ငါန်းဇွန်တွင် စစ်ယာဉ်တန်း စောင့်ကြိုတိုက်ခိုက်ခံရ၍ စစ်သားနှင့် ပျူစောထီး ၄၀ ကျော် ပွဲချင်းပြီး သေဆုံး

 

ဒီဇင် ၂၁

The Kaladan Post

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်ခန့်က စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကန်တာထရပ်ကားတစ်စီးကို အပြတ်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးခေါင်းဆောင် မျိုးမင်းခိုင်လက်အောက်ခံ ပျူစောထီးသစ်စစ်သားများအပါအဝင် ၄၀ ဦးကျော်နှင့် ဒုတပ်ကြပ် ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း (TGYR) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Loki က ပြောကြားသည်။ ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း (TGYR)၊ Special Task Force (Ngazun) နှင့် 9.2.5 တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တန်းတွင် ကန်တာထရပ် ၁ စီး၊ ကားကြီး ၂ စီး၊ လိုက်ထရပ် ၁ စီး စုစုပေါင်း ၄ စီးပါဝင်ပြီး ငါန်းဇွန်မြို့မှ တံတားဦးမြို့နယ်ဘက်သို့ ထွက်ခွာလာစဉ် မြို့နှင့် မီတာ ၄၀၀၀ ခန့်အကွာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ကန်တာကားကို အပိုင်သိမ်းနိုင်ခဲ့သော်လည်း ငါန်းဇွန်မြို့မှ စစ်ကူကားအကြီးအငယ် ၆ စီး ရောက်ရှိလာသဖြင့် ပစ္စည်းများ မသိမ်းဆည်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရဲဘော် Loki က ဆိုသည်။

မြန်မာ-အိန္ဒိယ နယ်စပ်လမ်းတစ်လျှောက် အတုရွေးကောက်ပွဲ ဆန့်ကျင်ဆိုင်းဘုတ်များ ဆိုက်ထူ

 

ဒီဇင် ၂၁

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကလေး-တီးတိန်-ရိဒ်ကျွန်းဆွယ် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း တစ်လျှောက်တွင် ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) နှင့်အတူ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များကို လိုက်လံဆိုက်ထူခဲ့ကြောင်း သိရသည်။ လွတ်မြောက်ဒေသများတွင် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပနိုင်ရန် အပြင်းအထန် စစ်ကြောင်းထိုးနေသည့်အပြင် စစ်တပ်ထိန်းချုပ်ဒေသ များရှိ ပြည်သူများကို သေနတ်မိုးပြီး အတင်းအကြပ် မဲထည့်ခိုင်းမည်မှာ အမှန်ပင်ဖြစ်ကြောင်း ကော်မတီက ထုတ်ဖော်ပြောဆိုသည်။

စစ်တပ်စိုးမိုးဒေသများရှိ ပြည်သူများအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံး နည်းလမ်းများဖြင့် ဆန့်ကျင်ပေးကြရန် ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက မေတ္တာရပ် ခံထားသည်။ ယင်းလှုပ်ရှားမှုမှာ စစ်အုပ်စု၏ မတရားရွေးကောက်ပွဲ ကျင်းပရေးကို နယ်စပ် ဒေသအထိ ပြတ်သားစွာ ငြင်းပယ်သည့် လူထုတစ်ရပ်လုံး၏ သဘောထားကို ထင်ရှားစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်။

လောင်းလုံးစစ်ကြောင်းကို အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်၍ စစ်သား ၁၂ ဦးသေဆုံး၊ ရဲဘော် ၃ ဦးကျဆုံး

 

ဒီဇင် ၂၁

The Kaladan Post

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ အကြိမ်ကြိမ် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးထက်မနည်း သေဆုံးကာ ၁၅ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုက်ပွဲများအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပါဝင်ခဲ့ပြီး စစ်ကြောင်းများကို အထိနာစေကာ လောင်းလုံးမြို့ထဲသို့ အကြိမ်ကြိမ် ပြန်ဆုတ်ခွာစေခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံး(ပကဖ)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DNLA (ဒရုန်းအဖွဲ့)၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင် ထပ်မံအမိန့်ပေး၊ စစ်တပ်နှင့်လက်တွဲနိုင်သူကိုသာ မဲပေးရွေးချယ်ရန်

 

ဒီဇင် ၂၁

The Kaladan Post

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချပေးခဲ့သည်မှာ စစ်တပ်ဖြစ်ပြီး ဒီမိုကရေစီခိုင်မာ ရေးကိုလည်း စစ်တပ်ကသာ ထိန်းကျောင်းတည့်မတ်ပေးနေသဖြင့် လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်နှင့် စိတ်တူကိုယ်တူ လက်တွဲနိုင်သူများကိုသာ ဆန္ဒမဲပေးရွေးချယ်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကွေးတပ်နယ်တွင် အရာရှိ၊ စစ်သည်များနှင့် တွေ့ဆုံစဉ် ထပ်မံအမိန့်ပေးပြောဆိုခဲ့သည်။ ရွေးကောက်ပွဲပြီးစီးပါက အနိုင်ရပါတီကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဟုလည်း ဆိုသည်။

တိုင်းပြည်နှင့် ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး အမြင်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာနိုင်သူများကိုသာ ရွေးချယ်မဲပေးကြရန် မင်းအောင်လှိုင်က စစ်တပ်ကို ညွှန်ကြားခဲ့ပြီး အလားတူ ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း ကချင်ပြည်နယ်တွင် တပ်နယ်တွေ့ဆုံပွဲများတွင် စစ်တပ်နှင့်လက်တွဲနိုင်သူကိုသာ မဲပေးရန် ပြောဆိုခဲ့သည်။

 

ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီတူအရင်း နာမည်သုံးလိမ်၍ ငွေသိန်း ၂၀၀၀ ကျော်ရယူ၊ တိုင်ကြားသော်လည်း ဖြေရှင်းမပေး

 

ဒီဇင် ၂၁

The Kaladan Post

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ၏ တူအရင်း ကျော်သက်ဟိန်းက ဦးလေးဖြစ်သူ ခင်ရီ၏ နာမည်နှင့် ခိုင်းစေမှုရှိသည်ဟု ဆိုကာ လုပ်ငန်းရှင်များနှင့် ဒေသခံများထံမှ ငွေကျပ်သိန်း ၂၀၀၀ ကျော် ချေးယူပြီး ကားများပေးအပ်မည်ဟု ကတိပေးကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း အလိမ်ခံရသူများက ပြောဆိုသည်။ ယင်းလိမ်လည်မှုအတွက် အလိမ်ခံရသူများက ခင်ရီထံ အကြိမ်ကြိမ် စာပေးပို့တိုင်ကြားခဲ့သော်လည်း မည်သည့်တုံ့ပြန် ဖြေရှင်းမှုမျှ မရရှိခဲ့ဟု သိရသည်။

“အမျိုးတော်တာလည်း ဟုတ်တယ်၊ တူအရင်းဆိုတာလည်း မမှားဘူး။ ဦးခင်ရီအမျိုးဆိုတော့ ဒီဘက်ကလူတွေ ယုံပြီး ငွေချေးလိုက်ကြတာ။ ပတ်သက်မှုမရှိရင်တောင် ကျွန်တော်ခိုင်းတာ မဟုတ်ဘူးဆိုပြီး ရှင်းပေးဖို့ စာအကြိမ်ကြိမ်ရေးပေးပို့ပေမယ့် ဘာမှ အကြောင်းမပြန်ဘူး” ဟု ငွေအလိမ်ခံရသူတစ်ဦးက ဆိုသည်။ မြောင်းမြဇာတိ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီမှာ ယခုအခါ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

မုံရွာနမခ ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သား ၅ ဦးသေဆုံး၊ အထက်မင်းလှတွင်လည်း တိုက်ပွဲဖြစ်

 

ဒီဇင် ၂၁

The Kaladan Post

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသော ကြေးနီတင်ဆောင်ယာဉ်တန်း ၂၄ စီးကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြင်မူးမြို့နယ်၊ အလ္လကပ္ပကျေးရွာထိပ်အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို TGR၊ မြင်မူးမြို့နယ်ပကဖ၊ အလ္လကပ္ပတိုက်နယ်ပကဖနှင့် အမုန်းဗျင်းမဲ့ Drone Teams တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်။

အလားတူ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ဒီဇင်ဘာ ၁၇ ရက်နှင့် ၂၀ ရက်များအတွင်း ကညင်းကြီးနှင့် အုပ်ပုံကျေးရွာအနီးများတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဗမာပြည်ကာကွယ်ရေးတပ် USBA နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။ တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်သာ ရှိခဲ့ပြီး စစ်တပ်ဘက်မှ အင်အား ၈၀ ကျော်ဖြင့် အုပ်ပုံရွာအနီးတွင် စခန်းချထားကြောင်း သိရသည်။

