မေးမြန်းသူ – RAIN
ဖြေဆိုသူ – Sayama Khin Lay ၊ Women’s Advocacy Coalition – Myanmar
RAIN – မိဘပြည်သူများအားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ အင်တာဗျူးမှာတော့ Women Advocacy Coalition မြန်မာရေးအဖွဲ့ဝင် ဆရာမခင်လေးနဲ့ တော်လှန်ရေးအပေါ်မှာ သဘောထားအမြင်တွေကို ဆွေးနွေးတင်ပြသွားမှာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဆရာမ။
Sayama Khin Lay – မင်္ဂလာပါရှင်။
RAIN – ဟုတ်ကဲ့ပါ အခုလိုမျိုး The Kaladan Postကို အချိန်ပေးပြီးတော့ လာရောက် ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်။
Sayama Khin Lay – ဟုတ်ကဲ့ပါ။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ မြန်မြန်ဆွေးနွေးခြင်း အစီအစဉ်ကို ဆက်လက် ပြီးတော့မှ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆိုတော့ ပထမဦးဆုံးအနေနဲ့ ဒီ နွေဦးတော်လှန်ရေးရဲ့ အနာဂတ်ပေါ့နော် ဆရာမအနေနဲ့ ဘယ်လိုတွေ ခြုံငုံသုံးသပ်ထားလဲ။ ပြီးတော့မှ ဒီ ဆရာမအနေနဲ့ ပေါ့နော် အမျိုးသမီးတစ်ဦးအနေနဲ့ရော ဒီတော်လှန်ရေးကြီးထဲမှာ တက်တက် ကြွကြွ ပါဝင်နေရတဲ့အပေါ်မှာ ဆရာမရဲ့ ခံယူချက်လေးနဲ့ အမ် ခံစားချက်လေးကိုလည်း ပြောပြပေးပါဦးရှင်။
Sayama Khin Lay – ဟုတ်ကဲ့ပါ။ အခုနွေဦးတော်လှန်ရေးကတော့ ကျွန်မတို့ ဒါ ၂၀၂၁ ဖေဖော်ဝါရီ ကဆိုရင် ကျွန်မတို့ ၅ နှစ်ကျော်လာပြီပေါ့နော်။ ၅ နှစ်ကျော်လာပြီ။ ဒါပေမဲ့လည်း အခု အချိန်ထိကို မြေပြင်မှာရှိတဲ့ တော်လှန်ရေးညီအစ်ကိုမောင်နှမတွေ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကလည်း ဆက်ပြီးတော့ အင်နဲ့အားနဲ့ တော်လှန်နေဆဲ ဖြစ်တယ်။ ဒီ ဒါ့အပြင် ကျွန်မတို့ နိုင်ငံတကာမှာ အနယ်နယ်အရပ်ရပ်မှာရောက်နေကြတဲ့ ကျွန်မတို့ရဲ့ သွေးချင်းတွေ မြန်မာပြည်ကိုချစ်တဲ့သူတွေ အားလုံးကလည်း နွေဦးတော်လှန်ရေးအတွက် ကျရာနေရာကနေပြီးတော့ နော် ငွေရေးကြေးရေးသော်၎င်း Advocacy နည်းနဲ့သော်၎င်း အခြားသော နိုင်ငံတကာမှာရှိနေတဲ့ အစိုးရတွေ တာဝန်ရှိတဲ့သူတွေ ပိုသိနိုင်အောင် လုပ်ဆောင်မှုတွေ အားဖြင့်သော်၎င်း ပါဝင်မှုတွေကလည်း ဆက်ပြီးတော့ ရှိနေပါတယ်။ ဒါပေမဲ့ အချိန် ၅ နှစ် ဖြစ်လာတဲ့အတွက်တော့ အမ် မောပန်းတာ နွမ်းနယ်တာ အားလျော့တာ ဒါကတော့ ဟို ရှိပါတယ်။ ဒါက လူတွေပဲဖြစ်တဲ့အတွက် စိတ်ဓာတ်အတက်အကျ ရှိမယ်နော် အလုပ်ကိုင်တဲ့နေရာမှာလည်း အဲ တတက်ကြွကြွ တွန်းတွန်းထိုးထိုးနဲ့ လုပ်နိုင်တဲ့အခါ ရှိသလို စိတ်ပိုင်းဆိုင်ရာ အခြားသော အဆင်မပြေမှုတွေကြောင့် နည်းနည်းလေး တုန်နှေးသွားတဲ့ ဟာမျိုးလည်း ရှိနိုင်ပါတယ်ပေါ့နော်။ ဒီ ၅ နှစ်အတွင်းမှာ အထူးသဖြင့်တော့ လူငယ်တွေရဲ့ စွမ်းစွမ်းတမံ ကြိုးစားမှုတွေ အနစ်နာခံမှုတွေနဲ့ သူတို့ရဲ့ဦးဆောင်မှုနဲ့ပဲ နွေဦးတော်လှန်ရေးက ဒီလောက်ထိ ခရီးပေါက်လာတာ ဖြစ်ပါတယ်။ အဲ တစ်ခုထူးခြားတာကတော့ ကျွန်မတို့ အရင် ခေတ်တွေနဲ့ မတူတာကတော့ အခု နွေဦးတော်လှန်ရေးမှာဆိုရင်တော့ အစိုးရဝန်ထမ်းတွေ ကနေပြီးတော့ ပေါ့နော် CDM လုပ်ခဲ့တဲ့ကိစ္စက တော်တော်မှ ထူးခြားတဲ့ လက္ခဏာလို့ ပြောလို့ရပါတယ်။ အခုအချိန်ထိကိုပဲ ဒီ စစ်အာဏာရှင်ကို ဆန့်ကျင်မယ်၊ သပိတ်မှောက်မယ်၊ စစ်အာဏာရှင်ရဲ့ အောက်မှာ ခေါင်းငုံ့မဝင်ဘူး၊ အားခံမယ်ဆိုပြီးတော့ အဲ အစိုးရဝန်ထမ်းတွေ၊ နောက်တစ်ခါ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ အားလုံး ဆက်ပြီးတော့ ဒီအလံကို CDM အလံကို စွဲကိုင်ပြီးတော့ လာခဲ့ကြတယ်ပေါ့နော်။ အရင်ခေတ်တုန်းကတော့လည်း ကျွန်မတို့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဒီလိုပဲ အစိုးရဝန်ထမ်းတွေဟာ အဲ ရုံးတွေမတက် ကြဘူး။ အဲ အလုပ်တွေမသွားကြဘဲနဲ့ နေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက လပိုင်းအခြား လောက်ပဲ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ ပုံမှန်နီးပါးပေါ့နော် ပြန်ပြီးတော့ အဲ လုပ်ငန်းတွေ၊ အစိုးရလုပ်ငန်း တွေကလည်း ယန္တရားတွေကလည်း လည်ပတ်တဲ့ပုံစံဖြစ်တယ်။ အုပ်ချုပ်ရေးကသာ စစ် အုပ်ချုပ်ရေး ဖြစ်သွားတာပေါ့နော်။ ဆိုတော့ အဲ့လိုမတူတဲ့ပုံစံတွေမှာ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေး ၅ နှစ်မှာ ကျွန်မပြန်ကြည့်တဲ့အခါမှာ ကျွန်မတို့လို အသက်အရွယ် အပိုင်းအခြားတစ်ခုနဲ့ အရင်ခေတ်ကာလတွေကို ဖြတ်သန်းဖူးတဲ့လူတစ်ယောက်အနေနဲ့တော့ ကျွန်မတို့ အင်မတန်မှ အားရတယ်။ ဂုဏ်ယူတယ်။ လူငယ်တွေရဲ့စွမ်းဆောင်မှု၊ လူငယ်တွေရဲ့ ခေတ်နဲ့အညီ ခေတ်အမြင်နဲ့ တော်လှန်နိုင်မှုကို ကျွန်မတို့ ချီးကျူးဂုဏ်ပြုတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာလည်း ဒီထက်ပိုပြီး စနစ်တကျနဲ့ပေါ့နော် လုပ်ဆောင်တာမျိုး နောက်တစ်ခု ကကြတော့ အဲ ခေါင်းဆောင်မှုအပိုင်းတွေမှာ တော်လှန်ရေးရဲ့ ဦးဆောင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုအပိုင်းတွေမှာ အဲ မဟာဗျူဟာ နည်းဗျူဟာအပိုင်းတွေမှာတော့ ဒီထက်ပိုပြီး တော့ အားကောင်းမှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင်တော့ နွေဦးတော်လှန်ရေး က ဒီထက်ပိုခရီးရောက်မယ်လို့တော့ ကျွန်မ မြင်ပါတယ်။ အဲ့တော့ ကျွန်မ ဘာကြောင့် ဒီနွေဦး တော်လှန်ရေးမှာ ပါဝင်ရလဲ မေးရင် အရင်ခေတ်အခါတွေက ကျွန်မတို့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ အဲ အခြေအနေတစ်ခုမှာ ကျွန်မတို့က ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေပြီးတော့ နိုင်ငံရေးအပြောင်းအလဲတစ်ခုကို ဖြစ်နိုင်ပါ့မလားလို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မဖြစ်ဘူး။ အခုတော့ Generation Z တွေ လူငယ်တွေ မျိုးဆက်တွေက ဒီ စစ်အာဏာ ရှင်ကိုဆိုရင် အနုနည်းနဲ့ မရဘူး။ လက်နက်ကိုင်တော်လှန်ရေးရော၊ နိုင်ငံရေးနည်းနာနဲ့ရော တိုက်မှ အမြစ်ပြတ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်သွားနေတဲ့အတွက် ကျွန်မတို့ကိုယ် တိုင်လည်း ဒီယုံကြည်ချက်ကို အတူ လုပ် ယုံကြည်တဲ့အတွက် အတူပါဝင်ပြီးတော့ အခုအချိန်ထိကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ တော်လှန်ပေးနေတာဖြစ်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီ အခုလက်ရှိ NUG ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြွေးကြော်မှုတွေ ဒီအထူးဖြင့် ပေါ့နော် Federal Democracy ပြည်ထောင်စု တည်ဆောက် ရေးနဲ့ ပတ်သက်ပြီးတော့ ဆရာမရဲ့ သုံးသပ်ချက်လေးလည်း သိပေးရစေရှင်။ အဲ ဒီကြွေးကြော်မှုတွေဟာ လက်တွေ့မှာပေါ့နော် ဘယ်လောက်ထိ အကောင်အထည်ဖော် နိုင်မလဲ။ ဟို ဘယ်လိုမျိုး အပြောင်းအလဲတွေကိုတော့ အချိန်တိုအတွင်းမှာ မြင်တွေ့နိုင်မလဲလို့ ဆရာမအနေနဲ့ မျှော်လင့်ထားပါလဲရှင်။
Sayama Khin Lay – NUG အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ကို တော်လှန်ရေးအင်အားစု တွေက မြင်ချင်နေကြတယ်။ ဒါ့ကြောင့်မို့လို့ နော် Publicly မှာ လူ လူထုကြားထဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဒါကို ဝေဖန်ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့တယ်။ တကယ်လည်း ၅ နှစ်တာ ကာလတစ်ခု ရောက်လာပြီ အခါမှာ ကျွန်မတို့ သာမန် အခြေအနေ တည်ငြိမ်တဲ့ အခြေအနေမှာရှိတဲ့ အစိုးရတစ်ရပ်ဆိုရင်တောင်မှ ၄ နှစ် နော် တချို့ဆိုလည်း ၅ နှစ်သက်တမ်း မှာ ရွေးကောက်ပွဲတွေလုပ်တယ်၊ အပြောင်းအလဲတွေလုပ်ရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့နော်။ အစိုးရပဲဖြစ်ဖြစ် အဲ မိသားစုတစ်ခုမှာပဲဖြစ်ဖြစ် ဟို အရပ်ဖက်အဖွဲ့အစည်း NGO တစ်ခုမှာ ပဲဖြစ်ဖြစ် မူဝါဒအပြောင်းအလဲ၊ လူအပြောင်းအလဲဆိုတာက ၄ နှစ် သို့မဟုတ် ၅ နှစ်မှာ အနည်းဆုံးပေါ့နော် လုပ်လေ့ရှိတယ်။ ဒါဟာလည်း လူဆိုတာ အဲ အမြဲတမ်းပြောင်းလဲတတ် တာဖြစ်တယ်။ အခြေအနေကလည်း ပြောင်းလဲနေတာဖြစ်တဲ့အတွက် ဘယ်ကိစ္စကမှ သတမှတ်ထဲ မသွားဘူး။ အထူးသဖြင့်တော့ အခုလိုမျိုး တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေတဲ့ အခါမှာ ကျွန်မတို့ ထည့်သွင်းစဉ်းစားရမယ့် အခြေအနေတွေ အများကြီးရှိတယ်။ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ဆက်ဆံရေးတွေရှိမယ်။ နိုင်ငံတကာဆက်ဆံရေးရှိမယ်။ ကျွန်မတို့က လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရတာဖြစ်တဲ့အတွက် လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ စဉ်းစားရမယ့် အချက်တွေရှိမယ်။ ပြည်သူလူထုရဲ့ စားဝတ် နေရေးတွေရှိမယ်။ ဒါတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့က ဝေဖန်သုံးသပ်မှုတွေ ပြန်လုပ်ပြီးတဲ့အခါမှာ တော်လှန်ရေးကို ဦးဆောင်တဲ့ NUG ရော အခြားသော တိုင်းရင်းသား မဟာမိတ်တွေရောက တော်လှန်ရေးမှာ သွားနေတဲ့ ကိုင်စွဲထားတဲ့ မူဝါဒတွေ၊ မဟာဗျူဟာ တွေကိုလည်း ပြန်သုံးသပ်သင့်တယ်။ ထို့အတူ ဒီ ဟို ဆရာမက မေးလိုက်တဲ့ NUG ဆိုတဲ့အတွက်ပေါ့နော်။ NUG ဆိုရင်လည်း အရင်က ဖွဲ့စည်းထားတာက ကျွန်မတို့ နေပြည်တော်အစိုးရ၏ သဏ္ဍာန်ပေါ့နော်။ ဝန်ကြီးဌာနတွေအများကြီးနဲ့ တကယ် စနစ်တကျနဲ့ အရင်ကတော့ စစဖွဲ့ခြင်းမှာတော့ အဲ တကယ်ကိုမှ ပီပီပြင်ပြင် တကယ့်အစိုးရပုံစံဖြစ်အောင် ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ အခြေအနေကြာလာတဲ့အခါမှာ ဒီအစိုးရပုံစံ တကယ့်မြေပြင်မှာ တည်ရှိတဲ့ ပုံမှန်အခြေအနေမှာ တည်ရှိတဲ့ အစိုးရပုံစံ လည်ပတ်နေတာဟာ အလုပ်ဖြစ်လား မဖြစ်လား ဒါ NUG မှာ ပါဝင်တဲ့သူတွေ သိတယ်။ နောက်တစ်ခုက ခေါင်းဆောင်မှု အပိုင်း ပေါ့နော်။ ခေါင်းဆောင်မှုအပိုင်းမှာဆိုရင်လည်း ကျွန်မတို့ NUG ထဲမှာ ပါဝင်တာက တကယ်ကိုမှ Federal Democracy နိုင်ငံသစ်ကို သွားဖို့အတွက် တိုင်းရင်းသား မဟာမိတ်တွေ ကိုလည်း ပါဝင်နိုင်အောင် သူတို့ကြိုးစားတယ်။ မတူတဲ့ background ရှိတဲ့ နော် ပညာရှင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေကို ပါဝင်နိုင် အောင် ကြိုးစားခဲ့ပေမဲ့ တကယ်တော့ အခြေအနေအကြောင်းကြောင်းကြောင့် ထင်သလောက် မဖြစ်ခဲ့ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ကကြည့်တော့လည်း ဒီလို NUG ဖွဲ့စည်းမှုမှာ အစိုးရရဲ့တာဝန်တွေကို ယူမယ်ဆိုရင် သူတို့ရဲ့မိသားစုတွေရဲ့ လုံခြုံရေး၊ အသက် အန္တရာယ်အထိပါ စိုးရိမ်ရတယ်။ အဲ့လို အခြေအနေမျိုးမှာ စွန့်စားပြီးပါဝင်ခဲ့တဲ့သူတွေကိုလည်း ကျွန်မတို့ အထူးပဲကျေးဇူးတင်တယ်။ ဒါပေမဲ့လည်း အခုအချိန်မှာကျတော့ ကျွန်မတို့ ဒီအခြေအနေကနေမှ တကယ် အလုပ်ဖြစ်တဲ့ မဟာဗျူဟာမှ ဆောင်ရွက်နိုင်တဲ့ မဟာမိတ်တွေ နဲ့ နိုင်ငံရေးအရ နည်းလမ်းမှန်မှန် အတူတူယုံကြည်မှုနဲ့ အတူတူလက်တွဲနိုင်ဖို့ဆိုရင်တော့ အခုထက်ပိုကောင်းတဲ့ မဟာဗျူဟာအပြောင်းအလဲတွေလည်း လုပ်ဖို့လိုသလို လူအပြောင်း အလဲတွေလည်း လုပ်ဖို့လိုတယ်။ ပုံစံတွေပေါ့နော်။ Structure ဖွဲ့စည်းပုံအပြောင်းအလဲလည်း လုပ်ဖို့လိုသလို ကျွန်မပြောရလို့ရှိရင် ခေါင်းဆောင်မှုမှာလည်း အားနည်းမှုတွေရှိတယ်။ ဆုံးဖြတ်ချက်တွေ အဲ က အချိန်နဲ့တပြေးညီ မဖြစ်တာတွေ။ နောက်တစ်ခါ စုစည်းမှုအားကို NUG အချင်းချင်းအတွင်းမှာပဲ ခိုင်မာတဲ့ စုစည်းမှုနဲ့ ပိုပြီးတော့ အားကောင်းမောင်းသန် လုပ်ဆောင်နိုင်မှုအတွက် ခေါင်းဆောင်မှုနေရာတွေမှာလည်း လစ်ဟာချက်တွေ ရှိတယ်လို့ ကျွန်မတို့ သုံးသပ်လို့ရတယ်။ ဒါ့ကြောင့်မို့လို့ ဒါတွေအားလုံးကို