မေးမြန်းသူ- RAIN, Program Host
ဖြေဆိုသူ- Dr Ye Tun Zaw၊ မကွေးဖက်ဒရယ်ယူနစ်၊ လွှတ်တော်ကိုယ်စားလှယ်
မေးမြန်းသူ – မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affair Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အင်တာဗျူးမှာ ပါဝင်ဖို့ရန်အတွက် ဖိတ်ခေါ် ထားတာကတော့ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ရဲထွန်းဇော်ကို ဖိတ်ခေါ်ထားတာပဲ ဖြစ်ပါတယ်။ မင်္ဂလာပါ ဆရာ။
ဖြေကြားသူ – ဟုတ်။ မင်္ဂလာပါ ဆရာမ။
မေးမြန်းသူ – အခုလက်ရှိ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲဆိုတာလေးလဲ မိဘပြည်သူတွေကို အရင်ဆုံးအနေနဲ့ မိတ်ဆက်ပေးပါဦးရှင့်။
ဖြေကြားသူ – ကျွန်တော်ကတော့ ဒေါက်တာရဲထွန်းဇော် ဖြစ်ပါတယ်။ မကွေးဖက်ဒရယ်ယူနစ်၊ မဲလမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။ ဒီတော်လှန်ရေး စထဲက လက်နက်ကိုင်တော်လှန်ရေးမှာလည်း ကျွန်တော်ပါဝင်ခဲ့ပြီးတော့ လက်ရှိမှာလည်း MOD မှာလည်း တာဝန်တစ်ခုထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မကွေးဖက်ဒရယ် ယူနစ်မှာ ကြားကာလအစီအမံရေးဆွဲရေး၊ ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာကော်မရှင်ရဲ့ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
မေးမြန်းသူ – ကိုယ်စားလှယ်ကြီးအနေနဲ့ ပေါ့နော်။ ဒီကိုယ်စားလှယ်ဘဝ၊ ဒီလွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးဘဝကနေပြီးတော့မှ အခုလက်ရှိ ဒီတော်လှန်ရေးခေါင်းဆောင်တစ်ဦးအနေနဲ့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ ဒီနှစ်ခုကြားက အပြောင်းအလဲတွေကို ကိုယ်ရော ဒီဘယ်လို မျိုး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလဲဆိုတာလေးလဲ ပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့။ ဟုတ်ကဲ့။ အခုအချိန်ထိတော့ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်လို့တော့ ခံယူတာမဟုတ်ပါဘူး။ ဒါကျွန်တော်တို့ တော်လှန်ရေးရဲဘော်ရဲဘက်တစ်ဦးပါပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်ပါတယ်။ ဆိုတော့ အာဏာမသိမ်းခင်ကာလကတော့ ဒါကျွန်တော် ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ် ဆရာဝန်တစ်ဦး၊ လူနာတွေကို ကုသရတဲ့ဆရာဝန်တစ်ဦး ဖြစ်တယ်ပေါ့နော်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ကျွန်တော်တို့တွေ ဒါအကြမ်းမဖက်တဲ့နည်းနဲ့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာတွေရှိတယ်။ ဒါပေမဲ့ ဒီကြားထဲမှာပဲ အကြမ်းဖက်စစ်ကောင်စီဘက်ကနေပြီးတော့ ပြည်သူတွေကို ရက်ရက် စက်စက် သတ်ဖြတ်တဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း ဒီဧပြီ ၂၁ မှာ အခြေခံစစ်သင်တန်း သွားရောက်တက်ခဲ့ပြီးတော့ပေါ့နော်၊ ကျွန်တော် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ထဲကို ဝင်ရောက်လာတဲ့ ရဲဘော်ရဲဘက်တစ်ဦး ဖြစ်ပါတယ်။ ဆိုတော့ ပုံမှန်နိုင်ငံရေးလမ်းစဉ်နဲ့မတူတဲ့ လက်နက်ကိုင်လမ်းစဉ်ကွာခြားချက်တွေကတော့ အများကြီးရှိတာပေါ့နော်။ အများကြီးလည်း ပိုပင်ပန်းတယ်။ နောက်ပြီးတော့လည်း အဓိကကတော့ တစ်ဖက်နဲ့တစ်ဖက်ကလည်း ကျွန်တော်တို့ ပန်းနဲ့ပေါက်ကြတဲ့ပွဲတွေမဟုတ်ဘူးဆိုတော့ တိုက်ပွဲတွေ တိုက်ပွဲတွေဖြစ်ပွားတိုင်းမှာ ကျွန်တော်တို့ ရဲဘော်ရဲဘက် ညီအစ်ကိုတွေ ကျဆုံးတဲ့ကိစ္စတွေလည်း အများကြီးရှိတယ်။ ဆိုတော့ တော်တော်လေးတော့ ကျွန်တော်တို့ စိတ်ထဲမှာ ခံစားနာကျင်ရတာပေါ့။ ဒါကတော့ မဖြစ်သာလို့ ကျွန်တော်တို့ နိုင်ငံအတွက် နောက်ဆုံးနည်းလမ်း ရွေးရတယ်ဆိုပေမယ့် ဒီလမ်းစဉ်ကတော့ ကျွန်တော်တို့ တော်တော်လေးတော့ ခက်ခဲပင်ပန်းတဲ့ လမ်းစဉ်တစ်ခု ဖြစ်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီအခြေမစိုက်တဲ့ ပေါ့နော်။ မကွေးတိုင်းလိုမျိုး အညာဒေသဟာဆိုလို့ရှိရင် ဒီတော်လှန်ရေးရဲ့ အဓိက အမာခံနယ်မြေတစ်ခုလို့ ပြောရမှာပေါ့နော်။ ဆိုတော့ ဒီလိုဖြစ်လာစေတဲ့ အဓိကတွန်းအားတွေက ဘာတွေဖြစ်မယ်လို့ ဆရာအနေနဲ့ ပြောချင်လဲပေါ့လေ။ ဆိုတော့ ပြီးတော့ ဒီမဟာဗျူဟာအရရော ဒီအညာဒေသရဲ့ တော်လှန်ရေးဟာ နိုင်ငံတစ်ဝန်းအတွက်ရော ဘယ်လောက်ထိအရေးပါပါသလဲရှင့်။
