မေးမြန်းသူ- RAIN, Program Host
ဖြေဆိုသူ- အဆိုတော် မင်းလူ
RAIN- ဆရာမင်းလွန်ရဲ့ အနုပညာအစပြိုးတဲ့ပုံစံလေး ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်းနဲ့ စတင်ပေးပါဦးရှင့်။
အဆိုတော် မင်းလူ – ကျွန်တော်ကတော့ Min Lun ပေါ့နော်။ လက်ရှိမှာတော့ တော်လှန်ရေးထဲမှာပဲ အဲလိုလုပ်နိုင်တဲ့ ကဏ္ဍကနေပြီးတော့ လုပ်နိုင်တာတွေ လုပ်နေတယ်ပေါ့နော်။ အဓိကလူတွေ ကျွန်တော့်ကို သိကြတာကတော့ သီချင်းရေး၊ သီချင်းဆိုတဲ့ပေါ့နော်။ တော်တော်များများ သိတာဆိုရင်တော့ “Generation” ဆိုတဲ့သီချင်း ပေါ့နော်။ အဲ့သီချင်းနဲ့ သိကြတာရှိတယ်။ အစ်မပြောသလိုပေါ့နော်၊ အနုပညာဆိုတဲ့ စကားလုံးကြီးနဲ့တော့ ကိုယ့်ကိုယ်ကိုယ်တော့ မသုံးရဲဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့စပြီးတော့ ဒီ music စလုပ်တဲ့ အချိန်ကတော့ ၂၀၁၇-၁၈ ပေါ့နော်။ အဲ့ဒီပတ်ဝန်းကျင်မှာ ကျွန်တော့်အသက် ၁၆၊ ၁၇၊ ၁၈ ပေါ့နော်။ အဲဒီဝန်းကျင်လောက်ကနေ စပြီးတော့ music စလုပ်ဖြစ်တယ်။ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဝါသနာပါတဲ့ ဒီ music ကို ကိုယ်တစ်နိုင်တစ်ပိုင် လုပ်တယ်ဆိုတဲ့ ဟာမျိုးလောက်နဲ့ပဲ စလုပ်ဖြစ်တယ်ပေါ့။ နောက်ပိုင်း ကျတော့ ဒီအာဏာသိမ်းမှုတွေ ဖြစ်လာပြီးတော့ ကျွန်တော်တို့ ဆန္ဒပြ ဘာညာနဲ့ ထောင်ကျ၊ ပန်းကျတွေပေါ့နော်။ ကျွန်တော် ပြန်ထွက်လာတဲ့အချိန်မှာ ဒီခေတ်အခြေအနေအရ ဖန်တီးဖို့ ဖြစ်လာတဲ့ အဲဒီသီချင်း တစ်ပုဒ်ကို ကျွန်တော်အရင်ကလုပ်နေကျတဲ့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာတစ်ခု၊ လူငယ်တစ်ယောက် music လုပ်နေတဲ့ လူငယ်တစ်ယောက် အထူးသဖြင့် rap music ကိုယ်လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ပွင့်လင်းလွတ်လပ်စွာနဲ့ ပေါ့နော် ခေတ်ကိုထင်ဟပ်မယ် လို့လည်း ကိုယ့်ကိုယ်ကိုယ်ယူဆပြီး အကြောင်းအရာ တစ်ခုတည် ပြီးတော့ လုပ်ဖြစ်ရာကနေ ဒါနည်းနည်းကြီးထွားပြီးတော့ လူတွေ သတိထားပြီးသွား တာပေါ့နော်။ အဲ့နားလောက်ကနေပဲ အခုမင်းလွန်ဆိုတဲ့ဟာမျိုး လူတွေပိုသိလာတာပေါ့။ ဟုတ်ကဲ့။
RAIN- ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဆရာဒီတော်လှန်ရေးကာလ အတွင်းမှာ ဆရာ၏ အနုပညာဖန်တီးမှုများကနေတဆင့် ပေါ့နော် ဘယ်လိုရပ်တည်ချက်တွေကို အဓိက ထုတ်ဖော်ပြီးတော့ ပြသချင်တာလဲပေါ့လေ။ ဒီလိုရပ်တည်ချက်တွေကို ပုံဖော်တဲ့ခါမှာ ဆရာ့အနေနဲ့ ဘယ်လို အခက်အခဲတွေနှင့် ရင်ဆိုင်ခဲ့ရပါသလဲရှင့်။
အဆိုတော် မင်းလူ– ပထမဆုံးပေါ့နော်၊ ကျွန်တော်တို့က ဘယ်လိုရပ်တည်ချက်နဲ့ ဒီအနုပညာကို ထုတ်လဲဆိုတော့၊ ကျွန်တော်တို့ဖန်တီးတဲ့သီချင်းတွေ၊ music တွေ လူငယ်တစ်ယောက် အနေနဲ့၊ ဟိုအချစ်သီချင်း ကောင်းကောင်းလေးတို့၊ အဲ့လိုပျော်ရွှင်စရာတို့ အဲ့လိုမျိုးတွေ ကျွန်တော် သီချင်းတွေထဲမှာ သိပ်တွေ့ရလေ့ရှိမှာ မဟုတ်ဘူးပေါ့နော်။ ကျွန်တော့်ရဲ့ အနုပညာပဲ ထားပါတော့၊ ဒီဖန်တီးမှုတွေထဲမှာ သတ်တဲ့ဖြတ်တဲ့အကြောင်းတွေ၊ မှောင်နေတဲ့ အကြောင်းတွေ၊ အမှောင်အမှောင်ကမ္ဘာထဲမှာ ရောက်နေတဲ့အကြောင်းတွေ၊ သွေးထွက်သံယို ဖြစ်နေတဲ့အကြောင်းတွေ၊ သွေးသံရဲရဲနဲ့ ဒီအူတွင်းကလီစာတွေ ထွက်ကျနေတဲ့အရသာမျိုးတွေ၊ အဲ့လိုပုံစံတွေပဲများတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ပြနေတဲ့၊ ကျွန်တော်တို့အော်နေတဲ့ အရာ ဘာလဲဆိုတော့၊ ကျွန်တော်တို့ ဒါတွေဖြစ်နေတယ်ပေါ့။ ကျွန်တော်အရင်တစ်ခါထဲ ဟိုတစ်ခါတုန်းကလေ အင်တာဗျူး တစ်ခုမှာ ပြောဖူးတယ်ပေါ့နော်။ ကျွန်တော်တို့ဒီနောက်ပိုင်း music လုပ်နေတဲ့ ဒီတော်လှန်ရေးထဲက လူငယ်တော်တော်များများရဲ့ သီချင်းတွေက ဟိုအနုပညာ၊ ဟိုဒီဖျော်ဖြေရေး မဟုတ်တော့ဘူး။ ဖျော်ဖြေရေးဆိုတဲ့ဟာကို အရမ်းကြီးမသွားတော့ဘူး။ ဟိုဘာနဲ့ တူလဲဆိုတော့ ကျွန်တော်တို့က သမိုင်းကို record လုပ်ထားသလို ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့သီချင်းတွေကို နောင်လာမယ့် generation မျိုးဆက်သစ်တွေက နားထောင်လို့ရှိရင် ကျွန်တော်တို့ဘာတွေဖြတ်သန်းခဲ့တယ်ဆိုတာကို သူတို့ သိနိုင်မယ်ပေါ့။ ဒါတွေက မှတ်တမ်းအဖြစ်နဲ့ ကျွန်တော်တို့ချန်ထားလို့ရခဲ့သလောက် ကျွန်တော်တို့ ချန်ထားခဲ့တယ်။ ဒါတွေကိုကြည့်ပြီးတော့ ဒီသီချင်းကိုနားထောင်ပြီးတော့ ကျွန်တော်တို့ ဘာတွေဖြတ်သန်းခဲ့တယ်ဆိုတာ သူတို့သိနိုင်တယ်ပေါ့နော်။ ဒါဒီဟာတွေ ဘာတွေရှိတယ်လေ အဓိကပေါ့။ ဘာလဲဆိုတော့ လက်ရှိကာလမှာကျွန်တော်တို့က ကျွန်တော်တို့ လုပ်နိုင်တဲ့၊ ကျွန်တော်တို့ပေးနိုင်တဲ့ ရှိသမျှအရာအားလုံးပေါ့နော်။ ကျွန်တော်တို့ ပုံပေးပြီးတော့ ဒီတော်လှန်ရေးမှာပါဝင်တဲ့လုပ်ကိုင်နေတယ်။ ဒါပေမဲ့ အသီးအပွင့်တွေတော့ ကျွန်တော်တို့စားရဖို့ဆိုတာ သိပ်မသေချာဘူး။ ကျွန်တော်တို့ မျိုးဆက်ကလေ။ ဆိုတော့ ကျွန်တော်တို့မျိုးဆက်ကတော့ ဒါအသီးကို စိုက်ပျိုးတဲ့ မျိုးဆက်ပေါ့နော်။ အဲ့တာဆိုတော့ ဒီအသီးအပွင့်စားသုံးမယ့် နောင်လာနောက်မျိုးဆက် တွေက ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတစ်ခုကို သူတို့ဒီသီချင်းလေး၊ ဒီအနုပညာထုတ်ကုန်တွေ၊ ဒါကျွန်တော် music လုပ်တဲ့သူမဟုတ်ဘူးပေါ့နော်။ ပန်းချီဆွဲတဲ့သူကလည်း သူ့ပန်းချီထဲကနေတဆင့်၊ ဟိုရုပ်ရှင်ရိုက်တဲ့သူဆိုရင်သူ့ရုပ်ရှင်က သူ့ရဲ့ရုပ်ရှင်တွေကတဆင့် မြင်ကွင်းတွေ၊ ခေတ်အခြေအနေကို သူတို့မြင်နိုင်၊ သူတို့ကြားနိုင်မယ်၊ သူတို့ခံစားနိုင် မယ်ဆိုရင် သူတို့ရထားတဲ့အသီးအပွင့်တွေက လွယ်လွယ်ကူကူ ဖြစ်ခဲ့တာမဟုတ်ဘူး ဆိုတာကို သူတို့နားလည်လက်ခံမယ်ဆိုရင် ဆိုတဲ့စိတ်စေတနာပေါ့နော်။ အဲ့ဒီခံယူချက် တွေနဲ့ပဲ ကျွန်တော်တို့ဒီဟာတွေကို လုပ်ဖြစ်နေတာပေါ့။ အဲ့ဒါဘယ်လို အခက်အခဲတွေ ရှိလဲဆိုတော့ ဟိုနှစ်ချက်ပေါ့နော်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပေါ့။ ရုပ်ပိုင်းဆိုင်ရာ ကျွန်တော်တို့ ထားပါတော့၊ ဥပမာပြောပြရရင် မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် ကျွန်တော် music လုပ်တဲ့လူတစ်ယောက်၊ အဲဒီလိုအခြေအနေတစ်ခုမှာ ကျွန်တော်သီချင်း လုပ်ချင်တယ်။ ဘယ်မှာလဲ music instrument? ဘယ်မှာလဲစတူဒီယို? စသဖြင့်ပေါ့နော်။ ဒီလို physical အခက်အခဲတွေက အစပေါ့။ ဒါမြင်သာတဲ့ဟာလေးတွေကို ပြောပြတာပေါ့နော်။ တချို့ကျွန်တော်တို့ လုပ်ရတဲ့အပိုင်းတွေမှာဆိုရင်တောင် လွတ်လွတ်လပ်လပ် မရှိတဲ့အခြေအနေတွေ၊ အခက်အခဲတွေ၊ ဟိုပစ္စည်းပစ္စယ အခက်အခဲတွေ၊ အချိန်၊ ငွေ၊ နေရာ အများကြီးပါ ပဲပေါ့နော်။ ဒါတွေက အတော်လေး အနုပညာလုပ်နေတဲ့ လူတိုင်းကြုံနေရတဲ့ အခက်အခဲတွေပါ။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာပေါ့နော်။ စိတ်ပိုင်းဆိုင်ရာကျတော့ ဘာလဲဆိုတော့ ကျွန်တော်တို့ အသက်အရွယ်မှာ တကယ်တော့ဖြစ်သင့်တာ၊ နှစ်ဆယ်ကျော်ဆိုတဲ့ အသက်အရွယ်တစ်ခုက ကျွန်တော်တို့ သီချင်းတွေလုပ်ကြမယ်ဆိုရင် အဲဒီလိုကောင်မလေးက ဘယ်လောက်လှတယ် ဆိုတဲ့အကြောင်းတွေ၊ အချစ်ဆိုသည်မှာဆိုတဲ့အကြောင်းတွေ၊ ဒါတွေကျွန်တော်တို့ဆိုသင့်၊ ရေးသင့်တယ်ဗျာ။ ဒါတွေကျွန်တော်တို့ present လုပ်သင့်တာပေါ့နော်။ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံအရပေါ့။ အခုကဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့နိစ္စဓူဝ ကျွန်တော်တို့ မနက်ထလာတဲ့ဟိုတစ်ချက် ကြည့်လိုက်တယ်။ ဟာ ဟိုမှာတော့ ဘယ်သူသေပြန်ပြီ၊ စကစဘယ်နေရာဗုံးကြဲလိုက်လို့ကွာ၊ ကလေးတွေရော၊ အပူတွေထွက်လာ၊ ခေါင်းတွေပျက်တယ်ပြီးတော့၊ အားကိုယ့်ဘယ်တပ်ရင်းက ကိုယ့်ဘော်ဒါ ဘယ်ကောင်ကတော့ ကျသွားပြန်ပြီ၊ ဘယ်ရဲဘော်ကတော့ ကျသွားပြန်ပြီ၊ ဘယ်ရဲဘော် ကတော့ အဖမ်းခံလိုက်ရပြန်ပြီဆိုတဲ့ တစ်နေ့တစ်နေ့ ဒီမရိုးနိုင်သော၊ မပြီးဆုံးနိုင်သေးသော အနိဋ္ဌာန်ရုံ ဒီအနာတရတွေနဲ့ ကျွန်တော်တို့နိုးထလာတယ်။ ညအိပ်ရင် ဒီအိပ်မက်ဆိုး တွေလည်း ကျွန်တော်တို့အိပ်ရတယ်။ ဟိုအဲ့လိုမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေ တစ်ခုမှာ ကျွန်တော်တို့မှာ ရှင်းသန့်ကြည်လင်သော အနုပညာထုတ်ကုန် တစ်ခုထုတ်နိုင်ဖို့ဆိုတာ တော်တော်ကြီးကိုမလွယ်တဲ့ကိစ္စပေါ့နော်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ထုတ်သမျှလူတွေရဲ့ ထုတ်ကုန်တိုင်းမှာ စစ်ရဲ့စစ်ပွဲရဲ့အနိဋ္ဌာရုံနဲ့ ကင်းလွတ်တဲ့ အကြောင်းအရာတွေ မရှိသလောက်ပဲ။ ဥပမာ အချစ်သီချင်းဆိုရင်တောင်မှ ထားပါတော့၊ အချစ်ရေး ကမ္ဘာကြီးကပျက်နေပြီပေါ့နော်။ ငါတို့ဘာဆက်လုပ်ရမလဲဆိုတဲ့ပုံစံမျိုးတွေ၊ အနုပညာ ထုတ်ကုန်တွေကို ခံစားရမယ့် audience ရဲ့အမြင်မှာပါ။ ကျွန်တော်တို့က ကြည့်လိုက်တိုင်း အမြဲတမ်းစိတ်မချမ်းမြေ့စရာ၊ စိတ်ညစ်စရာ၊ စိတ်ဒဏ်ရာကို ပိုပြီးတော့ ပေးမယ့်ဟာမျိုးတွေပဲ များလာတဲ့အခါကျတော့ အမှန်တော့ ကျွန်တော်တို့လည်း ဒါတွေ မလုပ်ချင်တော့ဘူး။ ကျွန်တော်လည်းတော်တော်ပင်ပန်းတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ok music တစ်ခုဖန်တီးတယ် ထားပါတော့၊ သီချင်းတစ်ပုဒ်စာရေးမယ်ဆိုပြီး တည်လိုက်တာနဲ့ စစချင်းဖြစ်လာတာ၊ ကျွန်တော်တို့သူပုန်ဆိုတဲ့ စကားလုံးတွေ၊ အကြမ်းဖက်ဆိုတဲ့ စကားလုံးတွေ၊ သတ်ဖြတ်ဆိုတဲ့စကားလုံးတွေ၊ အဲဒီစကားလုံးတွေ ကလည်း ကျွန်တော်တို့ရဲ့နားတွေနဲ့ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာစီးဝင်နေတော့ ဒီအကြောင်းအရာက ကျွန်တော်တို့ဘယ်လိုမှ သွေဖယ်ပြီးတော့ဘာမှကို ဖန်တီးလို့မရတဲ့ အခြေအနေပေါ့။
RAIN – ဟုတ်ကဲ့ပါ။ ဒီတော်လှန်ရေးကာလအလွန်မှာပေါ့နော်၊ ဆရာမျှော်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ပုံစံကဘယ်လိုဖြစ်မှာလဲ။ အဲ့ဒီဆရာမျှော်လင့်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပုံစံသစ်မှာရော ဒီအနုပညာနှင့်အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကိုရော ဆရာဘယ်လိုများ မြင်ချင်လဲပေါ့လေ။
အဆိုတော် မင်းလူ– ဘယ်သူမဆို လူသားတစ်ဦးရဲ့ ဖြစ်ရိုးဖြစ်စဉ် evolve ဖြစ်ရမယ်။ အားလုံးစနစ်တကျနဲ့ ကြီးပြင်းခွင့် ရစေချင်တယ်။ ဆယ်ကျော်သက်ဆိုရင် ဆယ်ကျော်သက်အလျောက် အမှားတွေ ပဲလုပ်မယ်။ ကောင်းတာလည်းရှိမယ်၊ မကောင်းတာလည်းရှိမယ်။ နှစ်ဆယ်ကျော်ဆိုရင် နှစ်ဆယ်ကျော်နဲ့ကိုက်ညီတဲ့ အလွဲတွေရှိမယ်၊ အမှားတွေရှိမယ်၊ ကောင်းတာတွေလည်း နည်းနည်းရှိမယ်။ သုံးဆယ်ကျော်လည်း သုံးဆယ်ကျော်အလျောက် စသဖြင့်ပေါ့နော်။ သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ သူ့ရဲ့ဝန်ထုတ်ဝန်ပိုးတွေ၊ သူ့ရဲ့တစ်ဗိုလ်စာ အတ္တတွေ၊ တကိုယ်စာမာနတွေ၊ တကိုယ်စာအလွဲတွေ၊ တကိုယ်စာအမှားတွေ၊ အပြစ်တွေနဲ့ စနစ်တကျလေးနဲ့ evolve ဖြစ်စေချင်တယ် ပေါ့နော်။ နောက်တစ်ခုက ဒီနိုင်ငံတစ်ခုမှာ ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကို ကြည့်ဖို့ သိရဖို့အတွက် ဒီအနုပညာ ပေါ်မှာ သူတို့ ဘယ်လောက်ထိ တန်ဖိုးထားတယ်၊ ဒီအနုပညာရပ်တွေမှာ ဘယ်လောက်ထိ သူတို့တည်ဆောက်ထားတယ် ဆိုတဲ့ဟာတွေ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က ဒီနိုင်ငံတစ်ခုရဲ့ ရေချိန်ကို အများကြီးခန့်မှန်းလို့ရတယ်ပေါ့နော်။ အဲ့ဒီအချက် တစ်ခုတည်းနဲ့တင် ဒီအနုပညာကဏ္ဍဘယ်လောက်အရေး ပါလဲဆိုတာ အားလုံးလည်း သိတယ်။ အခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံထဲကထွက်လာတဲ့ အနုပညာထုတ်ကုန် ကြည့်ရင် အားလုံးသိတဲ့အတိုင်းပဲ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ရုပ်ရှင်ဆိုလည်း ရုပ်ရှင်အလျောက်၊ Music ဆိုလည်း Music အလျောက်၊ မြန်မာနိုင်ငံမှာရှိတဲ့ ကဏ္ဍပေါင်းစုံ အားလုံးက အနုပညာအားလုံး ပျက်စီးသွားတယ်လို့ပဲ ပြောရတော့မယ်ပေါ့နော်။ လုံးဝ ပျက်စီးသွားတယ်။ အဲဒီကြားထဲမှာ တကယ်အရည်အသွေးပြည့်ဝတဲ့ artist တွေ မပေါ်လာဘူးလား၊ နောက် Generation အသစ်တွေမရှိဘူးလားဆိုတော့ မဟုတ်ဘူး၊ ရှိတယ်။ ဒါပေမယ့် တစ်ရာမှာ ၉၉ ယောက်လောက်က သိတယ်မလား၊ ငပေါဖြစ်နေတဲ့ချိန်မှာ ကျန်တဲ့တစ်ယောက်က ဘယ်လောက်ပဲ ကောင်းချင်ကောင်းချင် (၉၉) ယောက်ကို သူလွန်ဆန်ဖို့ ခက်လိမ့်မယ်။ အဲ့ဒီဥပမာအတိုင်းပေါ့။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံက လုံးဝရစရာမရှိတဲ့ အခြေအနေဖြစ်သွားပြီပေါ့။ ဆိုတော့ နောက်လာမယ့် အနာဂတ် မြန်မာနိုင်ငံပေါ့နော်၊ အဲဒီအခြေအနေမှာတော့ ကျွန်တော်တို့မျှော်လင့်တယ်။ ကျွန်တော်တို့ ကလေးငယ်လေး တစ်ယောက်ကနေ စပြီးတော့ မူလတန်းဆိုရင် မူလတန်းအလျောက်၊ အလယ်တန်းဆိုရင် အလယ်တန်းအလျောက်၊ အနုပညာယဉ်ကျေးမှုတွေ၊ Art နှင့်သက်ဆိုင်တဲ့ အတွေးအခေါ်တွေ၊ Ideology တွေ အများကြီး ကျွန်တော်တို့မျှော်လင့်တယ် ပေါ့နော်။ ဒီအရာတွေက ကျွန်တော်တို့ စိတ်နှလုံးသား၊ စိတ်ဝိဉာဉ်တွေပေါ်မှာ အများကြီး လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ကျွန်တော်တို့ယုံကြည်တယ်၊ မျှော်လင့်စိတ်ကူးယဉ် ထားတယ်ပေါ့နော်။ အဲ့လိုပဲပြောရမယ်ပေါ့။
ဒီဖက်က ကျွန်တော့်ရဲဘော်တွေနဲ့ ပြောနေ ကျွန်တော်စကားတစ်ခုရှိတယ်။ အဲ့ဒါက ကျွန်တော်တို့သည် ဒီငရဲထဲကို ကျေကျေနပ်နပ်နဲ့ ခုန်ဆင်းခဲ့ကြပြီးပြီ။ ဆိုတော့ ပူတယ်ပူတယ်လို့ ငြီးကြနေမယ်ဆိုရင်တော့ အဲ့ဒါ ကိုယ့်ခံယူချက်အပေါ် ကိုယ်မခိုင်မာတာပဲ။ အဲ့လိုပဲ ကျွန်တော်တို့က တွက်တယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ နိုင်တဲ့အထိ သို့မဟုတ် သေတဲ့အထိပဲ။ အဲ့ဒီနှစ်ခုပဲရှိတယ်။ ကျွန်တော်တို့မှာ တကယ်ရင်ထဲက ရှိတဲ့စကားပါ။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ ဆရာ့ရဲ့ ဒီတော်လှန်ရေးကာလအတွင်းမှာပေါ့နော်၊ ဆရာရဲ့ အနုပညာဖန်တီးမှု လမ်းကြောင်း၊ လှုပ်ရှားမှုနဲ့ အခြားသော တော်လှန်ရေးအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီးမှ လုပ်ဆောင်တဲ့ခါမှာ ရင်ဆိုင်ခဲ့ရတဲ့ အဓိကစိန်ခေါ်မှုဆိုရင်ကော ဘာများဖြစ်မလဲ။ ဒီစိန်ခေါ်မှုတွေ ရင်ဆိုင်တဲ့အခါမှာရော ဆရာ့အနေနဲ့ ဘယ်လိုတွေ ရင်ဆိုင်ကျော်လွှားလဲ ဆိုတာလေးကိုလည်း ဆရာ့ရဲ့အတွေ့အကြုံလေး မျှဝေပေးပါဦးရှင်။
အဆိုတော် မင်းလူ– ကျွန်တော် ကျွန်တော့်တစ်ဗိုလ်စာအနေနဲ့ ပြောမယ်ဆိုရင်၊ ဒီနယ်မြို့လေးတစ်မြို့မှာ ကြီးပြင်းလာတဲ့ တိုင်းရင်းသားတစ်ယောက်ပေါ့နော်။ ကူကီးတိုင်းရင်းသားလေး တစ်ယောက်ပေါ့နော်။ ဒီအာဏာသိမ်းမှုမဖြစ်ခင်မှာ ကျွန်တော့်မြို့ကနေပြီးတော့ ဘယ်မှ မရောက်ဖူးဘူး။ ဘယ်နေရာကိုမှ ရန်ကုန်၊ မန္တလေးဆိုတာ အဝေးကြီးပဲ၊ မရောက်ဖူးဘူး။ အဲ့ဒီနေရာမှာ ရှိတဲ့လူတွေနဲ့ ထိတွေ့ဆက်ဆံ၊ အလုပ်လုပ်ဖို့ဆိုတာ အဝေးကြီးပဲ။ ဒါပေမယ့် ဒီအာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ခေတ်ကပေးတဲ့အခြေအနေအရ ကျွန်တော်ဒီဖက်ကို နယ်စပ် တစ်နေရာကို ရောက်လာတယ်။ ဒီနေရာမှာဆိုရင်ဗျာ၊ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ရန်ကုန်က လူလည်းရှိမယ်၊ မန္တလေး ဘာညာအဲ့လို၊ အိန္ဒိယနယ်ကလူတွေလည်းရှိမယ်။ အဲ့မှာ ပညာရှင်တွေ ပေါင်းစုံပေါ့နော်။ ရုပ်ရှင်နယ်ပယ်နဲ့ ပတ်သက်တဲ့သူတွေ၊ ရုပ်ရှင်နယ်ပယ် အလျောက်၊ Music နဲ့ပတ်သက်တဲ့သူတွေ၊ တကယ့် Music ကျောင်းတွေကနေ စနစ်တကျနဲ့ Education ကောင်းကောင်းနဲ့ ရောက်လာတဲ့သူတွေပေါ့နော်။ အဲ့လိုလူတွေ တော်လှန်ရေးထဲ ပါလာတော့လည်း ကျွန်တော်တို့ အများကြီးဂုဏ်ယူတယ်ဗျာ။ ဒါပေမယ့် တစ်ဖက်က ကျတော့ ဒီလိုလူတွေနဲ့ ထိတွေ့ပြီးတော့ အလုပ်လုပ်ရတဲ့အချိန်မှာ အခက်အခဲက ဘာလဲဆိုတော့ ကျွန်တော်တို့က သူတို့နဲ့ အလုပ်လုပ်တဲ့ခါတိုင်းမှာ ဝန်ပိသလိုဖြစ်တာပေါ့။ ဝန်ပိသလို ဖြစ်လာတဲ့ခါကျတော့ ကျွန်တော်တို့က စနစ်တကျနဲ့ Music နဲ့ပတ်သက်လို့ စနစ်တကျ သင်ကြားလာတဲ့သူတွေ မဟုတ်ဘူး။ ဒီလိုပဲ ဘုရားကျောင်းကနေ တစ်တစ နားထောင်နေတဲ့ music တွေကနေ၊ ဟိုတစ်ဒီတစ် ကိုယ့်သူငယ်ချင်းတွေနဲ့၊ ဂီတာတီးတတ်တဲ့ ကောင်တွေ၊ ဂီတာတီး၊ Piano တီးတတ်တဲ့ ကောင်တွေ၊ Piano တီးစသဖြင့်ပေါ့။ ဟိုလိုလို ဒီလိုလိုနဲ့ မြင်ဆရာ၊ ကြားဆရာတွေနဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်တို့တွက်ကျတော့ ဒီလို စနစ်တကျနဲ့ Academically သင်ယူလာတဲ့သူတွေ မဟုတ်ဘူး။ ကျွန်တော်တို့မှာ Art Work တစ်ခုကို ဖန်တီးဖို့တွက် မတူညီတဲ့ ရှုထောင့်တွေ အများကြီးရှိတယ်။ အဲ့လိုနေရာတွေ မှာတော့ ကျွန်တော်တို့မှာ အများကြီးချိန်ဆတာတွေ ရှိတာပေါ့နော်။ စကားပြောတဲ့ အပိုင်းတွေ၊ ညှိနှိုင်းတဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဓိကဘာလဲဆိုတော့ ဘယ်လိုပဲ ကျွန်တော်တို့ နောက်ခံ background တွေ မတူညီပါစေ၊ ကြီးပြင်းလာတဲ့ အဝင်းအဝိုင်းတွေ ကွဲပြားနေပါစေ၊ လူမျိုးတွေ၊ ဘာသာတွေ၊ ယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ မတူညီနေပါစေ၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက် တစ်ခုတည်းမှာပဲ ရှိနေတဲ့ခါကျတော့ ဘာပဲ ဘယ်လိုပဲပြဿနာ၊ ဘယ်လို အခက်အခဲ ရှိရှိပေါ့နော်၊ ကျွန်တော်တို့ တိုင်တိုင်ပင်ပင်နဲ့ အောင်အောင်မြင်မြင်နဲ့တော့ လုပ်ကိုင်ဖြစ်တာ များတယ်ပေါ့နော်။ ကတောက်ကဆတွေဆိုတဲ့ဟာ လူ့အဖွဲ့အစည်းမှာ ထူးမှမထူးဆန်းတာ။ လူဆိုတာ ကိုယ့်တစ်ယောက်ထဲတောင် မနက်နဲ့နေ့လယ် မတူဘူးပေါ့လေနော်။ အပြောင်းအလဲတွေရှိတတ်တယ်၊ အနိမ့်အမြင့်တွေရှိတတ်တယ်။ ဒီကာလဆို ပိုဆိုးတာတော့ စိတ်အတက်အကျတွေ မြန်ကြတဲ့ကာလတွေပေါ့။ စိတ်တွေ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ ပြဿနာဆိုတာတော့ အမြဲတမ်းတော့ ရှိကြတာပဲနော်။ ဒါပေမယ့် အဲ့ဒါတွေကို အဓိကမထားဘဲနဲ့ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကို အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် ပြီးဆုံးဖို့အတွက် ငြင်းခုံသင့်ရင်လည်း ငြင်းခုံကြတာပဲ၊ ရန်ဖြစ်သင့်ရင်လည်း ရန်ဖြစ်ကြတာပဲ။ ဒါပေမယ့် ကျွန်တော်တို့က ရန်ဖြစ်တယ်ဆိုတိုင်း ရန်သူတွေ မဟုတ်ကြဘူးနော်။ အဲ့လိုတွေနဲ့ပဲ အဲ့ဒီစိတ်တွေနဲ့ပဲ ကျွန်တော်တို့ ကျော်ဖြတ်တယ်။ ရလဒ်ကောင်းတွေကိုလည်း ဒီကာလမှာ အများကြီးတွေ့ရပါတယ်။
RAIN – ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဒါကတော့ ဆရာ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့မှ တော်လှန်ရေးမှာ ဆရာ့ရဲ့ပါဝင်မှုတွေကို တစ်စေ့တစ်စောင်း ပေါ့နော် မေးမြန်းဆွေးနွေးသွားတာဖြစ်ပါတယ်။ ဒါနဲ့ အခုချိန်မှာတော့ လူငယ်နဲ့ အမျိုးသမီးရဲ့ ကဏ္ဍတွေကို အနည်းငယ် မေးမြန်းသွားချင်ပါတယ်။ ဆိုတော့ ကျွန်မတို့ ဒီတော်လှန်ရေးမှာ အဓိကအဖြစ် လူငယ်တွေကနေပြီးတော့မှ ကဏ္ဍမျိုးစုံမှာ ပါဝင်နေတာကို တွေ့ရတယ်။ ဆိုတော့ ဆရာ့အနေနဲ့ ဒီတော်လှန်ရေးမှာ လူငယ်များနှင့် အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနှင့်ပါဝင်မှု အပိုင်းကိုပေါ့နော် ဘယ်လိုမျိုး ရှုမြင်သုံးသပ်သလဲ။ သူတို့ရဲ့ ဦးဆောင်ပါဝင်မှု၊ သူတို့ရဲ့ အခန်းကဏ္ဍတွေကရော ဟို ကျွန်မတို့ရဲ့ အနာဂတ် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ ဘယ်လိုမျိုးသက်ရောက်နိုင်သလဲလို့ ဆရာ သုံးသပ်ပါသလဲ။
