အယ်ဒီတာ့အာဘော်
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့
မြန်မာနိုင်ငံ တော်လှန်ရေးအလွန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အလွန်အဖြေရှာရခက်မည့် နိုင်ငံရေး ရှုပ်ထွေးမှုတွေ ကြုံရနိုင်တယ်ဆိုတာ အားလုံးသတိထားမိကြပြီး ဖြစ်ပါသည်။ သို့သော် လက်နက်အားကိုးပြီး ကိုယ်ကျိုးစီးပွားသာ ရှာနေကြတဲ့ စစ်ခေါင်းဆောင်များမရှိတော့မည့် အခင်းအကျင်းရောက်ပါက ပိုမို လွယ်ကူသော အပေးအယူနှင့် အားလုံးမျှော်မှန်းသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ရန် လွယ်ကူမည်ဟု ယုံကြည်ကြပါသည်။ ထိုသို့မဟုတ်ဘဲ စစ်ကောင်စီပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာပါက လုံးဝ ရလဒ်ကောင်းထွက်နိုင်မှာ မဟုတ်တာမို့ နိုင်ငံတကာ ဖိအားရှိခဲ့သည်ဖြစ်စေ လက်ခံရခက်မည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီးတစ်ခုဖြစ်သော KNU ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ဤယုံကြည်ချက်တွေဟာ မှန်ကန်ပြီး လက်တွေ့ကျတယ်ဟု မိမိကိုယ်တိုင် အပြည့်အဝယုံ ကြည်မိပါသည်။ ထို့အပြင် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် စစ်တပ်အား နိုင်ငံရေးမှာ မပါဝင်စေရန် အရေးပါသော အခွင့်အလမ်းဖြစ်သည်ဟု တော်လှန်ပြည်သူများနှင့်အတူ ခေါင်းဆောင်များလည်း ယုံကြည်နေကြသည်။ ဤသို့သော ယုံကြည်ချက်များ၊ မျှော်လင့်ချက်များနှင့် တိုင်းပြည်အနာဂတ် ဖော်ဆောင်လိုသည့် ဆန္ဒတွေဟာ လက်တွေ့အခြေအနေ ပေါ်မူတည်သည်ဟု ဆိုနိုင်ပြီး တစ်ဖက်မှာလည်း လက်တွေ့အခြေအနေ ဆိုတာမျိုးသည် အချိန်အတိုင်း အတာတစ်ခုမှာ ပြောင်းလဲနေတတ်သည်။ လက်ရှိတော်လှန်ရေး ၄ နှစ်တာကာလကို ပြန်ကြည့်မည် ဆိုရင်လည်း တစ်နှစ်နှင့်တစ်နှစ် လက်တွေ့မြေပြင်အခြေအနေ အကြီးအကျယ် ပြောင်းလဲနေခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ သို့သော် သတိထားရမည့်အချက်မှာ တော်လှန်ရေး အင်အားစုဘက်အတွက် အခွင့်သာစေတဲ့ လက်တွေ့အခြေအနေများနှင့်သာ ကြုံတွေ့ခဲ့ပြီး စစ်ကောင်စီဘက်ကို အခွင့်သာစေတဲ့ လက်တွေ့အခြေအနေ နည်းခဲ့သည်မို့ “အကယ်၍ စစ်ကောင်စီဘက်ကသာ အခွင့်သာသော လက်တွေ့အခြေအနေကို ပိုင်ဆိုင်ခဲ့ရင်” ဆိုတဲ့ အတွေးမျိုးနှင့် အမြဲတမ်း ကိုယ့်ကိုယ်ကို သတိပေးကာ အချင်းချင်း နိုင်ငံရေး၊ စစ်ရေးလွန်စွဲပွဲမှာ အလွန်အကျွံ မဖြစ်ကြရန် အလွန်အရေးပါသည်ဟု ယူဆမိပါသည်။
