တောင်ကလေးရွာကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်၊ အသက် ၆၀ အရွယ်အမျိုးသား ပွဲချင်းသေဆုံး

 

ဒီဇင် ၂၇

The Kaladan Post

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် စစ်တပ်၏ ၃၄၄ အမြောက်တပ်ရင်းက ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် တောင်ကလေးကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ရွာခံ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်တွင်လည်း လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အသက် ၆၆ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုဂံ-ညောင်ဦးတွင် စစ်တပ်လုံခြုံရေးတင်းကျပ်ထားသည့်ကြား အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်း အောင်မြင်စွာလုပ်ဆောင်

 

ဒီဇင် ၂၇

The Kaladan Post

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံဘုရားဒေသတွင် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် လုံခြုံရေးအထူးတင်းကျပ်ထားပြီး CCTV များအထပ်ထပ်တပ်ဆင်ထားသည့်ကြားမှ ဒေသခံလူငယ်အင်အားစုများက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး စတေကာကပ်ခြင်းနှင့် စာရွက်ကျဲဖြန့်ခြင်း လှုပ်ရှားမှုများကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဂံနှင့် ညောင်ဦးဆက်သွယ်ထားသည့် အနော်ရထားလမ်းနှင့် သရပါတံခါးသွားရာ မြို့ဟောင်းလမ်းများတွင် “ဆန္ဒမဲမပေးဘဲ သပိတ်မှောက်ကြပါ” ဟု ရေးသားထားသော စာရွက်များကို ကျဲဖြန့်ခဲ့ပြီး စစ်တပ်နှင့် ပျူစောထီးများ၏ ကင်းထောက်မှုကြားမှ မြန်ဆန်စွာ လှုပ်ရှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူငယ်အင်အားစုများက ပြောဆိုသည်။

တပ်ပိုင်ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်ခံသည့် ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင် စစ်တပ်က ဖမ်းဆီး

 

ဒီဇင် ၂၇

The Kaladan Post

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အခြေစိုက် ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို ဒီဇင်ဘာ ၂၄ ရက်တွင် စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။ တပ်ရင်းရှေ့တွင် တပ်ပိုင်ဂိတ်ဖွင့်ကာ မြဝတီအသွားအပြန် ကုန်ကားများနှင့် ခရီးသွားပြည်သူများထံမှ ဂိတ်ကြေးများ အဆမတန်ကောက်ခံမှု၊ တရားမဝင်ကုန်သွယ်မှုများကို လာဘ်ငွေယူ၍ ခွင့်ပြုမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ဗိုလ်မှူးသူရိန်အောင်ကို ရာထူးမှ ထုတ်ပယ်ထားပြီး ငွေကြေးဆိုင်ရာ ပြစ်မှုများနှင့်ပတ်သက်၍ စစ်တပ်က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။ ခမရ ၂၀၂ တပ်ရင်းသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံဖြစ်ပြီး မွန်နှင့် ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှုများရှိခဲ့ကြောင်း တပ်သတင်းရင်းမြစ်များက ဆိုသည်။

ကြံ့ဖွတ်ခင်ရီ နောက်ဆုံးမဲဆွယ်၌ NLD ခေတ်ပြီးဆုံးပြီဟု ကြုံးဝါး၊ နိုင်ငံတည်သရွေ့ ကြံ့ဖွတ်မှတစ်ပါး အခြားမရှိဟု ခြိမ်းခြောက်

 

ဒီဇင် ၂၇

The Kaladan Post

ကြံ့ဖွတ်ပါတီ ဗဟိုကော်မတီဝင် ခင်ရီက ဒီဇင်ဘာ ၂၆ ရက်တွင် နောက်ဆုံးမဲဆွယ်စည်းရုံးရေးအခမ်းအနားတွင် NLD ခေတ်ကို ရည်ညွှန်းကာ “အတိတ်ကာလ ကုန်ဆုံးလွန်မြောက်သွားပြီ၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြုပြင်ပြင်ဆင်လို့ မရတော့ဘူး” ဟု ပြောဆိုကာ အနာဂတ်အတွက် ကြံ့ဖွတ်ပါတီသာ ရွေးချယ်စရာဖြစ်ကြောင်း ပြည်သူများကို မဲပေးရန် တိုက်တွန်းခဲ့သည်။

