ညောင်ဦး-ချောက်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး

 

ဒီဇင် ၂၉

The Kaladan Post

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း မဲရုံများကို ကင်းစောင့်ထားသည့် စစ်တပ်ကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က နတ်ပလ္လင်၊ ကန်စောင့် အပါအဝင် ကျေးရွာ ၅ ရွာရှိ မဲရုံများကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

အလားတူ မကွေးတိုင်း ချောက်မြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရေနံချောင်းမှ ချောက်သို့ စစ်ကူလာသော ယာဉ်တန်းကို ချောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ပြုလုပ်နေသော တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆက်လက်တွန်းလှန်သွားမည်ဟု အသိပေးထားသည်။

ထားဝယ်ခရိုင် ရာဖူးရွာအတွင်း စစ်တပ်စခန်းကို ဝင်တိုက် တပ်ကြပ်အပါအဝင် စစ်သား ၃ ဦး သေဆုံး

 

ဒီဇင် ၂၉

The Kaladan Post

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားသော ခလရ ၂၈၂ တပ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ နှင့် ရေးဘီလူးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့သည်။ မိနစ် ၂၀ ဝန်းကျင်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရာဖူးရွာအတွင်း အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းကို မစ်ရှင်ပုံစံဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုမတိုင်မီ စစ်တပ်က တစ်ကြိမ်ဆုတ်ခွာခဲ့ဖူးသော်လည်း မကြာမီ ပြန်လည်တပ်စွဲထားခြင်းဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ပြောကြားခဲ့သည်။

ပုပ္ပါးတောင်အနီး တရုတ်ဂက်စ်ပိုက်လိုင်းစောင့် စစ်စခန်းကို ဝင်တိုက် စစ်သား ၈ ဦး သေဆုံး

 

ဒီဇင် ၂၉

The Kaladan Post

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်အနီးရှိ တရုတ်ဂက်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းကို ဒီဇင်ဘာ ၂၄ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အဆိုပါစခန်းကို အနီးကပ်ကားဖြင့် ရပ်ပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၂ ဦးမှာ နေရာတွင်တင် ကျဆုံးခဲ့ကာ ကျန်သူများမှာ မိတ္ထီလာဆေးရုံရောက်မှ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးအဖွဲ့က ဆောင်ရွက်ခဲ့သည်ကို မသိရှိရသေးပေမင့် ၂၀၂၃ ခုနှစ် မေလအတွင်းကလည်း အလားတူ တရုတ်ဂက်စ်ပိုက်လိုင်းစောင့်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။

 

ဖာပွန်ဗျူဟာကုန်းတွင် ၅ ရက်ဆက် တိုက်ပွဲပြင်းထန် စစ်တပ်က လေယာဉ်ဗုံးကြဲ လက်နက်ကြီးပစ် အပြင်းအထန်ခုခံ

 

ဒီဇင် ၂၉

The Kaladan Post

ကရင်ပြည်နယ် ဖာပွန်မြို့ရှိ စစ်တပ်၏ ဗျူဟာကုန်းကို KNU/KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ ၅ ရက်ဆက်တိုက် ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ ဗျူဟာကုန်းအတွင်း ခြေမြန်တပ်ရင်း ၃၄၀၊ ၃၄၁ နှင့် တပ်မတော်ဆေးရုံ (၂၁) မှ စစ်သားများ အင်အားရာချီဖြင့် အထိုင်ချထားပြီး လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေကြောင်း နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက ပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဗျူဟာကုန်းအနီးတဝိုက်တွင်သာ စစ်ရေးဆောင်ရွက်နိုင်သေးပြီး စခန်းကို မသိမ်းပိုက်နိုင်သေးကြောင်း သိရှိရသည်။ ဖာပွန်ခရိုင်အတွင်း ပထမလှိုင်းစစ်ဆင်ရေးတွင်မူ ခလရ ၁၉၊ ခမရ ၄၃၄၊ စစန ၆၄၂ အပါအဝင် မယ်ထော်၊ ဆင်စွယ်၊ တောင်သုံးလုံး၊ ကတိုင်တိ စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်သည်။

ကြံ့ဖွတ်ပါတီ မဲဝယ် မဲခေါ် ပြည်သူထောင်ချီ ငွေသောင်းချီ ပေးပြီး ခြင်္သေ့မဲ ထည့်ခိုင်း

 