ဖြေကြားသူ – ဒီအာဏာမသိမ်းခင်ကာလကတော့ ကျွန်တော်တို့ ဆွေးနွေးရမယ်ဆိုရင် ဒီစစ်ကိုင်းတို့၊ ကျွန်တော်တို့ မကွေးတို့၊ မန္တလေးတို့ ဒီဒေသတွေသည် စစ်ကောင်စီအတွက် ကျွန်တော်တို့ စစ်အင်အားစုဆောင်းပေးနေတဲ့ အကြမ်းဖက်စစ်တပ်ထဲကိုလည်း ကျွန်တော်တို့ အများစုဝင်ရောက်တဲ့ ဒေသတွေ ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအာဏာသိမ်းပြီးတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဒီအညာဒေသပီပီ ကျွန်တော်တို့ လက်နက်စွဲကိုင်တော်လှန်မယ်လို့ ဒါအညာရဲ့ ပြည်သူတွေကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ တော်လှန်လာခဲ့တဲ့ ဖြစ်စဉ်တော့ ရှိပါတယ်။ အဲ့တော့ ဒီဟာသည် ပြီးခဲ့တဲ့ ကျွန်တော်တို့ ၅ နှစ်သက်တမ်း ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အမေစုရဲ့ လူထုခေါင်းဆောင် အမေစုရဲ့ ဒီလမ်းညွှန်မှုနဲ့ ကျွန်တော်တို့ တိုင်းပြည်က ပြည့်ပြည့်ဝဝ မဟုတ်တောင် တော်တော်လေး ထိတွေ့ခွင့် ရခဲ့တယ်။ ထိတွေ့ခွင့်ရခဲ့တဲ့အချိန်မှာ ရုတ်တရက် ဒီအချိန်မှာ စစ်အာဏာသိမ်းသွားတဲ့အချိန်မှာ ကျွန်တော်တို့ အညာမှာရှိတဲ့ ပြည်သူတွေပီပီ မခံမရပ်နိုင်ဖြစ်ပြီးတော့ ဒါလက်နက်ကိုင် တော်လှန်ရေး ထဲကို ဝင်ရောက်လာရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ မကွေးအနေနဲ့ဆိုရင်လည်း မကွေးမှာရှိတဲ့ ပြည်သူအများစုကတော့ လက်ရှိမှာလည်း တော်လှန်ရေးထဲမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ မကွေးသည် စစ်ကောင်စီရဲ့ အဓိက ဒေါက်တိုင်ကြီးရှိတာလည်း ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီမကွေးကို တော်လှန်ရေးအောင်မြင်မယ်ဆိုရင်တော့ စစ်ကောင်စီအတွက်လည်း တော်တော်လေးကို အထိနာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မကွေးတိုင်းထဲမှာ ဘာတွေရှိလဲဆိုတော့ စစ်ကောင်စီရဲ့ ငွေကြေးထုတ်တဲ့ စက်ရုံ၊ မာစီးဒိုးစက်ရုံတို့လည်း ရှိတယ်။ နောက်ပြီးတော့ သူ့အတွက် ဒီရေနံချက်တဲ့စက်ရုံလည်းရှိတယ်။ မကွေးတိုင်းထဲမှာ။ နောက်အရေးကြီး ဆုံးတစ်ခုက စစ်ကောင်စီကို လက်နက်ထုတ်ကူညီတဲ့ ကပစစက်ရုံပေါ့။ တစ်နိုင်ငံလုံးမှာ ကပစစက် ရုံပေါင်း ၂၅ ရုံရှိတဲ့အထဲမှာ မကွေးမှာ ၁၅ ရုံရှိနေတာ ဖြစ်တယ်။ ဆိုတော့ ဒါစစ်ကောင်စီအတွက်လည်း ဒါလက်မလွတ်နိုင်တဲ့ ဒေသတစ်ခုဖြစ်သလို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက်လည်း မဟာဗျူဟာမြောက် အရေးပါတဲ့ဒေသတစ်ခုဖြစ်တယ်ဆိုတာလေး တင်ပြချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါဆိုတော့ ဒီလက်ရှိမှာဆိုလို့ရှိရင် ဒီတော်လှန်ရေးကာလကြာလာတာနဲ့အမျှ ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာမျိုးလည်း ရှိနေတယ် ပေါ့နော်။ ဆိုတော့ မကွေးတိုင်းအတွင်းမှာရော ဒီကိုယ်ပိုင်အုပ်ချုပ်ရေးတွေ တည်ထောင်တဲ့အခါမှာ ဘယ်လိုမျိုးတွေ ကြုံတွေ့နေရတာမျိုးရှိလဲပေါ့နော်။ ပြီးတော့ အထူးသဖြင့် လုံခြုံရေး၊ ဒီတရား ဥပဒေစိုးမိုးရေးတွေ၊ ပညာရေးနဲ့ ကျန်းမာရေးလိုမျိုး ပြည်သူ့ဝန်ဆောင်မှုတွေထဲမှာ ဘယ်ကဏ္ဍဒေသ အတွက် အခက်အခဲဆုံးဖြစ်မလဲ။ ဘယ်လိုမျိုး ကျော်လွှားနေရလဲဆိုတာလေးလဲ ပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – မကွေးအနေနဲ့ကတော့ အာဏာစသိမ်းတဲ့အချိန်ကနေ လက်ရှိအချိန်ထိကတော့ NUG အစိုးရရဲ့ ညွှန်ကြားမှုတွေအရ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာဖြစ်ပါတယ်။ ဆိုတော့ Federal စနစ်အရ Federal Unit အစိုးရတော့ ပေါ်ပေါက်သေးတာ မဟုတ်သေးဘူးပေါ့နော်။ မပေါ်ပေါက်သေးခင် ကြားကာလဖြစ်တဲ့အတွက် ကြောင့် ဒါကျွန်တော်တို့ NUG အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အပတ်တလည်လည်ပတ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးစတဲ့ ယန္တရားတွေ ဖြစ်ပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင် ရတဲ့အချိန်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ လူသားပိုင်းဆိုင်ရာအခက်အခဲတွေ ရှိတယ်။ နောက်ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ တချို့ ကျွန်တော်တို့ ဒီအုပ်ချုပ်ရေးအတွက် အသုံးပြုရတဲ့ ဒီအုပ်ချုပ်ရေးအဖွဲ့ အစည်းတွေ၊ ဒီအဖွဲ့အစည်းမှာ ခေါင်းဆောင်လုပ်တဲ့ လုပ်နေရတဲ့ ပုဂ္ဂိုလ်တွေပင်လျှင် ဒီလိုအုပ်ချုပ်ရေး အတွက် စနစ်တကျ လေ့ကျင့်ထားတဲ့ခေါင်းဆောင်တွေ မဟုတ်ဘူး။ အထူးသဖြင့်တော့ ဒီ HR ပိုင်း ကျွန်တော်တို့မှာ အားနည်းချက်တွေ ရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီကျန်းမာရေးနဲ့ ပညာရေးတို့ဟာမျိုးတွေမှာ အဓိက အထောက်အပံ့ပေးနိုင်မယ့် ငွေကြေးတို့၊ ဒါမျိုးလေးတွေ ကျွန်တော်တို့ အားနည်းချက်တွေရှိတယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီတရားဥပဒေစိုးမိုးရေး ဒီအပိုင်းတွေမှာလည်း ကျွန်တော်တို့ လက်ရှိအချိန်ထိကတော့ အနည်းငယ် အားနည်းချက်ရှိနေပါသေးတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ပေါ့နော်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဒီကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတွေ သို့မဟုတ် ကျွန်တော်တို့ ကြားကာလရဲ့ အစီအမံပေါ့နော်။ အစီအမံကို ကျွန်တော်တို့ ရေးဆွဲနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းဆိုရင် ပြီးခဲ့တဲ့ ၆ လပိုင်း ၂၅ ရက်နေ့မှာ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသွားနိုင်တာ တွေ့ရတယ်။ ဒါသည် ကျွန်တော်တို့ ဘာကိုသွားချင်လဲဆိုတော့ ကျွန်တော်တို့ ကြားကာလမှာ အာဏာလစ်ဟာမှုတွေ မဖြစ်ပေါ်ရေးပေါ့။ နောက်ခုနတုန်းက ပြောတဲ့ ဒီတရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ၊ နောက်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေ စနစ်တကျ ကြပ်ပေးဖို့အတွက် ကျွန်တော်တို့ ဒီဖက်ဒရယ်ဒီမိုကရေစီစနစ်အရ သွားတဲ့အခြေခံတွေပဲ ဖြစ်တယ်။ မကွေးသည်လည်း ကျွန်တော်တို့ ကြားကာလအစီအမံသည် ရေးဆွဲနေတာ ရှိပါတယ်။ မကြာခင် လည်း ကျွန်တော်တို့ ပြီးစီးတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပထမတစ်ကြိမ်မူကြမ်း ကတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ ပြည်သူကို ထုတ်ပြန်ကြေညာပြီးဖြစ်တယ်။ အခုဆိုရင်တော့ ကျွန်တော်တို့ ဒုတိယအကြိမ်မူကြမ်း ရေးဆွဲတဲ့ အချိန်ကာလကို ရောက်ရှိနေတာ ဖြစ်တယ်။ မန္တလေးကလည်း မကြာခင် ပြီးတော့မယ့်အနေအထားလို့ ကျွန်တော်တို့ သိရှိရတာ ဖြစ်တယ်။ အဲ့တော့ ဒီကြားကာလအစီအမံလေး၊ ကြားကာလအခြေခံဥပဒေတွေသည် တော်လှန်ရေး ကာလ ကြားကာလမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အဓိကဖြည့်ဆည်းနိုင်မယ့် နည်းလမ်းတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါဆိုတော့ ဒီမကွေးတိုင်းအတွင်းမှာရှိတဲ့ ပေါ့နော်။ ဒီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဒီ အများအပြားကြားမှာ ထိရောက်တဲ့စည်းရုံးရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဒါညီညွတ်မှု ရရှိရေးအတွက် ဘယ်လိုမျိုး