ခင်ရီက နိုင်ငံတည်သရွေ့ ကြံ့ဖွတ်ပါတီမှတစ်ပါး အခြားနိုင်ငံရေးပါတီ မရှိတော့ကြောင်း ကြုံးဝါးပြောဆိုကာ စစ်တပ်နှင့် လက်တွဲနိုင်သည့် အစိုးရသစ်မဟုတ်ပါက အာဏာရပြီးနောက်တစ်နေ့ အစိုးရပြုတ်ကျမည်ဟု ခြိမ်းခြောက်မဲဆွယ်သွားခဲ့ကြောင်း သိရသည်။

 

ရွေးကောက်ပွဲနေ့ တိုက်ခိုက်မှုရှိလာနိုင်ဟု ဆိုကာ စစ်တပ်က နိုင်ငံတဝန်း လုံခြုံရေးတင်းကျပ်ရန် ညွှန်ကြားချက်ထုတ်

 

ဒီဇင် ၂၇

The Kaladan Post

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲနေ့တွင် နိုင်ငံတဝန်း တိုက်ခိုက်မှုများ ကြုံတွေ့လာနိုင်သည်ဟု ဆိုကာ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးအထူးတင်းကျပ်ထားရန်၊ စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ၂၄ နာရီ ကင်းလှည့်ရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ရပ်ကွက်ပြည်သူများကို အတင်းအကျပ် ကင်းစောင့်ခိုင်းနေပြီး မစောင့်ပါက ငွေဒဏ် သို့မဟုတ် လူငှားရမ်းခိုင်းကာ ခြိမ်းခြောက်မှုများရှိနေကြောင်း၊ နေပြည်တော်နှင့် အဓိကကားလမ်းများတွင်လည်း စစ်ဆေးရေးများ အလွန်တင်းကျပ်ထားကြောင်း ဒေသခံများက ဆိုသည်။

 

စစ်ကိုင်းမြို့ တပ်မ ၃၃ ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ သံပြားကာကား ၁ စီး ပျက်စီး၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

ဒီဇင် ၂၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော ရိက္ခာယာဉ်တန်း (အစီး ၂၀ ပါ၊ သံပြားကာကားများ ပါဝင်) ကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၄၂ မိနစ်ခန့်တွင် မန္တလေး-မုံရွာလမ်းပိုင်း၊ ရေပိုးစားရွာအနီးတွင် PENTAGRAM.LPDF၊ နွေဦးလူငယ် LPDF နှင့် YOUTH VIGOR REVOLUTION FORCE တို့က ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း The Pentagram အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ယာဉ်တန်း၏ စတုတ္ထသံပြားကာကား ၁ စီး ဘီးများ ပေါက်ပြဲ ပျက်စီးခဲ့သည်။

စစ်တပ်ဘက်မှ စစ်သား အင်အား ၁၀၀ ခန့် ပါဝင်သည့် ယာဉ်တန်းသည် နမခ သို့ ရိက္ခာပို့ဆောင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရှိရပြီး တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အခြေအနေအရ သေဆုံးမှုများ ရှိနိုင်ကြောင်း အဖွဲ့မှ ပြောဆိုထားသည်။

 

ကလေး-မုံရွာမြို့နယ်များတွင် စစ်တပ်က ဒရုန်းဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

 

ဒီဇင် ၂၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မှန်တောကျေးရွာအခြေစိုက် စစ်တပ်က ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၄ ရက်များတွင် အနီးဝန်းကျင်ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဗုံးကြဲခံရမှုကြောင့် လယ်ကွင်းတွင် စပါးခြွေနေသည့် ပြည်သူများလည်း ဒဏ်ရာရရှိကာ စပါးများ မီးလောင်ပျက်စီးခဲ့သည်။

