မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်၊ The Kaladan Post

ဖြေကြားသူ- Zee Pe, Executive Director, အသံအဖွဲ့

 

ဆလိုင်း ဒိုခါရ်၊ – အားလုံးပဲ မင်္ဂလာပါ၊ ဒီနေ့ကတော့ ကျွန်တော်တို့ နိုင်ငံတကာ ဥပဒေများ ဘောင်အတွင်းကနေ ကျွန်တော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်မှ ဒါ အမုန်းစကား အသွင်မ ဆောင်သွားအောင် ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ရှုထောင့်ကနေ ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ထားတဲ့ ဆရာမကတော့ အာသံမာ အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့၊ ဒီလွတ်လပ်စွာ ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့မှ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ ဆရာမ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

 

Zee Pe –  မင်္ဂလာပါ ဆရာ၊ ဟုတ်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ ဆိုတော့ ပထမဆုံးအနေနဲ့ လုပ်ငန်းဆောင်ရွက်တာနဲ့ပတ်သက်တဲ့ ဒီ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကို ဘယ်လို ပြည်သူတွေ နားလည်သင့်သလဲ၊ နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘယ်လိုရှိလဲ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပေးပါ။

 

Zee Pe –  ဟုတ်ကဲ့။ ဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ပြောလို့ရှိရင်တော့ နိုင်ငံတကာမှာဆိုလို့ရှိရင်တော့ ဒီ အခြေခံကျတဲ့ပေါ့နော်၊ ဒီ လူ့အခွင့်အရေးတစ်ခု ဖြစ်တယ် ပေါ့နော်။ ပြီးလို့ရှိရင် ကျွန်မတို့ ဒါ လွတ်လပ်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုမှာ ဟို တည်ဆောက်ဖို့ ဖွံ့ဖြိုးဖို့အတွက်ဆိုလို့ရှိရင် အခြေခံအုတ်မြစ်တစ်ခုလည်း ဘာကြောင့်လဲ ဆိုလို့ရှိရင် အားလုံးလည်း ကြားဖူးမယ်ထင်တယ်၊ ဒီ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းထဲမှာဆိုလို့ရှိရင် ကြေညာစာတမ်း အချက် ၃၀ ရှိတယ်ပေါ့၊ အချက် ၃၀ မှာဆိုလို့ရှိရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာက အာတီကယ် ၁၉ အနေနဲ့ ပါရှိတယ်ပေါ့။ အဲ့ဒီ အာတီကယ် ၁၉ မှာဆိုလို့ရှိရင် အဓိပ္ပာယ် တိကျဖွင့်ဆိုထားတာဆိုလို့ရှိရင်တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ ထင်မြင်ယူဆချက်တွေကို အနှောင့် အယှက်၊ အဟန့်အတားမရှိဘဲနဲ့၊ ပြီးလို့ရှိရင်တော့ နယ်မြေအပိုင်းအခြားလည်း မရှိဘဲနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရှာဖွေ လက်ခံပိုင်ခွင့်နဲ့ ဖြန့်ချိပိုင်ခွင့် ရှိရမယ်လို့ ဆိုလို ထားတယ်ပေါ့နော်။ နားလည်သဘောပေါက်အောင် ကျွန်မတို့ ပြောမယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ လူ့အခွင့်အရေးမှာ အချက် ၃၀ ရှိတယ်ပေါ့နော်၊ အချက် ၃၀ ရှိတယ်၊ ကျွန်မတို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အချက်တစ်ချက် ချိုးဖောက်ခံရပြီဆိုလို့ရှိရင် အခြားသော လူ့အခွင့်အရေးတွေပါ ကျွန်မတို့က အော်တိုပေါ့နော်၊ ချိုးဖောက်ခံလိုက်ရတယ်လို့ ကျွန်မတို့ က သုံးသပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ထုတ်ဖော်ခွင့်တွေ မရှိဘူး ဆိုလို့ရှိရင် အခြားသော အခွင့်အရေးတွေကိုလည်း ကျွန်မတို့က ပြောဆိုခွင့်မရှိလို့ရှိရင် ဒီဟာ ကို ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး၊ ကြားနိုင်မှာမဟုတ်ဘူး၊ ဒါတွေကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးပေါ့ ဒီချိုးဖောက်မှုတွေကိုပေါ့၊ ဆိုတော့ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့က ဒီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဒါ အခြေခံကျတဲ့ လူ့ရပိုင်ခွင့်တစ်ခု ဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ ပြောလို့ရပါတယ်၊ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုရင် ကျွန်တော်တို့ ဒီ လွတ်လပ်စွာ ပြောဆိုခွင့် နိုင်ငံတကာ အဓိပ္ပာယ်ဖွင့် ဆိုချက်အရဆိုရင်တော့ ဒါ လုံးဝ အဟန့်အတားမရှိဘဲနဲ့ ကိုယ်ထင်ရာ မြင်ရာတွေ ပြောလို့ရ တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ နွေဦးတော်လှန်ရေး စတင်ကတည်းက တော်လှန်ပြည်သူတွေ တော်တော်များမှာ ခေတ်စားလာသလို ဖြစ်လာ တာက ဒါ အာဏာသိမ်းစစ်အုပ်စုကို နာနာပြောနိုင်မှ၊ နာနာဆဲနိုင်မှ လူသိများပြီးတော့မှ အဲ့လိုကနေပြီးတော့ ဆိုရှယ်အင်ဖလူရန်ဆာ ဖြစ်လာတဲ့သူတွေတောင် ရှိလာတယ်။ ဆိုတော့ အဲ့ဒီ့ အသုံးအနှုန်းတချို့က အခု တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား သဘောထား ကွဲလွဲမှုဟာမျိုးတွေမှာ ပြန်ပြီးတော့မှ အသုံးပြုလာပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် တကယ့်ကို ဒါ နာနာကျင်ကျင် ပြောလာတဲ့ဟာတွေဟာတဲ့ အထိန်းအကွက်မဲ့တွေ ဖြစ်လာတယ်။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဘာသတိထားမိလဲ၊ ကျွန်တော်တို့ ဒါ ဒါတွေက လွတ်လပ်စွာ ပြောဆိုခွင့်ဘောင်ထဲ ဝင်တယ်လို့ ပြောလို့ ဆိုလို့ရမလား။

 

