မေးမြန်းသူ – RAIN

ဖြေဆိုသူ – Salai Mang OmChinland Council Leading Committee

RAIN – မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်မှာတော့ ကျွန်မတို့ ဆလိုင်းမာန်အွမ်ကို ဖိတ်ခေါ်ထားပါတယ်ရှင့်။ မင်္ဂလာပါ ဆရာ။

 

Salai Mang Om – ဟုတ်ကဲ့ပါ မင်္ဂလာပါ။

 

RAIN – ဟုတ်ကဲ့။ အရင်ဆုံး အနေနဲ့ ကျွန်မတို့ The Kaladan Post ကို အချိန်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

 

Salai Mang Om – ဟုတ်ကဲ့။ ဖိတ်ခေါ်ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ အရင်ဦးဆုံး အနေနဲ့ ဆရာ ဒီတော်လှန်ရေးမှာ လက်ရှိ ပေါ့နော်။ ဘယ်အဖွဲ့အစည်းမှာ ပါဝင်နေပြီးတော့မှ ဆရာ ဘယ်လို တာဝန်တွေ ကို ထမ်းဆောင်နေလဲ ဆိုတာလေးကို လည်း မိတ်ဆက်ပေးပါဦး။ ပြီးတော့မှ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်လေးကိုလည်း တစ်ပါတည်းပေါ့နော် မိတ်ဆက်ပေးပါဦးရှင့်။

 

Salai Mang Om – ကျွန်တော်ကတော့ မင်းတပ်ကပါ။ ကျွန်တော် ဆလိုင်း မာန်အွမ်ပါ။ ဒီမင်းတပ်မှာ ကျွန်တော်တို့ ဒီတော်လှန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေး စုဖွဲ့မှုတွေနဲ့ ပတ်သက်လို့ အယူအဆတွေ မတူညီလာတဲ့အချိန်မှာ ကျွန်တော်တို့ မင်းတပ်ကောင်စီ ဆိုပြီးတော့မှ ပေါ်ပေါက်လာတယ် ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော် ပါဝင်ခဲ့တယ်။ မင်းတပ်ကောင်စီ အနေနဲ့ ဒီ ချင်းလဲန်းကောင်စီမှာ စုစည်းပြီးတော့မှ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းလဲန်း ကောင်စီမှာ ပါဝင်ခဲ့ ပေါ့လေနော်။ ပါဝင်မယ် ဆိုပြီးတော့ ရွေးချယ်ကြတဲ့အချိန်မှာ ကျွန်တော့်ကို ချင်းလဲန်းကောင်စီမှာ ပါဝင်မယ့် ကိုယ်စားလှယ် အဖြစ် တာဝန်ပေးအပ်ကြလို့ ပေါ့လေ။ ချင်းလဲန်းကောင်စီရဲ့ leading committee ကိုယ်စားလှယ် အနေနဲ့ ပေါ့လေ ကျွန်တော် ပါဝင်နေပါတယ်။ ဟုတ်ကဲ့ပါ။

 

RAIN – ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ လက်ရှိ ဒီနွေဦး တော်လှန်ရေးရဲ့ အခြေအနေကိုလည်းပဲ ဆရာ့အနေနဲ့ သုံးသပ်ပေးစေချင်ပါတယ်။ ဒီတော်လှန်ရေး ခရီးကြမ်းက ဟို ဘယ်အဆင့်ထိ ရောက်နေပြီ ဆိုတာနဲ့ ဒီအနာဂတ်အတွက် ရော ဆရာ့ရဲ့ အမြင် သုံးသပ်ချက်လေးကို အကျဉ်းချုပ်လေးအနေနဲ့ ပြောပြပေးပါဦးရှင့်။

 