ဒီဇင် ၂၉

The Kaladan Post

ယမန်နေ့ ရွေးကောက်ပွဲနေ့တွင် ကြံ့ဖွတ်ပါတီက ချောက်၊ ပြင်ဦးလွင်၊ လားရှိုး၊ နောင်ချို၊ မော်လမြိုင်နှင့် စလေ စသည့် မြို့နယ်များအတွင်း ပြည်သူများကို တစ်ဦးလျှင် ငွေကျပ် ၂ သောင်းမှ ၃ သောင်းအထိ ပေးကာ ကားများဖြင့် မဲရုံအထိ လိုက်လံခေါ်ဆောင်ပြီး ကြံ့ဖွတ်ပါတီ ခြင်္သေ့သင်္ကေတကို မဲထည့်ခိုင်းခဲ့ကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။ ချောက်မြို့နယ်တွင် ကျေးရွာ ၃ ရွာထက်မနည်းမှ ပြည်သူ ၅၀၀ နီးပါးကို ကားများဖြင့် အကြိမ်ကြိမ် ကျော့ခေါ်ကာ မဲပေးခိုင်းခဲ့ပြီး စစ်တပ်၊ ရဲနှင့် မဲရုံမှူးများက သိရှိနေသော်လည်း မည်သည့်ကန့်ကွက်မှုမျှ မပြုကြကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် မဲရုံပိတ်ခါနီး ညနေ ၄ နာရီဝန်းကျင်အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက အိမ်တိုင်ရာရောက် ငွေစာအိတ်များပေးကာ ကြံ့ဖွတ်ပါတီကို မဲပေးရန် စည်းရုံးခဲ့သလို လားရှိုးနှင့် နောင်ချိုမြို့နယ်များတွင်လည်း ဆယ်ဘီးကားများဖြင့် ပြည်သူများကို လိုက်ခေါ်ကာ မဲပေးခိုင်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။ မော်လမြိုင်နှင့် စလေမြို့များတွင်မူ မဲရုံအပြင်ဘက်တွင် ငွေရှင်းပေးမှုများနှင့် လက်ဆောင်ပေးမည်ဟု ကတိပေးစည်းရုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

မြောင်-ရွှေဘို-မြင်းခြံတွင် ဒရုန်းဗုံးကြဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံး

 

ဒီဇင် ၂၉

The Kaladan Post

စစ်ကိုင်းတိုင်း မြောင်မြို့မရဲစခန်းတွင် ဖမ်းဆီးထားသူများ၏ မိသားစုဝင်များကို ဖိအားပေးမဲပေးခိုင်းနေသော စစ်သားများကို ဒီဇင်ဘာ ၂၈ ရက်နေ့က T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ အဆိုပါစခန်းတွင် ပြည်သူ ၃၀ ဦးကို ဖမ်းဆီးထားပြီး မဲတစ်မဲလျှင် ငွေ ၂ သောင်းပေးမည်ဟု စည်းရုံးနေသည့်အပြင် မိသားစုဝင်များကို မဲမပေးပါက တွေ့ခွင့်မပေးဟု ခြိမ်းခြောက်နေကြောင်း ဗိုလ်တိုက်ဂါးက ပြောကြားသည်။

အလားတူ ရွှေဘိုမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရာ ရန်ကြီးအောင်ပန်းခြံခန်းမအတွင်း မဲကော်မရှင်ရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မန္တလေးတိုင်း မြင်းခြံမြို့တွင်လည်း ဒီဇင်ဘာ ၂၆ နှင့် ၂၈ ရက်နေ့များက စစ်တပ်နှင့် ပျူစောထီးတပ်စွဲထားသည့် နေရာ ၁၇ ခုကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဗုံးကြဲတိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သိမ်ဇရပ်တွင် ရွေးကောက်ပွဲလုံခြုံရေး စစ်သားများကို ရော့ကတ်ဖြင့် ပစ်ခတ်၊ မြင်းခြံတွင် ပျူစောထီး အမျိုးသမီး ၃ ဦး အရှင်ဖမ်းမိ

 