Zee Pe –  ကျွန်မတို့ရဲ့ အခု လက်ရှိကာလမှာဆိုလို့ရှိရင်တော့ လူထုကနေပြီးတော့ ဒီ ကျွန်မတို့ရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒါက ဝေဖန် တယ်၊ ပြောဆိုတယ်၊ ထောက်ပြတယ်ဆိုတဲ့ အခြေအနေပေါ့နော်။ ဆိုတော့ အဲ့ဒါကို ကျွန်မတို့ က ဒီလိုမျိုး လုပ်နေတာသည် ဒီတော်လှန်ရေးကိုပေါ့နော် ထိခိုက်တယ် ဒါ ဆိုပြီးတော့ ကျွန်မတို့ ပြောလို့မရဘူး၊ မှတ်ချက်ပေးလို့မရဘူးပေါ့ လုံးဝကို။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်မတို့က ဒီ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ခု ရရှိဖို့အတွက်ဆိုလို့ရှိရင် ကျွန်မတို့က အစိုးရရဲ့ ပေါ့နော် ဒီ လုပ်ငန်းဆောင်တာတွေကို ပြန်လည်မေးခွန်းထုတ်၊ ထောက်ပြတာတွေ ရှိရမယ်၊ ပြည်သူမှာက ဒီလူထုမှာက သူတို့ရဲ့ ဒီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ဟာတွေမှာ သူတို့မှာ စိုးရိမ်ပူပန်မှုတွေ ရှိမယ်၊ ဒါတွေကို ကျွန်မတို့က နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ဟာတွေကို ကျွန်မတို့က ဖော်ထုတ်ပြောဆိုနိုင်ရမယ်ပေါ့နော်။ ဆိုတော့ ဒါက အစိုးရကနေပြီးတော့ ပြည်သူလူထုကို ပေးရမယ့် တာဝန်ဝတ္တရားနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါမှလည်း ကျွန်မတို့က ပွင့်လင်းမြင်သာမှုရှိပြီးတော့ အပြန်အလှန် ထိန်းကျောင်းနိုင်မယ် ပေါ့နော်။ အဲ့တော့မှသာလျှင် ကောင်းမွန်တဲ့ အုပ်ချုပ်မှုဆိုတဲ့ဟာကို ကျွန်မတို့က ရရှိမှာဖြစ် တယ်ပေါ့။ ဒါကတော့ ကျွန်မက ကျွန်မတို့မှာ အစိုးရတစ်ရပ်ရှိမယ်ဆိုတဲ့ အနေအထားနဲ့ ကျွန်မတို့က အလွန်ကို ကျွန်မက ပြောလိုက်တာပေါ့။ လက်ရှိ ကျွန်မတို့ တော်လှန်ရေးကာလ မှာဆိုလို့ရှိရင် ကျွန်မတို့က ဟို ဒေသဆိုင်ရာ အုပ်ချုပ်မှု ကော်မတီတွေ၊ NUG ရှိတာတွေ ကတော့ တစ်ဖက်တစ်လမ်းပေါ့နော်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ကျွန်မတို့ ဟို တွန်းလှန်နေတဲ့အခါမှာတော့ ဒါက သူတို့ကိုယ်တိုင်ကိုကကို ဒီလူ့အခွင့်အရေး ချိုးဖောက်မှု တွေကို လုပ်ထားပြီးသားဖြစ်တဲ့အတွက် လူထုကနေပြီးတော့ ထောက်ပြတာ၊ ဝေဖန်တာ၊ ပြောဆိုတာတွေ ဒါတွေကတော့ ရှိရမယ်၊ လုပ်ရမယ်၊ ဖော်ဆောင်ရမယ်ပေါ့နော် ဆိုတဲ့ အနေအထားမှာ ရှိတယ်။ အဲ့တော့ ကျွန်မတို့က ဒီ ဟို လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို ကျွန်မတို့ က ဖော်ပြဖို့လိုတယ်၊ ဝေဖန်ထောက်ပြဖို့ လိုတယ်။ ပြီးသွားလို့ရှိရင် ကျွန်မတို့က တရားမျှတ မှုအတွက် ဒီလို ထောက်ပြမှုတွေလည်း လိုအပ်သလိုမျိုး ဒီ မတရားဖိနှိပ်ခံထားရတဲ့ ဟာတွေကိုလည်း ကျွန်မတို့က ပြောဆိုမှုတွေကို ရှိဖို့ လိုအပ်တယ်ပေါ့နော်။ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ ဒီ အခုလောက်ပိုင်းမှာ ဒါ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ပတ်သက်ရင် US တို့၊ Europe တို့နိုင်ငံတွေ တကယ့်ဒီမိုကရေစီ ကျင့်သုံးတာကြာတဲ့ နိုင်ငံတော်မှာတောင်မှ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ဝေဝါးမှုတွေ ရှိလာတယ်လို့ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဆိုတော့ ဥပမာ US ဆိုရင်တော့ ဒါ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုပြီးတော့မှ အကုန်လုံး ဒါ ဘယ်လိုပြော ပြော လွှတ်ထားတဲ့ပုံစံမျိုး ဖြစ်လာတယ်။ Europe ပိုင်းမှာဆိုရင်တော့ အမုန်းစကားပွားတဲ့ အပိုင်းတွေဆိုပြီးတော့မှ ဒါ လွတ်လပ်စွာ ပြောဆိုခွင့်ကို သူများတွေ မထိခိုက်အောင်၊ သူများ ဘာသာ မထိခိုက်အောင်ဆိုတဲ့ ဟန့်တားချက်တွေ ရှိလာတယ်။ ဆိုတော့ ဒီ နှစ်မျိုးနှစ်စား ဖြစ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဘာတွေသတိထားသင့်လဲ၊ လူထုကြား မှာ ပျံ့ပွားလာနေတဲ့ အထူးသဖြင့် ရိုဟင်ဂျာကိစ္စဟာမျိုးတွေ၊ လူနည်းစု တိုင်းရင်းသားတွေ အပေါ်မှာ ပြောဆိုတိုက်ခိုက်တဲ့ဟာတွေ၊ ဒါတွေက ဘယ်လိုသတိထားသင့်မလဲ၊ ဒါ လွတ်လပ် စွာ ပြောဆိုခွင့်ဆိုပြီးတော့မှ လွှတ်ထားဖို့ သင့်တော်သလားပေါ့။

 

Zee Pe –  ဆိုတော့ ဒီမေးခွန်းကိုဖြေဖို့ဆိုလို့ရှိရင် ကျွန်မအနေနဲ့ပေါ့နော် ဒီ လွတ်လပ်စွာ ထုတ်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ သွင်ပြင်လက္ခဏာ တွေက ဘာတွေလဲဆိုတာလေးကို တစ်ချက်ပေါ့နော်၊ အရင်ဆုံး ဆွေးနွေးချင်တယ်ပေါ့နော်။ အဲ့တော့မှ ကျွန်မတို့က ဒီအမုန်းစကားဆိုတဲ့ဟာလည်း ကျွန်မတို့ ဆက်သွားလို့ရမယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့က ဒီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရတာ ကျွန်မတို့ လူသားအားလုံး ခံစားခွင့်ရှိတယ်ဆိုပြီးတော့ ကျွန်မတို့ ဒါ နိုင်ငံတကာမှာကော ဒါက ပြဋ္ဌာန်းပြီးသားဖြစ်တယ် ပေါ့နော်။ ဆိုတော့ အဲ့တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဘာလဲဆိုလို့ရှိရင် ကျွန်မတို့က သတင်းအချက်အလက်ကို ကျွန်မတို့က လွတ်လွတ်လပ်လပ်ပေါ့နော် ရှာဖွေခွင့် ရှိရမယ်၊ သတင်းအချက်အလက် လွတ်လပ်ရှာဖွေခွင့်၊ ရယူခွင့်၊ ဖြန့်ဝေခွင့်ရှိရမယ်၊ အဲ့ဒါကို ဘယ်နည်းနဲ့မှ ပိတ်လှောင်ထားတာမျိုး မရှိရဘူး၊ ထိန်းချုပ်ထားတာမျိုး မရှိရဘူးပေါ့နော်။ ဆိုတော့ နောက်တစ်ခုကတော့ ဒီဟာကိုကျင့်သုံးတဲ့အခါမှာလည်း ဒီလိုမျိုး ကျွန်မတို့ သတင်းအချက်အလက်ကို လွတ်လွတ်လပ်လပ် ရှာဖွေမယ်၊ ရယူမယ်၊ ဖြန့်ဝေတဲ့အခါမှာလည်း ဒီ အခြားတစ်ပါးသူကိုပေါ့နော် စော်ကားရာရောက်တာမျိုး၊ ဒါမှမဟုတ် အခြားတစ်ပါးသူကနေ ပြီးတော့ မနှစ်မြို့ရာရောက်တာမျိုး၊ မကြိုက်နှစ်သက်တာပေါ့နော်၊ မကြိုက်နှစ်သက်ဘူး၊ မနှစ်မြို့ဘူးပေါ့နော်၊ ဒါမှမဟုတ် အစိုးရနဲ့ တစ်ခါတစ်လေပေါ့နော် ဒီ လူအများစုကနေပြီးတော့ ဒီ မျက်နှာသာပေးတာမျိုးတွေပေါ့နော်၊ အဲ့ဒါမျိုးတွေ ကျွန်မတို့ မခံရနိုင်တဲ့ပေါ့နော်၊ မဖြစ်နိုင်တဲ့ ပေါ့နော်၊ ထုတ်ဖော်ပြောဆိုမှုတွေအထိကို ပါဝင်နိုင်တယ်ပေါ့နော်။ ဆိုတော့ ဥပမာ ဘယ်လိုလဲဆိုလို့ရှိရင် ကျွန်မတို့က အင်ဖလူရန်ဆာပဲပြောပြော၊ အစိုးရမှာ အလုပ်လုပ်နေ တဲ့လူပဲပြောပြော၊ ဟိုပေါ့နော်၊ သမ္မတပြောမလားပေါ့နော်၊ ဒီလိုမျိုးတွေကို ကျွန်မတို့က ဝေဖန်တာပဲဖြစ်ဖြစ်၊ ထောက်ပြတာဖြစ်ဖြစ် ဒါမျိုးတွေက ကျွန်မတို့က လုပ်ပိုင်ခွင့်ရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒါက ကျွန်မတို့ရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ခုအတွက်ဆိုပြီး ကျွန်မတို့က ဝေဖန်ထောက်ပြတယ်ဆိုတဲ့ဟာ ကျွန်မအရှေ့မှာ ဆွေးနွေးခဲ့သလိုပဲပေါ့။ နောက်တစ်ခု က ကျွန်မတို့က ဒီ နယ်မြေဧရိယာတွေ၊ ပြီးလို့ရှိရင် ဒီ ယဉ်ကျေးမှုနဲ့ပေါ့နော်၊ ဒီ နိုင်ငံရေးနဲ့ နည်းနည်းမှီပြီးတော့ ကန့်သတ်ထားတာတွေ သူ့မှာ ဘာမှမရှိဘူးပေါ့နော်။ ဒီဟာက တော့ ငါ့ရပိုင်ခွင့်မို့လို့ ကန့်သတ်ထားတဲ့ နယ်မြေနဲ့ နိုင်ငံရေးဘောင်မို့လို့ဆိုပြီး ယဉ်ကျေးမှု ဘောင်မို့လို့၊ ဘာသာရေးဘောင်မို့လို့ဆိုပြီးတော့ ကန့်သတ်ထားတာမျိုး မရှိရဘူးပေါ့နော်။ ဆိုတော့ အဲ့တော့ ကိုယ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ကိုယ်ကြိုက်နှစ်သက်တဲ့ နည်းလမ်းနဲ့ အသုံးပြုပြီးတော့ပေါ့နော် ထုတ်ဖော်ကျင့်သုံးနိုင်တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါဆိုလို့ရှိရင် ကျွန်မတို့က ဘာတွေဖြစ်နိုင်မလဲဆိုတော့ ကျွန်မတို့က ပြောဆိုရေးသား တာတွေ ရှိမယ်၊ ဆန္ဒထုတ်ဖော်တာတွေ ရှိမယ်၊ ပြီးရင် သတင်းအချက်အလက် ခုနက ကျွန်မ ပြောတယ်၊ ရှာဖွေတာ၊ ဖြန့်ယူတာ၊ လက်ခံတာတွေ ရှိမယ်၊ အင်တာနက်အသုံးပြုတာတွေ၊ နောက်ဆုံး ကျွန်မတို့ အနုပညာဖန်တီးတာတွေပေါ့။ အခုလက်ရှိ ကျွန်မတို့ တော်လှန်ရေး ကာလမှာဆို အသံတိတ်သပိတ်ဆိုတာ ကိုယ်ဘာမှ ထုတ်မပြောတာလည်း ဒါ ကျွန်မတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပဲပေါ့နော်။ ဟို ကျွန်မအနေနဲ့ဆိုလို့ရှိရင်တော့ ဒါ မဲပေးတာကို ကျွန်မတို့က မဲမပေးဘူးဆိုပြီးတော့ ကိုယ့်ရဲ့ ခံယူချက်ကို ထုတ်ဖော်တာလည်း ဒါလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ ထုတ်ဖော်မှုတစ်ခုပဲပေါ့နော်။ ဆိုတော့ အခြားထုတ် ဖော်တဲ့ ဒီ ပုံစံတွေကလည်း အဲ့လိုပဲ အများကြီး ကျွန်မတို့ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့တော့ ကျွန်မတို့က ဟို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ဆိုလို့ရှိရင် မှာ ဘာတွေ ဘယ်ကဏ္ဍတွေ ဆက်စပ်မှုရှိနေလဲဆိုရင် ကျွန်မတို့က အသင်းအဖွဲ့အစည်းမှုတွေ ရှိရမယ်၊ ဒီမှာ လွတ်လပ်စွာ ကိုးကွယ်မှုတွေ ရှိရမယ်၊ အနုပညာဖန်တီးခွင့်တွေ ရှိရမယ်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရှိရမယ်၊ ဒါမျိုးတွေ ပါတယ်ပေါ့နော်။ ဆိုတော့ အဲ့တော့ အခုလက်ရှိ ကာလမှာဆိုလို့ရှိရင်တော့ မြန်မာစစ်တပ်ကနေ ချိုးဖောက်မှုတွေအရ ကျွန်မတို့ ကြည့်မယ်ဆိုလို့ရှိရင်တော့ လုံးဝ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က မြန်မာနိုင်ငံမှာ လုံးဝမရှိတဲ့ အနေအထားမှာ လုံးဝ ဇီးရိုးဆိုတဲ့ အနေအထားမှာ ရှိတယ်၊ ဘာမှ ပြောဆိုလို့မရဘူး၊ အကုန်လုံး အရပ်ရပ်ကို ကန့်သတ်ထားတယ်၊ အွန်လိုင်းမှာလည်း ပြောဆိုလို့မရဘူးဆိုတဲ့ အနေအထားပေါ့။ အဲ့တော့ နောက်တစ်ခုပေါ့နော်၊ ပြည်သူလူထုကနေပြီးတော့ ဒါ တော်လှန်ရေးအပေါ်မှာ အားမရတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အခုလက်ရှိကာလက အရမ်းကိုပေါ့နော် ထိလွယ်ရှလွယ်တဲ့ အနေအထား လည်း ဖြစ်နေတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အရမ်း sensitive ဖြစ်တဲ့ကာလ ဟို အနေအထားမှာလည်း ရှိတယ်၊ ဘာလို့လဲဆိုတော့ တော်လှန်လက်နက်ကိုင်တွေကလည်း များတယ်၊ အမျိုးမျိုးသော ကျွန်မတို့က ဒီ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ ဟာတွေများ တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့က အသေးစိတ်ကြည့်တဲ့အခါမှာ ဟို အရမ်းကို ထိလွယ်ရှလွယ်ဖြစ်တယ်။ ဒါပေမယ့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှုထောင့်ကကြည့် မယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ နိုင်ငံရေးရေစီးကြောင်းကိုပေါ့နော် ကျွန်မတို့အနေနဲ့ ဟို ထုတ်ဖော်ပြောဆိုပိုင်ခွင့်က ကျွန်မတို့ ဝေဖန်ပိုင်ခွင့် အကုန်လုံး ကျွန်မတို့မှာ အပြည့်အဝ ရှိတယ်ပေါ့နော်။ ဆိုတဲ့ အဲ့တော့ နောက်တစ်ခုပေါ့၊ အဲ့ဒီဟာတွေက အမုန်းစကားဖြစ်သွား ရင်ရောဆိုတဲ့ ဟာတစ်ခု ကျွန်မတို့မှာ စဉ်းစားစရာရှိတယ်ပေါťနော်။ ဆိုတော့ အဲ့တော့ အမုန်းစကားဆိုတဲ့ဟာမှာ ကျွန်မတို့က ဟို အမုန်းစကားလို့ ပြောမယ်ဆိုလို့ရှိရင် ယနေ့အထိ ကို တစ်ကမ္ဘာလုံးမှာပေါ့ အမုန်းစကားဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မဖွင့်ဆို နိုင်သေးဘူးပေါ့နော်။ ဒါပေမယ့် ဘယ်လောက်အဆင့်ဆိုလို့ရှိရင်တော့ အမုန်းစကား ဟို သတ်မှတ်လို့ရတယ်ဆိုတဲ့ ဟို အမုန်းစကားနဲ့ပတ်သက်ပြီးတော့ တိုင်းတာချက်တွေတော့ ဟို ရှိတယ်ပေါ့နော်။ ကျွန်မတို့က ဝေဖန်လိုက်ရုံနဲ့ ဒါက အမုန်းစကားမဖြစ်သွားဘူးပေါ့နော်။ နိုင်ငံတကာဥပဒေတွေကနေပြီးတော့ အဲ့လိုမျိုး အမုန်းစကားဆိုပြီးတော့ ဟို ကန့်သတ်ထား တာမျိုးပေါ့နော်၊ တားမြစ်ထားတာမျိုးတွေဆိုလို့ရှိရင်တော့ လူမျိုးရေးခွဲခြားမှုပုံစံ ဒီ အားလုံး ပပျောက်ရေးဆိုတဲ့ သဘောတူစာချုပ်ရှိတယ်ပေါ့နော်။ အတိုဆိုလို့ရှိရင်တော့ ICERD လို့ခေါ်တယ်ပေါ့နော်။ အဲ့ဒါကို သူက ၁၉၆၅ ခုနှစ်မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ အဲ့ဒီမှာတော့ ပုဒ်မ ၄ မှာဆိုလို့ရှိရင် ဒီ အစိုးရအနေနဲ့ အပြစ်ပေးတာတွေ၊ တားမြစ်ရမယ့် အမုန်းစကား အသွင်အပြင် လေးခုရှိတယ်ဆိုပြီး ဖော်ပြတယ်။ ဒါက အစိုးရအနေနဲ့ပေါ့နော် တားမြစ်ရမယ် ဆိုပြီးတော့ သူက ဘယ်လိုပုံစံက အမုန်းစကားဆိုတဲ့ဟာမျိုးကို ပြောထားတာ၊ အသွင်အပြင် ကို ပြောတာ၊ ဒါပေမယ့် ဘယ်ဟာကတော့ အမုန်းစကားဖြစ်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်ကတော့ ဒီနေ့အချိန်အထိပေါ့နော်၊ တစ်ကမ္ဘာလုံးမှာ တရားဝင်လက်ခံထားတဲ့ အနက် အဓိပ္ပာယ်ကို လုံးဝတော့ မရှိသေးပါဘူး။ ခုနက ဒီ အသွင်အပြင်လေးခုမှာဆိုရင် ပထမတစ်ချက်အနေနဲ့ကတော့ ဒီ လူမျိုးကြီးဝါဒပေါ့နော်၊ လူမျိုးကြီးဝါဒကို အခြေခံပြီးတော့ ဒီ အကြံဉာဏ်၊ အယူအဆတွေကို ဖြန့်ချိတာပေါ့နော်၊ ဆိုတဲ့ ကိစ္စရပ်မျိုးတွေ၊ နံပါတ်နှစ်အချက် ကတော့ ဒီ လူမျိုးရေးအမုန်းတရားပေါ့နော်၊ လူမျိုးရေးအပေါ်မှာ အခြေခံတဲ့ ဒီ အမုန်းတရား တွေကို အယူအဆတွေကို ဖြန့်ချိတာမျိုးတွေ၊ အာ နံပါတ်သုံးအချက်ကတော့ လူမျိုးရေးခွဲ ခြားမှုကိုပေါ့နော် စည်းရုံးတာ၊ သွေးထိုးလှုံ့ဆော်တာပေါ့နော်၊ သွေးထိုးလှုံ့ဆော်တဲ့ ဟာမျိုး တွေ၊ နောက်ဆုံး နံပါတ်လေးအချက်ကတော့ ဒီ လူမျိုးရေးအရပဲ အကြမ်းဖက်တဲ့လုပ်ရပ် တွေပေါ့နော်၊ ဒီ သွေးထိုးလှုံ့ဆော်တဲ့အပြင်ကိုမှ အကြမ်းဖက်တဲ့လုပ်ရပ်တွေ၊ ဒီလိုမျိုး အသွင်အပြင် လက္ခဏာလေးရပ်နဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင်တော့ အစိုးရတွေအနေနဲ့ ကနေပြီးတော့ ဥပဒေ ပြဋ္ဌာန်းပြီးတော့ပေါ့ အပြစ်ပေးတာတွေ၊ တားမြစ်ရမယ်ဆိုတဲ့ ဒီ အသွင်အပြင်မျိုးပေါ့နော်၊ ဒါမျိုးတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ ဒါက ပေါ့နော်၊ နိုင်ငံတကာ ကနေပြီးတော့ ဖော်ပြထားတဲ့ အမုန်းစကားပေါ့နော်။ ဆိုတော့ မြန်မာနိုင်ငံမှာဆိုလည်း အဲ့လိုပဲပေါ့နော်၊ ကျွန်မတို့ အမုန်းစကားတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ ထင်ရှားဆုံးက လူမျိုးရေးနဲ့ ဘာသာရေးကို အဓိကထားပြီးတော့ ပစ်မှတ်ထားပြီး ယနေ့အချိန် အထိပဲ တိုက်ခိုက်တဲ့ အမုန်းစကားတွေက ပိုများတယ်ပေါ့နော်၊ ဆိုတဲ့ဟာကို ကျွန်မတို့ ကြည့်လို့ရတယ်။ အဲ့ဒီကနေမှ ကျွန်မတို့က ဆက်စပ်ပြီးတော့မှ ကျွန်မတို့ နိုင်ငံရေးအယူအဆ တွေ ပါလာမယ်၊ မတူ မတူညီတာတွေ ပါလာမယ်၊ ကွဲပြားတာတွေ ပါလာမယ်ပေါ့နော်။ ဆိုတော့ ခုနက ကျွန်မတို့ ဒီ အချက်လေးချက်ပေါ်မှာ ဟို အခြေခံပြီး အစိုးရအနေနဲ့က ဥပဒေ ပြဋ္ဌာန်းတာမျိုးတွေ၊ အပြစ်ပေးအရေးယူတာတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း အဲ့ဒီဥပဒေတွေ၊ အပြစ်ပေးအရေးယူမှုတွေက တိကျရှင်းလင်းဖို့ လိုအပ်သလိုမျိုး ပွင့်လင်းမြင်သာမှုတွေလည်း ရှိဖို့လိုအပ်တယ်ပေါ့နော်။ ဟုတ်ကဲ့ပါ။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ အဲ့ဒီထဲမှာ တစ်ခု ကျွန်တော်တို့ မေးလိုတာကတော့ အခုအချိန်မှာ ဒါ မီဒီယာတချို့အပါအဝင်ပေါ့နော်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဆီရဲ့ ပြောဆိုရေးသားချက်မှာ တစ်ခါ တစ်လေကျရင် အခြားအဖွဲ့ကို တိုက်ခိုက်ဖို့အတွက် မဟုတ်မမှန် source တွေ၊ သတင်းတွေကို အခြေခံပြီးတော့မှ တိုက်ခိုက်တာတွေ ရှိတယ်။ ဒါမျိုးတွေကကော လွတ်လပ်စွာ ပြောဆိုခွင့် ဘောင်တော့ ဒါ ဝင်သလိုလိုဖြစ်မယ်ဆိုပေမယ့် အခြား နိုင်ငံတကာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ဒါတွေ သတိထားဖို့ လိုတဲ့ဟာမျိုးတွေ ရှိမလား။