တောင်ကိုရီးယား ဒယ်ဂူးမြို့တွင် မြန်မာစစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲကျင်းပ

 

ဒီဇင် ၂၁

The Kaladan Post

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်းနှင့် စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး MFDMC ပြည်ပထောက်ပံ့ဥက္ကဋ္ဌ ကိုဇော်မိုးအောင်က တော်လှန်ရေးအားပေးစကား ပြောကြားခဲ့သည်။

ထို့ပြင် ဝဲကန်မြို့တွင် အညာဒေသ စစ်ရှောင်များကို ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေ စုဆောင်းဖလားဘိလိယက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မတရားဖမ်းဆီးခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို သားဖြစ်သူ ကိုကိမ်အာရစ် (ကိုထိန်လင်း) နှင့်အတူ စိုးရိမ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံသူနိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုခဲ့ကြပြီး “ထွက်ပေါက်မဟုတ်ဘူး ထောင်ချက်၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ” ဟု ကြွေးကြော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်း ဦးဆောင်၍ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

 

ဒီဇင် ၂၁

The Kaladan Post

ဧရာဝတီတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “အောင်လံလွှင့်မည်” ရွှေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ညနေချမ်းတွင် အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ယင်းလှုပ်ရှားမှုမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထု၏ ခိုင်မာသော ရပ်တည်ချက်ကို ထင်ရှားစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်။

ရွှေရေကြည်သပိတ်စစ်ကြောင်းသည် တော်လှန်ရေးကာလတွင် ရှေ့တန်းမှ ဦးဆောင်လှုပ်ရှား နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ သပိတ်မှောက်ဆန္ဒပြမှုမျိုးကို အကြိမ်ကြိမ် ဆောင်ရွက်လျက် ရှိသည်။ စစ်ကောင်စီ၏ မတရားရွေးကောက်ပွဲ ကျင်းပရေးကို နေရာအနှံ့အပြားတွင် ပြည်သူများက ဆက်လက်ငြင်းပယ်နေခြင်းလည်း ဖြစ်သည်။

ယင်းမာပင်နှင့်မုံရွာတွင် ကျေးရွာ ၁၀ ခု စစ်တပ်မီးရှို့၊ နေအိမ် ၃၅၀ ကျော်ပြာကျ၊ ဆားလင်းကြီးတွင်လည်း စစ်ကြောင်းပြင်ဆင်

 

ဒီဇင် ၂၁

The Kaladan Post

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျောက်မော်၊ ပတိန်ပြင်၊ ကျွန်းမော်၊ ကြက်လျှာ၊ အင်းဘတ်၊ နှောပင်နှင့် ကျောက်ကုန်းကျေးရွာ စုစုပေါင်း ၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျကာ အိမ်ထောင်စု ၂၂၉ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ အလားတူ မုံရွာမြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပေါက်ပင်၊ တံခွန်တိုင်နှင့် နဂါးတွင်းကျေးရွာ ၃ ရွာရှိ နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ လူပေါင်း ၂၀၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

ထို့ပြင် ဆားလင်းကြီးမြို့နယ်အတွင်း ဝမ်ပေါင်ကုမ္ပဏီတွင် ကျောက်မှော်ဘက်မှ စစ်သားများ အင်အားများစွာ စုဝေးနေပြီး အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများက ဆိုသည်။ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းဖြစ်ရပ်များမှာ စစ်ကိုင်းတိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အုတ်ဖိုတွင် ပေါ်တာဆွဲလာသော စစ်သားရဲအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရ၍ ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံး၊ သေနတ် ၂ လက်သိမ်း

 

ဒီဇင် ၂၁

The Kaladan Post

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာသော စစ်သားနှင့် ရဲများကို အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်း အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း ပွဲချင်းပြီး သေဆုံး ၄ ဦး၊ ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့စဉ် သေဆုံး ၂ ဦး ရှိခဲ့ပြီး လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို လွှစင်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ဂိတ်စခန်းမှ ကင်းလှည့်ဟန်ဖြင့် ပေါ်တာဆွဲရန် ထွက်ခွာလာစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ စစ်အုပ်စု၏ လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းမှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြင်းထန်စွာ တွန်းလှန်တိုက်ခိုက်နေမှုကို ထင်ရှားစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်။