အဆိုတော် မင်းလူ – အရှိတိုင်း မြင်ကြည့်လိုက်မယ်ဆိုရင်ဗျာ၊ ဒီတော်လှန်ရေးအောင်ဖို့အတွက် စစ်ကိုနိုင်အောင်တိုက်ဖို့လိုတယ်။ စစ်ပွဲမှာ တကယ်တမ်းရှေ့တန်းမှာ တိုက်နေတဲ့သူက ဘယ်သူတွေလဲ ဆိုရင် ယောကျ်ားတွေ။ အဲ့ဒီယောကျာ်းတွေရဲ့နောက်မှာ ထောက်ပို့ကူညီမယ့် ပါရမီဖြည့်ဖက် ရှိတာနဲ့မရှိတာနဲ့ အများကြီးကွာခြားတယ်။ ကမ္ဘာမှာဆိုရင်လည်း အဲ့လိုပါပဲ။ ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်နိုင်တဲ့ ပညာရှင်တွေ၊ အနယ်နယ်အရပ်ရပ်က ပညာရှင်တွေ၊ အဲ့ဒီပညာရှင်တွေရဲ့ နောက်ကွယ်မှာ သူတို့ကို ဖေးမကူညီတဲ့ အမျိုးသမီးတွေက ရှိနေတာပဲ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တာတွေ ယောကျ်ားတွေပဲ။ ဒါပေမယ့် ဒီယောကျားတွေကို ပြောင်းလဲပစ်နိုင်တာသည် အမျိုးသမီးတွေပဲ။ ဆိုတော့ ဘယ်လိုမှ ကျွန်တော်တို့ ဒီချိတ်ဆက်မှု၊ ဆက်နွယ်ထားမှုအပေါ်မှာ ဘုရားကပဲ ကျွန်တော်တို့ကို သတ်မှတ်ပေးထားတယ် ပဲပြောပြော၊ သဘာဝတရားကြီးကပဲ ကျွန်တော်တို့ကို ဒီလိုဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်ပဲပြောပြော၊ ဒါဟာ ကျွန်တော်တို့ ငြင်းလို့မရတဲ့ အမှန်တရားပဲပေါ့နော်။ ဒီတော်လှန်ရေးကာလမှာလည်း ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့မှာ အမျိုးသား၊ အမျိုးသမီးဆိုပြီးတော့ ကျွန်တော် မမြင်ဘူး။ နောက်ထပ် LGBTQ ဆိုတဲ့ကိစ္စတွေပေါ့နော်၊ အဲ့ဒါတွေကို ကျွန်တော်တို့က အဲ့လိုမမြင်တော့ဘူး။ မင်းဘာမင်းဘာဖြစ်ဖြစ်၊ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ သိတယ်မလား၊ LGBTQ ဘာညာဖြစ်ဖြစ်၊ အဓိက မင်းရဲ့တော်လှန်ရေးခံယူချက်က ဘာလဲ။ မင်းရဲ့တော်လှန်ရေး ခံယူချက်က ကောင်းတယ်၊ မိုက်တယ်၊ အားကျနေတယ်ဆိုရင် ငါတို့နဲ့ပေါင်းလို့ရတယ်ဆိုတဲ့ ရှုထောင့်နဲ့ပဲ ရှုတာများတယ်ပေါ့နော်။ တော်လှန်ရေးပေါ်မှာ သူထားတဲ့ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့လုပ်ဆောင်ရည်၊ အဲ့ဒါတွေကသာ ကျွန်တော်တို့အတွက် အဓိကဆိုတာ နောက်ပိုင်းတော့ ပိုပြီးတော့ သိသာလာတယ်ပေါ့နော်။ ခြုံပြီးတော့ ပြန်ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်စွမ်းဟာလည်း အမျိုးသားထက် မများရင်တောင်မှ အမျိုးသားလောက်တော့ မနည်းဘူးလို့ခြုံပြီးတော့ပဲ ပြောချင်တယ်။ ယောကျာ်းတစ်ယောက် ဘယ်လောက်ပဲ သန်မာနေတယ်ပြောပြော၊ ဘယ်လောက်ပဲ မိုက်နေတယ်ပဲပြောပြော၊ ချစ်တဲ့သူ့ကောင်မလေး နောက်ရောက်ရင်တော့ ကလေးတစ်ယောက်လို ဖြစ်သွားတာပဲလေနော်။ ဆိုတော့ ဒီလောက်ဆိုမြင်သာမယ်လို့ထင်တယ်။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ ကျွန်မတို့ ဒီတော်လှန်ရေးလုပ်နေတဲ့ခါ ကျွန်မတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တုံ့ပြန်မှု၊ ပါဝင်မှုကလည်း အရေးကြီးတဲ့ ကဏ္ဍမှာပါဝင်နေတယ်ပေါ့နော်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဒီတော်လှန်ရေးအပေါ်မှာ တုံ့ပြန်မှုတွေကိုရော ဆရာ ဘယ်လိုမျိုး သုံးသပ်လဲပေါ့နော်။ ပြီးတော့ ဒီဘယ်နိုင်ငံရဲ့ ဆောင်ရွက်ချက်ကိုရော ဆရာ အားအရဆုံးဖြစ်မလဲ။
အဆိုတော် မင်းလူ – အားလုံး ထင်သာမြင်သာရှိတာနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့လက်ရှိ အိမ်နီးနားချင်း နိုင်ငံတွေက တော်လှန်ရေးအင်အားစုတွေပေါ်မှာ သိပ်တော့ Fine မနေဘူးလို့ ခြုံပြီးတော့ ပြောရမှာပေါ့နော်။ ၁၀၂၇ နောက်ပိုင်းဆိုရင် ပိုသိသာတယ်ဗျာ။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအပေါ်မှာ ပြောတဲ့စကားတွေ၊ နိုင်ငံတကာရဲ့ အထူးသဖြင့် အိမ်နီးချင်းတွေပေါ့၊ အာဆီယံနိုင်ငံတွေသော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံတွေ သော်လည်းကောင်း၊ သူတို့ရဲ့ လေသံ၊ တုံ့ပြန်လာမှုတွေက ပြောင်းလဲလာတယ်ပေါ့နော်။ အရင်တုန်းက အာ စကစမှ စကစ၊ စကစမှ စကစ ဆိုတဲ့ အနေအထားကနေပြီးတော့ စကစလို့လည်း မသုံးတော့ဘူး။ တော်လှန်ရေး အင်အားစုထဲကပဲ အသုံးအနှုန်းတွေကအစ သိသာလာတယ်။ ဒါက ကျွန်တော်တို့ အင်အားစုတွေထဲကို အဲ့ဒီအိမ်နီးနားချင်းတွေက တအားချစ်လို့ တော့မဟုတ်ဘူး။ ဒါအရှိတရားပဲ။ ရှေ့မှာပေးဆပ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေ၊ ကျွန်တော်တို့ ပေးဆပ်ခဲ့တဲ့ energy တွေ၊ အချိန်တွေ၊ အင်အားတွေ၊ ကျွန်တော်တို့ ခံယူချက်တွေ၊ ဒါတွေရဲ့အသီးအပွင့်တွေပဲလို့ ကျွန်တော်တို့ ခံစားရ တယ်ပေါ့နော်။ လေသံတွေ ကာလတွေ ပြောင်းလဲလာတာရှိတယ်။ နောက်ဆုံး စကစကို ထောက်ခံပါတယ် ဆိုရင်တောင်မှ စကစနဲ့ deal ဖြစ်တယ်၊ စကစနဲ့ အဆင်ပြေတယ်လို့ ထင်ရတဲ့ အိမ်နီးနားချင်းနိုင်ငံတွေတောင်မှ အခုနောက်ပိုင်းဆို လေသံတွေက သိသိသာသာ ပြောင်းလာတာကို ကျွန်တော်တို့ သတိထားမိလာတယ်ပေါ့နော်။
RAIN– ဟုတ်ကဲ့ပါ။ ဆိုတဲ့ခါကျတော့ ပြည်သူတွေနဲ့ အထူးသဖြင့် နိုင်ငံတကာပေါ့နော်၊ အိမ်နီးချင်းနိုင်ငံတွေကို ဆရာ့ရဲ့ တော်လှန်ရေးမျှော်မှန်းချက်နဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လိုသတင်းစကားတွေ ပါးချင်ပါသလဲရှင်။
အဆိုတော် မင်းလူ– ကျွန်တော်တို့အားက မတူညီတဲ့ ခေါင်းစဉ်တွေ၊ မတူညီတဲ့ အဝင်းအဝိုင်းတွေ၊ မတူညီတဲ့ လူမျိုးဘာသာ ဘာညာပေါ့နော်။ မတူတဲ့နေရာကနေ အကုန်လုံးကနေ ကျွန်တော်တို့က ဆင်းသက်လာတယ်။ ဒီနေရာတစ်ခုမှာ ဆုံတယ်။ ဒီကနေ ကျွန်တော်တို့ သွားရမယ့် ပန်းတိုင်သည် တူညီနေတယ်ဆိုရင် ကျွန်တော်တို့မှာ ပြဿနာ ပေါင်းစုံလည်း ရှိမယ်၊ အခက်အခဲ ပေါင်းစုံလည်းရှိမယ်။ ကတောက်ကဆဖြစ်ရတာတွေ၊ ရန်ဖြစ်ရတာတွေလည်း ရှိမယ်။ အခန့်မသင့်ရင် တစ်ယောက်နဲ့တစ်ယောက်ထထိုးမတပ် ဖြစ်တာတွေလည်း ရှိမယ်။ ဒါပေမယ့် အဓိကနဲ့သာမညပေါ့နော်။ ဘယ်ဟာသည် အဓိကကျတယ်၊ ဘယ်ဟာသည် သာမညဆိုတာကို သေချာခွဲခြားပြီးတော့ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ သွားနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ပန်းတိုင်ကို အမြန်ဆုံးနဲ့ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ရောက်မှာပေါ့နော်။ အဲ့ဒါသည်လည်း ကျွန်တော်တို့ အတွက် အဓိကဖြစ်တယ်ဆိုတာကို မမေ့စေချင်ဘူး။ ပင်ပန်းတာတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပင်ပန်းလာတယ်။ ကျွန်တော်တို့မှမဟုတ်ဘူး၊ အားလုံးပါပဲ။ ဒီတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကဏ္ဍပေါင်းစုံ၊ ထောက်ပို့ဆိုရင်လည်း ထောက်ပို့အလျောက်၊ စစ်သားဆိုရင်လည်း စစ်သားအလျောက်၊ အများကြီးလေ။ တော်လှန်ရေး Influencer တွေဆိုရင်လည်း အဲ့ဒီအလျောက် အများကြီးပဲ။ ပင်ပန်းကြတယ် စိတ်တွေက ၄ နှစ်ကျော် ၅ နှစ်ဆိုတော့ အချိန်တစ်ခုက ရုတ်တရက်ဖြစ်ရင်တော့ ဘာမှ မကြာသလိုဆိုပေမယ့် ဝန်အကြီးကြီး ထမ်းထားတဲ့ သူတွေအတွက်ကျတော့လည်း ဒါကြီးက တော်တော်ကြာတယ် လေနော်။ ပင်လည်းတော်တော်ပင်ပန်းလာကြပြီး။ အဲ့ဒါကိုလည်း နားလည်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီဖက်က ကျွန်တော့်ရဲဘော်တွေနဲ့ ပြောနေ ကျွန်တော်စကားတစ်ခုရှိတယ်။ အဲ့ဒါက ကျွန်တော်တို့သည် ဒီငရဲထဲကို ကျေကျေနပ်နပ်နဲ့ ခုန်ဆင်းခဲ့ကြပြီးပြီ။ ဆိုတော့ ပူတယ်ပူတယ်လို့ ငြီးကြနေမယ်ဆိုရင်တော့ အဲ့ဒါ ကိုယ့်ခံယူချက်အပေါ် ကိုယ်မခိုင်မာတာပဲ။ အဲ့လိုပဲ ကျွန်တော်တို့က တွက်တယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ နိုင်တဲ့အထိ သို့မဟုတ် သေတဲ့အထိပဲ။ အဲ့ဒီနှစ်ခုပဲရှိတယ်။ ကျွန်တော်တို့မှာ တကယ်ရင်ထဲက ရှိတဲ့စကားပါ။ ကျွန်တော်တို့ တစ်ဗိုလ်စာပေါ့နော်။ အနာဂတ်အတွက် လူငယ်တစ်ယောက်ရဲ့ ဘဝတိုးတက်မယ့် လမ်းကြောင်းဆိုတဲ့ ကိစ္စတွေ၊ တိုးတက်ရာတိုးတက်ကြောင်းကိစ္စတွေ ကျွန်တော်တို့မှာ အဲ့လောက်လည်း အများကြီးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မျက်စိရှေ့မှာ သေသွားတဲ့ ရဲဘော်တွေလည်း မနည်းတော့ဘူး။ သူတို့လည်းဖြစ်ချင်မှာ ပဲလေ။ ပြောချင်တာက ကျွန်တော်တို့ လူငယ်တစ်ယောက်ရဲ့ အကောင်းဆုံးသော အချိန်တွေမှာ အကောင်းဆုံးသော အခွင့်အလမ်းတွေနဲ့ တက်လှမ်းချင်တာ ကျွန်တော်တို့ တက်လှမ်းချင်သလို သူတို့လည်း တက်လှမ်းချင်မှာပဲပေါ့နော်။ ဒါပေမယ့် သူတို့ တက်လှမ်းခွင့် မရတော့ဘူး။ လမ်းခုလတ်မှာ ပျက်ကျန်ခဲ့တယ်။ ကျွန်တော်တို့ ကျန်ခဲ့တဲ့ ကောင်တွေကလည်း သူတို့ရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ကျွန်တော်တို့ ဆက်ပြီးတော့ ကိုယ်နိုင်ရာ နိုင်ရာကနေပြီးတော့ ဆက်ပြီးတော့ ထမ်းဆောင်သွားမယ်ပေါ့နော်။ ဒီလောက်ပဲ။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော်တို့မှာ ဘာမှ မျှော်လင့်ထားတာမရှိဘူး။ ကိုယ့်တစ်ဗိုလ်စာပေါ့။ အဲ့ဒီတိုင်းပဲ ကျွန်တော်တို့က ဆက်သွားနေမှာပဲ။ ဟုတ်။
RAIN- ဟုတ်ကဲ့ပါ။ အခုလိုမျိုးကြပ်တည်းတဲ့အခြေအနေမှာ ဆရာ့လိုမျိုးအနုပညာကို ရူးသွပ်ပြီးတော့မှ ဝါသနာပါပေမယ့်လည်းပဲ ဒီအခြေအနေကြောင့်မလို့ မလုပ်နိုင်တဲ့ လူငယ်လေးတွေ အမြောက်အမြားရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီလူငယ်လေးတွေကို ဆရာ့ရဲ့ အနုပညာအပေါ်မှာ ဆရာ့ရဲ့ အတွေ့အကြုံနဲ့ အကြံပြုချက်လေးလည်း ကြားပါရစေရှင်။
အဆိုတော် မင်းလူ– ဟုတ်ကဲ့။ အရင်တုန်းကပေါ့နော်၊ ဒီအာဏာသိမ်းစဖြစ်ပြီး ကျွန်တော်တို့ ၂၀၂၂-၂၃ လောက်ထိ ကျွန်တော် ကျွန်တော့်စိတ်ထဲမှာ စကစလက်အောက်မဟုတ်ရင် စကစရဲ့ ဘောမမဟုတ်ရင် Fine တယ်။ စကစဘောမ မဟုတ်တာတစ်ခုထဲနဲ့တင် မင်းဘာလုပ်လုပ် အကုန် Fine တယ်။ သိတယ်မလား၊ music ပဲလုပ်လုပ်၊ Art ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် အဆင်ပြေတယ်။ Art Quality မှီတာမမှီတာတစ်ပိုင်းပဲပေါ့။ အခုနောက်ပိုင်း တွေးမိတာတစ်ခုက အထဲထဲကို ဝင်မလာဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် စကစရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ သူတွေလည်းရှိတယ်ပေါ့နော်။ အဲ့ဒီလူတွေကို အပြစ်လည်း မပြောသလို attention လည်း မပေးချင်တော့ဘူး။ ဒါက ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်လို့ပဲ ထင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ထိုက်နဲ့သူတို့ကံပဲလို့ ထားလိုက်တော့တာ။ ဒီဖက်မှာက ရဲဘော်တွေ ထားပါတော့၊ စစ်ကြောင်းတွေ၊ တော်လှန်ရေး တပ်တွေဆီ ရောက်သွားတဲ့ချိန်ကျရင် ကိုယ့်ထက်မိုက်တဲ့ Rapper တွေလည်းရှိတယ်။ ကျွန်တော်တို့ထက် Quality မီပြီးတော့ Skillful ဖြစ်တဲ့ Artist တွေ၊ Artist ဆိုတာထက် Musician ပေါ့နော်။ သီချင်းလုပ်ချင်တဲ့ကောင်တွေ၊ Skillful ဖြစ်နေတဲ့ကောင်တွေ၊ ရဲဘော်တွေအများကြီးပဲ။ တချို့ဆိုရင် ကျသွားပြီ။ အဲ့လိုကောင်တွေကိုပဲ ဦးစားပေးတယ်။ ကျန်တဲ့ ဒီတော်လှန်ရေးထဲကို ပါမလာဘဲနဲ့ ဟိုဖက်လည်းမဟုတ်၊ ဒီဖက်လည်း မဟုတ်၊ ကြားနေဘာညာဆိုတဲ့ အဲ့လိုလူတွေကျတော့ ကျွန်တော်တို့ အရမ်းကြီး Attention မပေးချင်တော့ဘူး။ မင်းလုပ်နိုင်စွမ်းရှိရင်လုပ်ပေါ့။ ဒါပါပဲ။ လုပ်နိုင်စွမ်းမရှိရင် မင်းထိုက်နဲ့ မင်းကံပေါ့။ အဲ့လောက်ပဲ ကျွန်တော်တို့ တွေးဖြစ်တော့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာလည်း အဲ့လောက်ကြီး တာဝန်လည်း ရှိမနေဘူးလို့ ခံယူတယ်။ ကျွန်တော်တို့ ယူထားတဲ့ တာဝန်သည် တော်လှန်ရေးရဲ့ ခေါင်းစဉ်အောက် ဆက်နွယ်နေသမျှ၊ မင်းပါ မင်းဘာကောင်ဖြစ်ဖြစ်၊ မင်းတော်လှန်ရေးခံယူချက်စစ်မှန်နေသ၍၊ မင်းဘာလုပ်ချင်လဲ၊ ငါတို့ဘာလုပ်ပေးလို့ရလဲ၊ အဲ့အပိုင်းပဲ ကျွန်တော်ပိုပြီးတော့ ဦးစားပေးဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေ ခေါင်းထဲမှာ သိပ်မထည့်နိုင်တော့ဘူး။ ကိုယ်ရဲ့လုပ်နိုင်စွမ်းဆိုတဲ့ ဘောင်ထဲကနေပဲ ကိုယ်နိုင်သလောက်ဖန်တီးသွားတာ ကောင်းပါတယ်။ အဲ့လောက်ပါပဲ။ ဟုတ်။