Salai Mang Om – ဒီနွေဦးတော်လှန်ရေးက ဘယ်လိုပြောရမလဲ ကျွန်တော်တို့ ဘာကြောင့် ပေါ်လာတာလဲဆိုတဲ့ဟာ တချို့က ရှင်းရှင်းလင်းလင်း ရှိနေလိမ့်မယ်။ တချို့ကလည်း ဘယ်လိုပြောမလဲ ခံစားချက်ကြီး ပေါ့နော် ခံစားချက်တွေ ဘာတွေလိုချင်တယ် ဆိုတဲ့ ဟို မြင်ချင်တဲ့ ဟာတွေ ပေါ့နော် vision ပေါ့လေ mision တွေ vision တွေ ရှင်းရှင်းလင်းလင်း မရှိဘဲနဲ့ မခံချင်တာတို့ မတရားဘူးဆိုတဲ့ ခံစားချက်တွေ ပေါ့နော်။ ဒါတွေကြောင့် ပါဝင်နေ သေးတဲ့ သူတွေလည်း ရှိနိုင်တယ်ပေါ့လေနော်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ဒီနွေဦး တော်လှန်ရေး ပေါ်ပေါက်လာတဲ့ အကြောင်းကို ကျွန်တော် ပထမဦးဆုံး ပြောချင်တယ် ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့က ဒီအရင်ကတည်းက တိုင်းပြည်က မငြိမ်မသက်ဖြစ် နေတယ်။ နောက်ပြီးတော့ စစ်တပ်က လက်နက်နဲ့ ပေါ့လေနော် တောက်လျှောက် နှစ်ပေါင်း ၇၀ ကျော် အနိုင်ကျင့်ပြီးတော့မှ ပိုကျဆိုးမှုလာတယ်။ နိုင်ငံရေးရာ ကိစ္စရပ်တွေ အားလုံးကို လက်နက်နဲ့ပဲ တစ်ဖက်သတ် အနိုင်ကျင့်ပြီးတော့မှ လုပ်လာခဲ့တယ် ပေါ့လေ။ ဒါတွေက လောင်စာတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီ ၂၀၂၁ ဖေဖော်ဝါရီလ မှာ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ ဟာတွေက ဒီလောင်စာတွေဟာ ပေါက်ကွဲဖို့ အချိန်တန်လာလို့ ဒီဟာတွေက မီးဖြစ်လာခဲ့တာ ပေါ့လေနော်။ ပေါက်ကွဲလာခဲ့ရတာ။ ဆိုတော့ အဲ့ဒီမှာ ကျွန်တော်တို့ ဘာကိုလိုချင်တာလဲ ဆိုတဲ့ဟာ ရှင်းလင်းသွားတဲ့ ခံစားချက်ရှိတယ်။ အမြင်တွေ ရှိတယ်။ ကျွန်တော်တို့ဟာ နောက်နောင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးရာ ကိစ္စရပ်တွေမှာ စစ်တပ်ဟာ မပါရဘူး ပေါ့နော်။ စစ်သားဟာ စစ်တန်းလျားမှာ ရှိရမယ်။ အရပ်သားအုပ်ချုပ်မှု အောက်မှာ ရှိရမယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ပုံစံနဲ့ကတော့ ဆက်သွားလို့ မရတော့ဘူး။ ဒီလို ဆက်သွားနေလို့ ရှိရင်တော့ ကျွန်တော်တို့ နောက်နောင် ဒီလိုပဲ စစ်တပ်ရဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုတွေ ဆက်လက် ကြုံနေရမယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျွန်တော်တို့ မလိုချင်တော့ဘူး။ လိုချင်တာက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပေါ့လေနော်။ ဆိုတော့ ဒီနိုင်ငံတော်မှာ တိုင်းရင်းသားတွေ အားလုံး ပြည်သူတွေ အားလုံး တန်းတူရမယ်။ မျှတရမယ်။ တရားမျှတမှု ရှိရမယ်။ အရပ်သား အုပ်ချုပ်မှုရဲ့ အောက်မှာ ရှိတဲ့ နော် စစ်တပ်ကလည်း အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမယ် ပေါ့နော်။ အဲ့လို နိုင်ငံတော်မျိုးကို ကျွန်တော်တို့က လိုချင်လာတယ်။ ဒီလို လိုချင်လာမှုအတွက် ကျွန်တော်တို့က စပြီးတော့မှ ဒီတော်လှန်ရေးကို လုပ်လာခဲ့ကြတယ်။ စုဖွဲ့မှု ပုံစံတွေကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တူချင်မှာလည်း တူမယ် ပေါ့လေနော်။ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ စုဖွဲ့လာကြတယ်။ ဒီလို စုဖွဲ့လာ ကြတော့ အတိုင်းအတာ တစ်ခုထိ အောင်မြင်လာတယ် ပေါ့လေနော်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စုဖွဲ့ကြတယ် ဆိုသော်ငြားလည်းပဲ တကယ်တမ်းကျရင် တာဝန်ခွဲလိုက်ကြ တာပါပဲ။ ပြည်သူကလည်း တော်လှန်ရေး လုပ်တယ်။ ကျွန်တော်တို့လည်း တော်လှန်ရေး လုပ်တယ်။ အတူတူပဲနော်။ တူတူပဲ။ ဒါပေမယ့် ဘယ်သူကတော့ ရှေ့တန်းကို သွားမလဲ။ ဘယ်သူကတော့ စီမံခန့်ခွဲမလဲ။ ဘယ်သူကတော့ ထောက်ပို့လုပ်မလဲ။ ငွေရှာမလဲ ပေါ့နော်။ ဆိုတော့ တော်လှန်ရေး အခန်းကဏ္ဍမှာ အားလုံးဟာ တသားတည်းနဲ့ တော်လှန်နေ ကြတာ ပါပဲ။ သို့သော်ငြားလည်းပဲ အသက်အန္တရာယ်နဲ့ ပိုပြီးတော့ နီးကပ်သွားတဲ့ တော်လှန်ရေးသမား ဆိုတဲ့ ပုံစံတော့ ဖြစ်မှာပေါ့နော်။ တိုက်ပွဲဝင်နေရတဲ့ သူတွေတော့ ရှိမယ်။ ဆိုတော့ အားလုံးက တော်လှန်ကြတယ်။ ဒီအာဏာရှင် စနစ်ကို မကြိုက်တော့လို့ တော်လှန်ကြတာ။ ဆိုတော့ စုဖွဲ့မှု ပုံစံတွေက ဒီလိုနဲ့ ကျွန်တော်တို့က လာကြတယ်။ ဆိုတော့ ဒီဟာမှာ ပထမဦးဆုံး ကျွန်တော်တို့ ပြန်စဉ်းစားဖို့ လိုတာက ပြည်သူကို မညှင်းပမ်း မနှိပ်စက်တဲ့ စစ်တပ် ဖြစ်စေချင်လို့ စစ်တပ်ကို စစ်တန်းလျားကို ပြန်စီချင်လို့ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှု အောက်မှာ ရှိနေစေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့က တော်လှန်ရေး လုပ်ခဲ့ကြတာ ဖြစ်တယ်။ ဒါက တော်လှန်ရေးရဲ့ တစ်ပိုင်းတစ်ကဏ္ဍ ပေါ့လေ။ ဆိုတော့ အဲ့ဒီမှာ အဲ့ဒီလို ရည်ရွယ်ချက်တွေ ပါခဲ့ပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်တို့ လက်ရှိ အခြေအနေမှာ စုဖွဲ့မှု ပုံစံတွေမှာ တော်လှန်ရေး လုပ်နေတယ် ဆိုတဲ့ လက်နက်ကိုင် လူတန်းစား တချို့ ပေါ့လေနော်။ လက်နက်ကိုင်တဲ့ အထဲမှာမှ ခေါင်းဆောင် တချို့ရဲ့ အတွေးအခေါ် အယူအဆ တွေမှာတော့ သူတို့က ဒီတိုက်ပွဲကာလ ဖြစ်နေတဲ့အတွက် ငါတို့က အစစအရာရာ စီမံခန့်ခွဲ သွားမယ်။ စဉ်းစားနိုင်ခြင်း အမြင်ဆုံး ရှိတဲ့သူတွေဟာ သူတို့ပဲ ဖြစ်တယ်ဆိုတဲ့ ဒီစဉ်းစားမှု ပုံစံလေးတွေ ကိုလည်း စပြီးတော့ တွေ့လာရတာတွေ ရှိတယ်။ ဆိုတော့ ဒီဟာတွေကို ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။ ဒါ တော်လှန်ရေးကို ဒီနေ့ ဒီအချိန်ထိ အောင်မြင်လာရတာက ရှင်းရှင်းပြောရရင် ပြည်သူလူထုရဲ့ အားကြောင့်ပဲ ကျွန်တော်တို့ နော် ရောက်လာရတာ ဖြစ်တယ်။ ဆိုတော့ ပြည်သူ့ရဲ့ ဆန္ဒ သဘောထားကို ဘယ်သောအခါမှ လျစ်လျူမရှုဘဲနဲ့ ဆက်သွားမယ် ဆိုလို့ရှိရင်တော့ သေချာပေါက် ကျွန်တော်တို့ အောင်မြင်မှာပါ။ ကြာကောင်းကြာနိုင်တယ်။ သို့သော် သိပ်မကြာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေ အများကြီး ရှိမှာပါ။ အဲ့လို ကျွန်တော်ကတော့ သုံးသပ်ပါတယ် ပေါ့နော် ဒီနွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ ရှိရင်။

 

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီလက်ရှိမှာ စစ်ကောင်စီ အနေနဲ့ ပြင်ဆင်နေတဲ့ ဒီအတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆရာ့ရဲ့ သဘောထား အမြင်လေး ကိုလည်း သိပါရစေ။ ဒီရွေးကောက်ပွဲ ပေါ်မှာ ဒီတော်လှန်ရေး အင်အားစုတွေ အနေနဲ့ သော်လည်းကောင်း မိဘပြည်သူတွေ အနေနဲ့ရော ဘယ်လိုမျိုး တုံ့ပြန် ဆောင်ရွက် သင့်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ပါလဲရှင့်။

 

