တောင်သာနှင့်ပုလဲမြို့နယ်တွင် စကစလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများဖြစ်ပေါ်
မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ် ၂ လုံးပျက်စီးပြီး နွား ၁ ကောင်သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်ကောင်စီတပ်က မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ၆ တန်းကျောင်းသား မောင်ဖုန်းမင်းသန့်၊ ၁၂ တန်းကျောင်းသူ မကြယ်ဇင်ဦး၊ ဒေါ်မရီနှင့် မသင်းမြတ်သူ စုစုပေါင်း ၄ ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိပြီး အချို့မှာ စိုးရိမ်ရကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။