“အချင်းချင်းကြား ဖြစ်ပွားသော ပြဿနာမှာ လက်နက် အင်အားအသုံးပြုကာ ဖြေရှင်းခြင်းဖြစ်ပြီး အများစုကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တွေ့နေရပါသည်”
အကြောင်းရင်းမှာ လက်ရှိ အခြေအနေအရ စစ်ကောင်စီသည် မြန်မာ့ငလျင်ဘေးကို အကြောင်းပြုပြီး နိုင်ငံတကာအစိုးရ တချို့မှ နိုင်ငံကိုယ်စားပြု အစိုးရသဖွယ် ဆက်ဆံလာသည်နှင့်အမျှ စစ်ကောင်စီ အဖွဲ့ဝင်များအကြား စိတ်ပိုင်းဆိုင်ရာ ခွန်အားရလာကြပြီး အချင်းချင်းပိုမိုညီညွတ်ကာ အဆုံးတိုင် လက်နက် အားကိုကာ အာဏာဆက်ကိုင်မည့် အနေအထားမှာ ရပ်တည်ချက် ပိုမိုခိုင်မာလာကြသည်။ တစ်ဖက်မှာ တော်လှန်ရေး အင်အားစုအကြား နယ်မြေသိမ်းပိုက်မှု ပိုမိုကျယ်ပြန့်လာသည်နှင့် အမျှ ခေတ်အဆက်ဆက် ပထဝီနယ်မြေ ကိစ္စအပါအဝင် အုပ်ချုပ်ရေးနယ်မြေနှင့် နိုင်ငံရေးကိစ္စရပ်များမှာ အမြင်မတူမှုများကြောင့် လွတ်မြောက်နယ်မြေအတွင်း အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားနေမှုများကို လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများမှာ မကြာခဏ မြင်တွေ့မှုများလာတာကြောင့် တော်လှန်ပြည်သူများ စိတ်ထိခိုက်မှု များပြားလာသည့် ကာလဖြစ်ပြန်သည်။
ဤသို့သော အချင်းချင်းပဋိပက္ခသည် နိုင်ငံရေးစနစ်သစ်ကို ဦးတည်သည့် ကာလဖြစ်သောကြောင့် မဖြစ်မနေရင်ဆိုင်ရမည့် ပြဿနာဆိုသည်ကို နိုင်ငံတကာ ပညာရှင်များနှင့် အများပြည်သူက လက်ခံကြပေမယ့် အလွန်စိတ်ရှုပ်ထွေးဖွယ် ကောင်းသည့်အချက်မှာ အချင်းချင်း ပဋိပက္ခဖြေရှင်းသည့် ပုံစံဖြစ်သည်။ ၎င်းမှာ အချင်းချင်းကြား ဖြစ်ပွားသော ပြဿနာမှာ လက်နက် အင်အားအသုံးပြုကာ ဖြေရှင်းခြင်းဖြစ်ပြီး အများစုကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တွေ့နေရပါသည်။ ထို့သို့လက်နက် အင်အားအသုံးပြုကာ ပြဿနာအဖြေရှာတတ်သော အကျင့်ကြောင့် နောက်ဆက်တွဲအားဖြင့် နယ်မြေတချို့သည် စစ်ကောင်စီလက်အောက်မှ လွတ်မြောက်လာကြချိန်တွင် ပြည်သူများ အေးချမ်းစွာနေနိုင်ခြင်းမရှိ စစ်ဘေးထပ်ရှောင်ခြင်းနှင့် အချင်းချင်းအနိုင် မကျင့်ရလေအောင်ဆိုကာ လူငယ်များအား မတရားစစ်မှုထမ်းစေခြင်း များလည်းရှိလာပါသည်။ ဤသို့ မတရားစစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ပြဌာန်းမှုကြောင့် လူငယ်များစွာ ဒုက္ခရောက်နေကြချိန်တွင် စစ်ကောင်စီလက်ထဲမှ လွတ်မြောက်ပြီးသော နယ်မြေများ ဆက်လက်ထိန်းချုပ်နိုင်ရန် ဆိုသောရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်တချို့မှ လူငယ်များအား စစ်မှုထမ်းခိုင်းသည်မှာ လက်တွေ့အခြေအနေအရ လက်ခံပေးနိုင်မှု မြင့်မားနေသော်လည်း အချင်းချင်းအနိုင်မကျင့်ရန် သီးသန့်အင်အား တည်ဆောက်နေကြသော လုံးဝလက်ခံ နားလည်ပေးရန် ခက်ခဲသော လုပ်ရပ်များဖြစ်သည်။
