———————————
၁။ ယမ်းသိုလှောင်ရာနေရာကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်
————————————————————
ဇွန် ၉
The Kaladan Post
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ ယမ်းသိုလှောင်ရာနေရာကို စစ်ကောင်စီက ဇွန်လ ၉ ရက် မနက် ၁ နာရီခန့်တွင် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုဿာန်ရှေ့၊ မှော်လကင်အတက်လမ်းရှိ ၂ ထပ်နေအိမ်တစ်လုံးနှင့် ခြောက်ဘီးကား ၃ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ခိုက်မှုတွင် ခြံစောင့်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဖားကန့်နယ်ခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီသည် ဇွန်လအတွင်း ဖားကန့်ဒေသရှိ ယမ်းသိုလှောင်ရာနေရာများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေပြီး ယခုဖြစ်စဉ်သည် တစ်ပတ်အတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။ လက်ရှိ စစ်ကောင်စီနှင့် KIA၊ PDF တပ်များ တိုက်ရိုက်ထိတွေ့တိုက်ပွဲ မရှိသော်လည်း စစ်ရေးတင်းမာနေပြီး ဒေသခံများ သတိနှင့် နေထိုင်နေရသည်။ စစ်ကောင်စီတပ်များက ကုမ္ပဏီများထံမှ ဘက်ဟိုးယန္တရားများ ယူဆောင်ခြင်း၊ အဆောင်များ မီးရှို့ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
၂။ လူငယ်များကို ပေါ်တာဆွဲသည့် အုပ်ချုပ်ရေးမှူး မောင်ညိမ်း ပစ်ခတ်ခံရပြီး သေဆုံး
—————————————————————————–
ဇွန် ၉
The Kaladan Post
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိကုန်းရွာတွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင် မောင်ညိမ်းကို ဇွန်လ ၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက လယ်တောအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BTZM GBK PDF တပ်ခွဲမှူး ကိုတေဇမင်းက ပြောဆိုသည်။
မောင်ညိမ်းသည် ၂၀၂၂ ခုနှစ်မှစ၍ စစ်မှုထမ်းဟောင်းအဖြစ် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ ပိုက်ဆံတတ်နိုင်သူများထံမှ သိန်း ၁၅၀ မှ ၂၀၀ နှင့် သီးသန့်အတွက် သိန်း ၄၀ ထပ်တောင်းခံခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ကိုတေဇမင်းက ပြောကြားသည်။
၃။ တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်းပြီး တော်လှန်ရေးအစိုးရထူထောင်ရန် ကြိုးပမ်း
——————————————————————————
ဇွန် ၉
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း မြို့နယ် ၁၂ ခုကို သိမ်းပိုက်ထားသော TNLA အပါအဝင် တအာင်းအမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် အရပ်ဘက်အစုအဖွဲ့များ ပါဝင်သည့် ၃ ရက်ကြာ နိုင်ငံရေးထိပ်သီး အစည်းအဝေးကို ဇွန်လ ၁ ရက်မှ ၃ ရက်အထိ ကျင်းပကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC) ကို တအာင်းပြည်ကောင်စီ (TLC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟု TLC တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး လွေးမိုးခမ်း၊ တားအေးမောင်၊ ဗိုလ်ချုပ်တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်၊ လွေးပိုးကမေဲခြိူဝ်း၊ ဗိုလ်ကြီးလွေးယေ တို့က ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ဆောင်ရွက် သွားမည်။
တအာင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ (TSCDC) ရေးဆွဲထားသည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ” ကို အတည်ပြုခဲ့ကာ TLC ကို တော်လှန်ရေးကာလအတွင်း အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း အစုအဖွဲ့ ၃ ဖွဲ့၏ ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့စည်းရန် အမြန်ဆုံးကြိုးပမ်းသွားမည်ဖြစ်ပြီး မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန် ဆောင်ရွက်မည်ဟု သိရသည်။
၄။ ဆီဆိုင်မြို့နယ်တွင် PNO ပြည်သူ့စစ်များက ပြည်သူ ၆၀၀၀ ကျော်ကို မောင်းထုတ်ပြီး မွေတော်ဘုရားဝင်းတွင် ထိန်းသိမ်း
ဇွန် ၉
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ နောင်ကျောကျေးရွာအုပ်စု (တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ) နှင့် တောင်ရှေ့ကျေးရွာအုပ်စု (နောင်ထော် ၆ ရွာ၊ ကလားလမ်ရွာ) တို့မှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက ဇွန်လ ၇ ရက်မှစ၍ မောင်းထုတ်ပြီး ဇွန်လ ၁၅ ရက်နောက်ဆုံးထား ကျေးရွာများမှ ထွက်ခွာရန် အမိန့်ပေးကာ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာရှိ မွေတော်ဘုရားဝင်းအတွင်း ဖမ်းဆီးထိန်းသိမ်း ထားကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။