ဒီဇင် ၂၉

The Kaladan Post

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က တရားမဝင်ရွေးကောက်ပွဲ လုံခြုံရေးပေးရန် ထွက်လာသော ခလရ ၂၀၇ တပ်ရင်းမှ စစ်သားများကို ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့၊ ဝေါမြို့နယ်နှင့် ကဝမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့တို့က ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ပဲခူးခရိုင် ပကဖ ခရိုင်တာဝန်ခံ ဖြိုးမောင်က ပြောကြားသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်မှ ထွက်လာသော ပျူစောထီး ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ အမျိုးသမီး ၃ ဦးကိုလည်း ဒီဇင်ဘာ ၂၇ ရက်နေ့က ထနောင်းမြေ စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ပူးပေါင်းအဖွဲ့က ကင်းပုန်းဝပ်စောင့်ဆိုင်းရာ အရှင်ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိသူသုံးဦးစလုံး မိုင်းထိမှန်ဒဏ်ရာရရှိထားပြီး လက်ရှိ ဆေးကုသပေးနေကာ စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းစစ်ဆေးနေကြောင်း ထနောင်းမြေ စစ်ကြောင်း IO ရဲဘော်မူတူးက ပြောကြားသည်။

ဘုတ်ပြင်းတွင် မဲရုံကို ဒရုန်းဗုံးကြဲတိုက် အရာရှိအပါအဝင် စစ်သား ၅ ဦး သေဆုံး

 

ဒီဇင် ၂၉

The Kaladan Post

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ လေညာရွာ တံတားကြီးအနီးရှိ စစ်တပ်မဲရုံကို ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်က Dragon Squad – TNI ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီး စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို Dragon Squad – TNI၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း SOF တပ်ခွဲနှင့် ဘုတ်ပြင်း ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်ထားသည့် ငှက်သိုက်အိမ်အရပ်ခေါ် မဲရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dragon Squad – TNI တာဝန်ရှိသူက ပြောကြားသည်။

မကွေးတိုင်း မြို့နယ် ၆ ခုအတွင်း စစ်စခန်းအားလုံးကို PDF ထိုးစစ်ဆင်တိုက် မီးတိုင် ၁၀၀ ကျော် ဖောက်ခွဲရှင်း

 

ဒီဇင် ၂၉

The Kaladan Post

မကွေးတိုင်း စလင်းနှင့် ပွင့်ဖြူ အပါအဝင် မြို့နယ် ၆ ခုအတွင်းရှိ စစ်တပ်စခန်းအားလုံးကို ဒီဇင်ဘာ ၂၃ ရက်နေ့ အရုဏ်တက်ချိန်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနချုပ်က ဦးစီးကွပ်ကဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ထိုးစစ်အတွင်း စစ်တပ်၏ အုပ်ချုပ်ရေးနှင့် စစ်ရေးအခြေခံအဆောက်အအုံများကို မီးရှို့ရှင်းလင်းနိုင်ခဲ့သည့်အပြင် လေယာဉ်ဗုံးထုတ်လုပ်ရာ ကပစ ၂၁၊ ၂၂ နှင့် လက်နက်ကြီးကျည်ထုတ်လုပ်ရာ ကပစ ၂၄ တို့ကို သွယ်တန်းထားသော လျှပ်စစ်ဓါတ်တိုင် ၁၀၀ ကျော်ကို တပြိုင်နက် မိုင်းခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းက စလင်းမှ ဆင်ဖြူကျွန်းသို့ ထွက်လာသော စစ်အင်အား ၁၇၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းနှင့် ဒရုန်းတင်ဆောင်ထားသော ကား ၅ စီး နေရာတွင်ပင် ပေါက်ကွဲပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု များပြားစွာဖြင့် ဆုတ်ခွာခဲ့ရသည်။ လက်ရှိတွင် စလင်းနှင့် ဆင်ဖြူကျွန်းမြို့များကို တော်လှန်ရေးအင်အားစုများက ဝန်းရံပိတ်ဆို့ထားပြီး PDF တပ်များက ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံတောင်ကြီး စစ်တပ်တိုက်ခိုက်ရေးကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်

 

ဒီဇင် ၂၉

The Kaladan Post

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်(ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ဒီဇင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်က Brave Warriors for Myanmar (BWM) ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တပ်ရင်းမှူးသင်တန်းပေးနေသည့် အချိန်ကာလဖြစ်သောကြောင့် စစ်အရာရှိများကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရွာများကို ရမ်းသမ်းပစ်ခတ်နေသည့် လက်နက်ကြီးအထိုင်နေရာကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို BWM၊ Anti-Coup People’s Liberation Force (ACPLF)၊ Mountain Knight Civilian Defense Forces (MKCDF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ (၂) တပ်ရင်း (၅) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယနေ့နေ့တွင်ပင် BWM အဖွဲ့က မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ရာ ၄ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။