ဖေဖေါ် ၂၆
The Kaladan Post
Thailand ရွေးကောက်ပွဲ ကော်မရှင်ဖြစ်သည့် Election Commission of Thailand (UEC) သည် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရလဒ်များအရ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် Anutin Charnvirakul ဦးဆောင်သည့် Bhumjaithai Party (BJT) သည် အောက်လွှတ်တော် အမတ်နေရာ အများဆုံးကို အနိုင်ရရှိခဲ့ကြောင်း အတည်ပြုထားသည်။
အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၄၀၀ ကို မဲဆန္ဒနယ်အသီးသီးမှ တိုက်ရိုက် မဲပေးရွေးချယ်ရာ BJT ပါတီက အမတ်နေရာ ၁၇၀ ကို ရရှိခဲ့သည်။ ပြုပြင်ပြောင်းလဲရေး အင်အားစုဖြစ်သည့် People’s Party Thailand (PP) သည် ၈၈ နေရာ၊ Pheu Thai Party (PTP) သည် ၅၈ နေရာသာ ရရှိခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။
ကျန်ရှိသည့် အမတ်နေရာ ၁၀၀ ကိုတော့ ပါတီအလိုက် စုစုပေါင်း မဲရရှိမှုအပေါ် အခြေခံ၍ အချိုးကျ ခွဲဝေပေးမည်ဖြစ်ပြီး ယခုထုတ်ပြန်ချက်တွင် မပါဝင်သေးပါ။ အဆိုပါ အချိုးကျ နေရာများကိုပါ ပေါင်းစည်းတွက်ချက်လျှင် BJT ပါတီသည် အမတ်နေရာ ၁၉၀ ဝန်းကျင်ထိ ရရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံတွင် အစိုးရဖွဲ့စည်းရန် အောက်လွှတ်တော် အမတ် အနည်းဆုံး ၂၅၁ ဦး၏ ထောက်ခံမှု လိုအပ်သောကြောင့် ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့စည်းနိုင်သည့် အခြေအနေ မရှိသေးပါ။ သို့သော် BJT၊ PP နှင့် ပါတီငယ်အချို့သည် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ဆွေးနွေး သဘောတူထားပြီး စုစုပေါင်း အမတ်နေရာ ၂၈၆ နေရာအထိ ထိန်းချုပ်နိုင်ဖွယ် ရှိနေသည်။ PP ပါတီကတော့ အဓိက အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု အတည်ပြုထားသည်။
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ပါက BJT ပါတီက ဦးဆောင်အစုအဖွဲ့အဖြစ် ရပ်တည်ပြီး အနူတင် ချန်ဝီယာကူက ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ရသည်။
UEC ၏ ထုတ်ပြန်ချက်အရ မဲဆန္ဒနယ် ၄၀၀ အနက် ၃ နေရာတွင် မဲရေတွက်မှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ မေးခွန်းထုတ်စရာ အခြေအနေများ ရှိခဲ့သဖြင့် ပြန်လည် ရေတွက်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် မြောက်ပိုင်း မဲရုံတစ်ခုတွင် မဲစာရင်းပါ လူဦးရေနှင့် ရရှိသည့် မဲစာရွက်အရေအတွက် မကိုက်ညီသည့်အတွက် မတ်လ ၁ ရက်တွင် မဲပြန်လည်ပေးရန် စီစဉ်ထားကြောင်းလည်း ကြေညာထားသည်။
Source: Agence France-Presse (AFP)
ဓာတ်ပုံ – Reuters