 

Zee Pe –  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ပြောလိုက်လို့ရှိရင် ကျွန်မတို့က ဒီ အသရေဖျက်မှုကိုလည်း ကျွန်မတို့ လေ့လာရတယ်ပေါ့နော်။ ဆိုတော့ ဥပမာ အသရေဖျက်မှု နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ တိုင်းတာတယ်၊ သူ့မှာလည်း တိုင်းတာတဲ့အချက်တွေ ရှိတယ် ပေါ့နော်။ ဆိုတော့ အဲ့ဒါတွေဆိုလို့ရှိရင် ဘယ်လိုဟာတွေဖြစ်မလဲဆိုရင် ရေးသားပြောဆိုတဲ့ ဟာတစ်ခုခုကိုပေါ့နော် တစ်ဦးတစ်ယောက်ကပေါ့နော်၊ ဥပမာ အွန်လိုင်းမှာပဲဖြစ်စေပေါ့နော်၊ ရေးသားပြောဆိုတဲ့ ဟာတစ်ခုခုကို အသရေဖျက်မှုအဖြစ်နဲ့ပေါ့နော် ဒီ သုံးသပ်မယ်ဆိုလို့ရှိရင် သူလည်းအဲ့လိုပဲ အချက်တွေရှိတယ်ပေါ့နော်။ သူ့မှာ ဥပမာဆိုရင် ခုနက ဟို ဆရာပြောသလိုပဲ အချက်အလက်မှားယွင်းရမယ်ပေါ့၊ အဲ့ဒီဟာပေါ့နော်၊ အချက်အလက်မှားယွင်းရမယ်၊ ပြီးလို့ရှိရင် အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာအပေါ်မှာပဲ အခြေခံထားတာ ဖြစ်ရမယ်ပေါ့နော်၊ ဆိုတဲ့ဟာ ရှိတယ်။ နောက် နံပါတ်သုံးအချက်ကတော့ ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေတဲ့ဟာက ထင်ထင်ရှားရှားပြနိုင်ရမယ်ပေါ့နော်၊ ဆိုတဲ့ဟာမျိုး။ ဥပမာ ဒီ လူ့ရပိုင်ခွင့် မှာဆိုလို့ရှိရင် ဒါ လူ့ဂုဏ်သိက္ခာ ဘယ်လိုမျိုးထိခိုက်အောင် အသရေဖျက်မှုမြောက် လဲဆိုတဲ့ ဟာမျိုးတွေကအစပေါ့နော်။ နောက်တစ်ခုကတော့ ထိခိုက်နစ်နာမှုဆိုတဲ့ဟာမှာလည်း ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကနေပြီးတော့ ဒီ ဂုဏ်သိက္ခာနဲ့ပေါ့နော် ဆက်စပ်မှုရှိရမယ်ပေါ့နော်၊ ဆိုတဲ့ ဟာမျိုးတွေနဲ့ ကျွန်မတို့က တိုင်းတာလို့ရတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီမှာဆိုလို့ရှိရင်လည်း သူက စွပ်စွဲခံရတဲ့လူပေါ့နော်၊ စွပ်စွဲခံရတဲ့လူကနေပြီးတော့ ဒါ ဥပဒေဘောင်မှာ အမှန်တရား အနေနဲ့ ခုခံပိုင်ခွင့်တွေဆိုတဲ့ဟာ ရှိရမယ်ဆိုတဲ့ဟာတွေလည်း ရှိတယ်ပေါ့နော်။ ဆိုတဲ့ ဒါပေမယ့် မြန်မာနိုင်ငံမှာက အရင်ကဆိုလို့ရှိရင် ဒီ အသရေဖျက်မှုကို သူက civil case အနေနဲ့မထားဘဲ criminal case အနေနဲ့ထားတယ်ပေါ့နော်။ ဆိုတော့ တကယ်ဆိုလို့ရှိရင် ဒီဟာသည် ဒါ ဟို အသရေဖျက်မှုဆိုတာက ရာဇဝတ်မှုမဖြစ်ရဘူးပေါ့နော်၊ ဒါသည် တရားမမှုပဲ ဖြစ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ အဲ့တော့ ကျွန်မတို့က အများကြီးပဲ ကျွန်မတို့ ဒီ နိုင်ငံမှာဆိုလို့ရှိရင် ကျွန်မတို့ ဥပဒေတွေက လုံးထွေးနေတာတွေ၊ တစ်ခုနဲ့တစ်ခုက conflict ဖြစ်နေတာမျိုးတွေပေါ့နော်၊ အဲ့ဒါတွေ အများကြီး အခု ပြင်ဆင်ဖို့၊ ပြန်ပြီးတော့ ဟို ဖျက်သိမ်းဖို့ ပေါ့နော်၊ အသစ်ပြန်ဆွဲဖို့ ဒါမျိုးတွေ အများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့တော့ ပြောချင် တာကတော့ ဒီ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ရပ်ကနေပြီးတော့ ဂုဏ်သိက္ခာကို အမှန်တကယ် ကျဆင်းအောင်ပေါ့နော် ထုတ်ဖော်ပြောဆိုဖြန့်ဝေမှုကို ကျွန်မတို့က ဒီ အသရေဖျက်မှုနဲ့ပေါ့နော်၊ ကျွန်မတို့ အရေးယူလို့ရတယ်၊ တိုင်ကြားလို့ရတယ်၊ ဒါပေမယ့် အဲ့ဒီဟာသည်ပေါ့နော် ရာဇဝတ်မှုမဖြစ်ရဘူး၊ ဒါ civil case သာဖြစ်ရမယ်ပေါ့ဆိုတဲ့ဟာမျိုး ရှိတယ်ပေါ့နော်။ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုရင် ဒီ ကျွန်တော်တို့ ဒါ အမုန်းစကားဆိုတဲ့ဟာကို ပြည်သူတွေ နားလည်လွယ်အောင်ပေါ့နော်၊ ပြည်သူတွေ သတိထားမိတတ်အောင် ဘယ်လို ဆရာမရဲ့ အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီးတော့ အခုလက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ပြည်သူတွေ သတိထားသင့်တယ်လို့ ဆွေးနွေးအကြံပြု ချင်သလား။

 

