The Kaladan Post

အယ်ဒီတာ့အာဘော်

အာဏာရှင်စနစ်တို့၏ အဓိကလက်နက်တစ်ခုမှာ နိုင်ငံတစ်နိုင်ငံကို စနစ်တကျဖျက်ဆီး ရာတွင် ပညာရေးကို အသုံးချခြင်းပင် ဖြစ်သည်။ သမိုင်းကို လိုသလိုပုံဖော်ခြင်း၊ အမှန်တရားကို ဖုံးကွယ်ခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို ချိုးနှိမ်ခြင်းတို့ဖြင့် ပြည်သူလူထုအား ၎င်းတို့ ၏ အာဏာတည်မြဲရေးအတွက် အသုံးချခံဘဝသို့ သွတ်သွင်းကြသည်။ မြန်မာနိုင်ငံ၏ အတိတ် ကာလ ပညာရေးစနစ်ကို ပြန်ကြည့်လျှင် အသက်မွေးဝမ်းကျောင်းနှင့် လက်တွေ့ဘဝအတွက် အသုံးမဝင်လှသော ဘွဲ့လက်မှတ်များကို အလွယ်တကူ ပေါများစွာထုတ်ပေးခဲ့ခြင်းသည် ခေတ်အဆက်ဆက် အာဏာရှင်များ၏ ပညာရေးဖျက်ဆီးမှု သက်သေထင်ရှားသော သာဓက တစ်ခုပင်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ နိုင်ငံရေးအပြောင်းအလဲအချို့ ပေါ်ပေါက်လာသည့် နောက်ပိုင်းတွင် နည်းပညာတိုးတက်မှုသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကဏ္ဍပေါင်းစုံကို အရှိန်အဟုန်ဖြင့် ပြောင်းလဲစေခဲ့သည်။ စမတ်ဖုန်းတစ်လုံးနှင့် လူမှုကွန်ရက်များ (Facebook, YouTube, X, Telegram, Instagram) မှတစ်ဆင့် မည်သူမဆို စီးပွားရှာဖွေခြင်း၊ ပညာသင်ကြားခြင်းမှသည် ပြည်တွင်းပြည်ပ သတင်းအချက်အလက်များကို လက်တွေ့ကျကျ၊ အချိန်နှင့်တပြေးညီ သိရှိလာနိုင်သည်။ ထို့အပြင် AI နည်းပညာ၏ ထွန်းကားမှုသည် လူငယ်များအတွက် အခွင့်အလမ်းသစ်များစွာကိုပါ ဆောင်ယူလာခဲ့သည်။ ဤအချက်များ သည် တစ်ဦးချင်းစီအတွက် အကျိုးကျေးဇူးများစွာ ရှိသော်လည်း ပညာရေးစနစ်၏ အားနည်း သောနောက်ခံကြောင့် ဤနည်းပညာများ၏ ဆိုးကျိုးများကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းသည် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။ အထင်ရှားဆုံး စိန်ခေါ်မှုများမှာ အကန့်အသတ်မဲ့ ဖုန်းသုံးစွဲမှုကြောင့် ကလေးသူငယ်များမှစ၍ လူငယ်လူလတ်ပိုင်းအထိ ဖုန်းစွဲ လမ်းမှု၊ သတင်းအမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်း နည်းပါးလာပြီး အထူးသဖြင့် AI ဖြင့် ဖန်တီး ထားသော အသံနှင့်ရုပ်ပုံများကို မစိစစ်နိုင်ခြင်း၊ အယူအဆမှားများ အလွယ်တကူ သွတ်သွင်း ခံရခြင်းနှင့် လွတ်လပ်ခွင့်ကို အလွဲသုံးစားပြုကာ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လုပ်ရပ်များ အတွက် အင်တာနက်နှင့် AI ကို စနစ်တကျအသုံးချလာခြင်းတို့ ဖြစ်သည်။ နည်းပညာတိုးတက်မှု၏ အားသာချက်နှင့် နွေဦးတော်လှန်ရေး၏ တွန်းအားတို့ ပေါင်းစပ်လိုက် သောအခါ အစပိုင်းကာလတွင် အပြုသဘောဆောင်သော အတွေးအခေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေခဲ့သော တိုင်းရင်းသားအချင်းချင်း သံသယများနှင့် စွပ်စွဲမှုများကို ကျော်လွှားကာ ပိုမိုနားလည်မှုနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့သည်။ “ဗမာလူမျိုးများသည် လူမျိုးကြီးဝါဒီ”၊ “တိုင်းရင်းသားများသည် လူမျိုးစွဲဝါဒီ” ဆိုသည့် တစ်ဖက်သတ်အမြင်များကို ချေဖျက်နိုင်ခဲ့ခြင်းသည် ထင်ရှားသော ဥပမာဖြစ်သည်။ ဤသည်မှာ အရည်အသွေးမြင့် ပညာရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ရမည့် အပြန်အလှန်လေးစားမှုကို နည်းပညာနှင့် ဘုံရန်သူ၏ ဖိအားကြောင့် အချိန်တိုအတွင်း ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေးကို “စနစ်တော်လှန်ရေး” သာမက “အတွေးအခေါ်တော်လှန်ရေး” ဟုပါ သတ်မှတ်ရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီသည် မြန်မာပြည်သူများ၏ စိတ်ခံစားမှု လွယ်ကူခြင်းနှင့် အငြင်းပွားဖွယ်ရာများကို စိတ်ဝင်စားတတ်သည့် သဘာဝကို အခွင့်ကောင်း ယူလာသည်။ ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ ပြည်သူကို အာရုံလွှဲရန်နှင့် ထောက်ခံမှုအတုများရရှိရန် နိုင်ငံပိုင်မီဒီယာနှင့် လူမှုကွန်ရက်များမှတစ်ဆင့် သတင်းမှား များကို နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ချိလာသည်။ ဝမ်းနည်းဖွယ်ရာမှာ တော်လှန်ရေးအင်အားစု အချို့သည်လည်း အချင်းချင်း သဘောထားကွဲလွဲမှုများတွင် “ငါသာအမှန်” ဟု အများပြည်သူ ကို ထင်မြင်စေရန် သို့မဟုတ် စစ်ကောင်စီ၏ သတင်းတုများကို တုံ့ပြန်ရန်ဟူသော အကြောင်းပြချက်ဖြင့် တစ်ဖက်စောင်းနင်းဖြစ်သော၊ အတည်မပြုနိုင်သော သတင်းတင်ဆက် မှုများကို အသုံးပြုလာကြခြင်းဖြစ်သည်။ ဤသတင်းမှားများနှင့် တစ်ဖက်သတ် တင်ဆက်မှုများကြောင့် ပြည်သူအချို့သည် တော်လှန် ရေး၏ အနှစ်သာရကို မေ့ပျောက်ကာ စိတ်ခံစားမှုနှင့် ဆူပူအငြင်းပွားဖွယ်ရာများနောက်သို့သာ လိုက်ပါရင်း အယူအဆမှားများကို လက်ခံလာကြသည်။ ဤအခြေအနေ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ ဒေသခံပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုပြိုကွဲလာခြင်းများတွင် ထင်ရှားစွာ မြင်တွေ့ နိုင်သည်။ ချင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦးက “သတင်းမှားတွေရဲ့ တိုက်စားမှုကြောင့် ခေါင်းဆောင်ပိုင်းမှာ ပြေလည်မှုပြန်ရပြီးသား ကိစ္စတွေကိုတောင် ပြည်သူတွေက အပြန်အလှန် အမုန်းပွားသွားတာမျိုးတွေ ရှိတယ်” ဟု ပြောခဲ့ဖူးသည်။ ဤသို့ အမုန်းတရား များ ကြီးထွားလာခြင်းသည် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ မတူညီသော အမြင်များကို လေးစားခြင်းနှင့် ကွဲပြားမှုများကြား အတူတကွရှင်သန်ခြင်းတည်းဟူသော ဖက်ဒရယ်ဒီမို ကရေစီ၏ အခြေခံအနှစ်သာရများနှင့် လုံးဝ ဆန့်ကျင်နေပါသည်။