ပြည်သူများအား တောင်ယာနှင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက်နေထိုင်ခြင်း မပြုရန် PNO က တားမြစ်ထားပြီး မွေတော်ဘုရားဝင်းအတွင်းတွင်သာ နေထိုင်ရမည်ဟု အမိန့်ထုတ်ထားကာ ဇွန်လ ၁၅ ရက်တွင် ထွက်ခွာခြင်းမပြုသူများကို တာဝန်ယူမည်မဟုတ်ဟု ကြေညာထားသည်။ “ဒါက ပြည်သူလူထုအားလုံးကို ဖမ်းပြီး ထောင်ထဲထည့်လိုက်တာနဲ့ အတူတူပဲ။ PNO က လူထုရဲ့ထမင်းနဲ့ ကြီးထွားလာခဲ့ပေမယ့် အခု စစ်တပ်နဲ့ ခရိုနီ နွေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်း ပအိုဝ်းလူထုကို မောင်းထုတ်နေတာ လိပ်ပြာလုံရဲ့လား” ဟု ခွန်ရိန်းယံက ပြောဆိုသည်
၅။ မြို့သာမြို့ ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်
————————————————————
ဇွန် ၉
The Kaladan Post
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းကို ဇွန်လ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၅ လုံး၊ ၄၀ မမ ၃ လုံးဖြင့် ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အပြန်အလှန် တိုက်ပွဲမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ်(၃) နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Sintgaing Revolution Force-SRF ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ကူလာမည့် စစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ အနီးတွင် သတိပြုသွားလာရန်၊ မန္တလေး-မြင်းခြံ လမ်းပိုင်းနှင့် ငါန်းဇွန်-မြို့သာ လမ်းပိုင်းကို ည ၉ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခြင်း မပြုရန် နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူက သတိပေးထားသည်။
၆။ ဆေးရုံဝင်းအတွင်း စကစ၏လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
————————————————————————-
ဇွန် ၉
The Kaladan Post
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းအတွင်းသို့ စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံး ၁ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စျေးဝယ်ရန်လာသည့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ လက်ဖြတ်လိုက်ရသည်ဟု သိရှိရပြီး ကျန် ၂ ဦးမှာ ပေါင်တွင် ဒဏ်ရာရရှိကာ ဆေးရုံအဆောက်အဦး ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။ “ဗုံးစထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးတယ်။ ၁ ဦးက လက်ဖြတ်ရတယ်လို့ ကြားတယ်။ ကျန် ၂ ဦးက ပေါင်မှာ ထိမှန် ဒဏ်ရာရရှိတယ်” ဟု ကိုသံမဏိက ပြောဆိုသည်
၇။ စစ်တပ်နှင့် TNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး ကံကြီးရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်
——————————————————————————–
ဇွန် ၉
The Kaladan Post
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကံကြီးရွာသို့ ဇွန်လ ၈ ရက်နေ့က ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ (DPLA နှင့် PDF အပါအဝင်) အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများ ပြားသဖြင့် ည ၇ နာရီ ၅၃ မိနစ်ခန့်တွင် တောင်ခမ်းရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ကံကြီးရွာကို တော်လှန်ရေးတပ်များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက ဇွန်လအတွင်း အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရပ်စောက်ဘက်မှ စစ်ကူအင်အား၊ လက်နက်ခဲယမ်းများ ဖြည့်တင်းကာ ထိုးစစ်ဆင်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ TNLA ပြောခွင့်ရ လွေးယေဦးက ဇွန်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ရေးဗျူဟာအရ ခုခံကာကွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
၈။ စကစ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၄ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
————————————————————————-
ဇွန် ၉
The Kaladan Post
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇွန်လ ၇ ရက်ညပိုင်းတွင် စစ်ရှောင်ပြည်သည့် ၄ ဦး၊ မိသားစုဝင် ၃ ဦးအပါအဝင် သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ကျောက်ကြီးကျေးရွာရှိ စာသင်ကျောင်းကို ည ၁၀ နာရီကျော်တွင် ဗုံးနှစ်လုံးကြဲချခဲ့ရာ သေဆုံးသူများတွင် ဒေါ်အပု (၄၈ နှစ်)၊ ဦးထွန်းထွန်းဝင်း (၄၂ နှစ်)၊ ဒေါ်နှင်းဝေခိုင် (၄၃ နှစ်) နှင့် မဧပြီမိုး (၁၂ နှစ်) တို့ ပါဝင်သည်။ ဒဏ်ရာရသူ ၈ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကာ အရေးပေါ်ကုသမှုခံယူနေရသည်။ ထို့ပြင် ပုဇွန်ဖြေရွာ စာသင်ကျောင်းနှင့် သံတွဲမြို့ အမှတ် ၈/က ရပ်ကွက်ရှိ ၆ လမ်းနှင့် ၇ လမ်းကြားတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့သည်။ စစ်ကောင်စီက ဇွန်လအတွင်း ယာယီပစ်ခတ်ရပ်စဲထားမည်ဟု ကြေညာထားသော်လည်း အရပ်သားနှင့် တော်လှန်ရေးနေရာများကို ဆက်လက်တိုက်ခိုက်နေသည်။