Zee Pe –  ဟုတ်ကဲ့။ ဆိုတော့ ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာဆိုရင် ကျွန်မတို့ ထင်ထင်ရှားရှားမြင်ရတာဆိုလို့ရှိရင် ဘာသာရေးအထိကရုဏ်းဖြစ်အောင်လို့ လှုံ့ဆော်မှုတွေ ပေါ့နော်၊ အဲ့ဒီဟာက အဓိက ဟို ကျွန်မတို့ မြင်နေရတဲ့ဟာတွေပေါ့နော်၊ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေ၊ အဲ့ဒီကနေမှ ဆက်စပ်ပြီးတော့ အခြားသော ကျွန်မတို့ ဟို မကြိုက်နှစ်သက်တာတွေ၊ မနှစ်မြို့တာတွေ၊ တစ်ပါးသူ တစ်ဦးတစ်ယောက်ကို ပုံဖော်သွင်ပြင် ကို ဝေဖန်တာပဲဖြစ်ဖြစ်ပေါ့နော်၊ တိုက်ခိုက်တာပဲဖြစ်ဖြစ်ဆိုတဲ့ အရာမျိုးတွေ ကျွန်မတို့ ပေါ်လာတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့တော့ ပြောချင်တာကတော့ ခုနက ဒါက အမုန်း စကားမြောက်လား၊ မမြောက်လားဆိုပြီးတော့ ကျွန်မတို့က ကြည့်မယ်ဆိုလို့ရှိရင် ကျွန်မတို့က အွန်လိုင်းမှာပဲဖြစ်စေ၊ ဒီ အပြင်ပမှာပဲဖြစ်စေပေါ့နော်၊ ကျွန်မတို့ ကြားလိုက်ရတဲ့၊ မြင်လိုက်ရတဲ့ စကားလုံးသည်၊ စကားစုသည် အဲ့ဒီစကားစုသည် ကျွန်မတို့ အနောက်ကို တွေးလိုက်တဲ့ အခါမှာ ဟို လူမျိုးရေး အမုန်းပွားမှု ဖြစ်ပွားနိုင်လားပေါ့နော်၊ ပြီးလို့ရှိရင် လူမျိုးရေးကို အမုန်း ပွားမှုဖြစ်အောင်လို့ လှုံ့ဆော်တဲ့ စကားလုံးလားပေါ့နော်၊ ပြီးလို့ရှိရင် ဒါက ဒီ လူမျိုးရေး အကြမ်းဖက်မှု ကိုက်ဖြတ်ရန်ဖြစ်ပွားမှုကို ဖြစ်ပေါ်စေနိုင်တဲ့ စကားလုံးလား၊ စကားရပ်လား ဆိုတာကို ကျွန်မတို့အနေနဲ့က ချင့်ချိန်သင့်တယ်၊ မှန်းဆသင့်တယ်ပေါ့နော်။ ဆိုတဲ့ အဲ့လိုဟာမျိုးတွေပေါ့။ ဥပမာ ကျွန်မတို့ လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ ကုလား ဆိုတဲ့ အသုံးအနှုန်းပေါ့နော်၊ ဆိုတော့ ဥပမာ ဥပမာ ကုလားဆိုတဲ့ ဒါ လူမျိုးရေးအနေနဲ့ ဆိုလို့ရှိရင် ဒါက ဒီစကားကို မသုံးပါနဲ့၊ မကြိုက်ပါဘူးလို့ ပြောလို့ရှိရင် ဒါသည် အတွက် မကြိုက်ဘူး၊ မသုံးနဲ့ဘူး၊ အဲ့ဒါကို ကုလားက ဘာဖြစ်တယ်၊ ကုလား ဘယ်လိုဆိုပြီးတော့ ကျွန်မတို့က ပြောတဲ့အခါမှာ ဘာဖြစ်လဲ ဒါက စကားလုံးပဲ၊ တစ်ဦးတစ်ယောက်က ဒါကို မကြိုက်နှစ်သက်ဘူးလို့ ပြောတဲ့ဟာကို လက်မခံဘဲနဲ့ အဆင့်ထပ်ပြီး တိုးပြီးတော့ပေါ့နော်၊ ဒါက နဂိုထဲကရှိတာပဲဆိုတဲ့ ဟာမျိုးတွေပေါ့နော်။ အဲ့ဒီတော့ ကျွန်မတို့ အဲ့လိုဟာမျိုးတွေ ကနေပြီးတော့ နောက်ပိုင်း ဒါ ဘာသာရေးတွေပါလာမယ်၊ လူမျိုးရေးတွေ ပါလာမယ်ပေါ့နော်၊ ဆိုတဲ့ နောက်ဆက်တွဲ အထိကရုဏ်းတွေပါပဲပေါ့။ နောက်တစ်ခု ထင်သာမြင်သာဆိုလို့ရှိရင် အခြောက်ဆိုတဲ့ စကားပေါ့နော်။ ဒီလိုမျိုး အခြောက်ဆိုတဲ့စကားကို သုံးနှုန်းတာမျိုးကို LGBT community က ဒါကို လက်မခံဘူးဆိုလို့ရှိရင် ဒါ အသုံးမပြုရဘူး၊ အသုံးမပြုသင့်ဘူး၊ ဒါကို မပြောဆိုသင့်ဘူး။ အဲ့တော့ အဲ့ဒါသည် community တစ်ခုလုံးကို ဟို ထိခိုက်စေတယ်၊ နစ်နာ စေတယ်၊ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ဆိုတဲ့ ဟာမျိုးတွေပါ ဖြစ်သွားပြီပေါ့နော်၊ ဆိုတဲ့ အဲ့လိုအချက်တွေပေါ့၊ အဓိက ကျွန်မတို့ကို မြင်သာထင်သာ ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်၊ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ – အာ ဟုတ်ကဲ့၊ ဒီ အခုအချိန်မှာ တစ်ခု ကျွန်တော်တို့ သတိထားနေတဲ့ အခြေအနေ က ဆိုရှယ်မီဒီယာမှာပေါ့နော်၊ သတင်းမီဒီယာနာမည် အမျိုးမျိုးနဲ့ ပေ့ချ်တွေထောင်ပြီးတော့မှ သတင်းမီဒီယာ ကျင့်ဝတ်မရှိတာ၊ အထူးသဖြင့် ပြည်သူတွေအနေနဲ့ဆိုရင် သူတို့အများစု ကြည့်ချင်တဲ့ဟာက ဪ တစ်ခုခုဖြစ်နေပြီဆိုတဲ့ ဟာမျိုးပေါ့နော်၊ အထူးသဖြင့် လူတွေ စိတ်ဝင်စားအောင် ထောင်ထဲက ဟို ဒီနိုင်ငံတော်ခေါင်းဆောင်တွေ သေဆုံးသွားကြပြီဆိုတဲ့ ဟာမျိုး သတင်းတွေဖြန့်ပြီးမှ သတင်းတွေက ပျံ့သွားတဲ့ ပုံစံမျိုးမျိုးပေါ့နော်၊ ကျွန်တော်တို့ ပြိုင်ဖက် စစ်ကောင်စီက ဘယ်သူကတော့ သေဆုံးသွားပါပြီဆိုတဲ့ ဟာမျိုးတွေအပါအဝင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မဟုတ်မမှန် သူတို့အားပေးတဲ့အဖွဲ့ဟာမျိုးဘက်ကနေပဲ အကောင်းပြောပြီး တော့မှ တစ်ဖက်ဖက်ကို တိုက်ခိုက်တဲ့ဟာမျိုးဆိုရင် တော်တော်လေး များလာပါတယ်။ ဒီဟာမျိုးဆိုရင် တကယ့် mainstream media လို့ ကျွန်တော်တို့ခေါ်တဲ့ အသိုင်းအဝိုင်းထိပါ သက်ရောက်မှုအတိုင်းအတာတစ်ခုထိ ရှိလာတယ်၊ စစ်ကောင်စီအားပေးတဲ့ မီဒီယာနဲ့ တော်လှန်ရေးအားပေးတဲ့ မီဒီယာဆိုတဲ့ နှစ်မျိုးနှစ်စားပုံစံမျိုး ဖြစ်လာတဲ့နေရာမှာ မီဒီယာ အနေနဲ့ ကျင့်ဝတ်ရှိရှိ လုပ်ဆောင်မှုက တော်တော်လေး အားနည်းလာတဲ့ အနေအထားဖြစ် တယ်။ ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ သတင်းတွေ ရယူတဲ့အချိန်မှာ၊ သတင်းတွေ လေ့လာ ဖတ်ရှုတဲ့အချိန်မှာ ကျွန်တော်အမုန်းစကားဖြန့်နေတဲ့ သတင်းကို နားထောင်မိနေသလား၊ မဟုတ်မမှန် ဖြန့်ဝေတဲ့သတင်းတွေကို နားထောင်မိသလားဆိုတဲ့ ဟာမျိုးတွေကို သတိထား မိလာအောင် ဘာတွေ ပြည်သူတစ်ဦးချင်းဆီအနေနဲ့ အမြင်ရှိထားဖို့ လိုသလဲ၊ သိထားဖို့ လိုသလဲဗျ။

 

 