တော်လှန်ရေး၏ ပန်းတိုင်နှင့် သွေဖည်စေမည့် အဆိပ်သင့်အတွေးအခေါ်များမှ မိမိကိုယ်ကို ကာကွယ်ရန် ပြည်သူများအနေဖြင့် အောက်ပါအချက်များကို မိမိ၏ “ဉာဏဆိုင်ရာ သံချပ်ကာ” အဖြစ် သတ်မှတ်ပြီး အထူးသတိပြုသင့်ပါသည်-

၁။   အမုန်းတရားကို အရင်းခံသည့် သတင်းများကို သိရှိပြီး ငြင်းပယ်ပါ – သတင်းတစ်ပုဒ် သည် ခိုင်မာသော အထောက်အထားမပါဘဲ တစ်ဖက်အပေါ် အမုန်းပွားစေရန် စိတ်ခံစားမှုကို မီးမွှေးနေပါက ၎င်းသည် သတင်းကျင့်ဝတ်နှင့်မညီသော ဝါဒဖြန့်မှုသာ ဖြစ်သည်။ ထိုသို့သော သတင်းတင်ဆက်သူနှင့် သတင်းကို လုံးဝမယုံကြည်ပါနှင့်။

၂။ အတည်မပြုနိုင်သော သတင်းရင်းမြစ်များကို ရှောင်ရှားပါ – “ဖရဲသီးသတင်း” ဟု ခေါင်းစဉ်တပ်ရုံဖြင့် မယုံကြည်ပါနှင့်။ ခိုင်မာသော အချက်အလက်မပါဘဲ တာဝန်ရှိအဖွဲ့ အစည်းများက အတည်မပြုသေးသော သတင်းများကို ဖြန့်ဝေခြင်းသည် ရန်သူကို အကျိုးပြုနိုင်သကဲ့သို့ မိတ်ဆွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ အလွယ်တကူ ယုံကြည်ခြင်းသည် အပြစ်မရှိသူကို မုန်းတီးမိစေနိုင်ပြီး မိမိကိုယ်တိုင် အမုန်းတရား၏ သားကောင်ဖြစ်စေနိုင်ပါသည်။