ပြုပြင်ပြောင်းလဲမယ် ဆိုရင်တော့ ခုနကပြောတဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေက NUG လို့ပဲ ခေါ်ခေါ် ဒီ ဦးဆောင်တဲ့ တော်လှန်ရေးဦးဆောင်တဲ့ အဖွဲ့အစည်းထဲမှာ လောလောဆယ် မပါသေးရင် တောင်မှ လက်ရှိရှိနေတဲ့ NUG က ပိုပိုပြီးတော့ ကျစ်လျစ်ခိုင်မာတဲ့ အနေအထားမျိုးနဲ့ လုပ်မယ်ဆိုရင် မဟာမိတ် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အဖွဲ့အစည်းတွေဟာ နောင်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးအားကောင်းကောင်းနဲ့ လုပ်လာနိုင်မယ့် အခြေအနေ တစ်ခုကို ဖြစ်လာလိမ့်မယ်လို့ ကျွန်မကတော့ မျှော်လင့်တယ်။ ဒါ့ကြောင့်မို့လို့လည်း အခုသူတို့ ဒီလကုန်ပိုင်းလောက်မှာတော့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ အစီအမံတွေကို ကြေညာ မယ် ဘာညာတော့ ကျွန်မတို့ ဒီစက်တင်ဘာလကုန်လား ဘယ်လကုန်လဲတော့ မသိဘူး ပေါ့နော်။ အဲ့လိုမျိုးတော့ ပြောသံကြားနေတဲ့အခါကျတော့ ဒီထက်ပိုကောင်းတဲ့ ပြောင်းလဲမှု တွေကို ဖော်ဆောင်နိုင်မယ်လို့တော့ မျှော်လင့်တယ်။ ဒါကို ကျွန်မတို့လို တော်လှန်သူ၊ အားပေးသူ၊ ထောက်ခံသူ၊ တော်လှန်ရေးကို ပံ့ပိုးသူတွေသာမက တိုင်းရင်းသားမဟာမိတ် အစုအဖွဲ့တွေအားလုံးကလည်း စောင့်ကြည့်နေကြတာဖြစ်တယ်။ နိုင်ငံတကာကလည်း စောင့်ကြည့်နေကြတာဖြစ်တယ်။ ဒီလိုမျိုး အပြောင်းအလဲအရွေ့ကိုမှ NUG က မလုပ်နိုင်ရင် တတိုင်းပြည်လုံးရဲ့ အပြောင်းအလဲအရွေ့ကို ဘယ်လိုလုပ်မှာလဲဆိုတဲ့ မေးခွန်း ထုတ်မှုတွေ လည်း ဖြစ်လာနိုင်တဲ့အတွက် ကျွန်မတို့က ဒါကို အထူးသတိထားပြီးတော့ လုပ်ဆောင်သင့် တယ်လို့တော့ ကျွန်မ မြင်ပါတယ်ရှင်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ အာ ဒီနွေဦးတော်လှန်ရေးမှာ ပေါ့နော်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ ကျွန်မတို့ရဲ့ မြန်မာ့အိမ်နီးချင်းတွေရဲ့ ဟို ရပ်တည်ခံယူချက်တွေကိုရော ဆရာမအနေနဲ့ ဘယ်လိုတွေ သုံးသပ် ထင်မြင်မိလဲပေါ့နော်။ သူတို့ရဲ့ ရပ်တည်ချက်တွေက နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်ရော ဘယ်အတိုင်းအတာထိ အရေးပါနေလဲရှင်။
Sayama Khin Lay – တကယ်တော့ ကျွန်မတို့က အိမ်နီးချင်းကောင်းတွေ ရတာလား၊ မရတာလား ဆိုတာတောင် ဘယ်လိုပြောရမှန်းမသိဘူးပေါ့နော်။ တကယ်တော့ ကိုယ့်အတ္တအကျိုးစီးပွား၊ ကိုယ့်နိုင်ငံအကျိုးကိုပဲကြည့်တဲ့ ဒီမိုကရေစီနိုင်ငံလို့ပြောတဲ့ အိန္ဒိယနိုင်ငံနဲ့ အနီးကပ်ဆုံး မှာရှိတယ်။ တရုတ်နိုင်ငံနဲ့ အနီးကပ်ဆုံးမှာရှိတယ်။ တကယ့်အင်အားကြီးနိုင်ငံ နှစ်ခုကြား ထဲမှာ ကျွန်မတို့ မြန်မာနိုင်ငံဟာ အတော်မှ သနားစရာကောင်းတယ်လို့ ပြောလို့ရတယ်။ တရုတ်နိုင်ငံဆိုရင်လည်း သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားကိုပဲ ရှေးရှုပြီးတော့ သူတို့က နေပြည်တော်မှာ တရုတ်ပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ် နေပြည်တော်မှာထိုင်နေတဲ့ အစိုးရကသာ တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ သဘောနဲ့ သူတို့က ဆက်ဆံကြတယ်။ ဒါဟာလည်း သူတို့ ဘက်ကကြည့်ရင်လည်း မှားတယ်လို့ ပြောလို့မရပါဘူး။ သူတို့နိုင်ငံအကျိုးစီးပွား၊ သူတို့ အစိုးရရဲ့ အကျိုးစီးပွား၊ သူတို့လူမျိုးတွေရဲ့ အကျိုးစီးပွားကိုလုပ်တာကတော့ အဲ သူတို့မှား တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ မှားနေတာကတော့ ကျွန်မတို့နိုင်ငံက စစ်အာဏာရှင် တွေပေါ့နော်။ စစ်အာဏာရှင်တွေ ဘယ်တော့မှ အမြစ်မပြတ်သ၍တော့ ကျွန်မတို့က ဒီလိုပဲ ပါဝင်ခြင်းအိမ်နီးနားချင်းတွေကို အားကိုးရမယ်။ သူတို့က အားမကိုးရလို့ရှိရင်လည်း ကျွန်မတို့ မှာ ဟို အိမ်နီးနားချင်းတာ မကဘဲနဲ့ အဝေးကြီးကိုလှမ်းပြီးတော့ ကျွန်မတို့က အားကိုးရတယ်။ အားကိုးရတယ်ဆိုတာထက် ကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းရတယ်။ ဒါမျိုးတွေ ဖြစ်တာပေါ့နော်။ ဆိုတော့ အခုလက်ရှိ ကျွန်မတို့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှု သို့မဟုတ်လို့ရှိရင် စွက်ဖက်မှုတွေဟာ ကျွန်မတို့ရဲ့ နွေဦးတော်လှန်ရေးကို အများကြီး သက်ရောက်မှု ရှိတာကို ကျွန်မတို့ တွေ့ရတယ်။ နော် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေရဲ့ မူဝါဒအပြောင်းအလဲ သို့မဟုတ်လို့ရှိရင် ကျွန်မတို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အဲ မူဝါဒ အပြောင်းအလဲနဲ့ လုပ်ဆောင်ချက်တွေက ကျွန်မတို့ရဲ့ တော်လှန်ရေးကို နွေဦးတော်လှန်ရေး ကို အများကြီးရိုက်ခတ်မှုရှိတယ်ဆိုတာလည်း အားလုံးလည်း သိပဲဖြစ်တယ်။ အဲ့တော့ အိမ်နီးနားချင်းနိုင်ငံ၊ အိမ်နီးနားချင်းကောင်း ဖြစ်ဖို့ဆိုရင်တော့ ကျွန်မတို့က ကျွန်မတို့မှာ ရွေးချယ်ခွင့်လည်းမရှိဘူး။ အဲ့တော့ ကျွန်မတို့နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေက ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာကိုပဲ ပြန်ပြီးတော့ သုံးသပ်ပြန်ပြီးတော့ပဲ စဉ်းစားရမယ်လို့ ယူဆတယ်။ ကျွန်မတို့ အတတ်နိုင်ဆုံး ကိုယ့်အတွက် တော်လှန်ပြည်သူတွေအတွက် စစ်ဘေး ရှောင်တွေအတွက် အခြားသော ဘာတွေများအကူအညီအထောက်အပံ့တွေ နိုင်ငံရေးရာမရ ရင်တောင်မှ ဒီလိုမျိုး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်ဆယ်စောင့်ရှောက်မှုတွေ အခြားသော လူသားချင်းစာနာမှုအကူအညီတွေကို ဘယ်လိုပံ့ပိုးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ကိုလည်း ကျွန်မတို့က စဉ်းစားရမယ်လို့ ထင်တယ်။ အခုလည်း ဒါတွေလည်း စဉ်းစားနေ ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ထင်သလောက်ခရီးမပေါက်နိုင်ဘူး။ သူတို့က