Zee Pe –  ကျွန်မတို့ အွန်လိုင်းစပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကျွန်မတို့ မြန်မာနိုင်ငံမှာ သုံးတဲ့ကာလကစပြီး ယနေ့အချိန်အထိက ကျွန်မတို့က အင်တာနက်ရှိရုံနဲ့ ကျွန်မတို့က ဟို ပေ့ချ်တစ်ခုထောင်လိုက်၊ ဟို မီဒီယာဖြစ်သွားလိုက်ပေါ့နော်၊ အဲ့ဒါတွေက အများကြီး ပွန်းလော ကျင်းလောပဲ။ ပြီးလို့ရှိရင် ဆရာခုနကပြောသလိုပဲ ကျွန်မကိုယ်တိုင်လည်း သတိထားမိတယ်၊ တချို့သော လိုကယ်မီဒီယာတွေမှာဆိုလို့ရှိရင်လည်း တချို့ မီဒီယာတိုက်ကြီးတွေတောင်မှ အခုလက်ရှိကာလမှာပေါ့နော်၊ ဒီ တော်လှန်ရေးကာလမှာ သတင်းတွေကပေါ့နော် မီဒီယာ ကျင့်ဝတ်နဲ့ မညီဘဲနဲ့ ရေးသားတာတွေ အများကြီးတွေ့ရတယ်ပေါ့နော်။ အဲ့ဒီဟာကတော့ ဒါက ဟို လိမ်လို့မရဘူးပေါ့၊ ကျွန်မတို့ ဟို မျက်ဝါးထင်ထင် မြင်ရတာ တွေ့နေရတာပဲပေါ့နော်၊ ဆိုတဲ့ဟာမျိုးပေါ့၊ အဲ့ဒါမျိုးတွေဆိုရင် ဒါက မီဒီယာမှာရှိရမယ့် ကျင့်ဝတ်နဲ့ မညီဘူးဆိုတဲ့ ဟာတွေကို ပြောလို့ရတယ်ပေါ့နော်။ ဆိုတော့ bias ပါနေတာမျိုးတွေလားပေါ့နော်၊ ဒါမျိုးတွေ ကအစပေါ့နော်။ ဆိုတော့ အဲ့ဒါက ဘာနဲ့သွားဆက်လဲဆိုတော့ သတင်းတု၊ သတင်းမှား ပေါ့နော်၊ အဲ့ဒါက ပြန်ပြီးတော့ ဟို ဒီ ကျွန်မတို့ hate speech ပေါ့နော်၊ ဒီ အမုန်းစကားနဲ့ပါ ပြန်ပြီးဆက်စပ်မှု ရှိသွားရော၊ သူက သတင်းအတုတွေ၊ သတင်းအမှားတွေကို ဖြန့်တယ်၊ အဲ့ဒီအနောက်က ဘာလိုက်လဲဆိုတော့ ဒီ ဝါဒဖြန့်ချိတာတွေပါ ပါလာတာမျိုးတွေ ရှိတယ်ပေါ့ နော်။ ကျွန်မတို့ ဟို အထင်ရှားဆုံးဆိုရင်တော့ ဒါက ဒီ မြန်မာစစ်တပ်ကလုပ်တဲ့ ချန်နယ်တွေ၊ ပေ့ချ်တွေကစပြီးတော့ပေါ့နော်၊ အဲ့ဒါကတော့ ဒါက ကျွန်မတို့ သေချာ ဒါက အရမ်းကိုကြီးမား တဲ့ အန္တရာယ်ဖြစ်စေတဲ့ စကားအထိ၊ အမုန်းစကားတွေပေါ့နော်၊ ဖြစ်လာနိုင်တယ်၊ ဒီ community တစ်ခုကို ဒုက္ခရောက်စေနိုင်တဲ့၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ဒါ ဖြစ်တဲ့ဟာ ပေါ့နော်။ ဒီ တော်လှန်ရေးကာလမှာဆိုလို့ရှိရင် ပထမတစ်ချက်ကကျတော့ ရည်ရွယ်ချက် မရှိဘူးပေါ့နော်၊ ရည်ရွယ်ချက်ဆိုတာကတော့ ဒါကတော့ သတင်းအတုပါ၊ တကယ်သတင်း အတု ဖြန့်နေတဲ့ ဟို ဒီလိုမျိုး celebrity လို၊ media တွေလည်း ရှိသလိုမျိုးပေါ့နော်၊ တကယ်လုပ်နေတဲ့ မီဒီယာအတိုင်းမှာလည်း သတင်းအမှားဖြစ်သွားတာပေါ့နော်၊ သတင်း အမှားဖြစ်သွားတာတွေလည်း အများကြီးရှိတယ်၊ ပြီးသွားလို့ရှိရင် သတင်းတင်ဆက်တာ၊ သတင်းရေးသားတာကလည်း သတင်းအက်တစ်နဲ့ပေါ့နော် မညီတဲ့ဟာမျိုးတွေလည်း ဟို ရှိတာမျိုးတွေပေါ့နော်၊ တွေ့ရတာမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီကနေပြီးတော့ သေချာတာတစ်ခုကတော့ ဒါ ကိုယ်ကနေပြီးတော့ ဝါဒဖြန့်ချိတဲ့ဘက်ကို မလိုက်ဖို့တော့ ကျွန်မတို့ အဓိက အရေးကြီးတယ်၊ ပြီးရင် နောက်တစ်ခုကတော့ ကျွန်မတို့မြန်မာနိုင်ငံမှာက အရင် ကျွန်မတို့ အာဏာမသိမ်းခင်အထိကပေါ့နော် media information literacy ပေါ့နော်၊ ဒီ မီဒီယာ ဟို တတ်ကျွမ်းမှုဟာက ကျွန်မတို့က အခုမှစပြီးတော့ ပညာပေးလုပ်နေတာတွေ အဲ့လို တွေ အခုမှစတုန်းပေါ့၊ အဲ့ဒီမှာမှ ဒီလိုမျိုး တော်လှန်ရေးကာလမျိုးဖြစ်သွားတော့ ပိုဆိုးသွားတဲ့ အနေအထားမျိုးမှာ ရှိတယ်ပေါ့၊ အဲ့တော့ ကျွန်မတို့က ဒီ မီဒီယာအတတ်ပညာပေါ့နော်၊ media information literacy က အရမ်းအားနည်းတယ်ပေါ့နော်။ အဲ့တော့ အရမ်းအားနည်း တယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က တက်လာတဲ့ သတင်းမှန်သမျှကို မယုံဘဲနဲ့ ဘယ်ဟာကတော့ သတင်းအတုဖြစ်နေလဲ၊ ဘယ်ဟာကတော့ သတင်းမှားဖြစ်နေလဲ၊ ပြီးလို့ ရှိရင် ကျွန်မတို့က အမြဲအရေး ဟို စစ်ဆေးဖို့ပေါ့နော်၊ စိစစ်ဖို့ လိုအပ်တယ်၊ verify လုပ်ဖို့ လိုအပ်တယ်ပေါ့နော်။ ဟို သတင်းပေ့ချ်တစ်ခုတည်းကို မကြည့်ဘဲနဲ့ပေါ့နော်၊ နှစ်ခု၊ သုံးခု ကြည့်သင့်တယ်၊ နှစ်ခု၊ သုံးခုမှာတက်ရင် ဘယ်ဟာကတော့ အမှန်ဖြစ်သင့်လဲ ဆို ဖြစ်လဲဆို တဲ့ဟာမျိုးပေါ့နော်၊ အဲ့လောက်ထိ ကျွန်မတို့က စိစစ်ဖို့ အရေးကြီးတယ်၊ ဒါကတော့ ဟို ကျွန်မတို့ လူထုကနေပြီးတော့ ဒီ သတင်းအမှန် ပေါ့နော်၊ စားသုံးနိုင်ဖို့အတွက် ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့အရာပေါ့နော်။ ကိုယ်ကိုယ်တိုင် သတင်းပေ့ချ်တစ်ခုတည်းကို မကြည့် နဲ့၊ ပြီးလို့ရှိရင် ပေ့ချ်တွေအများကြီးကြည့်၊ ပြီးလို့ရှိရင် ဒီပေ့ချ်က ပြောလိုက်တုန်း နှစ်ခု၊ သုံးခုက တက်လာရုံနဲ့လည်း မဟုတ်သေးဘဲနဲ့ အခြားဘယ်သူက ယုံကြည်ရတဲ့လူ၊ ကိုယ်နဲ့သိတဲ့လူ ဘယ်သူရှိလဲ၊ ဒါမျိုးကိုသွားပြီးတော့ ဆန်းစစ်တာမျိုး၊ စိစစ်တာမျိုးတွေ လုပ်ဖို့ ဟို လိုအပ်တယ် ပြည်သူလူထုအနေနဲ့။ နောက်တစ်ခုပေါ့ မီဒီယာတိုက်တွေ၊ ဒီ news room တွေအနေနဲ့ ကလည်း ကိုယ်ရေးလိုက်တဲ့ သတင်းကိုပေါ့နော်၊ သတင်းက ဒီ မြေပြင်မှာ ရှိတဲ့ သတင်းဟုတ်ရဲ့လားပေါ့နော်၊ တကယ်ဖြစ်နေတဲ့ဟာမျိုးလား၊ ဥပမာ အရေအတွက်ကို ထားပါ တော့၊ ကိုယ်က အဲ့ဒီမှာ သတင်းလိုက်နေတဲ့နေရာမျိုး ဟို ဖြစ်ပွားနေတဲ့နေရာတစ်ခုမှာ မဟုတ်ဘဲနဲ့ပေါ့နော်၊ ကိုယ်က ဒီကနေပြီးတော့ပဲ မှန်းပြီးရေးလိုက်တာမျိုး မဟုတ်ဘဲနဲ့ သေချာ လေ့လာပြီးတော့ verify ပေါ့နော်၊ သေချာစိစစ်တာမျိုး မှန်မှန်ကန်ကန်လုပ်ဖို့လည်း ဟို အရမ်းအရေးကြီးတယ်ပေါ့နော်။ အဲ့တော့မှသာ ကျွန်မတို့က တိကျမှန်ကန်တဲ့ ကျွန်မတို့ အချက်အလက်တွေထွက်ပြီးတော့ ကျွန်မတို့ ပိုပြီးတော့ လူထုဆီကိုပေါ့နော် သတင်းအချက် အလက် မှန်မှန်ကန်ကန်ပိုရောက်နိုင်လိမ့်မယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ လူထုက လက်ရှိမှာ ဒီ သတင်းမီဒီယာကိုပဲ၊ အွန်လိုင်းသတင်းမီဒီယာကိုပဲ အားကိုးပြီးတော့ သတင်း အချက်အလက် ရရှိတာမို့လို့ပေါ့နော်၊ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ – ကျွန်တော်တို့ အမုန်းစကားဆိုတဲ့ဟာကို နားမလည်ကြဘဲနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ဟာ လောက်ကနေ အမုန်းစကားကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာတို့၊ မသိဘဲ နဲ့ စောနက ဒါ သတင်းကျင့်ဝတ်တွေလည်း မသိ၊ နောက်ပြီးမှ ဒီဟာက တစ်ဖက်က ဘယ်လောက်ခံစားရမလဲဆိုတာ မသိဘဲနဲ့ ဖြန့်မိတဲ့ဟာတွေ ရှိသလို တစ်ဖက်မှာ ဒီမိုကရေစီ နိုင်ငံမှာ မွေးဖွားလာတဲ့သူတွေလို သူများတွေရဲ့ လွတ်လပ်စွာ ပြောဆိုမှုတွေကို အဲ့ဒါ လွတ်လပ်စွာ ပြောဆိုခွင့်ပါဆိုပြီးတော့မှ သဘောထားကြီးကြီး မနေနိုင်ဘဲနဲ့ ဒီအပေါ်မှာ ဒေါသထွက်ဖို့လွယ်တဲ့ ခင်းကျင်းဖြစ်နေတာပေါ့နော် ကျွန်တော်တို့ မြန်မာနိုင်ငံက။ ခေါင်းဆောင်တွေကိုယ်တိုင်က ဒါ လွတ်လပ်စွာ ပြောဆိုခွင့်ပါဆိုပြီးတော့မှ ငြိမ်မသွားတာပေါ့ ဟို ဘယ်နဲ့ ချက်ချင်းချက်ချင်း ပြန်တုံ့ပြန်တဲ့ဟာမျိုးတွေလည်း ရှိရှိနေတယ်ဆိုတော့ ဒီ အမုန်း စကားတွေကို သို့မဟုတ် ဒါ လွတ်လပ်စွာ ပြောဆိုခွင့်တွေကနေ အမုန်းစကား အလွယ် တကူဖြစ်သွားနိုင်တဲ့ နှုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ များတယ်လို့ ဆိုလို့ရမှာပေါ့နော်။ ဒီဟာကို ဘယ်လိုဟန့်တားရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲ၊ မထိန်းသိမ်းနိုင်ဘူးဆိုရင် တော်လှန်ရေးကိုရော ထိခိုက်နိုင်ခြေ အခြေအနေရှိလား၊ ဆရာမ ဘယ်လိုသုံးသပ်မလဲ။