၃။ စိတ်ခံစားမှုကို လွန်ကဲစွာ လှုံ့ဆော်သည့် အရေးအသားများကို သတိပြုပါ – သတင်း တစ်ပုဒ်သည် အဖြစ်မှန်ကို တင်ပြခြင်းထက် တစ်ဖက်ကို အပြစ်ပုံချပြီး အခြားတစ်ဖက် ကို အလွန်အမင်း စာနာစေရန် ဖန်တီးနေပါက ၎င်းသည် ဝါဒဖြန့်ချိရေးသာဖြစ်သည်။ ထိုအခါ သင်သည် အချက်အလက်ထက် စိတ်ခံစားမှုကိုသာ ရရှိပြီး မှန်ကန်သော သုံးသပ်ချက်ကို မပေးနိုင်တော့ပါ။

၄။ တစ်ဖက်သတ် တင်ဆက်မှုများကို အစဉ်သတိရှိပါ – မိမိထောက်ခံသည့်အဖွဲ့၏ ကောင်းကြောင်းများသာ ရွေးချယ်တင်ပြပြီး ဆန့်ကျင်ဘက်အဖွဲ့ကို အမြဲတစေ အဆိုး မြင်စကားများသာ ပြောဆိုနေသော သတင်းဌာန သို့မဟုတ် လူပုဂ္ဂိုလ်သည် စည်းရုံး ရေးသမားသာဖြစ်ပြီး သတင်းသမားမဟုတ်ပါ။ ဤသည်မှာ အမှန်တရားကို ဖုံးကွယ် ထားသောကြောင့် အမှန်တရားကို တန်ဖိုးထားသူများအတွက် အဆိပ်အတောက်နှင့် တူပါသည်။

၅။ တွေ့သမျှကို ချက်ချင်းမျှဝေခြင်းမှ တာဝန်သိစွာ ရှောင်ကြဉ်ပါ – သတင်းတစ်ပုဒ်ကို မစိစစ်ဘဲ ချက်ချင်းမျှဝေခြင်းသည် သတင်းမှားကို အားပေးရာရောက်ရုံသာမက သင်ကိုယ်တိုင် အမှန်တရားကို မလေးစားသူအဖြစ် သမိုင်းတွင်စေပါသည်။ မမျှဝေမီ ယုံကြည်စိတ်ချရသော သတင်းဌာနများစွာနှင့် တိုက်ဆိုင်စစ်ဆေးပါ။ ဖြစ်နိုင်ပါက နည်းပညာကို အသုံးပြု၍ ကိုယ်တိုင်စစ်ဆေးပြီးမှသာ မျှဝေပါ။

ကျွန်ုပ်တို့၏ တော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ဦးတည်နေပါသည်။ ဤစနစ်၏ အသက်သွေးကြောမှာ မတူကွဲပြားမှုကို လေးစားခြင်း၊ အမြင်မတူသူနှင့် အတူ ယှဉ်တွဲနေထိုင်နိုင်ခြင်း၊ အမုန်းတရားကို ဆန့်ကျင်ခြင်းနှင့် လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ကို အသိအမှတ်ပြုခြင်းတို့ ဖြစ်သည်။ သတင်းမှားများကြောင့် အမုန်းပွားသူ၊ တစ်ဖက် သား၏ ခံစားချက်ကို နားမလည်သူ၊ မိမိအဖွဲ့သာ အမှန်ဟု တစ်ယူသန်ဆန်သူ၊ အမြင်မတူ သူကို ရန်သူဟု သတ်မှတ်သူများအဖြစ် ကျွန်ုပ်တို့ ပြောင်းလဲသွားပါက တည်ဆောက်လိုသော ဖက်ဒရယ်ပြည်ထောင်စုနှင့် နေ့စဉ်ဘဝမှာပင် ဆန့်ကျင်နေမည်ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံးသည် ယုံကြည်စိတ်ချရ သော သတင်းဌာနများ၏ တင်ပြမှုကိုသာ အားကိုးသင့်ပြီး သတင်းမှားများကို အထိန်းအကွပ်မဲ့ ဖြန့်ဝေခြင်းသည် အာဏာရှင်တို့ ဖျက်ဆီးခဲ့သော ပညာရေးစနစ်ထက်ပင် ကြီးမားသော အန္တရာယ်ကို သယ်ဆောင်လာနိုင်သည်ကို အမြဲသတိချပ်ရပါမည်။ သတင်းအမှန်ကို စူးစမ်းလို စိတ်၊ သတင်းအမှားကို ဆင်ခြင်တုံတရားဖြင့် စိစစ်နိုင်စွမ်းနှင့် မတူညီသူများကို လေးစား နားလည်နိုင်ခြင်းတို့သည် စစ်မှန်သော တော်လှန်ပြည်သူ၏ အထူးလက္ခဏာများဖြစ်ကြောင်း မှတ်ယူကာ၊ အယူဝါဒမှားများ သွတ်သွင်းမခံရရေးအတွက် အတူတကွ သတိထားကြပါစို့။