ကြိုးပမ်းနေရတာမျိုးရှိလဲပေါ့နော်။ ပြီးတော့ ဒီအိမ်နီးချင်းဖြစ်တဲ့ ဒီစစ်ကိုင်း၊ ပြီးတော့ ဒီချင်းပြည်နယ်ကနေ တော်လှန်ရေးအင်အားစုတွေနဲ့ရော ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလဲဆိုတာလေးလဲ ပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – ဒီစစ်ကိုင်း၊ မကွေး၊ မန္တလေး ပါဝင်တဲ့ဒေသကိုတော့ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ဒေသ (၁) လို့ သတ်မှတ်ထားတာ ဖြစ်တယ်။ ဆိုတော့ စစ်ဒေသ (၁) မှာ ဦးဆောင်ပြီး အဓိကပါဝင်နေတာတော့ KIA ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ဒီစစ်ကိုင်းတိုင်းမှာရှိတဲ့ တပ်တွေ၊ မကွေးတိုင်းမှာရှိတဲ့တပ်တွေ၊ မန္တလေးတိုင်းမှာရှိတဲ့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ပူးတွဲဆောင်ရွက်မှုတွေ ကျွန်တော်တို့ ရှိပါတယ်။ စစ်ဒေသ (၁) ရဲ့ လမ်းညွှန်မှုအောက်မှာ အတူပူးပေါင်းပြီးတော့ တိုက်ပွဲဖော်ဆောင်တာ တွေ၊ ကျွန်တော်တို့ မဟာဗျူဟာမြောက် ထိုးစစ်အတွက် ပြင်ဆင်ဆောင်ရွက်တာတွေ ဒါတွေလည်း လက်ရှိအချိန်ထိက ရှိပါတယ်။ နောက်ကျွန်တော်တို့ အဓိကကတော့ ချင်းပြည်နယ်နဲ့မကွေးကတော့ ထိစပ်တာဆိုတော့ ချင်းပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချင်းပြည်မှာရှိတဲ့ ERO ဖြစ်တဲ့ CNF, CNA တို့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ကျွန်တော်တို့ ယောဒေသဆိုရင် ဒီ CB အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ အများကြီးရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့အချက်ဆိုတဲ့ အချက်တွင် ဘုံဦးတည်ချက် တူညီတဲ့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြားမှာ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် နိုင်ခြင်းဆိုတဲ့ အချက်သည် အရေးကြီးဆုံးဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ပြန့်ကြဲနေတဲ့ အချက်သည် တော်လှန်ရေးအတွက် အလားအလာကောင်းတဲ့အချက်မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲ့တွေသည် ဘုံရည်မှန်းချက်တူညီနေတဲ့နောက်မှာ အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းကတော့ လုပ်ကို လုပ်ရမယ့်လမ်းစဉ်ပဲဖြစ်တယ်။ လက်ရှိ မှာလည်း လုပ်နေကြပါတယ်ပေါ့နော်။ စစ်ကိုင်း၊ မကွေးဆိုရင် စစ်ဒေသ (၁)ရဲ့ ညွှန်ကြားမှုအောက်မှာ ကျွန်တော်တို့ ကြိုးစားနေကြတာရှိပါတယ်လို့ တင်ပြချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါဆိုတော့ ဒီတော်လှန်ရေးအောင်မြင်ပြီးတဲ့အခါမှာပေါ့နော်။ တည်ဆောက်မယ့် ဖက်ဒရယ်နိုင်ငံတော်မှာ ဒီဆရာတို့ မကွေးတိုင်းရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အရေးကိုရော ဘယ်လိုမျိုး ပုံဖော်ထားတာမျိုး ရှိလဲရှင့်။ ဒီအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ အညာဒေသခံတွေရဲ့ အသံကို ဘယ်လိုမျိုး အာမခံချက်ပေးနိုင်မလဲဆိုတာလေးကိုလည်း ရှင်းပြပေးပါဦးရှင့်။
ဖြေကြားသူ – ကျွန်တော်တို့ ဒီအညာဒေသပေါ့။ အညာဒေသမှာတော့ အညာရဲ့ ဒီသမိုင်းစဉ်တာလည်း ရှိခဲ့ဖူးတာ ရှိတယ်။ ဥပမာ ကျွန်တော်တို့ ရှေးမြန်မာဘုရင်တွေလက်ထက်ထဲက ဒီအညာက စစ်ကိုင်းဘက်ကပေါ့နော်။ စစ်ကိုင်းဘက်ကဆိုရင်လည်း ဘုရင်တွေထွက်ခဲ့ဖူးတာတွေလည်းရှိတယ်။ ဆိုတော့ အညာဒေသသည်ပင်လျှင် ထူးခြားတဲ့ သမိုင်းဝိသေသရှိတဲ့ ဒေသတွေ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ မကွေးအနေနဲ့ကလည်း လက်ရှိမှာ ကျွန်တော်တို့ တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် ကြောင့် အာဏာမသိမ်းခင်က မကွေးတိုင်းဒေသကြီးရဲ့ နယ်နိမိတ်အတိုင်း လက်ရှိမှာ မကွေး ဖက်ဒရယ်ယူနစ်အဖြစ် ကြေညာထားခဲ့တာ ရှိတယ်။ စစ်ကိုင်းလည်း ကျွန်တော်တို့ အာဏာ မသိမ်းခင်က စစ်ကိုင်းတိုင်းဒေသကြီးရဲ့ နယ်နိမိတ်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်အဖြစ် ကျွန်တော်တို့ ကြေညာထားခဲ့ပြီးသားတွေ ရှိပါတယ်။ ဆိုတော့ ဒီတော်လှန်ရေးကာလမှာတော့ ကျွန်တော်တို့ လက်ရှိနယ်နိမိတ်အတိုင်း ဒါဖက်ဒရယ်ယူနစ်တွေအဖြစ် ကျွန်တော်တို့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကြီးရဲ့ အစိတ်ပိုင်းတွေအဖြစ် ကျွန်တော်တို့ ပြင်ဆင်ကြိုးစားနေတာ ရှိတယ်။ တစ်ဖက်က ကျွန်တော်တို့ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေ သလို တစ်ဖက်မှာလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အစိတ်ပိုင်းတွေအဖြစ် ကျွန်တော် တို့ ဒါဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ကျင့်သုံးတဲ့ ယူနစ်တစ်ခုအဖြစ် ကျွန်တော်တို့ ကြိုးစားတည် ဆောက်နေရတာ ရှိပါတယ်။ ဆိုတော့ တော်လှန်ရေးအောင်မြင်ပြီးတဲ့ ကာလနောက်ပိုင်းမှာလည်း ကျွန်တော်တို့ မကွေးပြည်သူအများစုကတော့ မကွေးသည် ဒီဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အစိတ်ပိုင်းတစ်ရပ် ယူနစ် သို့မဟုတ် ပြည်နယ်တစ်ရပ်အဖြစ် လိုလားကြတဲ့ကိစ္စတွေတော့ ရှိပါတယ်။ သို့သော် ကျွန်တော်တို့ ဒီတော်လှန်ရေးအလွန်ကာလ ရောက်တဲ့အချိန်မှာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ခေါင်းစဉ်က ကျွန်တော်တို့ အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ နောက်ပြီးတော့ ယူနစ်နဲ့ ပြည်နယ်တွေအချင်းချင်းကြားမှာ ကျွန်တော်တို့ ဆွေးနွေးရမယ့် အဓိကခေါင်းစဉ်တွေ ဖြစ်လာပါတယ်။ ဆိုတော့ ဒီအဓိကခေါင်းစဉ်ကြီး ဆွေးနွေးရတဲ့ အချိန်မှာလည်း ကျွန်တော်တို့ တခြားသော ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေ အားလုံးနဲ့ တရင်းတနှီးပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည်ပြုပြည်ပြုညီလာခံကြီးကျင်းပပြီးတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့တော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အညာသူတွေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အရေးပါတဲ့ အစိတ်ပိုင်းဖြစ်တဲ့အတွက်ကြောင့် ဒီအရေးပါတဲ့ အစိတ်ပိုင်းကို ကျွန်တော်တို့ ဘယ်လိုတွေ တည်ဆောက်ကြမလဲဆိုတဲ့ အချင်းချင်းကြာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့အချိန်ကျမှပဲ ကျွန်တော်တို့ ပိုပြီးတော့ တိကျပြတ်သားရှင်းလင်းတဲ့ အဖြေတော့ ရပါလိမ့်မယ်လို့ ဒါလေး တင်ပြချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်တစ်ခုအနေနဲ့ပေါ့နော်။ ဒီစစ်ကောင်စီရဲ့ နယ်မြေရှင်းလင်း မှုတွေ ပြီးတော့ ကျေးရွာမီးရှို့မှုတွေကြောင့် မကွေးတိုင်းဟာဆိုလို့ရှိရင် စစ်ဘေးရှောင်တွေ အများဆုံး ရောက်တဲ့နေရာလို့ ပြောလို့ရတယ်ပေါ့နော်။ ဆိုတော့ တိုင်းအတွင်းက သန်းနဲ့ချီပြီးတော့မှ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့ရန်အတွက်ပေါ့နော်။ ဒီလက်ရှိဆောင်ရွက်ချက်တွေက ဘယ်အခြေအနေတွေမှာ ရှိနေလဲဆိုတာလေးလဲ ပြောပြပေးပါဦးရှင့်။ ပြီးတော့ သူတို့အတွက် ဒီအရေးအကြီးဆုံး လိုအပ်ချက်တွေကရော ဘာတွေဖြစ်မလဲရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့။ ဒီတော်လှန်ရေးကာလမှာတော့ ကျွန်တော်တို့ အညာဒေသမှာရှိတဲ့ တိုင်းတွေပေါ့နော်။ စစ်ကိုင်းကတော့ ကျွန်တော်တို့ ပထမဆုံး စစ်ဘေးရှောင် ဦးရေ၊ နောက်ပြီးတော့ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေအတွက် အများဆုံးဒေသတစ်ခု ဖြစ်တယ်။ ဒုတိယလိုက်တာကတော့ ကျွန်တော်တို့ မကွေး ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ခုနဒီ ဆရာမပြောသလိုပဲ ကျွန်တော်တို့ ယူနစ်ထဲမှာ မကွေးယူနစ်ထဲမှာလည်း ဒါသန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရှိတယ်။ အိမ်တွေဖျက်ဆီးဆုံးရှုံးခံရတဲ့ ပြည်သူတွေရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီရဲ့ ဒီဗုံးကြဲတိုက်ခိုက်မှု တွေကြောင့် အိမ်တွေပျက်စီးတာတွေ၊ နောက် အသက်အိုးအိမ်ပျက်စီးတာတွေက အများဆုံးဖြစ်နေတဲ့ ဒေသတစ်ခုထဲမှာ ကျွန်တော်တို့ မကွေးကလည်း ပါဝင်တာဖြစ်တယ်။ ဆိုတော့ ဒီစစ်ဘေးရှောင် ပြည်သူတွေရဲ့ အရေးကိစ္စကိုင်တွယ်ဖြေရှင်းမှုကိစ္စကလည်း ကျွန်တော်တို့ တော်လှန်ရေးကာလ အတွင်းမှာ အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်တယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒီဌာနအနေနဲ့လည်း ကျွန်တော်တို့ မြို့နယ်တိုင်းမှာ တာဝန်ခံတွေ ခန့်အပ်ပြီးတော့ ဒီစစ်ဘေးရှောင်အရေးကိစ္စကို စနစ်တကျကိုင်တွယ်ဖြေရှင်းရတာ ရှိခဲ့တယ်။ သို့သော် တစ်ဖက်မှာလည်း ကျွန်တော်တို့ ဒီအရင်းအမြစ်ပေါ့။ အရင်းအမြစ်ကတော့ ငွေကြေးနဲ့ ကျွန်တော်တို့ ပစ္စည်းအရင်းအမြစ်တွေကတော့ ရှားပါးတဲ့ကိစ္စဖြစ်တော့ ဒီစစ်ဘေးရှောင် ခုနသန်းနဲ့ချီတဲ့ရေအတွက် ကို အရမ်းကြီးတော့ သူတို့အားလုံးအဆင်ပြေတဲ့အနေအထားထိ ကူညီနိုင်စွမ်း မရှိတာတွေ့ရတယ်။ ဒါဒီကြားကာလ။ တစ်ဖက်ကလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ၊ နောက် Local NGO အဖွဲ့အစည်းတွေက ဒီအရေးကိစ္စတွေမှာ ဝင်ရောက်ပြီး ကူညီဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံက ပေါ်ပေါက်လာတဲ့အစိုးရတစ်ရပ် ကျွန်တော်တို့ ဖွဲ့စည်းတဲ့အချိန်မှာလည်း ဒီစစ်ဘေးရှောင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အဓိက ကိုင်တွယ် ဖြေရှင်းရမယ့် ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ဒါမဖြစ်မနေ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အကာအကွယ်တွေ၊ နောက်ပြီးတော့ ကျွန်တော်တို့ စားနပ်ရိက္ခာတွေပေါ့နော်။ နောက်ပြီးတော့ ဆေးဝါးစောင့်ရှောက်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စတွေရှိပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ငွေကြေးအရင်းအမြစ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ပစ္စည်း၊ နောက်ပြီးတော့ လူသားအရင်းအမြစ် ဒါတွေ အရင်းအမြစ်ရှားပါးမှုကိစ္စ တွေတော့ ရှိတယ်။ သို့သော် ကျွန်တော်တို့ ပြည်သူတွေ ခံစားနေရတဲ့ဝေဒနာတွေကို ကျွန်တော်တို့ အဓိက နိုင်ငံရေးတော်လှန်ရေးခေါင်းဆောင်တွေက ဒါစနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့ စိန်ခေါ်မှုများတဲ့ကြားထဲကပဲ ကျွန်တော်တို့ ပြည်သူတွေအတွက် အကောင်းဆုံးကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါဆိုတော့ ဒီမြေပြင်အခြေအနေအရ မကွေးတိုင်းအတွင်းက ဒီစစ်ကောင်စီရဲ့ အဓိကအားနည်းချက်ကရော ဆရာ့အနေနဲ့ ဘာလို့မြင်လဲရှင့်။ ဟိုဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒေသအတွင်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ပေါ့နော်။ စစ်ရေးအရ အသာစီးရအောင် ဘယ်လိုမျိုး ပုံဖော်သင့်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ပါလဲရှင့်။