Salai Mang Om – ဒီရွေးကောက်ပွဲရဲ့ လာရာနဲ့ လားရာ အဲ့ဒါကို ကြည့်ရမယ်။ ဆိုတော့ တစ်ဖက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ့နော် ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် မဟုတ်တဲ့ ဒီမိုကရေစီ အခြေခံ ဥပဒေ အောက်ကနေ လာတဲ့ ရွေးကောက်ပွဲကို တောင်မှ ဖျက်ထားတယ် ပေါ့နော်။ ဖျက်ထားပြီးတော့မှ အတေအဓမ္မ အာဏာသိမ်းယူပြီးတော့မှ လုပ်လာတယ်။ လုပ်လာပြီးတော့မှ သူဟာ လူပေါင်းမြောက်မြားစွာကို သတ်ဖြတ် သေကျေပျက်စီးအောင် လုပ်ခဲ့ပြီးပြီ။ ဆိုတော့ ဒီရွေးကောက်ပွဲကို သူ ဘာကြောင့် ပြင်းပြင်းထန်ထန် လုပ်ချင်ရတာလဲ ဆိုတော့ သူ့ရဲ့ ထွက်ပေါက်ကို လုပ်ချင်တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနိုင်ငံရေး ထွက်ပေါက်ကို လုပ်လိုက်တယ် ဆိုတဲ့ ဟာက သူ့ကို ဘယ်သူမှ မကြည့်နိုင်တော့အောင် ဘာမှ လုပ်လို့မရတော့အောင် ဒီလို အကာအကွယ် ယူချင်လိုက်တဲ့ သဘောမျိုးပဲ။ လက်ရှိ ရွေးကောက်ပွဲ ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေအရ ရွေးကောက်ပွဲ လုပ်နိုင်လိုက်ပြီဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်နေတဲ့ ပြည်သူတွေက ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်နဲ့ စစ်အင်အား စစ်အာဏာရှင်တွေ နော် လူသတ် မုဒိမ်းကျင့် နော် တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ဂုတ်သွေးစုပ်နေတဲ့ အာဏာရှင်တွေကို ဘယ်သူမှ သွား ထိလို့ မရအောင် အုပ်တံတိုင်းကြီး ကာရံထားတဲ့ အတွင်းထဲမှာ နေနိုင်အောင် လုပ်တဲ့နေရာမှာ ဟိုက အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ သွားပါဝင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲက ကျွန်တော်ကတော့ အဲ့လိုပဲ မြင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီရွေးကောက်ပွဲကို ပုံစံအမျိုးမျိုးနဲ့ ပေါ့နော် ကန့်ကွက်လို့ရတယ်။ ဆန့်ကျင်လို့ရတယ်။ ဆိုတော့ လက်ရှိ အနေအထားမှာ မြို့နယ် တော်တော်များများကိုလည်း တော်လှန်ရေး အင်အားစုတွေ ဘက်ကနေ သိမ်းပိုက်ထားနိုင်ခဲ့။ ဆိုတော့ ကိုယ်သိမ်းပိုက်ထားနိုင်တဲ့ ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေကနေ ရွာတွေကနေ ဒီရွေးကောက်ပွဲဟာ လုံးဝ ပြည်သူ့ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်းကို ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ဖို့ လိုပါလိမ့်မယ်။ ဒီလိုဖော်ထုတ် ပြီးတော့မှ နိုင်ငံတကာ မီဒီယာတွေကနေ သိရှိလာအောင် ကျွန်တော်တို့ လုပ်နိုင်ဖို့ လိုပါလိမ့် မယ်။ နောက်တစ်ခုက စကစက ထိန်းချုပ်ထားတဲ့ မြို့ရွာတွေက ပြည်သူတွေအနေနဲ့ ကိုယ်က မှန်တကယ် ဒီရွေးကောက်ပွဲကို နီးရာဓါးကို ကြောက်ရလို့သာ မဲသွားပေးခဲ့ရတယ် ဆိုရင် တောင်မှ ကျွန်တော်တို့ဟာ မကြိုက်မနှစ်သက်ဘဲနဲ့ ဒီလို နီးရာဓါး ဥပဒေတွေ ကြောင့် ချိန်းခြောက်ထားလို့ ဖမ်းဆီးခံထားလို့ နော် ထောင်ချမယ် ဘာညာ ပေါ့လေ။ ဒီလို ဟာမျိုးတွေ ရှိလို့ ကျွန်တော်တို့က မဲသွားပေးရတယ် ဆိုတဲ့ အကြောင်းကို ဖော်ထုတ်ဖို့ လိုတယ်။ ဆိုတော့ ဒီလိုဟာမျိုးကတော့ နိုင်ငံတကာ သိရှိလာအောင် လူတိုင်း မဲပေးနိုင်တဲ့ အရွယ်က နိုင်ငံသား တိုင်း ပါဝင်လာနိုင်မယ့် online platform တွေကို နည်းပညာ အဖွဲ့တွေကနေ ကြိုးစားပေးဖို့ တော့ လိုမယ်လို့ မျှော်လင့်တယ်။ ဆိုတော့ ကျွန်တော်တို့မှာ အခါတိုင်း လုပ်နေကျ ပုံစံတွေ ရှိမယ်။ အပြင်ထွက်လူစုလူဝေးနဲ့ ဆန္ဒပြသပိတ်တွေနဲ့ video document တွေ photo document တွေ ကျွန်တော်တို့ လုပ်ပြီးတော့ နိုင်ငံတကာ သိရှိလာအောင် လုပ်တာမျိုးတွေ နည်းလမ်း ရှိလိမ့်မယ်။ နောက် online campaign တွေ profile campaign တွေ နော် ဒီလို ဟာမျိုးတွေ လုပ်လို့ ရပါလိမ့်မယ်။ တကယ်လို့များသာ ဒီရွေးကောက်ပွဲဟာ ဒီလို ကျွန်တော်တို့ မတားဆီးနိုင်ဘူး မပိတ်ပင်နိုင်ဘူး ဆိုလို့ ရှိရင်တော့ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်သွား နိုင်တယ်။ ဆိုရင် ဒီရွေးကောက်ပွဲ အောင်မြင်သွားခြင်းဟာ သူ့ရဲ့ ဆန့်ကျင်ဘက် တော်လှန်ရေး ကို ရှုံးနိမ့်စေနိုင်တယ်။ တော်လှန်ရေး ရှုံးနိမ့်သွားပြီဟေ့ ဆိုတာနဲ့ ကျွန်တော်တို့ မတွေးရဲ စရာပါပဲ။ နောင် နှစ်ပေါင်း မြောက်မြားစွာထိ စစ်တပ်ဟာ လက်နက်ကိုင်ပြီးတော့ ပြည်သူတွေ အပေါ်မှာ ဆက်လက်ပြီးတော့ ဗိုလ်ကျနေဦးမှာပဲ။ တိုင်းပြည်က ချွတ်ခြုံကျဦးမှာပဲ။ ဆင်းရဲ မွဲတေနေဦးမှာပဲ။ နောက်တစ်ခုက ကျွန်တော်တို့ မတရားမှုကို လက်နက်နဲ့ ဗိုလ်ကျတာကို မတရားတာကို တွန်းလှန်လို့ မသင့်တော်ဘူးဆိုတဲ့ မှားယွင်းတဲ့ concept တွေ နောက် generation တွေ ဆီမှာ ရောက်သွားလိမ့်မယ်။ ဆိုရင် ကျွန်တော်တို့က ဘယ်လိုပဲ အနိုင်ကျင့် စော်ကားပါစေ လက်နက်နဲ့ အနိုင်ကျင့် စော်ကားလာတဲ့ သူကို ခေါင်းငုတ်ခံရမယ် ဆိုတဲ့ သမိုင်းမှားကြီး တစ်ခု ဖြစ် အထိတောင် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အဲ့ဒီလောက်ထိ မဖြစ်အောင် ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်နဲ့ နော် ဒီတော်လှန်ရေးကို အောင်မြင် အောင် ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။ အဲ့အတွက် ကျွန်တော်တို့က နိုင်ငံရေးရော ဒီစစ်ရေး ရာရော နောက် ဒီလို လှုပ်ရှားမှု လူထုလှုပ်ရှားမှု ပေါ့နော်။ အဖက်ဖက်ကနေ ကျွန်တော်တို့က ကြိုးစားပေးဖို့တော့ လိုတယ်။ အားလုံး ညီညွတ်ဖို့ လိုတယ်။ ဆိုတော့ လက်ရှိ အခြေအနေမှာ NUG က ကျွန်တော်တို့ နိုင်ငံအတွက် ကတော့ နိုင်ငံရေး ဦးဆောင် အဖွဲ့ပဲ။ ဆိုတော့ ဦးဆောင် အဖွဲ့ အနေနဲ့ ဒီညွှန်ကြားချက်တွေကို ထုတ်ပေးနိုင်ဖို့တော့ လိုလိမ့်မယ်။ မလုံခြုံမှုတွေ တိုက်ခိုက်ခံရမှုတွေ ရှိမယ်။ အဲ့ဒီအတွက် တစ်နေ့တည်း တစ်ချိန်တည်း တစ်ပြေးညီတော့ ဖြစ်ချင်မှ ဖြစ်မယ် ပေါ့နော်။ မြို့ရွာအလိုက် ပအဖတွေကို ညွှန်ကြားပေးတာတို့ ဒီ campaign မှာ တစ်နိုင်ငံလုံး အတူတကွ ပူးပေါင်းကြဖို့ ကန့်သတ်နဲ့ ညွှန်ကြားပေးတာတို့ ဒီလို ဟာမျိုးတွေ ကျွန်တော်တို့ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။