 

Zee Pe –  ကျွန်မခုနကပေါ့နော် ဒီ အမုန်းစကားဆိုတာကတော့ ဘယ်လိုမျိုး၊ ဒီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ ဆိုတာဘာလဲ၊ သူ့ရဲ့ သွင်ပြင်လက္ခဏာတွေက ဘာတွေ ရှိလဲဆိုတာကို ကောင်းကောင်းသဘောပေါက်၊ နားလည်လို့ရှိရင်တော့ ဒီဟာတွေက ဟို မဖြစ်နိုင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ အမုန်းစကားနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်က အင်မတန်မှ နားလည်ရခက်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိရမယ်လို့ ပြောလိုက်တဲ့အခါမှာ ဒါ ဘာဖြစ်လဲ ဒါ ဒါ ငါ့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ပဲဆိုပြီးတော့ ပြောလို့မရဘူးပေါ့နော်။ အဲ့ဒီ အပေါ်မှာ ကျွန်မတို့က လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကျဆင်းဝါးလားဆိုတော့ အဲ့ဒါ ကြောင့်မို့လို့ ကျွန်မတို့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ပြောလို့ရှိရင် ကျွန်မတို့က ခုနက ဒီ အသရေဖျက်မှုတွေပါ ပါလာတယ်လို့ ပြောတာပေါ့နော်။ ဆိုတော့ ခုနက ကျွန်မ ဟို ထပ်မပြောလိုက်တဲ့ဟာ ရှိတယ်ပေါ့နော်၊ ခုနကပြောတဲ့ ကျွန်မ အသရေဖျက်မှုနဲ့ပတ်သက်ပြီး ရှင်းပြတဲ့အခါမှာလည်း သူ သူ့မှာ အသရေဖျက်မှုမှာလည်း သူမှာ ချွင်းချက်ရှိတယ်ပေါ့နော်။ ဟို ဥပဒေတွေနဲ့ ကျွန်မတို့က အရေးယူလို့ရတယ်ဆိုပေမယ့်လည်း သူ့မှာ ချွင်းချက်ရှိတယ်၊ ဘာ ချွင်းချက်လဲဆိုတော့ သူ့အဖွဲ့အစည်းမှာဆိုလို့ရှိရင် ဝေဖန်ပြောဆိုတဲ့အပေါ်မှာသည် အသရေ ဖျက်မှုနဲ့ တရားစွဲလို့မရတဲ့လူတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါ နိုင်ငံ နိုင်ငံတကာစံချိန်စံနှုန်းမှာလည်း သတ်မှတ်ပြီးသားဖြစ်တယ်ပေါ့နော်။ အဲ့ဒါ ဘယ်လိုလူတွေဆိုလဲဆိုလို့ရှိရင် နိုင်ငံခေါင်းဆောင် တွေပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်တွေပါမယ်၊ ဒီ အစိုးရမှာရှိတဲ့ ဒီ အဆင့်မြင့်အရာရှိ တွေပေါ့နော်၊ အဆင့်မြင့်အရာရှိအထက်တွေပါမယ်၊ ပြီးရင် အစိုးရဝန်ကြီးဌာနတွေပါမယ်၊ နိုင်ငံရေးသမားတွေ၊ ပရဟိတလုပ်တဲ့လူတွေ၊ ပြီးရင် လူထုကိုယ်စားပြုပြီး လုပ်နေတဲ့ ဒီ အရပ်ဘက်အဖွဲ့အစည်းတွေ ဒါမျိုးတွေ အကုန်ပါတယ်ပေါ့နော်။ ဒါမျိုးတွေကနေပြီးတော့ ပေါ့နော် သူတို့ကို အသရေဖျက်လို့ဆိုပြီးတော့ ပြောဆိုလို့ဆိုပြီးတော့ တရားစွဲဆိုပိုင်ခွင့် မရှိဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒါ ကျွန်မတို့က ဒီ ကောင်းမွန်တဲ့ အုပ်ချုပ်မှု တစ်ခုမှာဆိုလို့ရှိရင် ဒါတွေက လိုအပ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်၊ ဆိုတဲ့ဟာမျိုးပေါ့။ အဲ့တော့ ခုနက ဆရာ့မေးခွန်းကို ပြန်သွားရမယ်ဆိုလို့ရှိရင်တော့ ဒီ ကျွန်မတို့က ကိုယ်မကြိုက် နှစ်သက်တာလည်း ဖြစ်မှာပဲ၊ ကိုယ်မနှစ်မြို့တာလည်း ဖြစ်မှာပဲ၊ ဒါပေမယ့် အဲ့ဒီ မကြိုက်နှစ် သက်တာ၊ မနှစ်မြို့တာသည် လူမျိုးတစ်ခုလုံး၊ တစ်စုလုံးကို ကိုယ်စားပြုမှုဖြစ်နေလား၊ လူမျိုး တစ်ခုလုံးကို သွေးထိုးလှုံ့ဆော်မှုတစ်ခုဖြစ်နေလားဆိုတဲ့ပေါ့နော်၊ ကိုယ့်အဲ့ဒီစကားရပ်၊ စကားလုံးဆိုကပေါ့နော်၊ ဆိုတဲ့ဟာကိုပဲ ကျွန်မတို့က ကြည့်ရမှာပေါ့။ အဲ့တော့ ဘာနဲ့ပြန် ကြည့်လဲဆိုတော့ ကျွန်မတို့ ခုနကပြောတဲ့ အမုန်းစကားပေါ့နော်၊ အမုန်းစကားမှာပါတဲ့ ကျွန်မတို့ ဟို သတ်မှတ်ထားတဲ့ အဆင့်လေးခုရှိတယ်ပေါ့နော်၊ အဲ့လေးခုနဲ့ ကျွန်မတို့က ပြန်ချိန်ကြည့်ပြီးတော့ သတ်မှတ်လို့ရတယ်၊ ဆန်းစစ်လို့ရတယ်ပေါ့နော်။

