမှတ် 2B-8525) နှင့်အတူ စစ်ကောင်စီတပ်သား ၂ ဦးကို Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများမှာ အရာခံဗိုလ်မင်းထွဋ်၏ လက်ပါးစေများဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးနေဆဲဖြစ်သည်။ ဆီဘောက် ဆာကားသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများအတွက် ဆီများသယ်ဆောင်ပေးနေသည့် ယာဉ်ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးမှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

၃။ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များကို ရှေ့တန်းသို့ ပို့ဆောင်

————————————————————–

ဇွန် ၈

The Kaladan Post

စစ်ကောင်စီက ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အမှတ် ၁ တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ဂျိုးဖြူ) ၌ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်းပွဲ ကျင်းပ ပြီးနောက် တစ်နေ့ညနေပိုင်းမှစ၍ တပ်သားသစ်များကို မကွေး၊ ရခိုင်၊ စစ်ကိုင်း၊ ကရင်နီ၊ တနင်္သာရီအပါအဝင် ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်ခဲ့သည်။ တပ်သားသစ်များ၏ ဖုန်းများကို သိမ်းဆည်းခံရပြီး မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း မိသားစုဝင်များက ပြောဆိုသည်။ တပ်သားသစ်များကို အရေးပေါ်စစ်အင်အားဖြည့်တင်းရန် ရှေ့တန်းသို့ ဦးစားပေးပို့ဆောင်ပြီး၊ ဖုန်းများကို သင်တန်းကာလမှစ၍ သိမ်းဆည်းလေ့ရှိကာ တချို့တပ်များတွင် အပြီးသိမ်းဆည်းမှုများရှိသည်ဟု တပ်သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်မှုထမ်းသင်တန်းဆင်းသူများကို နောက်တန်းလုံခြုံရေးအတွက် အသုံးပြုမှုနည်းပါးပြီး တစ်နိုင်ငံလုံးရှိ ရှေ့တန်းသို့သာ ခွဲတမ်းစေလွှတ်လျက်ရှိသည်။

၄။ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး

——————————————————————

ဇွန် ၈

The Kaladan Post

ရခိုင်ပြည်နယ်၊ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော သံတွဲမြို့နယ်အတွင်းရှိ နေရာ ၃ ခုဖြစ်သည့် အမှတ် ၈ ရပ်ကွက်၊ ကျောက်ကြီးရွာအထက်တန်းကျောင်း စစ်ရှောင်စခန်းနှင့် ပုစွန်ဖြေစာသင်ကျောင်းတို့ကို စစ်ကောင်စီတပ်က ဇွန်လ ၇ ရက်ည ၁၀ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့သည်။ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် အသေးစိတ်သတင်းများ မသိရှိရသေးကြောင်း ဒေသခံသတင်း ရင်းမြစ်များက ပြောဆိုသည်။ စစ်ကောင်စီက ဇွန်လတစ်လလုံး ယာယီပစ်ခတ်ရပ်စဲရေး ကြေညာထားသော်လည်း အရပ်သားများနေထိုင်ရာ နေရာများနှင့် တော်လှန်ရေးတပ်စခန်း များကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်။

၅။ စကစလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးသေဆုံး

————————————————————-

ဇွန် ၈

The Kaladan Post

ကရင်နီပြည်နှင့် ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ကျေးရွာတစ်ရွာရှိ နေအိမ်အတွင်း စာသင်နေသည့် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ဦးခေါင်းတွင် လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့ပြင် အခြားပြည်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ စာရေးအလွန်တော်ပြီး မိဘများကို သိတတ်သူဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေယာဉ်များဖြင့် ကင်းထောက်နေသဖြင့် ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြည်သူများအား ဗုံးခိုကျင်းများအနီး သတိထားနေထိုင်ရန် အသိပေးထားသည်။

၆။ စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး၂ ဦးဒဏ်ရာရ

———————————————————————————–

ဇွန် ၈

The Kaladan Post

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာနှင့် ကျူတောက်အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၇ ရက်ညပိုင်းတွင် မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲတိုက်ခိုက်ခဲ့သည်။ ပေါက်ကုန်းရွာရှိ အိမ်တစ်လုံးပေါ်ဗုံးကျရောက်ပြီး အမျိုးသမီး ၁ ဦး လည်ပင်းပြတ်ဒဏ်ရာဖြင့် သေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ အိမ်တစ်လုံးအပြည့်အဝပျက်စီးပြီး အနီးအနားအိမ်များလည်း ကျည်စထိမှန်ပျက်စီးကာ နွားတစ်ကောင်သေဆုံးခဲ့သည်။ ကျူတောက်အနီး ဗုံးကြဲမှုဆိုင်ရာ ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရှိရသေးပေ။ ပေါက်ကုန်းရွာသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။

၇။ ထားဝယ်ရွှေဂူတောင်စကစတပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

—————————————————————–

ဇွန် ၈

The Kaladan Post

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဒူရကစစ်ကြောင်းဦးဆောင်သော ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် YPPDF၊ DGRF၊ TPLF အပါအဝင် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ဒူရကစစ်ကြောင်းက ပြည်သူများအား စစ်ရေးသတိထားသွားလာရန်နှင့် လေကြောင်းရန်ကာကွယ်ရေး သတင်းများလိုက်နာရန် တိုက်တွန်းထားသည်။