 

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီနွေဦးတော်လှန်ရေး ကာလမှာ ဆိုလို့ရှိရင် ဒီလူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုအား အတော်လေးကောင်းတာကို တွေ့ရတယ် ပေါ့နော်။ ဆိုတော့ ဆရာကိုယ်တိုင်ကလည်း လူငယ် ခေါင်းဆောင် တစ်ဦး ဖြစ်နေသည် အားလျော်စွာ ဒီလိုမျိုး နွေဦးတော်လှန်ရေးမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု ကဏ္ဍကျယ်ပြန့်လာခြင်း ဟာ ဒီတော်လှန်ရေးအတွက် ဘယ်လောက်ထိ ဟို အထောက်အပံ့ ဖြစ်စေတယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ထားပါလဲ။ ပြီးတော့ ဒီထက်ပိုပြီးတော့မှ အဓိက အနေနဲ့ အမျိုးသမီးတွေ ကဏ္ဍပေါင်းစုံမှာ ပိုပြီးတော့မှ ပူးပေါင်း ပါဝင်နိုင်အောင်လို့ ဘယ်လို ထောက်ပံ့မှုတွေ ဘယ်လို အားပေးမှုတွေ ပြုလုပ်သင့်တယ်လို့ ထင်ပါလဲရှင့်။

 

Salai Mang Om – ဆိုတော့ ဒီတော်လှန်ရေးမှာ အမှန်တကယ် ပြောရရင် ဒီနေ့ ဒီအချိန် ဒီလောက်ထိ ဖြစ်လာတယ်ဆိုတဲ့ဟာက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူငယ်တွေကြောင့် ပါပဲ။ လူငယ်တွေမှာ သတ္တိရှိတယ်။ သွေးသစ် ပေါ့လေ သွေးသစ် ရှိတယ်။ လုပ်ရဲတယ်။ ကိုင်ရဲတယ်။ ဆုံးဖြတ်ချက် ချရဲတယ်။ မတရားမှုကို မတရားမှုအဖြစ်နဲ့ သိနိုင်တယ်။ ခံစားနိုင်တဲ့ နှလုံးသားရှိတယ်။ ဆိုတော့ ဒါကို ဘယ်လို တော်လှန်ရမလဲ ဆိုတဲ့ စဉ်းစားနိုင်တဲ့ ပုံစံ ပေါ့နော် ပိုပြီးတော့ ကျယ်ပြန့်တယ်။ ဘယ်လို နည်းလမ်းနဲ့တော့ တစ်နည်းတည်းကိုပဲ စဉ်းစားတာမျိုး မဟုတ်ဘဲနဲ့လေ။ ဘယ်လို ပုံစံနဲ့ ငါပြန်တော်လှန်ရမလဲ ဆိုတဲ့ စဉ်းစားနိုင်မှု ပုံစံက ပိုပြီးတော့ ကောင်းတယ်။ ဒါကြောင့် ဒီလူငယ်တွေနဲ့ အမျိုးသမီးငယ်တွေ ဦးဆောင် လာလို့သာလျှင် ဒီတော်လှန်ရေးက ဒီနေ့ ဒီအချိန်မှာ ဒီနေရာကို ရောက်လာခဲ့တာ လို့ ကျွန်တော်ကတော့ အခိုင်အမာ ပြောရဲတယ်။ သို့သော်ငြားလည်းပဲ လူငယ်တွေမှာ ဒီလူကြီး တွေနဲ့ မတူတာကတော့ သိပ်ပြီးတော့ မစဉ်းစားနိုင်ပြန်ဘူး။ ဆိုတော့ မစဉ်းစားနိုင်တဲ့အတွက် လူငယ်တွေ ဖြစ်တဲ့အတွက် ရှူးရှူးရှားရှား တိုင်းတိုင်း ပေါ့နော်။ လုပ်မယ် ချမယ်ဟေ့ ဆိုတဲ့ ဟာမျိုးလေးတွေ များနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့ လူငယ်တွေက လူကြီးတွေဆီကနေ လည်း အများကြီး သင်ယူဖို့ လိုတယ်။ ကျွန်တော်တို့ ညှိနှိုင်းဖို့ ပေါင်းစပ်ဖို့ လမ်းညွှန်မှု ဒါတွေကို ဘယ်လို အကောင်းဆုံး နာခံနိုင်မလဲ ပေါ့နော်။ ဒါ ဒါမျိုးတွေလည်း ကျွန်တော်တို့မှာ သင်ယူဖို့ လိုတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေလည်း ဒီတော်လှန်ရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ အများကြီး အားကောင်းလာတယ်။ အထူးသဖြင့် ကျွန်တော် မြင်တွေ့ရသလောက်ကတော့ တိုက်ခိုက်ရေးပိုင်းဆိုင်ရာ ထက် စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာတွေနဲ့ နောက်တစ်ခု ဆေးတပ်ဖွဲ့တွေနဲ့ ဒီထောက်ပို့အင်အားစုတွေမှာ အမျိုးသမီးတွေ ပိုပြီးတော့ အားကောင်းတာ တွေ့ရတယ်။ အမျိုးသမီးတွေက သူတို့ရဲ့ ကျွမ်းကျင်မှုက ဒါတွေ ဖြစ်နေတဲ့အတွက် ပေါ့နော်။ အဲ့ဒီ ပိုင်းဆိုင်ရာမှာ ပိုပြီးတော့ ပါဝင် လာကြတယ်လို့ မြင်ရတယ်။ သို့သော်ငြားလည်းပဲ နောက် ကဏ္ဍမှာကျတော့ ဒီစီမံ အုပ်ချုပ်မှု ပိုင်းဆိုင်ရာတွေမှာ အားနည်းနေသေးတယ်။ မြို့နယ် အသီးသီးမှာ ပေါ့နော်။ ကျေးရွာ အသီးသီးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာပေါ့လေ အထူးသဖြင့် အမျိုးသမီးတွေကို နေရာ ပေးဖို့ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့် ပေးဖို့ ဒီအပိုင်းဆိုင်ရာတွေမှာတော့ အများကြီး အားနည်း နေသေးတာတွေ ရှိတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ဒီ living standard တွေနော် stereotype တွေကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက် အမျိုးသမီးတွေ ကိုယ်တိုင် က ကိုယ့်ကိုကိုယ် မယုံကြည်သေးလို့ သို့မဟုတ် comfort zone မှာပဲ နေချင်သေးလို့ ဒါမျိုးတွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာတွေ အရပ်တွေမှာ အမျိုးသမီးတွေ များများ နေရာရဖို့ လိုတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ လူငယ်တွေ ကလည်း ဆွဲခေါ်ဖို့ လိုတယ်။ လူကြီးတွေကလည်း နေရာပေးဖို့ လိုတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း လုပ်ရဲကိုင်ရဲ သတ္တိရှိဖို့ လိုတယ်။ အဲ့ဒီလိုပဲ ကျွန်တော် မြင်ပါတယ်။

