ကော့သောင်းတွင် ရွေးကောက်ပွဲလုံခြုံရေးစစ်သင်္ဘောငယ်တစ်စီး ပျက်စီးပြီး စစ်သားများ အထိအခိုက်များပြား
ဒီဇင် ၃၀
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းချောင်းဝနီးအနီးတွင် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲနေ့ နံနက်ပိုင်းက လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်တပ်ပိုင် စစ်သင်္ဘောငယ်တစ်စီးနှင့် စက်လှေ ၄ စီးပါဝင်သည့် စစ်ကြောင်းကို ပျံလွှားပျောက်ကျားတပ်ဖွဲ့ (LPDF)၊ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် မြို့ပြသမန်းကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ပြင်းထန်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်သင်္ဘောငယ်တစ်စီး ပျက်စီးသွားခဲ့ပြီး စစ်သားများ အများအပြား ဒဏ်ရာရရှိကာ အထိနာခဲ့သဖြင့် လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရကြောင်း လိုကယ်ပျံလွှားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော်ဖီးလ်နစ်က ပြောသည်။
စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု အတိအကျ မသိရသေးသော်လည်း ပျက်စီးသွားသော စစ်သင်္ဘောပေါ်ပါလာသည့် စစ်သားများ အထိခိုက်များပြားနိုင်ကြောင်း၊ စစ်ကြောင်းတစ်ခုလုံး ချက်ချင်း ကော့သောင်းမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့ရကြောင်း ရဲဘော်ဖီးလ်နစ်က ဆိုသည်။ ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး ပူးပေါင်းပါဝင်သူများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပျံလွှားတပ်ဖွဲ့က သတိပေးထားသည်။

NUG ကို တိုင်းရင်းသားခေါင်းဆောင်များ ပိုပါဝင်သော အသွင်ကူးပြောင်းအစိုးရ အစားထိုးမည်ဟု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြော
ဒီဇင် ၃၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ ပိုမိုပါဝင်သော အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖြင့် လက်ရှိ NUG ကို အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ NUG ၏ ပြုပြင်ပြောင်းလဲရေးကို အဆင့် ၃ ဆင့်ခွဲ၍ အကောင်အထည်ဖော်နေရာ အဆင့် ၁ တွင် ဌာနအရေအတွက်လျှော့ချကာ ကျစ်လစ်သော အစိုးရဖွဲ့စည်းပုံသို့ ပြောင်းလဲခဲ့ပြီး အဆင့် ၂ တွင် ဖက်ဒရယ်ယူနစ်များနှင့် ချိတ်ဆက်၍ အုပ်ချုပ်ရေးအာဏာများ ခွဲဝေသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
အဆင့် ၃ တွင်မူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ ထဲထဲဝင်ဝင် ပါဝင်သော အသွင်ကူးပြောင်းရေးအစိုးရကို ရေလတ်ကာလအတွင်း ဖွဲ့စည်းသွားမည်ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။ ယင်းပြုပြင်ပြောင်းလဲရေးများမှတစ်ဆင့် တော်လှန်ရေးတွင် စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာပြီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ တဖြည်းဖြည်း ချီတက်နိုင်မည်ဟု ယုံကြည်ကြောင်း သူက အလေးပေးပြောကြားခဲ့သည်။