ဤသို့ အပြန်အလှန်ရန်ရှာမှုမှ ကင်းရန် လူအင်အား၊ လက်နက်အင်အားစုစည်းမှုဟာ ခေါင်းဆောင်များမှ သမိုင်းအမှားများထဲက သင်ခန်းစာမယူတတ်ခြင်းဟု ယူစရာဖြစ်သည်။ အကြောင်းရင်းမှာ နိုင်ငံတစ်ခု၏ စစ်တပ်အင်အား သိန်းချီကို အသုံးပြုပြီး ပြဿနာမှန်သမျှ စစ်အင်အားအသုံးပြု ဖြေရှင်းတတ်မှုကြောင့် မြန်မာ့တပ်မတော်ကို အပြီးတိုင်ဖြုတ်ချဖို့ ကိုယ်တိုင် လက်နက်ကိုင် လာသူတွေက “အာဏာမှန်သမျှ လက်နက်ပြောင်း”ကနေ ဆင်းသက်လာတဲ့ဆိုတဲ့ အတွေးဖြင့် အချင်းချင်း ပြဿနာကိုပင် လက်နက်အင်အား အသုံးပြုမှုသည် လုံးဝလက်ခံစရာ မဟုတ်ပေ။ ထို့ကြောင့် ဤသို့သော ပြဿနာများကို ရှောင်ရှားနိုင်ရန် နည်းလမ်းမှန်သမျှရှာဖွေကြရန် လိုအပ်နေပြီဖြစ်သည်။ လက်ရှိ အခြေအနေအရ အချင်းချင်း ပြဿနာကို အများဆုံးရင်ဆိုင်နေရသည့် နယ်မြေများကိုကြည့်မည်ဆိုပါက နိုင်ငံရေး စုစည်းမှုအားနည်းသော နယ်မြေများဖြစ်ကြသည်။ ထို့အပြင် လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာကို နောက်ဆုံး နိုင်ငံရေးနည်းနှင့် အဖြေရှာမရတာကြောင့် လက်နက်ကိုင်ဖြေရှင်းကြသည်။ ဤအချက်နှစ်ခုကို ကြည့်ခြင်းအားဖြင့် အချင်းချင်းမညီမညွတ်ဖြစ်စေမှုသည် နိုင်ငံရေးအရ စုစည်းညီညွတ်မှုအားနည်းချက်နှင့် ပြဿနာ အဖြေရှာရာမှာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းကို တဝင်တကျယ် အသုံးမချနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိစစ်ကောင်စီအနေနဲ့ နိုင်ငံတကာအစိုးရများမှ အသိအမှတ်ပြုသဖွယ် ဆက်ဆံလာသည့် အားကိုယူကာ အချင်းချင်းညီညွတ်မှုတည်ဆောက်ပြီး မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေကို သူ့တို့အတွက် အခွင့်အလမ်းသာအောင် ကြိုးပမ်းလာမှုကို တန်ပြန်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံရေးအရ စုစည်းမှု အားကောင်းအောင်ကြိုးပမ်းပြီး နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီညီ အချင်းချင်းညီညွတ်ရေး တည်ဆောက်ကာ မိမိတို့အတွက် အခွင့်အလမ်းသာနေတဲ့ လက်တွေ့အခြေအနေကို ထိန်းထားပြီး အဆုံးတိုင် တော်လှန်နိုင်ဖို့ရန် ကြိုးပမ်းဆောင်ရွက်ခြင်းသာ ဖြစ်သည်။