 

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီတော်လှန်ရေး ကာလ ကြာလာတာနဲ့ အမျှ ဒီတော်လှန်ရေး အဖွဲ့အစည်း အစုအဖွဲ့တွေ ကြားထဲမှာ ဒီစိတ်ဝမ်းကွဲမှုတွေ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ အပေါ်မှာလည်းပဲ မိဘပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေနဲ့ အတူ ဒါဝေဖန်မှုတွေလည်း အများအပြား ကြားသိရတယ် ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး စိတ်ဝမ်းကွဲမှုတွေကို ကျော်လွှားပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို ခိုင်မာလာစေဖို့ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ ဆရာ့အနေနဲ့ ယူဆထားပါလဲရှင့်။

 

Salai Mang Om – စိတ်ဝမ်းကွဲတယ် ဆိုတဲ့ ဟာတော့ ဒါလူ့ သဘာဝပါပဲ။ လူတွေ ဖြစ်ကြတဲ့အတွက် အမြင်တွေ အတွေးတွေ ခံစားချက်တွေ ဘယ်တူပါ့မလဲနော်။ ဆိုတော့ စိတ်ဝမ်းကွဲပြားနိုင်ပါ တယ်။ စက်ရုပ်တွေမှ မဟုတ်ကြတာနော်။ သို့သော်ငြားလည်းပဲ တစ်ခု ရှိတယ်။ ဘယ်လိုပဲ စိတ်ဝမ်းကွဲကွဲ ပေါ့နော်။ ကျွန်တော်တို့မှာ ကျွန်တော်တို့ ယုံကြည်နေတဲ့ အားပေးနေတဲ့ ပြည်သူဆိုတာ ရှိတယ်။ ကျွန်တော်တို့က ကိုယ့်ဒေါသအတွက်နဲ့ စစ်တပ်ကို တိုက်နေတာလား။ ကိုယ့်ရဲ့ အတ္တကြောင့် ကိုယ့်ရဲ့မာနကြောင့် ဒီစစ်တပ်ကို ဖြိုလှဲဖို့ ကြိုးစားနေတာလား။ ဒါကို ပြန်စဉ်းစားဖို့ လိုတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒါတော့ မဟုတ်ဘူး ပေါ့နော်။ ပြည်သူကို ကာကွယ်ချင်လို့ ပြည်သူကို စောင့်ရှောက်ချင်လို့ ဒီအတွက် ကျွန်တော်တို့က လက်နက်ကိုင် ရတာ ဖြစ်တယ်။ ဆိုတော့ ကိုယ့်ကိုလည်း အားကိုးနေတဲ့ ယုံကြည်နေတဲ့ ထောက်ပံ့ပေးနေတဲ့ ပြည်သူ ဒီလက်နက်ကိုင်ဖို့ စတင်စဉ်းစားလာကတည်းက ပြည်သူအတွက်ဆိုပြီးတော့ ကျွန်တော်တို့ စဉ်းစားလာတာ ဖြစ်တယ်။ ဆိုတော့ ပြည်သူက ဘာလိုချင်တာလဲ။ အဲ့ဒါကို နားထောင်ပေးပါ။ စဉ်းစားပေးပါ။ ရှေ့ရှုပေးပါ။ ပြီးရင် စကားပြောပေးပါ။ ကျွန်တော်တို့ လူတွေဗျာ။ ပြောရရင် ဘက်တစ်ဘက် ထဲမှာ ရှိနေတယ်။ ရန်သူက ဘက်တစ်ဘက်မှာ ရှိနေတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက ဘက်တစ်ဘက်မှာ ရှိနေတာ။ ဒီ ဘက်တစ်ဘက်ထဲမှာ ရှိနေတဲ့ လူ အချင်းချင်း စကားပြောလို့ ရပါတယ်။ ညှိနှိုင်းလို့ ရပါတယ်။ စကားနဲ့ပဲ ပြောကြဖို့ လိုတယ်။ တချို့က စစ်ဝါဒီတွေ ရှိလာကြပြီး အရာရာကို လက်နက်နဲ့ပဲ ဖြေရှင်းမယ် ဆိုတဲ့ တွေးတောတဲ့ လူတွေ ရှိလာကြပြီ။ ဒါကို ပြည်သူလူထုက ပဲ ပြန်ပြီးတော့ လမ်းမှန် ပြပေးဖို့ ပြည်သူ့မှာပဲ တာဝန်ရှိတယ်။ ဆိုတော့ ဒီလိုဟာမျိုးကို အားမပေးဖို့ မထောက်ခံဖို့ အချင်းချင်း ညှိနှိုင်းရေးကိုသာ လုပ်ကြဖို့ ဖိအားပေးရပါမယ်။ အကြံပြုမယ်။ ညှိနှိုင်း ပေါင်းစပ်ပေးမယ်။ မရရင် ဖိအားပေးတဲ့ အဆင့်ထိပါ ကျွန်တော်တို့ လုပ်သင့်တယ်။ နောက်တစ်ဖက်မှာ ဒီလို တော်လှန်ရေး ဘက်တော်သား အချင်းချင်း ပိုပြီးတော့ ပဋိပက္ခ ကြီးထွားလာအောင် သွေးထိုးလှုံ့ဆော်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့က ကိုယ့် အချင်းချင်း ထဲမှာကိုက သတိထားရမယ်။ သတိပြုရမယ်။ ဘယ်သူက propaganda လုပ်နေ တာလဲ ပေါ့နော်။ ဒီလူတွေဟာ တော်လှန်ရေး ဘက်တော်သား အယောင်ဆောင်နေတဲ့ ရန်သူ့ ဘက်တော်သားတွေပဲ။ ရန်သူ အရေးသာအောင် တစ်နည်းနည်းနဲ့ ကျွန်တော်တို့ စိတ်ဝမ်း ကွဲပြားအောင် လှုံ့ဆော်နေတဲ့ သူတွေပဲ။ ဆိုတော့ ဒါတွေကို ကျွန်တော်တို့က ဂရုစိုက်ရမယ်။ အမုန်းစကား ပြောတဲ့သူတွေ သွေးထိုး လှုံ့ဆော်တဲ့ သူတွေ propaganda သမားတွေကို ဘယ်သူလဲ ဘယ်မှာနေလဲ နော်။ အများပြည်သူ သိရှိလာအောင် ဒီလို လူမျိုးတွေကို ကျွန်တော် တို့ရဲ့ တော်လှန်ရေး အဝန်းအဝိုင်းကနေ အဝေးဆုံးကို ရောက်သွားအောင် ဖယ်ထုတ်နိုင်ဖို့ လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လက်နက်ကိုင်နေတဲ့ သူတွေ အချင်းချင်းက ညှိနှိုင်း ပေါင်းစပ်နိုင်ဖို့ လိုတယ်။ စကားပြောဖို့ လိုတယ်။ အဲ့ဒီလို ကျွန်တော်တို့ လုပ်နိုင်မှာပဲ အဆင်ပြေမယ်။ တကယ်လို့သာ တော်လှန်ရေး ဘက်တော်သား အချင်းချင်း စိတ်ဝမ်းကွဲပြား ပြီးတော့မှ ကျွန်တော်တို့ရဲ့ နဂို ရှိရင်းစွဲ ပြည်သူကို ကာကွယ်မယ် စောင့်ရှောက်မယ်။ ပြည်သူ လူထုရဲ့ အသံကို နားထောင်မယ်။ တိုင်းပြည်ကို အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကြီးကို ကျွန်တော်တို့ တည်ဆောက်မယ် ဆိုတဲ့ ပန်းတိုင်ကနေ သွေဖယ်သွားတဲ့ ဘယ်လက်နက်ကိုင် အဖွဲ့ကို မဆို အခြေအနေ မဆိုးဝါးခင်မှာ အချိန်မီ ထိန်းသိမ်းဖို့ ပေါ့နော်။ အဲ့ဒါတွေကို ပြည်သူ ကနေပဲ လုပ်ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ ဒီဟာတွေကို လုပ်ဖို့ရာအတွက် ပြည်သူ ကိုယ်တိုင်က ပျက်ကွက်လို့ ရှိရင် တော်လှန်ရေးကလည်း အနှေးနဲ့ အမြန် ကျရှုံးနိုင်တယ်။ နောက်တစ်ခုက ပိုပြီးတော့ ထိခိုက်လာမှာက ပြည်သူပဲ ဖြစ်တယ် ဆိုတဲ့ ဟာကို ပြည်သူ ကိုယ်တိုင်က နားလည်ဖို့ လိုပါတယ်။

 

RAIN – ဆိုတော့ နောက်တစ်ခု အနေနဲ့ ဒီစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အတွက် ပေါ့လေ။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ဘယ်လို ပေါင်းစပ် ညှိနှိုင်းမှု ပုံစံနဲ့ ထိုးစစ်တွေကို ဆင်နွှဲသင့်တယ်လို့ ဆရာ့အနေနဲ့ အကြံပြု လိုပါလဲရှင့်။ ဒီလက်ရှိမှာလည်းပဲ ဒီတန်ပြန် ထိုးစစ်တွေနဲ့ အောင်မြင်မှုတွေ အပေါ်မှာရော ဆရာ့ရဲ့ သုံးသပ်ချက်က ဘယ်လိုများ ရှိပါလဲရှင့်။

 

Salai Mang Om – တော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့ ဆိုလို့ ရှိရင်တော့ တစ်နိုင်ငံလုံး အဆင့်ထိ ပေါ့လေနော်။ တော်လှန်ရေး အင်အားစုတွေ အများဆုံး တွေ့ဆုံ ညှိနှိုင်းဖို့ လိုတယ်။ EAOs တွေလည်း EAOs အလျှောက် ပေါ့နော်။ ညှိနှိုင်း တွေ့ဆုံ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ နောက် ဒီဟာတွေနဲ့ ပတ်သက်လို့လည်း NUG ကနေလည်း ပြုပြင် ပြောင်းလဲရေးတွေကို လုပ်နေပါ တယ်လို့ သိပ်မကြာသေးခင်မှာပဲ NUG ကနေလည်း သတင်းစကား ပါးထားတာ ရှိတယ် ပေါ့နော်။ ပြည်သူလူထုကို သတင်းစကား ပါးထားတာတွေ ရှိတယ်။ ဒါတွေက ကောင်းတဲ့ အချက်တွေပါ။ ဆိုတော့ ကျွန်တော်တို့က ဒီတော်လှန်ရေးကို မြန်မြန်နိုင်စေချင်တယ်။ နိုင်စေချင်တဲ့ နေရာမှာ အချင်းချင်း မညီညွတ်ဘဲနဲ့ ပေါ့နော်။ အချင်းချင်း မညီညွတ်ဘဲနဲ့ တော်လှန်ရေးကိုတော့ မြန်မြန်ဆန်ဆန် နိုင်မှာမဟုတ်ဘူး။ နိုင်ပြီဟေ့ ဆိုတဲ့ နေရာမှာ တစ်ခုတည်းကို ကျွန်တော်တို့ ရွေးချယ်လို့ မရဘူး။ ဥပမာ နိုင်ငံရေး ရှိမယ်။ စစ်ရေး ရှိမယ် ပေါ့နော်။ ဆိုတော့ နိုင်ငံရေး ပိုင်းဆိုင်ရာမှာလည်း မဟာဗျူဟာ နည်းဗျူဟာကျကျ လုပ်ဆောင်နိုင်မယ့် သူတွေ လိုသလို စစ်ရေးမှာလည်း ရန်သူကို ဖယိုဖရဲ ဖြစ်အောင် ပေါ့နော်။ တိုက်ခိုက်နိုင်တဲ့ ဆွဲရည်တွေ လိုတယ် ပေါ့လေ။ ဆိုတော့ နိုင်ငံရေး ပိုင်းဆိုင်ရာမှာ လက်ရှိ အခြေအနေ ကျွန်တော် တွေ့ရသလောက် ပေါ့နော်။ ပြည်သူတွေလည်း မြင်ပြီးသားပါ။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုဘက်က နိုင်ငံရေး ဆိုင်ရာ ဦးဆောင် ဖြစ်တဲ့ NUG ကိုယ်တိုင်က သံခင်းတမန်ခင်း ပိုင်းဆိုင်ရာ အရမ်း အားနည်းတယ်။ ဒါကတော့ အဓိက ထောက်ပြရမယ့် ကိစ္စ ပေါ့လေနော်။ နိုင်ငံတကာ ဖက်ကနေ ဘယ်လိုမှ အကူအညီ မရနိုင်ဘူး။ ပြည်သူလူထုက ပဲ ဒီနေ့ ဒီအချိန်ထိ ကြားခံနေရတယ် ရုန်းကန်နေရတယ် ဆိုတဲ့ အခြေအနေ ဖြစ်တယ်။ ဒါ အခြေအနေ တစ်ချက်။ နောက်တစ်ချက်က အားလုံး ပါဝင်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုး ပေါ့နော်။ ဒါ ဒါကို ဒီနေ့ ဒီအချိန်ထိ အောင်မြင်အောင် မဖော်ဆောင်နိုင်သေး ဘူး။ ဆိုတော့ နောက်တစ်ဖက်မှာ EAOs တွေ အနေနဲ့ အချင်းချင်း ညှိနှိုင်းပေါင်းစပ်ဖို့ စကားပြောဖို့ လိုပါတယ်။ ဒီနေ့ ဒီအချိန်မှာ ဘယ် EAOs မဆို ဖမ်းမယ့်စိတ် လိုနေတယ်လို့ မြင်တာကတော့ ဒီစခန်းကို ဒီ သူ့ရဲ့ တပ်ဖွဲ့ အနေနဲ့ သိမ်းပိုက်လိုက်ရတဲ့အတွက် ဒီမြေကို သူ အပိုင်သိမ်းလိုက်ရပြီ။ ဒီနေရာကို သူ အုပ်ချုပ်ရေး စစ်ရေး အရရော အုပ်ချုပ်ရေးရာရော သူ့လူမျိုး အနေနဲ့ ဒီမြို့ကို ပိုင်လိုက်ရပြီ ဆိုတဲ့ စိတ်ထားမျိုး ရှိနေကြရင်တော့ ဒီတော်လှန်ရေး ဟာ ကြန့်ကြာနိုင်သေးတယ်။ ဆိုတော့ အရင်ကတည်းက ပေါ်ပေါက်နေခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ၂၁ ရာစု ဒီအာဏာသိမ်းတော့မှ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာတော့ ကျွန်တော်တို့ အတွေးအခေါ်တွေ နော်။ value တွေကတော့ တူချင်မှ တူမယ်။ ဒါပေမယ့် သေချာတာကတော့ စစ်အာဏာရှင် ကျရှုံးအောင် ကျွန်တော်တို့ အရင် တိုက်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လို တည်ဆောက်ချင်လဲ ဆိုတဲ့ ဟာကို ကျွန်တော်တို့ အချင်းချင်း စားပွဲပေါ်မှာ ဆက်လက်ဆွေးနွေးသွားရမယ့် ကိစ္စတွေ ဖြစ်တယ်။ ဒီ အခြေအနေမှာ ဘယ်ဟာကိုတော့ ဘယ်နယ်နိမိတ်ထိ ဒါပြည်နယ် သတ်မှတ်မယ်။ ဘယ်ဟာတွေကိုတော့ ဒေသ အသစ်တွေ အနေနဲ့ အထူးဒေသတွေ အနေနဲ့ သတ်မှတ်ပေးမယ် ဆိုတဲ့ ဟာတွေက ဒါနောက်ဆက်တွဲလို့ ကျွန်တော်ကတော့ နားလည်ထားတယ်။ ဒါစားပွဲ ပေါ်မှာ ဆွေးနွေးသွားရမယ့် ကိစ္စတွေ ပေါ့လေ။ အဲ့ဒီလို မဟုတ်ဘဲနဲ့ အခုကတည်းက ငါတိုက်ထားလို့ ငါသိမ်းထားလို့ ဒီနေရာက ငါ့အပိုင် ငါပဲ အုပ်ချုပ်ရေး စီမံမယ် ဆိုတဲ့ ပုံစံတွေ ဖြစ်ရင်တော့ တော်လှန်ရေး တပ်ဖွဲ့တွေ ဘက်တော်သားတွေ အချင်းချင်း ကြားထဲမှာ စိတ်ဝမ်း ကွဲပြားမှု ဖြစ်မှာပဲ။ လက်ရှိလည်း ဒီလို အခြေအနေတွေ ကြုံနေရတယ်နော်။ ဆိုတော့ ဒီဟာတွေက ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ကြန့်ကြာစေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါတယ်လို့ မြင်တယ်။ နောက်တစ်ခုကလေ ဒီတော်လှန်ရေးကို လူငယ်တွေကနေ ဦးဆောင် လာလို့ ဒီနေ့ ဒီအချိန်ထိ ရောက်လာတာ။ ဆိုတော့ နွေဦးတော်လှန်ရေးကို မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်စေချင်တယ် ဆိုရင်တော့ လူငယ်တွေရဲ့ ခံစားချက်၊ အတွေး လာမယ့် နိုင်ငံတော်ကို ဘယ်လို မြင်ချင်လဲ ဆိုတဲ့ သူတို့တွေရဲ့ နယ်ပယ် အသီးသီးက လူငယ်တွေရဲ့ အသံကိုတော့ နားထောင်ပေးဖို့ လိုတယ်လို့ မြင်တယ်။ ဘယ်လို စုဖွဲ့စေချင်လဲ။ ဘယ်လို သွားစေချင်လဲ ဆိုတဲ့ ဟာ ပေါ့နော်။ ဒီအသံတွေကိုတော့ စုစည်းပြီးတော့မှ နားထောင်ပေးနိုင်မယ်ဆိုလို့ ရှိရင်တော့ ပိုပြီးတော့ အလုပ်ဖြစ်မယ်လို့ မြင်တယ်။ နောက်တစ်ခုကလေ သံခင်းတမန်ခင်း အားနည်းတယ်။ စစ်ကောင်စစ်ဖက်ကကျတော့ လုံးဝ အင်အားကြီး နိုင်ငံ နှစ်နိုင်ငံနဲ့ ထိတွေ့ ဆက်ဆံနေပြီးတော့မှ သူ့ဆီကနေ လက်နက်ခဲယမ်းတွေ နော် လက်နက်ခဲယမ်းတွေ အများကြီး ရယူထားတယ်။ နည်းပညာတွေ ရယူထားတယ်။ ဒါကြောင့် တန်ပြန် ထိုးစစ်တွေပါ သူက လုပ်လာနိုင်တယ်။ တစ်ခု ရှိတာက လူငယ်တွေက ဒီလို ပွင့်လင်းမြင်သာနိုင်စွမ်း ရှိတော့ သူတို့ လုပ်ပြတဲ့ ပုံစံတွေကိုပဲ စစ်ကော်မရှင် ဘက်ကနေလည်း အခုအချိန် ပြန်လုပ်ပြနေတယ်။ နည်းပညာတွေနဲ့ လက်နက်တွေ အကူအညီ ယူပြီးတော့မှ။ သို့သော်ငြားလည်းပဲ အင်အားကြီး နိုင်ငံတွေကနေ ဘယ်လောက်ပဲ ကြားခံပေးနေပါစေ။ ကျွန်တော်တို့သာ ဒီနိုင်ငံတော်အဆင့် စုစည်းနိုင်ပြီဟေ့။ အတူတူ တိုက်မယ်။ တစ်ဖက်မှာ သံခင်းတမန်ခင်းကို ဘယ်လို မဟာဗျူဟာ ကျကျ လှုပ်ရှားမယ်။ နောက်တစ်ဖက်မှာ နိုင်ငံရေး အရ ဘယ်လို နည်းဗျူဟာကျကျ ကျွန်တော်တို့ သွားမယ် ဆိုတဲ့ ပုံစံတွေကို ကောင်းကောင်းမွန်မွန်သာ လုပ်နိုင်မယ် ဆိုလို့ရှိ ရင်တော့ အင်အားကြီး နိုင်ငံ နှစ်နိုင်ငံကနေ ကြားခံပေးလို့ သူတို့ အောင်ပွဲတွေ ရရင်တောင်မှ ဒါ အခိုက်အတန့်ပဲ ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအတွက် စုစည်းပေးကြဖို့ EAOs တွေရော နောက် PDFs တွေရော ပကဖ၊ ပအဖ တွေရော နော် NUG က အစ ပေါ့လေ အားလုံးက ညီညွတ်ရေးကို ပထမဦးဆုံး ဦးတည်ပေးပြီးတော့မှ လုပ်ပေးကြမယ်ဆိုလို့ရှိရင်တော့ သူတို့ အခု ပြန်လည် ရရှိနေတဲ့ အောင်ပွဲတွေ ဆိုတဲ့ ဟာက အခိုက်အတန့် ဖြစ်သွားမယ်။ ကျွန်တော်တို့ကပဲ ရေရှည်မှာ အနိုင်နဲ့ ပိုင်းသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်။