နိုင်ငံကြီးတွေ ဖြစ်တဲ့အပြင် သူတို့ရဲ့ပါဝင်ပတ်သက်မှုအပေါ်မှာပဲ နိုင်ငံတကာမှာရှိတဲ့ အနောက်နိုင်ငံကြီးတွေ ကလည်း စောင့်ကြည့်နေတာဖြစ်တဲ့အတွက် ဒီနိုင်ငံတွေ မလှုပ်ရင် သူတို့ကလည်း လှုပ်မှာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ အဲ့ဒီ့အတွက် ကျွန်မတို့ကတော့ အိမ်နီးနားချင်းနိုင်ငံကောင်း မရှိဘူးလို့ပဲ ပြောလို့ရတယ်။ ကျွန်မတို့နိုင်ငံက ကံမကောင်းဘူးလို့ပဲ ပြောလို့ရတယ်။ ဒါပေမဲ့ အဲ့ဒါလည်း ကျွန်မတို့က စိတ်ပျက်အားငယ်လို့တော့ မရဘူး။ တော်လှန်ရေးကို ဦးဆောင်တဲ့ သူတွေက ဘယ်လိုနည်းတွေနဲ့ အကောင်းဆုံးချဉ်းကပ်ပြီးတော့ အဲ ဒီအိမ်နီးနားချင်း နိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေပျောက်အောင် ဒီတော်လှန်ရေးအင်အားစုတွေဟာ သူတို့ရဲ့ရန်သူမဟုတ်ဘူး။ မဟာမိတ်သာဖြစ်တယ်ဆိုတဲ့ အမြင်မျိုး ဖြစ်လာအောင် ကျွန်မတို့ ဘယ်လို စည်းရုံးသိမ်းသွင်းကြမလဲ။ ဘယ်လိုဆက်ဆံကြမလဲ။ ဒါမျိုးတွေကိုတော့ ပြန်ပြီးတော့ နိုင်ငံတကာဆက်ဆံရေးအနေနဲ့ အိမ်နီးနားချင်းဆက်ဆံရေးတွေတော့ ပြန်သုံးသပ်သင့် တယ်လို့ ထင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီလက်ရှိပေါ့နော်။ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အပေါ်မှာရော ဆရာမရဲ့ ရပ်တည်ချက်နဲ့ သုံးသပ်ချက်က ဘယ်လိုမျိုး ရှိနေပါလဲရှင်။ အဲ ဒီရွေးကောက်ပွဲသာ တကယ်ဖြစ်မြောက်သွားခဲ့မယ်ဆိုလို့ရှိရင် မြန်မာ့နိုင်ငံရေးအနာဂတ်အပေါ်မှာရော ဘယ်လိုဆိုးရွားတဲ့ သက်ရောက်မှုတွေ ပြီးတော့ ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်မယ်လို့ ဆရာမအနေနဲ့ သုံးသပ်ထားပါလဲရှင်။
Sayama Khin Lay – ဒီရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးပါတီကို အာဏာ မလွှဲပြောင်းပေးဘဲ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတော့မှ အခု ၂၀၂၅ ရွေးကောက်ပွဲကို ကျင်းပတာဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ တရားဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ ကျွန်မတို့ကတော့ ဒီလိုပဲ အားလုံးခံယူထားတယ်။ တကယ် ရွေးကောက်ပွဲတစ်ရပ်မှာဆိုရင် Free and fair ဖြစ်မယ်ပေါ့။ ဥပမာအားဖြင့် အဲ တရားမျှတမှု ရှိမယ်၊ လွတ်လပ်မှုရှိမယ်ဆိုတာဟာ ရွေးကောက်ပွဲနေ့မှ လွတ်လပ်တာကို ကျွန်မတို့ ပြောတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက နိုင်ငံရေးပါတီတွေ ဘယ်လောက် လွတ်လွတ်လပ်လပ် ပါဝင်ပြီးတော့ Register လုပ်ခွင့်ရှိလဲ။ စည်းရုံးခွင့်ရှိလဲ။ နိုင်ငံရေးပါတီ တွေ ဘယ်လောက်ဖွဲ့စည်းခွင့်ရှိလဲ။ အဲ့ဒါတွေကလည်း ကျွန်မတို့ရဲ့ Indicator လို့ပြောတဲ့ အဲ အညွှန်းကိန်းတွေဖြစ်ပါတယ်။ အဲ့တော့ တကယ့်နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ NLD လိုပါတီ မျိုးတွေ တချို့သော တိုင်းရင်းသားပါတီမျိုးတွေကို ဖျက်သိမ်းပြီးတော့ ပါတီ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ထောင်ထဲထည့်ထားပြီးတော့ လုပ်တဲ့ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတပြီးတော့ ပွင့်လင်းတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ကတော့ ဒီရွေးကောက်ပွဲကို ဘယ်တော့မှ အသိအမှတ်မပြုဘူး။ ကျွန်မတစ်ယောက် တည်းရဲ့ သဘောထားနဲ့တာ မဟုတ်ဘဲ ပြည်သူအားလုံးကလည်း ဒီလိုပဲ သဘောထားရှိတယ် လို့ ကျွန်မတို့ ယုံကြည်တယ်။ နောက်တစ်ခုကတော့ ပြည်သူလူထုတွေကိုယ်တိုင်က ရွေးကောက်ပွဲဆိုတာက မိမိဆန္ဒအလျောက် မဲပေးချင်ရင်လည်း ပေးခွင့်ရှိသလို မဲမပေးချင်ရင် လည်း မပေးဘဲ နေပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခုရွေးကောက်ပွဲဟာ အတင်းအဓမ္မ မဲပေးခိုင်း မယ့် ရွေးကောက်ပွဲမျိုးဖြစ်တယ်။ အဲ့တော့ မဲပေးတဲ့နေရာမှာလည်း အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်းနော် လွတ်လွတ်လပ်လပ် မဲပေးရတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ နည်းပညာတွေနဲ့ လုပ်ထားတဲ့ စနစ်အရဆိုရင် မဲရုံကို လာမပေးရင်တောင်မှ အနိုင်ရအောင် လုပ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ညှစ်ထားတဲ့ပေါ့နော်။ ကလိမ်ကကျစ်ကျတဲ့နည်းတွေနဲ့ လုပ်ထားတဲ့နည်းနဲ့ပဲ အနိုင်ရအောင် လုပ်မှာဖြစ်တယ်။ အဲ့တော့ ရွေးကောက်ပွဲဖြစ်မယ် မဖြစ်ဘူးလည်း တချို့တွေ အများကြီး ဝေဖန်မှုတွေဖြစ်တယ်။ အဲ့တော့ လုပ်ချင်ရင် ဖြစ်အောင်လုပ်လို့ရတယ်။ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် သူတို့လက်ထဲမှာပဲ အကုန်လုံး ကျွန်မတို့ရဲ့ လူဦးရေစာရင်းတွေ၊ အဲ အချက် အလက်တွေ၊ ပြည်သူရဲ့အချက်အလက်တွေရှိတယ်။ အဲ့တော့ ပြည်သူတွေဘက်ကို ပြန်ကြည့် တော့လည်းနော် သေနတ်နဲ့ချိန်၊ ဓားနဲ့မိုးပြီး လည်ပင်းညှစ်ခံထားရတဲ့လူတွေ၊ အကြောက် တရားအောက်မှာ နေရတဲ့လူတွေဟာ လာပေးပါဆိုရင်လည်း သွားပေးရမှာပဲ။ ခြိမ်းခြောက်မှု တွေနဲ့ လုပ်ရမှာပဲ။ အကယ်၍များ ပြည်သူတွေဟာ တကယ် မဲရုံကိုသွားပြီး မဲပေးခဲ့ရင်တောင်မှ ဒါဟာ ပြည်သူ့အသည်းကြားက စစ်မှန်တဲ့ဆန္ဒနဲ့ ပေးတဲ့မဲမဟုတ်ပါဘူး။ ကြောက်လို့ပေးတဲ့မဲ၊ မလွန်ဆန်နိုင်လို့ပေးတဲ့မဲ၊ ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးကို စိုးရိမ်လို့ပေးတဲ့မဲပဲ ဖြစ်မှာပါ။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ကတော့ ဒီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲ၊ ဘယ်လိုမှ တရားဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ပဲ ကျွန်မတို့ ပြောတာဖြစ်ပါတယ်။ ဟုတ်ပြီ ရွေးကောက်ပွဲလုပ်လိုက်ပြီ နော် လူတွေလည်း ပြောနေကြတယ်။ ရွေးကောက်ပွဲပြီးရင်တော့ အဲ နိုင်ငံတကာမှာ တရားဝင်မှုတွေ ဖြစ်သွားမယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာမှာ ရွေးကောက်ပွဲကနေ အနိုင်ရလာတဲ့အစိုးရရဲ့ အမြဲတမ်းကိုယ်စားလှယ် သွားပြီးတော့ နေရာယူ တော့မယ်။ အဲ့တော့ နိုင်ငံတကာက နောက်ထပ်တက်လာမယ့် အဲ အစိုးရသစ်ရဲ့ ကိုယ်စား လှယ်တွေ အစိုးရသစ်ကို လက်ခံတော့မယ်ဆိုပြီးတော့ စိုးရိမ်ပူပန်မှုတွေနဲ့ အမျိုးမျိုးပြော နေကြတာလည်း ကျွန်မတို့ ကြားပါတယ်။ ဒါဟာလည်း စိုးရိမ်စရာတစ်ခုတော့ဖြစ်ပါတယ်။ ဒါပေမဲ့ အခု သိရသလောက်တော့ တကယ်ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ကျွန်မတို့ရဲ့ နွေဦးတော် လှန်ရေးကို အားပေးထောက်ခံတဲ့ နိုင်ငံကြီးတွေ တော်တော်များများ အပါအဝင် အာဆီယံ နိုင်ငံတချို့ကလည်း စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ တရားဝင် ကြေညာထားပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီ့အတွက် နိုင်ငံတကာက အသိအမှတ်မပြုဘူး၊ နိုင်ငံအချို့ သူတို့နဲ့ စစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းနေတဲ့ နိုင်ငံအချို့ကပဲ သိမှတ်ပြုမှာ ဖြစ်တဲ့ အတွက် ဒါဟာလည်း ကျွန်မတို့ စိုးရိမ်ပူပန်စရာတော့ မရှိဘူးလို့ ထင်တယ်။ နောက်တစ်ဖက် က ပြောမယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့ NUG အပါအဝင် ဒီတိုင်းရင်းသားမဟာမိတ် အစုအဖွဲ့တွေ ဘယ်နိုင်ငံတွေကများ တရားဝင် legitimate government အနေနဲ့ အသိအမှတ် ပြုထားလို့လဲ။ အဲ့တော့ အစကတည်းက အသိအမှတ်မပြုထားဘူး။ အခု နောက်ထပ် ရွေးကောက်ပွဲ လုပ်ပြီးတော့ရင်လည်း NUG တို့ဘာတို့ကို အသိအမှတ်ပြုဖို့ ဝန်လေးနေတဲ့ နိုင်ငံတွေက ဆက်ပြီးတော့လည်း အသိအမှတ်ပြုမှာ မဟုတ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့ ကိစ္စ၊ ကျွန်မတို့ ကြိုးစားရမှာဖြစ်တယ်။ ကျွန်မတို့အရေးကို ကျွန်မတို့ပဲ လုပ်ရမှာဖြစ်တယ်။ နိုင်ငံတကာရဲ့ legitimacy က အရေးမကြီးဘူးလားဆိုတော့ အရေးကြီး တာ မှန်ပေမဲ့ ကျွန်မတို့ အချင်းချင်းတွေ ပြည်သူတွေကြားထဲမှာ ဒီရွေးကောက်ပွဲဟာ အဖြေ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲက ဖြစ်သွားလည်း ဘာမှထူးခြားလာမှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့အားလုံး နားလည်ထားဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်။ အဲ့တော့ ပြောကြမယ်။ ရွေးကောက်ပွဲပြီးသွားရင် ကျွန်မတို့တော်လှန်ရေး ဘယ်လိုဖြစ်နေမှာလဲလို့လည်း စဉ်းစား ကောင်းစဉ်းစားမယ်။ တော်လှန်ရေးကတော့ ပြည်သူ့ထောက်ခံမှုရှိတယ်၊ တော်လှန်ပြည်သူ တွေရှိတယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေ ဆက်ပြီးတော့ တပ်ညီလက်ညီ ချီတက်မယ် ဆိုရင် တော်လှန်ရေးကတော့ ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ သွားနေဆဲမှာပဲဖြစ်တယ်။ အဲ့တော့ ကျွန်မက ဒီကနေလည်း တစ်ဆင့် ကျွန်မတို့ရဲ့ ပြည်သူလူထုတွေကိုလည်း သတင်း စကားပါးချင်တာက ရွေးကောက်ပွဲဖြစ်သွားလို့ တော်လှန်ရေး ရပ်သွားမှာလည်းမဟုတ်ဘူး။ နော် မီးခဲကို ရေနဲ့သတ်လိုက်သလို ပုံးကနဲဆို ငြိမ်းသွားမှာလည်းမဟုတ်ဘူး။ ကျွန်မတို့ တော်လှန်ပြည်သူတွေ ထောက်ခံနေသ၍ ပြည်သူတွေ ထောက်ခံနေသ၍ ကျွန်မတို့ တော်လှန် ရေးက ဆက်သွားနေမှာဖြစ်တယ်။ အဲ့တော့ ပြည်သူတွေ မထောက်ခံဘဲနဲ့ အစိုးရလိုပဲ တရားဝင် သူတို့ကိုယ်သူတို့ ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ဒါကတကယ့် အစိုးရအစစ်အမှန် မဟုတ်ဘူး။ အဲ့ဒီ့အတွက် ကျွန်မတို့ တော်လှန်ပြည်သူတွေအားလုံးနဲ့ တော်လှန်ရေးအင်အားစု တွေကတော့ ယုံကြည်တာကတော့ ရွေးကောက်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းရေးအတွက်ကတော့ ကျွန်မတို့ လိုချင်တဲ့ပန်းတိုင်ရောက် အောင်တော့ ဆက်ပြီးတော့ ချီတက်နေမှာပဲ။ အဲ့လိုချီတက်ဖို့ဆိုရင်တော့ ပြည်သူ့ရဲ့ ပံ့ပိုးမှု၊ ထောက်ခံမှု အားလုံးလိုအပ်တယ်။ ပြည်သူ့ရဲ့ နိုင်ငံရေးမှာ ဒီ တော်လှန်ရေးအင်အားစုတွေ အပေါ်မှာ အားကိုးထောက်ခံမှုကိုလည်း တော်လှန်ရေးခေါင်းဆောင်တွေကလည်း အလွဲသုံး စားမလုပ်ဘဲ ဒီထက်ပိုပြီးတော့ ကြိုးစားမယ်ဆိုရင်တော့ တော်လှန်ရေးက ကျွန်မတို့လိုချင် တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီနောက်ထပ်အနေနဲ့ ဒီကျွန်မတို့ရဲ့ နွေဦးတော်လှန်ရေး ကာလမှာဆိုလို့ရှိရင် လူငယ်ခေါင်းဆောင်မှုက ပိုပြီးတော့မှ ဟို တွင်တွင်ကျယ်ကျယ် တွေ့ရသလိုမျိုး အဓိကအားဖြင့် အမျိုးသမီးလူငယ်တွေရဲ့ ဦးဆောင်ပါဝင်မှုတွေကိုလည်း ဒါအားရစရာ တွေ့နေရတယ်ပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာရော ဆရာမအနေနဲ့ ဟို ဘယ်လို မျိုးမြင်လဲ။ ဟို နောက်ထပ် ဒီအမျိုးသမီးငယ်လေးတွေ ပိုပြီးတော့မှ ဟို ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းပါဝင်နိုင်ဖို့အတွက်ရော ဟို ဘယ်လိုတွေ မြှင့်တင်ပေးသင့်တယ်လို့ ဆရာမအနေနဲ့ အကြံပေးလိုပါလဲရှင်။