ရေတာရှည်၊ အောင်လံ၊ တပ်ကုန်းတို့တွင် တိုက်ခိုက်မှု စစ်သား ၃၃ ဦးသေဆုံး
ဒီဇင် ၃၀
The Kaladan Post
ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မကွေးတိုင်း အောင်လံမြို့နယ်နှင့် နေပြည်တော် တပ်ကုန်းမြို့နယ်တို့တွင် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၈ ရက်အတွင်း စစ်တပ်တပ်စွဲထားသည့် နေရာများ၊ မဲရုံများနှင့် စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၃၃ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။ ရေတာရှည်မြို့နယ်အတွင်း ဆွာမကြီး၊ ခင်တန်းလေး၊ ဒိုးတန်းနှင့် အောင်ချမ်းသာကျေးရွာများရှိ စစ်တပ်အထိုင်စခန်းများနှင့် မဲရုံနေရာများကို ရှင်းလင်းတိုက်ခိုက်ရာ စစ်သား ၁၄ ဦးခန့် သေဆုံးခဲ့ပြီး ပိတ်မိနေသည့် ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။
အောင်လံမြို့နယ်တွင် ခလရ ၇၁ တပ်ရင်းမှ ထွက်လာသော စစ်ကားကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၆ ဦးခန့် သေဆုံးခဲ့သည်။ တပ်ကုန်းမြို့နယ် သဲချောင်းကျေးရွာတွင်မူ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်ရေး စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းသွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက အလေးပေးထုတ်ပြန်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် PDF ရှောင်တခင်စစ်ဆေး တိုက်ပွဲဖြစ် စစ်တပ်ဘက် ထိခိုက်မှုရှိ
ဒီဇင် ၃၀
The Kaladan Post
မန္တလေးတိုင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် ၃၃၂ အနီးတွင် ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ စဉ့်ကိုင်မြို့နယ် ပကဖ နှင့် တံတားဦးမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေစဉ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပကဖ အသံ ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့သော်လည်း အတိအကျ အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဘေးလွတ်ရာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက အမြန်လမ်းပိုင်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သော်လည်း တိုက်ပွဲအသေးစိတ်ကို လက်ရှိအချိန်တွင် ထုတ်ဖော်ပြောဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း၊ နောက်ပိုင်းတွင် အသေးစိတ် ထုတ်ပြန်ပေးမည်ဟု ဆိုသည်။

နတ်တလင်းတွင် စစ်ကြောင်းကို ကြားဖြတ်တိုက် စစ်သား ၂ ဦးသေဆုံး၊ ပစ္စည်းများ သိမ်းဆည်းရရှိ
ဒီဇင် ၃၀
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ကျေးရွာဘက်သို့ ဒီဇင်ဘာ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စစ်ကြောင်းထိုးလာသော အင်အား ၃၅ ဦးပါ စစ်တပ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင် စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲသည် ၁ နာရီခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
နယ်မြေရှင်းလင်းရေးအတွင်း စစ်ယူနီဖောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်တွင် အထိအခိုက်မရှိ ဘေးလွတ်ရာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဧရာညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

ယင်းမာပင်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်း အတုရွေးကောက်ပွဲကို ညနေသပိတ်ဖြင့် ဆန့်ကျင်ဆန္ဒပြ
ဒီဇင် ၃၀
The Kaladan Post
ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်းက အောင်လံလွှင့်ကာ အကြမ်းဖက်စစ်တပ် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ညနေချိန်တွင် သပိတ်မှောက်အဖြစ် ရဲရဲတင်းတင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။ ပြည်သူများက ပါဝင်အားပေးခဲ့သည့် ယင်းဆန္ဒပြပွဲသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲလိမ်လည်မှုကို ရှုတ်ချသည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။
ရွှေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ကျင်းပခဲ့သည့် ယင်းညနေသပိတ်တွင် အောင်လံများလွှင့်ထူကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လမ်းများပေါ်တွင် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ပြသခဲ့သည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ခံရသည်။

သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ရွာများကို ပစ်ခတ်ပြီး ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး
ဒီဇင် ၃၀
The Kaladan Post
မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာ ရဲစခန်းကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းပိတ်တိုက်ခိုက်နေသဖြင့် ကပစ ၁၂ တပ်မှ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက အင်အား ၅၀ ခန့်ပါ စစ်ကူကြောင်းထိုးလာခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုစစ်ကြောင်းနှင့်အတူ ကပစ ၁၂ တပ်အခြေစိုက်ရာ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ဆင်ကော်နှင့် မြို့လှကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး ကောက်ရိုးပုံများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုကြောင့် ဆင်ကော်နှင့် ပတ်ဝန်းကျင်ရွာများရှိ ပြည်သူများ အိုးအိမ်စွန့်ခွာ ဘာမှယူဆောင်ချိန်မရဘဲ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိအချိန်ထိ ပြည်သူပိုင်နေအိမ်များ စုတ်ပြတ်ပျက်စီးနေဆဲဖြစ်သော်လည်း ပြည်သူများဘက်တွင် ထိခိုက်သေဆုံးမှု မရှိသေးကြောင်း သိရသည်။

ဝက်လက်မြို့နယ် လိန်ပင်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ အမျိုးသမီး ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
ဒီဇင် ၃၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လိန်ပင်ကျေးရွာကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ ဗုံးကြဲမှုကြောင့် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရသည်။
အလားတူ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို ယင်းနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က Gyrocopter ၃ စီးဖြင့် တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်သူများ နေထိုင်သည့် တောတဲများ ပျက်စီးကာ နွား ၃ ကောင် သေဆုံးခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အတုရွေးကောက်ပွဲကို တရားဝင်မှုပေးသည့် အစိုးရများ စစ်ရာဇဝတ်မှု ကြံရာပါ ဖြစ်လိမ့်မည်ဟု SAC-M သတိပေး
ဒီဇင် ၃၀
The Kaladan Post
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုပေးသည့် မည်သည့်အစိုးရမဆို စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သူများ ဖြစ်လိမ့်မည်ဟု ပြင်းထန်စွာ သတိပေးထားသည်။ ရွေးကောက်ပွဲမစတင်မီ ရက်ပိုင်းအတွင်း စစ်အုပ်စုက အရပ်သားများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများ တရှိန်ထိုး တိုးမြှင့်လုပ်ဆောင်နေသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ချက်ချင်း လုပ်ဆောင်ရန် SAC-M အဖွဲ့ဝင် Yanghee Lee က တိုက်တွန်းသည်။
စစ်အုပ်စုသည် နယ်မြေ၏ ၄၀ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နယ်မြေများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သဖြင့် ထိုးစစ်များ ဆင်နွှဲနေကာ ဆေးရုံများ၊ လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေသည်ဟု SAC-M က ထောက်ပြထားသည်။ ရွေးကောက်ပွဲဆန့်ကျင်သူ ရာချီဖမ်းဆီးခံထားရပြီး အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ညှင်းပန်းနှိပ်စက်ခံနေရသဖြင့် နိုင်ငံတကာက စစ်အုပ်စုနှင့် ဆက်ဆံရေးများ ဖြတ်တောက်ကာ တရားဝင်ဒီမိုကရေစီအင်အားစုများကို ထောက်ခံရန် အရေးတကြီး တောင်းဆိုထားသည်။

ဘုတ်ပြင်း-တောင်သာတွင် စစ်ဂိတ်နှင့် တပ်စခန်းများကို တိုက်ခိုက် စစ်သား ၁ ဦးသေဆုံး၊ ထိခိုက်မှုများပြား
ဒီဇင် ၃၀
The Kaladan Post
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးကျေးရွာရှိ စစ်တပ်ဂိတ်ကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ကျန်စစ်သားများ ဂိတ်စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ တာဝန်ရှိသူက ပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SSTF Done Force နှင့် KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ စစ်တပ်အထိုင်ချ တပ်စွဲထားသည့် မြို့မရဲစခန်း၊ ဘိုးဘွားရိပ်သာနှင့် မြို့နယ်တရားရုံးတို့ကို ယင်းနေ့တွင်ပင် လက်နက်ကြီး ၄ လုံးဖြင့် သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Taung Tha People Defense Force တာဝန်ရှိသူက ဆိုသည်။ ဤတိုက်ခိုက်မှုကို TTA-PDF၊ DSNDA နှင့် ဝဲလောင်တိုင်နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မြို့ခံပြည်သူများအား စစ်တပ်အနီးတွင် မနေကြရန်လည်း အသိပေးနှိုးဆော်ထားသည်။