အလားတူ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံအခြေစိုက် စစ်တပ်က ဒီဇင်ဘာ ၂၅ ရက် ညပိုင်းတွင် ကံပြားကြီးကျေးရွာကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဗိုက်ပွင့်သေဆုံးကာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဗန်းမောက်၊ ပေါက်၊ မြိုင်နှင့် ဟားခါးတွင် စစ်တပ်လေကြောင်း၊ ဂျိုင်ရိုကော့ပတာ ဗုံးကြဲ၊ ဈေးဆိုင် ၁၀၀ ကျော်မီးလောင်၊ နေအိမ်များပျက်စီး

 

ဒီဇင် ၂၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မဈေးကို ဒီဇင်ဘာ ၂၆ ရက် နံနက်စောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဈေးဆိုင် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။ အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ချင်းခရစ်ယာန်တက္ကသိုလ်ကျောင်းဝင်းနှင့် မြို့ပေါ်ရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့သည်။

မကွေးတိုင်း၊ ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို မုံရွာမှ တက်လာသော ဂျိုင်ရိုကော့ပတာ ၃ စီးက တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၄ လုံး ပျက်စီးခဲ့သော်လည်း ပြည်သူထိခိုက်မှုမရှိကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ဆိုသည်။

 

စလင်းမှ ဆင်ဖြူကျွန်းသို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်ကြောင်းနှင့် ခဲယမ်းကား ၅ စီး ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သားများ အထိနာသေဆုံး၊ ကားများမီးလောင်ပျက်စီး

 

ဒီဇင် ၂၇

The Kaladan Post

မကွေးတိုင်း၊ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်ကူထွက်လာသော အင်အား ၁၅၀ ပါ စစ်ကြောင်းနှင့် ခဲယမ်းတင်ဆောင်လာသော ကား ၅ စီးကို ဒီဇင်ဘာ ၂၅ ရက် ညပိုင်းတွင် သာစည်ရွာနှင့် မိုးဝန်းရွာအကြား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ တိုက်ခိုက်ခံရပြီး သာစည်ရွာ ဘုန်းကြီးကျောင်းအတွင်း ခံစစ်ပြင်ဆင်နေစဉ် ထပ်မံဝင်ရောက်တိုက်ခိုက်ခံရရာ ခဲယမ်းကား ၅ စီး မီးလောင်ပျက်စီးကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

နယ်မြေရှင်းလင်းစဉ် ခဲယမ်းပေါက်ကွဲမှုကြောင့် မီးလောင်နေသော စစ်သားအလောင်းများကို တွေ့ရှိခဲ့ပြီး အရေအတွက် အတည်ပြုနေဆဲဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် သာစည်ရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ရေတာရှည်တိုက်ပွဲတွင် သေဆုံးစစ်သားအလောင်းများ စစ်တောင်းမြစ်အတွင်း ပုတ်ပွပေါ်၊ စစ်တပ်က ရွာသား ၁၀၀ ခန့်ဖမ်းဆီး

 

ဒီဇင် ၂၇

The Kaladan Post

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော ဆွာမကြီး၊ ရွာသစ်၊ အိုးမြေဒူးနှင့် ခင်တန်းလေးကျေးရွာများရှိ စစ်တပ်စခန်းများကို နေပြည်တော် PDF တပ်ရင်းများက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း နေပြည်တော်တိုင်း စစ်ဌာနမှ တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲအတွင်း ဒဏ်ရာဖြင့် ထွက်ပြေးသွားသော စစ်သားတစ်ဦး၏ အလောင်းကို ဒီဇင်ဘာ ၂၅ ရက်တွင် စစ်တောင်းမြစ်အတွင်း မျောပါလာသည်ကို တွေ့ရှိခဲ့ပြီး အချို့အလောင်းများကို စစ်တပ်က မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူရောက်ရှိလာသော စစ်ကြောင်းက ဆွာမကြီးရွာမှ ပြည်သူ ၈၀ မှ ၁၀၀ ခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဟန့်တားသွားမည်ဖြစ်ကြောင်း နေပြည်တော်တိုင်း စစ်ဌာနက အသိပေးထားသည်။