လက်ရှိ တော်လှန်ရေးကာလမှ စတင်ပြီး အသွင်ကူးပြောင်းရေးကာလအထိ အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဖို့အတွက် “ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ” ကို စတင်ရေးဆွဲနေပြီဟု တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် အရပ်ဘက်အဖွဲ့ ကိုးဖွဲ့က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်တွင် ပါဝင်သောအဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း(ပဒေါင်)နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အဖွဲ့တို့ ဖြစ်ပါသည်။
ယခုလို ထုတ်ပြန်ချက် မထွက်လာမီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်သော ဘုံနိုင်ငံရေး သဘောတူညီချက် လုပ်ငန်းစဉ် အဆင့်ဆင့် (ဂ) တွင် အသွင်ကူးပြောင်းရေးကာလ NUG အစိုးရ ဖွဲ့စည်းရေးသည် ပါဝင်ခဲ့ပါသည်။
ဤအထက်ဖော်ပြပါ အဖွဲ့အစည်းများသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရစတင် ဖွဲ့စည်းချိန်တို့တွင် အရေးပါသော အင်အားစုများ ဖြစ်ခဲ့သောကြောင့် အများပြည်သူ မျှော်လင့်ချက် အားကောင်းခဲ့ပြီး မြန်မာနိုင်ငံတော်လှန်ရေး ဦးဆောင်မှုကဏ္ဍ ပိုမိုအားကောင်း လာရေးအတွက် မျှော်လင့်နေသော နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများကလည်း အသွင်ကူးပြောင်းရေး NUG အစိုးရအား စောင့်မျှော်နေကြသည်။
သို့သော် ရွေးကောက်ပွဲ ကျင်းပမကျင်းပ မသေချာဘဲ ဖြစ်နေခဲ့သည့် မင်းအောင်လှိုင်ကပင် ရွေးကောက်ပွဲ အချိန်ကာလ သတ်မှတ်ချက် ထွက်လာပြီး မကြာမီ နေ့စွဲ၊ ရက်စွဲပါ ထွက်လာကာ သူမတရားယူထားသော အာဏာအား စနစ်တကျဆွဲဆန့်ရန် ပြင်ဆင်ပြီး ၂၀၂၄ ခုနှစ်စမှ၍ စတင်ကြွေးကြော် ထားသော အသွင်ကူးပြောင်းရေး NUG အစိုးရသည် လုံးဝအသံတိတ်သွားသည်။
ဤ NUG ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားမှုသည် တော်လှန်ရေး အနာဂတ်တစ်ခုသဖွယ် ရှုမြင်ကြပြီး ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန်ဆိုပြီး စကားဝိုင်း အမျိုးမျိုးဖြင့် ကြိုဆိုထောက်ခံ သုံးသပ်မှုများလည်း ရှိခဲ့ပါသည်။ သို့သော် နောက်ဆုံးအသံပြန်တိတ်သလို ဖြစ်သွားချိန်တွင် လူထုလှုပ်ရှားမှုတွင် အရေးပါသော ပုဂ္ဂိုလ်များကပင် “NUG မဖြစ်မနေပြောင်းလဲမှသာ တော်လှန်ရေး အောင်မြင်မည်” ဟု သတိပေးခြင်းခံကြရတော့သည်။
အကြောင်းရင်းမှာ ရာထူးသက်တမ်းမရှိသည့် NUG သည် တော်လှန်ရေးအဖွဲ့အစည်းလည်း မဟုတ်၊ ယှဉ်ပြိုင်အစိုးရ ဟုလည်း မခေါ်ထိုက်သော စုဖွဲ့မှု၊ ဦးဆောင်မှုနှင့် ကိုယ်စားပြုမှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်များကပင် မဟာမိတ်အဆင့်ဖြင့်သာ ဆက်ဆံပြီး နိုင်ငံတကာကလည်း အပြုသဘောဖြင့် တုံ့ပြန်မှုကလွဲပြီး မည်သည့်နိုင်ငံကမှ တရားဝင်အစိုးရအဖြစ် လုံးဝလက် မခံနိုင်ခဲ့ပေ။
ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ NUG အစိုးရဖွဲ့စည်းရန် သတင်းထွက်လာချိန်တွင် နိုင်ငံတကာ စိတ်ဝင်စားမှု အားကောင်းခဲ့သည့် အပြင် မြန်မာတော်လှန်ရေးကို စိတ်ဝင်စားစွာ ထောက်ခံအားပေးရန် စောင့်ကြည့်သည့် နိုင်ငံတကာအစိုးရများ၊ အိမ်နီးချင်းနိုင်ငံအစိုးရများက အသစ်ထွက်လာမည့် အသွင်ကူးပြောင်းရေး အစိုးရကို စောင့်မျှော်နေကြခြင်းကြောင့် ယခု ကြားကာလNUG၏ နိုင်ငံတကာ ထိုးဖောက်နိုင်မှုသည် ကန့်သတ်ချက်များစွာဖြင့် ဆက်ဆံခြင်းကို ကြုံတွေ့လာရသည်။
ဤသို့ကြောင့် လက်ရှိတော်လှန်ရေးကာလမှာ ယာယီအားဖြင့် ယှဉ်ပြိုင်အစိုးရအာဏာ ကိုင်ထားသူများ (NUG ခေါင်းဆောင်များ) အနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်နှင့် မဟာမိတ်များ အနေဖြင့် သော်လည်းကောင်း တရားဝင် ထုတ်ဖော်ပြောဆိုပြီးသော အသွင်ကူးပြောင်းရေးအစိုးရအား မဖွဲ့စည်းခြင်းသည် NUG အား နိုင်ငံတကာမှာ လုံးဝခြေမဆန့်နိုင်အောင် အရင်ကိုယ့်ဘာသာ ရိုက်ချိုးပြီး မင်းအောင်လှိုင်နှင့် လုံးဝမယှဉ်ပြိုင်နိုင်အောင် ထားသည်နှင့် တူပါသည်။
ထို့အပြင် မြန်မာပြည်သူများအား နှစ်စဉ် မျှော်လင့်ချက်အမှားဖြင့် ၄ နှစ်၊ ၅ နှစ်တိုင် တော်လှန်ရေး အားပေးအောင် ဆွဲခေါ်ခြင်းကြောင့် အလိုလိုကျဆင်းပြီးဖြစ်သော နိုင်ငံတကာထောက်ခံမှု၊ ပြည်သူထောက်ခံမှု ပိုမိုကျဆင်းစေကာ လက်ရှိ NUG ၏ ဆောင်ရွက်ချက်များအား အောင်မြင်မှုမရှိ မှေးမှိန်သည်အထိ သက်ရောက်လာနိုင်သည်။ ထို့ကြောင့် NUG ဦးဆောင်မှုဖြင့် တော်လှန်ရေး အောင်မြင်ရန် မျှော်လင့်ထားသော တော်လှန်ပြည်သူများ၏ မျှော်လင့်ချက်ကိုလည်း ရိုက်ချိုးရာကျပါသည်။
ထို့ကြောင့် သာမာန်အားဖြင့် အမျိုးမျိုးနည်းလမ်းများဖြင့် ပြည်သူများအား မျှော်လင့်ချက်အမှားပေးခြင်းနှင့် မတူသော အသွင်ကူးပြောင်းရေး NUG အစိုးရ ဖွဲ့စည်းရေး မျှော်လင့်ချက်သည် သက်ဆိုင်ရာ ခေါင်းဆောင်များ ကတိမတည်ပါက နိုင်ငံတကာမှာ ဘယ်တော့မှ တော်လှန်ရေးအစိုးရသဖွယ် လက်ရှိ NUG အစိုးရ ပြန်လည် အားကောင်းနိုင်ဖွယ် မရှိတော့သည့်အပြင် တော်လှန်ရေးအင်အားစု ခေါင်းဆောင်များ အသီးသီး ကိုယ်တိုင် အားနည်းချက်များစွာ ဝေဖန်ထောက်ပြထားသော NUG သည် ပြည်သူများကပင် ဘေးဖယ်ခံရနိုင်ခြေ ရှိသည်။
ဤသို့ တော်လှန်ရေးကာလ ၅ နှစ်ပြည့်တော့မည့်အချိန် ထူးခြားသော ပြောင်းလဲမှု မရှိလာဘဲ နွေးဦးတော်လှန်ရေးကြီး ဖရိုဖရဲဖြစ်လာပါက အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းမည်ဟု တရားဝင် ထုတ်ပြန်ထားသော လက်ရှိ NUG အစိုးရအား အားနည်းမှုများစွာ ဖြစ်ပေါ်စေသည့် အဖွဲ့အစည်းများနှင့် အဆိုပါ အဖွဲ့အစည်းများထဲက လူပုဂ္ဂိုလ်များသည် တော်လှန်ရေး ဖျက်ဆီးသူများသဖွယ် သမိုင်းတရားခံအဖြစ် အပြစ်ပုံချခြင်းပါ ခံရနိုင်သည်။ အကြောင်းရင်းမှာ နိုင်ငံတကာမျက်နှာစာမှာ NUG အား မဖြစ်မနေပြောင်းလဲရန် တရားဝင်ထုတ်ပြန်ခြင်းဖြင့် ဆွဲချသလိုဖြစ်ပြီး တော်လှန်ပြည်သူများ ထောက်ခံမှုကျဆင်းအောင်လည်း ခေါင်းဆောင်အသီးသီးမှ တရားဝင်ဝေဖန်ထားပြီးမို့ အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ထုတ်ပြန်ချက်သည် အမှန်တကယ် မဖြစ်လာပါက “တော်လှန်ရေးအစိုးရ” ဟု ကြွေးကြော်လာသည့် ကြားကလာ NUG၏ ပုံရိပ်များကို နဂိုကျဆင်းနေသည့်ကြားက ရစရာမရှိအောင် ကျဆင်းစေခြင်းသာ အကျိုးရှိတော့မည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိကြားကာလ NUG ကို မဖြစ်မနေပြောင်းလဲဖို့ လိုအပ်ပြီး ထိုသို့ ပြုပြင်ပြောင်းလဲနိုင်ရန် အရေးကြီးဆုံးမှာ လက်ရှိ NUG အစိုးရ ဝန်ကြီး၊ ဒုဝန်ကြီးများကိုယ့်ကိုယ်ကို ရာထူးအာဏာ စွန့်လွှတ်ကာ မဖြစ်မနေ အပြောင်းအလဲ အလုပ်ခံခြင်း ဖြစ်သည်။
လက်ရှိမှာ ရန်သူဖြစ်သည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် ပြည်သူထောက်ခံမှုမရှိဘဲ အာဏာသိမ်းခြင်းကြောင့် သူတို့ အာဏာသိမ်းမှုအား ပြည်သူထောက်ခံသဖွယ် မဖြစ်မနေ ပြောင်းလဲရန်ကြိုးပမ်းနေသောကြောင့် မင်းအောင်လှိုင်အာဏာစွန့်ကာ တိုင်းပြည် အပြောင်းအလဲ ဖြစ်ရေးမျှော်လင့်ချက်သည် မရှိပေ။ ထို့ကြောင့် ကြားကာလ NUGအား ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီး၊ ဒုဝန်ကြီးများ အာဏာစွန့်ရဲသည့် သတ္တိဖြင့်သာ တော်လှန်ရေး အောင်မြင်နိုင်မည့် လမ်းကြောင်းရှာဖွေရန် လိုအပ်ပေသည်။ ဤသို့ အာဏာမစွန့်ရဲပါက မင်းအောင်လှိုင်ထက် အာဏာမက်မောသူများဟု သမိုင်းက မှတ်တမ်းတင်သွားမည်ဖြစ်ပြီး တော်လှန်ရေးသည်လည်း အားနည်းသထက် နည်းသွားမည်ဖြစ်သည်။
အကြောင်းရင်းမှာ လုံးဝကြားကာလNUGသည် နေ့စဉ်နှင့်အမျှ အားနည်း သထက်နည်းပြီး တော်လှန်ရေးအတွက် အရေးပါသော နေရာများကို လက်မလွှတ်လိုဘဲ ဦးဆောင်မှုလည်း မပေးနိုင်သော ပုဂ္ဂိုလ်များအဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။ အဆိုးဆုံးမှာ လက်ရှိ NUG အစိုးရ ဦးဆောင်မှုအတိုင်း ဆက်ထားခြင်းသည် တော်လှန်ရေး ဖြစ်သောကြောင့် ပြည်သူအား မျက်နှာမမူဘဲ ဦးဆောင်မှုလည်းမပေးနိုင် အသွင်ကူးပြောင်းရေးလည်း မဆောင်ရွက်ပေးနိုင်ဘဲ လစဉ် တော်လှန်ရေးဘဏ္ဍာငွေ သိန်းထောင်ချီ ဖြုန်းတီးကာ ပြည်သူများ အသက်သွေးကြောဖြစ်သည့် တော်လှန်ရေး ဘဏ္ဍာငွေမှာ ထိုင်ကာ တော်လှန်ရေးကို အတွက် ဦးဆောင်မှုပေးနိုင်သူများ နေရာမဖယ်ပေးခြင်းဖြင့် နွေဦးတော်လှန်ရေးအား ဖျက်ဆီးသည့် လုပ်ရပ်များ အတူတူဖြစ်သည်။ ထို့ကြောင့် မင်းအောင်လှိုင် ရာထူးမစွန့်လွှတ်ပါက တော်လှန်ရေး အောင်မြင်ဖို့ရန် လက်ရှိကြားကာလ NUG ဝန်ကြီး၊ ဒုဝန်ကြီးများ ရာထူးစွန့်လွှတ်ကာ အနားယူပေးခြင်းဖြင့် မဖြစ်မနေ အသွင်ကူးပြောင်းရေး NUG ဖော်ဆောင်နိုင်ရေးအား လမ်းဖွင့်ပေးကြပါရန် လိုအပ်နေပြီ ဖြစ်သည်။