ဖြေကြားသူ – ကျွန်တော်တို့ စစ်ကောင်စီရဲ့ အဓိကအားနည်းချက်ကတော့ ပထမဆုံးအချက်ကတော့ ကျွန်တော်တို့ စိတ်ဓာတ်ရေးရာပေါ့နော်။ စိတ်ဓာတ်ရေးရာကတော့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ယှဉ်လို့မရတဲ့ အချက်တစ်ချက် ဖြစ်တယ်။ တချို့ ကျွန်တော်တို့ အခု အဓမ္မပေါ်တာဆွဲတို့ပေါ့လေ။ အဓမ္မစစ်သင်တန်းဆူဆောင်းပြီးတော့ ပါလာတဲ့ ကျွန်တော်တို့ ရှေ့တန်းထွက်လာတဲ့ ရဲဘော်တွေလည်း စစ်ကောင်စီဘက်မှာ အများကြီးရှိတယ်။ ဒီရဲဘော်တွေ ပင်လျှင် နဂိုတည်းက ဒါစစ် စစ်တိုက်ချင်တဲ့ရဲဘော်တွေ မဟုတ်ဘူး။ နောက်ပြီးတော့ စစ်ကောင်စီ ဘက်မှာလည်း အများကြီး ထောက်ခံနေတဲ့ရဲဘော်တွေ မဟုတ်ဘူး။ အဲ့တော့ စစ်ကောင်စီရဲ့ ဒီအဓမ္မပေါ်တာဆွဲခံရတဲ့ရဲဘော်တွေသည် ဆိုတော့က သူတို့ရဲ့စိတ်ဓာတ်သည် ခိုင်မာတဲ့စိတ်ဓာတ် တွေတော့ မဟုတ်ဘူး။ မဖြစ်သာလို့ ဒါပေါ်တာဆွဲခံရလို့ လက်နက်ကိုင်ထားရတာပဲ ဖြစ်တယ်။ ဆိုတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ လပိုင်းအတွင်းက ထိုးခဲ့တဲ့စစ်ကြောင်းတွေ ကြည့်မယ်ဆိုရင် ဒီအဓမ္မပေါ်တာဆွဲခံရတဲ့ စစ်သားတွေ အများအပြားထွက်ပြေးပြီးတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ ကိုယ့်လူအဖြစ် လာရောက်တာကိုလည်း တွေ့ရှိရမှာ ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ စစ်ကောင်စီရဲ့ အဓိကအားနည်းချက်သည် စိတ်ဓာတ်ဖြစ်တယ်။ နံပါတ်တစ်ကတော့။ ဒုတိယအချက်ကတော့ မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ အဓိက မဟာဗျူဟာမြောက် လက်နက် စက်ရုံတွေ၊ ရေနံချက်စက်ရုံတွေ နောက်ပြီးတော့ ဒီငွေကြေးထုတ်တဲ့စက်ရုံတွေ ရှိတယ်။ ဒါသည် လည်း တစ်ဖက်က စစ်ကောင်စီအတွက် အရေးပါတဲ့အချက်ဆိုတာ သူ့အတွက် အဓိကအားနည်းချက် တွေ ဖြစ်တတ်တာပေါ့နော်။ ဆိုတော့ ဒီကိစ္စတွေသည် ကျွန်တော်တို့ တော်လှန်ရေးဘက် ဘက်က နေပြီးတော့ စနစ်တကျ မဟာဗျူဟာမြောက် အစီအမံတွေ ရေးဆွဲနိုင်တယ်။ မဟာဗျူဟာမြောက် ကျွန်တော်တို့ တိုက်ပွဲတွေ ပြင်ဆင်ဖော်ဆောင်နိုင်တယ်ဆိုရင်တော့ ဒါတွေသည် ကျွန်တော်တို့ မကွေးယူနစ်အတွက်ပေါ့နော်။ ကျွန်တော်တို့ အားသာတဲ့အချက်တွေ ဖြစ်လာပါလိမ့်မယ်လို့ တင်ပြလိုပါတယ်။ တစ်ဖက်ကတော့ စစ်ကောင်စီရဲ့အားသာချက်တွေကတော့ အများကြီးဖြစ်တယ်။ အားသာချက်တွေကတော့ တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲနေရတယ်။ ဆိုတော့ သူ့မှာ ဒီငွေကြေးက လိုသလောက်ရနေတာဖြစ်တယ်။ နောက်ပြီးတော့ လက်နက်စက်ရုံတွေ ရှိနေတဲ့ကိစ္စ တွေပေါ့နော်။ ဒီကနေပြီးတော့ ခဲယမ်းတွေ၊ ခဲယမ်းမီးကျောက်တွေ စဉ်ဆက်မပြတ် ထုတ်လုပ်တဲ့ ကိစ္စတွေပေါ့နော်။ ဆိုတော့ အဲ့ဒီအားသာချက်တွေကို တစ်ဖက်ကလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာမြောက်အနေအထား ကျွန်တော်တို့ ပြင်ဆင်ပြီးတော့ ဒီအားသာချက်တွေကို သူ့ဘက်က အားနည်းချက်တွေ ဖြစ်သွားအောင်ပေါ့နော်။ ဟိုဘက်ကနေ အားသာချက်တစ်ဖက်ပြန်ဖြစ်လာအောင် ကျွန်တော်တို့ စနစ်တကျ ပြင်ဆင်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်လို့ တင်ပြလိုပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။ ဆိုတော့ နောက်ဆုံးအနေနဲ့ပေါ့နော်။ ဒီနှစ်ကာလ ကြာရှည်လာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့ တော်လှန်ရေးပင်ပန်းနွမ်းနယ်မှုတွေကို ရဲဘော်တွေရော ပြည်သူတွေအပါပေါ့နော်။ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ကျော်လွှားပြီးတော့မှ ဒီ ကျွန်မတို့ရဲ့ တော်လှန်ရေးအောင်ပွဲအထိ ဆက်လက်အားဖြည့်နိုင်မလဲဆိုတာကို ကျွန်မတို့ ဒီအင်တာဗျူးလေး ကနေ တစ်ဆင့် အကြံဉာဏ်လေး အားပေးစကားလေး ပြောကြားပေးပါဦးရှင့်။
ဖြေကြားသူ – တော်လှန်ရေး ၄ နှစ်ကျော်လာတဲ့အချိန်မှာတော့ ကျွန်တော်တို့ ဒီတော်လှန်ရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ဘာပဲပြောပြော အချိန်ကာလတစ်ခုအရ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်ရဲဘက်တွေအားလုံး နည်းနည်းလေး ပင်ပန်းလာတဲ့ကိစ္စတွေတော့ရှိတယ်။ ဒါကတော့ ကျွန်တော်တို့ ပကတိအမှန်တရားတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ စစ်ကောင်စီဘက်မှာ ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီအနေနဲ့လည်း တော်တော် လေး