 

ဆလိုင်း ဒိုခါရ်၊ – နောက်ဆုံးပိတ်အနေနဲ့ ကျွန်တော်မေးချင်တာက အခုအချိန်မှာ တော်လှန်ရေး ဦးဆောင်နေတဲ့သူတွေအနေနဲ့ တကယ့် ခေတ်ကောင်းကာလမှာတောင်မှ အမုန်းစကား ဆိုတာက ဥပဒေနဲ့ စနစ်တကျ ထိန်းရခက်တဲ့ဟာမျိုး ဖြစ်တယ်။ အခု တော်လှန်ရေး ကာလမှာဆိုတော့ ဒီအမုန်းစကားကို ထိန်းနိုင်ဖို့အတွက် ဥပမာ NUG အနေနဲ့ဖြစ်ဖြစ်၊ တခြား EAOs တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ဖြစ်ဖြစ် ပြည်သူတွေကို statement ထုတ်ပြန်ချက်ပဲဖြစ်ဖြစ်၊ လမ်းညွှန်ချက်တစ်ခုခု ထုတ်ပြန်ချက်ရွာအားဖြင့်ပဲဖြစ်ဖြစ် ထိန်းသိမ်း ဖို့သင့်ပြီလား။ ဘာဖြစ်လို့ဆိုရင်တော့ အာ စောနက ကျွန်တော်တို့ ရှမ်းမြောက်မှာလည်း အချင်းချင်းတိုက်ခိုက်မှုဖြစ်တာနဲ့ ဒီ တိုက်ခိုက်မှုကနေ လူမျိုးမုန်းပွားမှုက ချက်ချင်းစလာသလို ဖြစ်လာတယ်။ နောက် အစတုန်းက ကျွန်တော်တို့ ဒီ ရိုဟင်ဂျာရေးဟာမျိုးဆိုရင် တော်တော် များကို ပြည်သူအားလုံးက လက်ခံနိုင်လာတဲ့ အနေအထားဖြစ်တယ်၊ ဒါပေမယ့် အခုတ ဖြည်းဖြည်းမှာ ဒါ အမုန်းစကားပြောမှုတွေ များလာတဲ့အခါကျတော့ ရိုဟင်ဂျာရေးဆိုရင် ဘေးပြန်ရောက်နေတဲ့ဟာတွေ ရှိတယ်၊ ဆိုရှယ်မီဒီယာမှာ ဆိုတော့ ဒါတွေကို ထိန်းသိမ်းဖို့ အတွက် တော်လှန်ရေးအင်အားစုတွေဖက်မှာ ဒါ အမုန်းစကားတွေ အရမ်းမဖြစ်အောင် လမ်းညွှန်ချက်လေးပဲဖြစ်ဖြစ်၊ ဒါ ပြည်သူတွေကို တောင်းဆိုတဲ့ဟာမျိုးပဲဖြစ်ဖြစ် လုပ်သင့်ကြ ပြီလား။

 

Zee Pe –  အာ လက်ရှိမှာ အမုန်းစကားမသွားခင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျွန်မ အရင်ပြောချင်တယ်ပေါ့နော်။ ဆိုတော့ လက်ရှိမှာ ဒေသဆိုင်ရာမှာ ဒီ လက်ရှိမှာ အုပ်ချုပ်နေတဲ့ တာဝန်ယူထားတဲ့ပေါ့နော် ဒီ အဖွဲ့အစည်းအပြင် ဒီ NUG ရောပေါ့နော်၊ ဒါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာ၊ ကာကွယ်ပေးထားတဲ့ဟာမျိုး ဘာမှ မရှိဘူး၊ မတွေ့ရဘူးပေါ့နော်။ ဘာကြောင့်လဲဆိုလို့ရှိရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတာတွေပဲ ကျွန်မတို့ လက်ရှိမှာ တွေ့နေရတယ်။ ဘာကြောင့်လဲဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကို ပြောမလား၊ ကန့်သတ်ထားတဲ့ ဒေသတွေအချို့ရှိတယ်၊ နောက်တစ်ခုက ဒီ ယန္တရားကို ဝေဖန်တာ၊ ပြောဆိုတာ ဒါမျိုးတွေကို တစ်နည်းတစ်ဖုံပေါ့နော် ဒီ ကန့်သတ်နေ တာတွေ၊ အဆင့်ဆင့်ပေါ့နော် ဒီ အုပ်ချုပ်ရေးပိုင်း ဒီ သေးသေးလေးကအစလို့ အဆင့်ဆင့် ပေါ့နော်၊ ဒါ ဝေဖန်တာ၊ ကန့်သတ်တာမျိုးတွေ တွေ့ရတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့တော့ ပထမတစ်ချက်အနေနဲ့ကတော့ ဆွဲနေတဲ့ ချာတာပဲပြောပြော၊ ဒါမှမဟုတ် ဒီ ဒေသဆိုင်ရာမှာရှိတဲ့ ဒီ ပဋိညာဉ်တွေမှာပဲပြောပြောပေါ့နော်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နဲ့ပတ်သက်ပြီးတော့ အပြည့်အဝကာကွယ်ပေးဖို့၊ အပြည့်အဝ လေးစားလိုက်နာဖို့ လိုအပ်တယ်ပေါ့နော်။ ဒါ အဲ့တော့မှသာ ဒီ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ခုကို ဝေဖန်ပိုင်းခြား နိုင်ပြီးတော့ ဒီ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ခုကို ကျွန်မတို့ လျှောက်လှမ်းသွား နိုင်မယ် ပေါ့နော်။ ဆိုတော့ ဘာလို့လဲဆိုတော့ ကျွန်မတို့အရှေ့မှာလည်း သာဓကတွေ အများကြီးရှိတာ ပဲပေါ့နော်၊ ဒါ ထုတ်ဖော်မှုတွေကို ဒါ ဖမ်းဆီးတာမျိုးတွေ၊ ကန့်သတ်တာမျိုးတွေ၊ စာတွေနဲ့ ထုတ်ပြန်တာမျိုးတွေ ဒါတွေက လုံးဝမလုပ်သင့်တဲ့ အရာတွေပဲပေါ့နော်။ ဆိုတဲ့ အဲ့ဒီဟာတစ် ခုပေါ့။ နောက်တစ်ခုကတော့ ကျွန်မတို့ အမုန်းစကားပေါ့နော်၊ အမုန်းစကားနဲ့ပတ်သက်ပြီး တော့မှ ကျွန်မတို့က ဒါ ဒါ တော်လှန်ရေးကာလမို့ဆိုပြီး ကျွန်မတို့က လွှတ်ထားလို့ရတဲ့ အနေအထား မဟုတ်ဘူးပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံက ရှေးခေတ် အဆက်ဆက်မှာက ဒီ အမုန်းစကားနဲ့ပတ်သက်ပြီးတော့ ဝါဒဖြန့်ချိတာတွေ၊ မြန်မာစစ်တပ် ကစပြီး လုပ်လာတဲ့ဟာက ဟို အရမ်းကိုစွဲနေတဲ့အရာတစ်ခုပေါ့နော်၊ အဲ့လိုမျိုး ဟာမျိုးတွေ ဆိုတော့ အဲ့ဒါကို အရမ်းကိုသေချာဂရုစိုက်သင့်တယ်၊ သေချာလေ့လာသင့်တယ်၊ ပြီးသွား လို့ရှိရင် အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြိုတင်ကာကွယ်ရမလဲပေါ့ဆိုတဲ့ဟာမျိုးတွေ ဟို အခုက တည်းကပေါ့နော် စပြီးတော့ စဉ်းစားသင့်တယ်၊ ပေါ်လာသင့်တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါနဲ့ တစ်ပြိုင်တည်း ဟုတ်ပြီ ဒီကာလမှာ ဒါမျိုးတွေကို ဘာစလုပ်လို့ရလဲဆိုတော့ ကျွန်မတို့ ပညာပေးတွေ အများကြီးလုပ်လို့ရတယ်။ ကျွန်မတို့အရှေ့မှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက် ပြီးတော့ ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်တွေကအစလို့ ဥပမာယူပြီးတော့ပေါ့နော်၊ ကျွန်မတို့ အများကြီး ကျွန်မတို့ ပညာပေးလုပ်ငန်းတွေ လုပ်လို့ရတယ်၊ ပညာပေးလုပ်ငန်းမှာဆိုလို့ရှိရင် ပညာပေးအစီအစဉ်တွေ၊ အွန်လိုင်းကပဲဖြစ်ဖြစ်ပေါ့နော်၊ ဒါမျိုးတွေ အများကြီး ကျွန်မတို့ စပြီးတော့ လုပ်လို့ရတယ်၊ ဒါပေမယ့် အခုဒီနေ့ဒီအချိန်အထိ ဒါမျိုးတွေ ကျွန်မတို့ ဟို တွေ့နေရတာ မရှိဘူးပေါ့နော်။ ဟုတ်ကဲ့။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ ဒါ ဆရာမ အခုလို ကျွန်တော်တို့ကို အချိန်အများကြီးပေးပြီးတော့မှ အင်တာဗျူးကို ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Zee Pe –  ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဆရာ၊ ဟုတ်။