Sayama Khin Lay – ဟုတ်ပါတယ် ဒီနွေဦးတော်လှန်ရေးက တကယ်ကိုပဲနော် ကျွန်မတို့ ရန်ကုန်မှာ ဆိုရင်တော့ အမျိုးသမီးငယ်လေးတွေက စပြီးတော့ လမ်းမပေါ်ထွက်ခဲ့တာပေါ့။ ဒါက ကျွန်မတို့ နွေဦးတော်လှန်ရေးရဲ့ တကယ့် ထင်ရှားတဲ့ ဘယ်လိုမှ မေ့လို့မရတဲ့ ပြယုဒ်တစ်ခု ဖြစ်တယ်။ နောက်တစ်ခု ကျွန်မတို့ ထဘီအလံထူတာပေါ့နော်။ ဒီမတ်လ ၈ ရက်နေ့ အမျိုးသမီး နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကျွန်မတို့ အမျိုးသမီး အရေးတက်ကြွလှုပ်ရှား သူတွေ၊ လူငယ်တွေ အားလုံးစုပေါင်းပြီးတော့ ထဘီအလံထူပြီးတော့ပေါ့နော်။ ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အောင်ပွဲဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြွေးကြော်ချီတက်ကြတယ်။ ခေတ်အဆက်ဆက်လည်း ကျွန်မတို့ အမျိုးသမီးတွေဟာ အဲ တော်လှန်ရေးတွေ နိုင်ငံရေး တွေမှာ လွတ်လပ်ရေးတိုက်ပွဲကစပြီး ပါခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ အမျိုးသမီးတွေ ကိုယ်တိုင် ကိုက ခေတ်အခြေအနေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အမြင်မပွင့်မှုတွေကြောင့် ရှေ့တန်းမှာ အမျိုးသားတွေလောက် နေရာလည်း မရခဲ့ဘူး။ အမျိုးသမီးတွေ ကိုယ်တိုင်က လည်း ယုံကြည်မှုအားနည်းပြီး ရဲရဲဝံ့ဝံ့နဲ့ အမျိုးသားတွေနဲ့တန်းတူ ပါဝင်နိုင်ခွင့်ကို အသုံး မချနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မတို့ အခုခေတ်တွေပြောင်းသွားပြီ။ နော် ၂၀၁၀၊ ၂၀၁၂ ကစပြီးတော့ ၂၀၂၀ အထိ ဒီအချိန်တိုအတွင်းလေးမှာ ကျွန်မတို့အားလုံးဟာ နည်းပညာတွေလည်း တိုးတက် တာနဲ့အမျှ ကမ္ဘာကြီးက အဖြစ်အပျက်တွေသိနိုင်တယ်။ ပညာတွေ ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် သင်လာနိုင်တယ်။ နောက်တစ်ခါ အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ အသိ ပညာပေးမှုတွေ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တဲ့အတွက် လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေက ပိုပြီးတော့ စွမ်းဆောင်ရည်၊ အမြင်တွေနဲ့ ယုံကြည်မှုတွေ ပိုများလာတယ်။ ဒါဟာ ကျွန်မတို့ နွေဦးတော်လှန်ရေးကို ကောင်းသော အကျိုးပြုမှုဖြစ်တယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေက တစ်ခါမှ ကျွန်မတို့ မကြုံဖူးတဲ့ အနေအထားမျိုးမှာ အခုဆိုရင်တော့ NUG လို့ခေါ်တဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေမှာလည်း အမျိုးသမီးဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေပါတယ်။ နောက်တစ်ခါ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လည်း အမျိုးသမီး ခေါင်းဆောင်ပိုင်းတွေ အများကြီးပါဝင်ပြီးတော့ လုပ်နေတယ်။ အဲ့ဒါပဲလား ဆိုတော့လည်း မဟုတ်ဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာဆိုရင်လည်း ဒီလိုပဲ အမျိုးသမီး တွေဟာ ကျွန်မတို့ ခုနကပြောတဲ့ ကောင်စီတွေပေါ့နော်။ တိုင်းရင်းသား Federal ကောင်စီ တွေမှာဆိုရင်လည်း အမျိုးသမီးတွေဟာ တာဝန်ယူတဲ့နေရာမှာ ခေါင်းဆောင်ပိုင်းတွေမှာပါ တာဝန်ယူနေကြတာတွေကိုလည်း ကျွန်မတို့ တွေ့ရတယ်။ အဲ့ဒီတော့ ပြန်ပြီးတော့ ပြောလို့ ရှိရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရင်ကထက် ပိုများလာတယ်။ အမျိုးသမီးတွေရဲ့ အသံတွေကိုလည်း ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရတယ်။ အခုလိုမျိုးပေါ့နော်။ မီဒီယာတွေ၊ သတင်းတွေက အစလည်း အမျိုးသမီးတွေအသံကို ဖော်ပြရမယ်ဆိုတဲ့ဟာကို ပိုပြီးတော့ နားလည်လာတဲ့အတွက် သူတို့ကို Interview လုပ်တာတွေ၊ သူတို့ရဲ့အသံတွေကို ဖော်ပြတာတွေ ပိုလုပ်လာတဲ့အတွက် အမျိုးသမီးတွေရဲ့အသံ ပိုကျယ်လောင်လာတယ်။ ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ ကျွန်မ တော်လှန်ရေး နည်းနည်းလေး အချိန်ကြာလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေ ရှိလာတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အမျိုးသမီးများပေါ် အကြမ်းဖက်မှု ဖြစ်ပါတယ်။ အဲ့တော့ အမျိုးသမီးများပေါ် အကြမ်းဖက်မှုဆိုတာ ခေတ်အဆက်ဆက်က ရှိခဲ့ တယ်။ ဒါကို ကျွန်မတို့ ကိုယ်တိုင်လည်း အမျိုးသမီးအဖွဲ့ ဟို တည်ထောင်ပြီးလုပ်ဆောင်နေတဲ့ သူဖြစ်တဲ့အတွက် အမျိုးသမီးများပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် တော်တော် များများ ကျွန်မ ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့တယ်။ အဲ့ဒါက လူတွေကို အသိအပညာ ပေးတာ။ အထူးသဖြင့်တော့ အမျိုးသားတွေပေါ့နော်။ အကြမ်းဖက်မှုဆိုတာ ဘယ်လို ရှိတယ် ဆိုတာကို ကျွန်မတို့ ပြောဆိုအသိပညာပေးသလို တစ်ဖက်မှာလည်း ဥပဒေပိုင်း၊ မူဝါဒပိုင်း မှာလည်း ထိထိရောက်ရောက် အရေးယူနိုင်အောင်လည်း ကျွန်မတို့ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ကျွန်မတို့ လုပ်ဆောင်သမျှတွေက သိပ်ပြီးတော့ အရာမထင် ခင်မှာပဲ အခုလိုမျိုး စစ်အာဏာသိမ်းမှုဖြစ်သွားတော့ ကျွန်မတို့ ထင်သလောက်ခရီး မပေါက်ခဲ့ဘူး။ အခုလည်း ကျွန်မတို့ စစ်တပ်ရဲ့ နော် မတရားနှိပ်စက်မှုတွေ၊ မဒိန်းကျင့်မှုတွေ၊ နော် အကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးမငယ်တွေအပေါ်မှာတော့ ပြောစရာ မရှိဘူး။ ဒါဟာလည်း ကျွန်မတို့ တစ်ချိန်မှာ နော် တရားမျှတမှုရရှိရေးအတွက် ကျွန်မတို့ ဆက်ပြီးတော့ မှတ်ထားတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့အတူ ကျွန်မတို့ အရေးယူဆောင်ရွက်မှု တွေ လုပ်ရမယ်။ အခုအချိန်မှာတော့ ကျွန်မတို့က အဲ့ဒါတွေကို မလုပ်နိုင်သေးတဲ့အတွက် အဲ သတင်းမှတ်တမ်းယူတာတွေ၊ သေသေချာချာလေး ဟို ခံစားရတဲ့သူ၊ နစ်နာသူတွေကို ကူညီ ဆောင်ရွက်ပေးတာတွေပဲ လုပ်နိုင်တယ်။ ဒါပေမဲ့ အခုတစ်ချိန်တည်းမှာပဲ ကျွန်မစိုးရိမ်မှုလေး ရှိလာတာကတော့ တော်လှန်ရေးအင်အားစုအချင်းချင်းမှာ ကြားထဲမှာ အကြမ်းဖက်မှုတွေ၊ ဒါမျိုးတွေလည်း ပိုပိုပြီးတော့ များလာတယ်။ လူတွေဖြစ်တဲ့အတွက် ကျွန်မတို့မှာ အမှား ယွင်းတွေ ရှိနိုင်တယ်။ နော် ဟို အကြမ်းဖက်တာ ခွဲခြားဆက်ဆံတာတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အဲ့ဒါတွေကို ကျွန်မတို့က ဟဲ့လူမို့လို့ဖြစ်တာပဲဆိုရင် ဘာလို့ စစ်တပ်နဲ့ ဘာကွာတော့ မှာလဲ။ အဓမ္မ ဘက်တော်သားတွေနဲ့ ဘာကွာတော့မှာလဲ။ အဲ့ဒီ့အတွက် ကျွန်မတို့က မူဝါဒ တွေ၊ ဥပဒေတွေ၊ ကိုယ်ရဲ့ Code of conduct တွေနဲ့ ကျွန်မတို့ရဲ့ တော်လှန်ရေး ဘက်တော်သားအချင်းချင်းမှာ ထိန်းသိမ်းဖို့လိုသလို နောက်တစ်ဖက်ကလည်း ကျွန်မတို့ အချင်းချင်းကြားမှာ ဒီထက်ပိုပြီးတော့ အသိပညာပေးမှုတွေ လုပ်ဖို့လိုတယ်။ အဲ့ဒါက ဘာလို့ ကျွန်မတို့ ဒီလိုပြောနေရလဲဆိုရင် အမျိုးသမီးတွေ ဆက်ပြီးတော့ တော်လှန်ရေးမှာ၊ နိုင်ငံရေး မှာ ဆက်ပါစေချင်တယ်ဆိုရင် အနိမ့်ဆုံးအဆင့် အမျိုးသမီးတွေအပေါ်မှာ မထီမဲ့မြင်၊ မလေး မစားဆက်ဆံတာတွေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ရှိနေတဲ့ အတားအဆီးတွေ ဒါတွေကို မကျော်နိုင်ရင် ကျွန်မတို့ အမျိုးသမီးတွေက ရှေ့ကို ရောက်လာမှာမဟုတ်ပါဘူး။ နော် အခုလိုမျိုး ဆရာမရိန်းလိုမျိုးပဲဖြစ်ဖြစ် ကျွန်မလိုမျိုးပဲဖြစ်ဖြစ် မတူတဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းရှိတဲ့ လူမျိုးစုတွေကနေ ထွက်လာတဲ့ အမျိုးသမီးတွေဆိုတာ တော်တော်များများ သော အတားအဆီး၊ အဟန့်အတားတွေကို ကိုယ်တိုင်ပေါ့နော် ရုန်းကန်ပြီးတော့ ကြိုးစား ပြီးတော့ ထွက်လာကြတာဖြစ်တယ်။ လွယ်လွယ်ကူကူတော့ ဒီနေရာကို ရောက်တာ မဟုတ်ဘူး။ အဲ့လိုရောက်လာဖို့ဆိုရင်လည်း ကျွန်မတို့နဲ့အတူတူ လုပ်ဆွယ် လုပ်ဖော်ကိုင် ဖက်တွေ နော် အင်အားစုတွေ အချင်းချင်းက နားလည်မှုနဲ့ လက်တွဲ ပေးမှရမှာပေါ့။ ခုနက အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေဆိုတဲ့ဟာလည်း ဒီထဲမှာ ပါပါတယ်။ ဒီလိုကိစ္စ မျိုးတွေ ရှိနေသ၍ ကျွန်မတို့ အမျိုးသမီးတွေက လုံခြုံမှုမရှိဘူးလို့ ခံစားရရင် တကယ့်ကို နိုင်ငံမှာ ဦးဆောင်မယ့်ကိစ္စတွေ၊ တော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ပါရမယ့် ကိစ္စတွေမှာလည်း သူတို့ နှောင့်နှေးမှာပဲ။ အဲ့ဒီ့အတွက် ပြန်ချုပ်ပြီးပြောရရင်နော် ကျွန်မတို့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူ မတရားမှုကိုလည်း လက်မခံဘူး။ တရားမျှတမှုကိုလည်း လိုချင် တယ်။ အမျိုးသမီးတွေဖြစ်တဲ့အတွက် မိခင်စိတ်နဲ့ မတရားခံနေရတာတွေ အသက်အရွယ် ကြီးရင့်တဲ့သူတွေ ကလေးငယ်တွေ မြေပြင်မှာ တကယ့်နှိပ်စက်ညှင်းပန်းခံနေရတာတွေကို ရင်ကွဲမတတ်ခံစားရတယ်။ ဒီအတွက် ကျွန်မတို့က အမျိုးသားတွေနဲ့ တန်းတူတိုက်ပွဲဝင်မှာပဲ။ ဒါပေမဲ့ အဲ့လိုတိုက်ပွဲဝင်တဲ့အခါမှာ အတူတူတိုက်ပွဲဝင်ဖော်၊ တိုက်ပွဲဝင်ဖက်အချင်းချင်း နားလည်မှုနဲ့ လက်တွဲပေးမှရမှာပေါ့။ သူတို့အတွက် ကာကွယ်ပေးနိုင်မယ့် အကာအကွယ် မူဝါဒတွေ၊ အစီအမံတွေ တတ်နိုင်သလောက်ဖြည့်ဆည်းပေးဖို့လိုတယ်။ ဟုတ်တယ် တော်လှန်ရေးကာလဖြစ်တဲ့အတွက် ပိုပြီးတော့တော့ အခွင့်အရေး ကျွန်မတို့ မရနိုင်ဘူး။ မှန်တယ်။ ဒါပေမဲ့ တတ်နိုင်သမျှ၊ ရနိုင်တဲ့နည်းနဲ့ အမျိုးသမီးတွေကို ကူညီစောင့်ရှောက်မယ်။ အသားယူတာ၊ ထိကပါးယူတာ လုပ်တဲ့ကိစ္စတွေက အစ သတိထားမယ်ဆိုရင်တော့ ဒီအမျိုး သမီးတွေဟာ ဒီထက်ပိုပြီးတော့ ပါဝင်နိုင်မယ်လို့ ထင်တယ်။ အဲ့လိုပါဝင်နိုင်ဖို့ကိုလည်း ကျွန်မ တို့ အမျိုးသမီးတွေကိုယ်တိုင်ကလည်း အဲ သတိနဲ့ပေါ့နော်။ အသိပညာပေးတာ လုပ်ဖို့လိုသလို အမျိုးသားတွေကိုယ်တိုင်ကရော တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေ အားလုံးကရော မူဝါဒ တွေ နော် အစီအမံတွေနဲ့လည်း လုပ်ဆောင်ပေးဖို့လိုမယ်လို့တော့ ကျွန်မမြင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ခုနက ဆရာမစကားထဲမှာ ပါသွားသလိုမျိုးပဲပေါ့နော်။ ဒီတော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ဟို ပင်ပန်းနွမ်းနယ်မှုတွေ၊ အားလျော့စရာတွေ အများကြီး ဟို ကြုံတွေ့နေရတယ်ပေါ့နော်။ ဆိုတော့ ဒီနွေဦးတော်လှန်ရေးကာလ အဲ ဒီအောင်မြင်ဖို့အတွက်ပေါ့နော်။ အဓိကစိန်ခေါ်မှုတွေက ဘာဖြစ်မလဲလို့ ဆရာမအနေနဲ့ မြင်ပါ လဲ။ ပြီးတော့မှ ဒီစိန်ခေါ်မှုတွေကိုရော ဘယ်လိုမျိုး ကျော်လွှားမလဲ။ ဘယ်လိုထိရောက်တဲ့ နည်းလမ်းတွေ အသုံးပြုပြီးတော့မှ ဆောင်ရွက်သင့်တယ်လို့ ဆရာမအနေနဲ့ အကြံပြုလိုပါ လဲရှင်။
Sayama Khin Lay – တစ်ဦးချင်းကိုလည်း အကြံပြုချင်တာပေါ့နော်။ တစ်ဦးချင်းအနေနဲ့ဆိုရင်လည်း ကျွန်မတို့က ကိုယ်ကိုယ်တိုင်လည်း တော်လှန်ရေးရှေ့မှာ ခရီးကြမ်းတစ်ခုကို အဲ့ဒီတုန်းက တော့ လူငယ်တစ်ယောက်ပေါ့နော်။ လူငယ်တစ်ယောက်အနေနဲ့ အဲ ဖြတ်သန်းခဲ့တဲ့အခါမှာ ကျွန်မရဲ့ကိုယ်ပိုင်အတွေ့အကြုံက ပြောမယ်ဆိုရင်တော့ ဝေးဝေးလျှောက်ချင်ရင်တော့ ကျွန်မတို့က ပုံမှန်လေးလျှောက်ရတာပေါ့။ Stamina ပေါ့နော်။ သက်လုံကောင်းဖို့လိုတယ်။ ကျွန်မတို့ အရမ်းကို အဲ တာတိုဆိုရင်တော့ အရမ်းပြေးလိုက်လို့ရတယ်။ မြန်မြန်ပြေးလို့ ရတယ်။ နော် ရေရှည်ခရီးလျှောက်မယ်ဆိုရင်တော့ ကျွန်မတို့က ပုံမှန်လေးလျှောက်ဖို့ လိုတယ်။ အဲ့တော့ ပြောချင်တာကတော့ ကိုယ်လုပ်နိုင်သလောက်လုပ်ပါ။ ဒါပေမဲ့ ရှိသမျှ အားကုန်သုံးလိုက်တဲ့အခါမှာ တစ်ချိန်မှာ အားပြတ်ပြီးတော့ အရုပ်ကြိုးပြတ်ဖြစ်နိုင်တယ်။ အဲ့တော့အခါကျတော့ ပြောချင်တာကတော့ ကိုယ်ရှိနေတဲ့စွမ်းအား ကိုယ်ရှိနေတဲ့ခံနိုင်ရည်၊ ကိုယ်ရှိနေတဲ့ကျန်းမာရေးနဲ့ချိန်ပြီးတော့ပေါ့နော် ကျွန်မတို့တစ်ဦးချင်းအနေနဲ့ ဘယ်အချိန် လေးမှာတော့ ငါတို့စိတ်ကျန်းမာရေး အဲ ခန္ဓာကိုယ်ကျန်းမာရေးက နားသင့်တယ်ဆို ခေတ္တနားမယ်။ နားပြီးလို့မှ ပြည့်ပြည့်ဝဝ နားပြီးလို့ အားလေးပြည့်လာပြီဆိုတော့မှ ပြန်ပါ ဝင်မယ်။ ဒီလိုမျိုးပေါ့နော်။ အဲ့တော့ စိတ်ရောလူရော ပင်ပန်းပြီးတော့ မကျန်းမာဘဲနဲ့ ပါဝင်ရင် လည်း ထင်သလောက်ခရီးမရောက်နိုင်ဘူးပေါ့။ အဲ့တော့ ကျွန်မတို့က ကိုယ်ဘယ်လောက်ထိ ကိုယ်နိုင်လဲ။ ကိုယ်နိုင်တဲ့ဝန်ပဲ ကိုယ်ထမ်းမယ်။ အဲ့လို အားလုံးက ဒီလိုပဲပေါ့နော်။ ဟို မထမ်း ဘဲနဲ့ ရေသာခိုနေဖို့ ပြောတာမဟုတ်ပါဘူး။ နော် ကိုယ်ထမ်းနိုင်တာ ဘယ်လောက်ဝန်လဲ။ မထမ်းနိုင်တဲ့ဝန်ကို ထမ်းပြီးလို့ရှိရင် ကျွန်မတို့က ခဏလေးနဲ့ လမ်းခုလတ်မှာ ကျန်ခဲ့နိုင်တယ်။ ပြောချင်တာကတော့ ကျွန်မက ဗုဒ္ဓဘာသာဆိုတော့ မဇ္ဈိမပဋိပဋာပေါ့နော်။ အလယ် အလတ်လမ်းစဉ် နော် အစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့ ကျွန်မတို့ လုပ်မယ်ဆိုရင်တော့ တစ်ဦးချင်းအနေနဲ့ ပိုပြီးတော့ စိတ်ရောလူရော ကျန်းကျန်းမာမာနဲ့ ဆက်လက်ပြီး တော်လှန်ရေးကို တိုက်ပွဲဝင်နိုင်မယ်လို့ ထင်တယ်။ အဲ့တော့ အဲ့ဒါလို ပြောတာဟာ ကျွန်မတို့ တစ်ဦးချင်းအနေနဲ့ကနေမှတစ်ဆင့် အဖွဲ့အစည်းတိုင်းလည်း ဒီတိုင်းပါပဲ။ ကျွန်မတို့ လုပ်ဆောင်မယ့်ကိစ္စတွေကို ကြာလာတဲ့အခါမှာ လူတွေပဲဖြစ်တဲ့အတွက် စိတ်ဓာတ်ကျတာ တွေ၊ စိတ်အားလျော့တာတွေ၊ အပြစ်တင်မိတာတွေ အများကြီးရှိပါတယ်။ ဒါဟာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တတ်လည်း ဖြစ်တတ်ပါတယ်။ ဒါလည်း အပြစ်မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီးတော့ ငါက ဒီနေရာမှာတော့ မလုပ်နိုင်ဘူးထင်ရင် အခြား ဘယ်တစ်နည်းနဲ့ လုပ်ပေးမလဲ။ အထူးသဖြင့်တော့ ကျွန်မတို့လို နိုင်ငံတကာရောက်နေတဲ့လူတွေဆိုရင် မြေပြင်မှာ သွားပြီးတော့ တိုက်လို့ရတဲ့လူတွေ လည်း မဟုတ်ဘူး။ သေနတ်လည်း ကိုင်နိုင်တဲ့အရွယ်မဟုတ်တော့ ကျွန်မတို့ ကိုယ်ဘယ် Role ကနေ ဆက်ပြီးတော့ ဆောင်ရွက်မလဲ။ ကိုယ်နိုင်တဲ့ Role က လုပ်နိုင်ဖို့အတွက်ကိုဆိုရင် ကိုယ်တွေ က စည်းရုံးလှုံ့ဆော်တဲ့အလုပ်တွေလုပ်နိုင်တယ်။ အဲ အခြားသူတွေကို နားဝင်လာအောင် ပြောတဲ့အလုပ်တွေ ဘဏ္ဍာငွေရှာဖွေတဲ့အလုပ်တွေလုပ်နိုင်တယ်ဆိုလည်း ဒီလုပ်နိုင်တဲ့အလုပ် ကိုပဲ ကျွန်မတို့ အကန့်အသတ်ထားပြီးလုပ်ဖို့ပေါ့နော်။ ဆိုတော့ ဘာကိုအကြံပေးချင်လဲ ဆိုတော့ တော်လှန်ရေးတစ်ရပ်ဟာ စမိပြီဆိုရင်တော့ လွယ်လွယ်နဲ့ မြန်မြန်အဆုံးသတ်သွား တယ်ဆိုတာ တော်တော်ရှားပါတယ်။ နော် နောက်ဆုံးမှာတော့ တဖြည်းဖြည်းနဲ့ပေါ့နော် ကျွန်မတို့ ပြောချင်တာ တော်လှန်ရေးအင်အားစုတွေက လူတွေက သန်းတဲ့အချိန်ရှိ တာက နေပြီးတော့ တဖြည်းဖြည်းစစ်သွားပြီးတော့ လူအင်အားလည်း နည်းကောင်းနည်းသွားမယ်။ ဒါပေမဲ့ အဲ့ဒါဟာ တကယ့်အမာခံတွေ စိတ်ဓာတ်ခိုင်ခန့်ဆုံးနဲ့ အကောင်းဆုံးမူဝါဒတွေနဲ့ သွားမယ်ဆိုရင်တော့ လူနည်းသွားတာ က စိုးရိမ်စရာမဟုတ်ဘူး။ ခွန်အားရှိရှိနဲ့ အင်ပြည့် အားပြည့်နဲ့ ကျစ်လျစ်လင်လင်နဲ့ လုပ်နိုင်တာဟာ ဒါ ပိုပြီးတော့ ခရီးရောက်မယ်လို့ ကျွန်မက တော့ မြင်တယ်။ လူတွေလျော့သွားလို့ အဲ ဘယ်လိုဖြစ်သွားလို့ဆိုတာထက် လုပ်နိုင်တဲ့သူ တွေက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဗျူဟာကောင်းကောင်းနဲ့ ဆက်လုပ်သွားမယ်ဆိုရင်တော့ အောင်မြင်မှုက ရနိုင်တယ်လို့ ထင်တယ်။ ဘယ်နိုင်ငံ၊ ဘယ်တော်လှန်ရေးမှာပဲ ကြည့်ကြည့် ကျွန်မတို့ မြန်မာနိုင်ငံလို တစ်နိုင်ငံလုံးပါဝင်ပြီး တော်လှန်တဲ့ တော်လှန်ရေးဆိုတာ သိပ်မရှိ ပါဘူး။ ဒီလိုအခွင့်အရေးမျိုးကိုလည်း ကျွန်မတို့က တော်လှန်ရေးခေါင်းဆောင်တွေက အကျိုး ရှိအောင်အသုံးပြုစေချင်တယ်။ အဲ့ဒါကတော့ ဘာလဲဆိုတော့ အချိန်ပါပဲနော် အချိန်ကြာ လာတာနဲ့အမျှ ကျွန်မတို့က စိတ်ပင်ပန်းမှုတွေရှိမယ်။ အထူးသဖြင့်တော့ ပြည်တွင်းမှာ လည်ပင်းညှစ်ပြီး ခံရပြီးတော့ နေနေရတဲ့ ပြည်သူလူထုအတွက် အထူးသဖြင့်နော် စဉ်းစားပြီး တော့ ကျွန်မတို့ အချိန်အမြန်နဲ့ ပြီးနိုင်အောင်တော့ တတ်နိုင်သမျှ ကြိုးစားဖို့လိုပါတယ်လို့ ကျွန်မကတော့ ပြောချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ ခုန ဆရာမပြောသလိုမျိုး အာ ဒီနွေဦး တော်လှန်ရေးကာလ တောက်လျှောက်ပေါ့နော်။ ဒီတော်လှန်ရေး ဒီတော်လှန်ရေးကို ဒုက္ခ ပေါင်းများစွာနဲ့ ခုခံတိုက်ပွဲဝင်နေတဲ့ မိဘပြည်သူတွေကို ဆရာမအနေနဲ့ တိုက်တွန်းအားပေး စကားလေးကို ပြောကြားပေးရင်းနဲ့ ကျွန်မတို့ရဲ့ အင်တာဗျူးလေးကို အဆုံးသတ်ပေးပါဦးရှင်။
Sayama Khin Lay – ဟုတ်ကဲ့ပါ တကယ် မြေပြင်မှာ ဒုက္ခအခက်အခဲတွေ ကြားထဲကနေပြီးတော့ ပေါ့နော်။ အသက်ကိုရော ဘဝတွေရော စွန့်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ တော်လှန် တိုက်ပွဲ ဝင်ပြည်သူတွေရော တော်လှန်ရဲဘော်တွေအားလုံးကိုလည်း အထူးပဲလေးစားပါတယ်။ ကျွန်မတို့ ဒီတိုက်ပွဲဟာ ဉာဏ်ပညာတိုက်ပွဲလည်းဖြစ်သလို လက်နက်ကိုင်တိုက်ပွဲလည်း ဖြစ်တယ်။ အဲ့ဒီအခါ ကျွန်မတို့က တချို့ကိစ္စတွေမှာ ကျွန်မတို့ဟာ အင်မတန်မှ အဲ နူးညံ့ သိမ်မွေ့ပြီးတော့ နက်နဲပါတယ်။ အဲ့တော့ ဒါပေမဲ့ ကျွန်မ ပြည်သူအားလုံးကို ယုံကြည်တာ ကတော့ ကျွန်မတို့ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့် လိုချင်တဲ့ ဓမ္မဘက်တော်သားတွေရဲ့ အောင်ပွဲဟာ မကြာခင်ရောက်မှာလို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဘာသာတရားအသီးသီးမှာ လည်း ကျွန်မတို့ ဒီယုံကြည်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ အဲ့တော့ ဘယ်သူမဆို မေတ္တာနဲ့ တရားမျှတမှုအတွက် ဓမ္မအတွက် တိုက်ပွဲဝင်နေတဲ့သူတွေအတွက် တစ်နေ့မှာ အောင်ပွဲဆိုတာ ကြိမ်းသေရောက်မှာပါ။ ဘယ်နေ့ရောက်မယ်ဆိုတာ ပြောလို့မရပေမဲ့ ကျွန်မတို့အားလုံး မြန်မြန်ရောက်အောင် ကြိုးစားရင် မြန်မြန်ရောက်မှာဖြစ်ပါတယ်။ အဲ့တော့ အဲ ကြည့်ရှုနေတဲ့ မိဘပြည်သူတွေရော အခက်အခဲတွေကြားထဲကနေ ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရဲ ဘော်ပြည်သူအပေါင်းရော CDM သူရဲကောင်းတွေရော အားလုံး ဘေးဘယာဝေးကွာပြီးတော့ ဆက်လက်ပြီးတော့ တော်လှန်ရေးအတွက် ကျရာနေရာကနေပြီးတော့ ဆက်လက်တိုက်ပွဲဝင် နိုင်ပါစေလို့ ကျွန်မက ဆုတောင်းမေတ္တာပို့သပါတယ်။
RAIN – ကျေးဇူးတင်ပါတယ် ဆရာမ။