သူ့အနေနဲ့ ကြိုးစားရုန်းကန်ပြီးတော့ နိုင်ငံတကာရဲ့ ထောက်ခံမှုမရ ရအောင်ပေါ့နော်။ ဆိုတော့ သူကလည်း သူမှာ ဒီကို ပြာယာခက်ပြီး ကြိုးစားနေရတဲ့ကိစ္စတွေလည်း ရှိတယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒါဒီအချိန်ထိ တော်လှန်ရေး ၄ နှစ်ကျော် ၅ နှစ်အထိ ပြည်သူထောက်ခံနေတယ် ဆိုတဲ့ အချက်က ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တယ်။ ဒီပြည်သူထောက်ခံ မှုအားရှိတယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးသည် နိုင်ကိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ ဒီတော်လှန်ရေးရဲဘော်ရဲဘက်တွေကို တစ်ခါတစ်ရံ ကျွန်တော်တို့ သတိပေးစကားပြောရတဲ့ကိစ္စတွေရှိတယ်။ ဥပမာ ပြည်သူကို ဒါမိဘသဖွယ်ဆက်ဆံဖို့၊ ပြည်သူတွေ ငြိုငြင်အောင် မလုပ်ဖို့ဆိုတဲ့ကိစ္စတွေပေါ့နော်။ ပြည်သူငြိုငြင်သွားရင်တော့ တော်လှန်ရေးကတော့ ကျဆုံးမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူ့ထောက်ခံမှုက အရေးအကြီးဆုံး ကျွန်တော်တို့ တော်လှန်ရေးရဲ့ အားတစ်ခု ဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အချင်းချင်းကြားမှာ ကျွန်တော်တို့ စည်းလုံးညီညွတ်မှု၊ ဒီဟာသိပ်ကို အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ပြည်သူ့ထောက်ခံမှုရတယ်။ ကျွန်တော်တို့ အချင်းချင်းစည်းလုံးညီညွတ်တယ်ဆိုရင် သေချာပေါက် ကျွန်တော်တို့ တော်လှန်ရေးအောင်မှာ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ပြည်သူကို နံပါတ်တစ်ချက် မငြိုငြင်အောင် ကျွန်တော်တို့ တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ဂရုတစိုက် ပြည်သူကို မိဘသဖွယ်သဘောထားဖို့ ဒီအချက်က ကျွန်တော်တို့ အရေးကြီးတယ်။ နောက် ဒုတိယအချက်ကတော့ ဘုံဦးတည်ချက်တူညီတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ ကျွန်တော်တို့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ပေါ့နော်။ ဒါဒီအချက်တွေ ကျွန်တော်တို့ ကိုင်တွယ်သွားနိုင်တယ်ဆိုရင်ပဲ ဒါကျွန်တော်တို့တွေ တော်လှန်ရေးအမြန်ဆုံးအောင်မြင်မှာ ဖြစ်တယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာရဲ့ ဖိအား၊ အထူးသဖြင့် ကျွန်တော်တို့နဲ့ အိမ်နီးချင်းထိစပ်နေတဲ့ တရုတ်လိုနိုင်ငံတွေရဲ့ ဖိအားတွေကတော့ ကျွန်တော်တို့မှာ လက်ရှိအချိန်မှာတော့ ပြင်းပြင်းထန်ထန်ခံစားနေရတာ ဖြစ်တယ်။ ဒါကြောင့်မို့ မနေ့ကတောင်မှ ဗိုလ်ချုပ်ဂွမ်မော်လိုင်းပေါ်တင်တဲ့ ဗီဒီယိုဖိုင်လေး ကျွန်တော်တို့ တော်တော်လေးတော့ အားဖြစ်ရပါတယ်။ အဓိကကတော့ စည်းလုံးညီညွတ်မှု ဖော်ဆောင်သွားဖို့ဆိုတဲ့ကိစ္စမျိုးတွေ ကျွန်တော်တို့ ခွန်အားလည်းရတယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်နေတယ်ဆိုရင် တော်လှန်ရေးအောင်မယ်ဆိုတဲ့ ခွန်အားလည်း ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ဒီကာတွန်းလေးက သူတင်တဲ့ကာတွန်းဗီဒီယိုလေးက စပြီးတော့ ကျွန်တော်တို့ ရရှိကြတာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေ ဒါစိတ်ဓာတ်မကျကြဖို့ တော်လှန်ရေးသည် အောင်ကိုအောင်မှာ ဖြစ်တယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကို မိဘသဖွယ်ဆက်ဆံမှုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ ကျွန်တော်တို့ မိတ်ဖက်ဆက်ဆံရေး စည်းလုံးညီညွတ်စွာ တည်ဆောက်နိုင်ဖို့ ဒီအချက်တွေ သေသေချာချာကို ကျွန်တော်တို့ ကျင့်သုံးနိုင်တယ်ဆိုရင် တော်လှန်ရေးအောင်ကိုအောင်မှာပါလို့ ဒါလေးနဲ့ ကျွန်တော် တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ အခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေကြားသူ – ကျေးဇူးတင်ပါတယ် ဆရာမ။