 

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ နောက်ဆုံးအနေနဲ့ ဒါ မိဘပြည်သူတွေကို ဘာများ အကြံပြု လိုပါလဲရှင့်။

 

Salai Mang Om – မိဘပြည်သူတွေ အားလုံးကို ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာ ရှိပါတယ်။ ကျွန်တော်တို့ ဒီတော်လှန်ရေးကို လုပ်လာကြတာက Federal နိုင်ငံတော် သစ်ကြီးကို လိုချင်လို့ တည်ဆောက်ချင်လို့။ ဒီနိုင်ငံတော်မှာ တရားမျှတမှု ရှိရမယ်။ ငြိမ်းချမ်းရမယ်။ ဖွံ့ဖြိုး စည်ပင်ရမယ်။ တရားဥပဒေ စိုးမိုးရမယ်။ သာတူညီမျှ၊ တန်းတူညီမျှ အခွင့်အရေးတွေ ရှိတဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် ကျွန်တော်တို့က တည်ဆောက်ချင်လို့ ဒီတော်လှန်ရေးကို ကျွန်တော်တို့ လုပ်ခဲ့ကြတာ ဖြစ်တယ်။ ဒီယုံကြည်ချက်တွေ ဒီခံယူချက်တွေ ဒီအတွေးအခေါ် တွေနဲ့ ကျွန်တော်တို့ လာခဲ့လို့ ကျွန်တော်တို့ နိုင်ငံတော်သစ်ဆီကို ရောက်ဖို့ရန်အတွက် ခရီးတစ်ဝက် ကိုတောင် ကျွန်တော်တို့ ကျော်ခဲ့ကြပြီ။ ဆိုတော့ ကျွန်တော်တို့မှာ နာဖျားရတာ တွေ ဆင်းရဲရတာတွေ ပင်ပန်းရတာတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာတွေ သားသမီး မရှိတော့တဲ့ လူတွေ မိဘ မရှိတော့တဲ့ သူတွေ ညီအစ်ကို မောင်နှမ ဆုံးရှုံးလိုက်ရတဲ့ သူတွေ အများကြီး ပါပဲ။ ကျွန်တော်တို့ ဒီတော်လှန်ရေးကို လမ်းခုလတ်မှာပဲ ကျွန်တော်တို့ ထားခဲ့လိုက်မယ်ဆိုလို့ရှိရင်တော့ တော်လှန်ရေးဟာ ကျရှုံးသွားပါလိမ့်မယ်။ ကျွန်တော်တို့ အိမ်မက်ဟာ အိမ်မက်အဖြစ်နဲ့ပဲ ဆက်ပြီးတော့ ကျန်နေပါလိမ့်မယ်။ ကျွန်တော်တို့ ဆုံးရှုံးမှုတွေဟာ အလဟဿ၊ ကျွန်တော်တို့ ပေးဆပ်မှုတွေဟာ အကုန်လုံး အလဟဿ ဖြစ်သွားပါလိမ့်မယ်။ နောက်နောင် နောင်မျိုးဆက်ထိ တော်လှန်ရေး ဆိုတဲ့ ဟာကို ဘယ်သူမှ မပြောရဲ မတွေးရဲ အဆင့်ထိ ဖြစ်သွားနိုင်တယ် ပေါ့နော်။ မတရားမှုကို တွန်းလှန်ရမယ်။ တိုက်ထုတ်ရမယ် ဆိုတဲ့ အယူအဆကို တောင်မှ ဘယ်သူမှ မတွေးရဲတဲ့ အဆင့်ထိ ဖြစ်သွားနိုင် တယ်။ ဒါကြောင့် သွားချင်တဲ့ နိုင်ငံတော်ကို တည့်တည့် ကြည့်ပြီးတော့မှ အားသစ်လောင်းပြီး သွေးသစ် လောင်းပြီးတော့ သွားဖို့ လိုပါတယ်။ နောက်တစ်ဖက်မှာ တော်လှန်ရေး လုပ်နေတဲ့ ပြည်သူရော ရဲဘော်တွေရော ပေါ့နော်။ ပြည်သူ့ရဲ့ အသံကို နားထောင်ပေးကြပါ။ ပြည်သူ့ရဲ့ အခက်အခဲကိုလည်း ရှေ့ရှုပေးကြပါ။ ပြည်သူ လိုချင်တာ ဘာလဲဆိုတဲ့ဟာကို သိနိုင် မြင်နိုင် အောင် ကြိုးစားပြီးတော့ ပြည်သူ လိုချင်တဲ့ ပုံစံကိုလည်း အကောင်အထည် ဖော်ပေးကြဖို့ လိုတယ် ပေါ့နော်။ ဒီလိုသာ ဖြစ်ရင် အထူးသဖြင့် ကျွန်တော်တို့ စောနက ဆွေးနွေးထားသလိုပဲ စုစည်းရေး ညီညွတ်ရေးကိုသာ ကျွန်တော်တို့ အများဆုံး လုပ်နိုင်မယ်ဆိုလို့ရှိရင် ပြည်သူ ကိုယ်တိုင်က အလိုလို အားတက်လာပါလိမ့်မယ်။ ပြန်ပြီးတော့ မျှော်လင့်ချက်တွေ အသစ်တွေနဲ့ ပြန်ပြီးတော့ သွေးသစ်လောင်းပြီးတော့မှ ဒီတော်လှန်ရေးမှာ ထပ်မံပြီးတော့မှ ပြန်ပါဝင်လာမယ်။ ပါဝင်နေကျ လူတွေလည်း ပိုပြီးတော့ ကြိုးစားပြီးတော့ ပါဝင်လာကြမယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အား တစ်ဆ နှစ်ဆ ပေါ့နော်။ ပိုပြီးတော့ စိုက်ထုတ်ပြီးတော့ ပိုပြီးတော့ ပါဝင်လာကြပါလိမ့်မယ်။ ဒါကြောင့် ညီညွတ်ရေးကို အမြန်ဆုံး လုပ်ပေးကြပါ။ ပြည်သူကလည်း ဒါတွေကို တိုက်တွန်းနှိုးဆော်ပေးပါ။ လုံးဝ မရတဲ့ အဖွဲ့အစည်းတွေ ရှိရင် လည်း ဖိအားပေးကြပါ။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ ကျွန်တော်တို့ တစ်စုတစ်စည်းတည်း ပေါ့နော်။ သွားအောင် ကျွန်တော်တို့ စကားပြောအောင် စုစည်းအောင် ညီညွတ်အောင် အတူတူ လျှောက်လှမ်းအောင် ကျွန်တော်တို့ လိုချင်တဲ့ အနာဂတ် ပန်းတိုင်ဆီကို ကျွန်တော်တို့ အမြန်ဆုံး ရောက်ရှိနိုင်အောင် ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ အချင်းချင်း တိုင်ပင် နှီးနှောပြီးတော့ ညီညွတ်ပြီးတော့မှ သွားအောင်လို့ပဲ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

RAIN – ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

 

Salai Mang Om – ကျေးဇူးတင်ပါတယ်ခင်ဗျာ။