ဆီလုပ်ငန်းရှင်ကြီးများကို ဘီလီယံ ၅၄၀ ကျော်ပြန်ပေးရန် အမိန့်ထုတ်ပြီး ပြည်ပခရီးထွက်ခွင့် ပိတ်ပင်

 

ဒီဇင် ၉

The Kaladan Post

စစ်တပ်က စက်သုံးဆီတင်သွင်းရောင်းချရာတွင် မသမာမှုများရှိခဲ့သည်ဟု ဆိုကာ ဆီလုပ်ငန်းရှင် များအား ငွေကျပ်ဘီလီယံ ၅၄၀ ကျော်ကို ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးထား ပြန်လည်ပေးသွင်းရန် ရာဇသံပေးထားသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဆီလုပ်ငန်းရှင်များအားလုံး၏ ပြည်ပခရီးထွက်ခွင့် ကိုလည်း ယာယီပိတ်ပင်ထားကြောင်း ဆီလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုသည်။ မသမာမှု များတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသော လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော်တို့ကို နိုဝင်ဘာလက ဖမ်းဆီးအရေးယူခဲ့ရာ ဆီတင်သွင်းခွင့်နှင့် ခွဲတမ်းချထားမှုများတွင် လာဘ်ပေးလာဘ်ယူမှုများဖြင့် ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

ပြန်လည်ပေးသွင်းရမည့်ငွေပမာဏများတွင် ခရိုနီ ဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက ဘီလီယံ ၁၈၀ ဝန်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ဘီလီယံ ၄၀၊ ဒေါက်တာ ဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ၄၀၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ဘီလီယံ ၇၀၊ ခရိုနီ အောင်ကိုဝင်း ဆက်နွယ်သော Brighter ကုမ္ပဏီက ဘီလီယံ ၁၂၊ Regency ကုမ္ပဏီက ဘီလီယံ ၂၀၊ Apex ကုမ္ပဏီက ဘီလီယံ ၁၅၊ Myanoil ကုမ္ပဏီက ဘီလီယံ ၁၅ အသီးသီး ပါဝင်ကြောင်း သိရသည်။ ငွေပြန်ပေးရမည့်နောက်ဆုံးရက်မတိုင်မီ ဆီလုပ်ငန်းရှင်များအား ပြည်ပခရီးထွက်ခွင့်မပြုဘဲ စစ်တပ်ခွင့်ပြုချက်ရယူရန် ညွှန်ကြားထားကြောင်း ဆီအသင်းမှ သတင်းရင်းမြစ်က ရှင်းပြသည်။ ဖမ်းဆီးခံ ဒုဝန်ကြီး သန့်စင်မှာ ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း စစ်အရာရှိတစ်ဦးလည်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်တဲ့ အားကောင်းအစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဟု NUG ယာယီသမ္မတ ကြေညာ

 

ဒီဇင် ၉

The Kaladan Post

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၈ ရက်ညပိုင်းတွင် ပြုပြင်ပြောင်းလဲရေး မိန့်ခွန်းပြောကြားရာတွင် NUG ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည့် ကိုယ်စားပြုမှုအားကောင်းသော အစိုးရအဖြစ် ဒုတိယ အဆင့်အနေဖြင့် ဆက်လက်ပြင်ဆင်ဖွဲ့စည်းသွားမည်ဟု ကြေညာလိုက်သည်။ ပြုပြင်ပြောင်းလဲရေး ကို အဆင့် ၃ ဆင့်ခွဲ၍ ဆောင်ရွက်နေပြီး တတိယအဆင့်တွင် မင်းအောင်လှိုင်အာဏာသိမ်းအုပ်စုကို ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုခဲ့သည်။

သို့သော် အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးများ အစိုးရအဖွဲ့အတွင်း ထဲထဲဝင်ဝင် ပါဝင်လာရန် လက်ရှိအချိန်တွင် အကန့်အသတ်များ ရှိနေသေးကြောင်း ယာယီသမ္မတက သတိပေးပြောဆိုခဲ့သည်။ ပြည်သူ့သဘောထားနှင့်အညီ အစိုးရပြုပြင်ပြောင်းလဲရေးကို ဇူလိုင်လ ကတည်းက စတင်ဖွဲ့စည်းခဲ့သည့် “အစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင်” ဦးဆောင်မှုဖြင့် အဆင့် လိုက် ဆောင်ရွက်လျက်ရှိပြီး မနေ့ကလည်း ဝန်ကြီးအချို့၏ တာဝန်ပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ကြောင်း NUG က ကြေညာခဲ့သည်။

မြင်းခြံ − ကျောက်ပြုတ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်၊ စစ်သား ၁၅ ဦး သေဆုံး

 

ဒီဇင် ၉

The Kaladan Post

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှ ထွက်လာသော စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခန့်က ကျောက်ပြုတ်ဘုရားကုန်းအနီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက အတည်ပြုသည်။ တိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာ ၈ ရက် နံနက်တွင် စစ်တပ်က သေဆုံးအလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့၊ Myingyan Danger Dynamite အဖွဲ့နှင့် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

စလင်း − ကင်းပတ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်၊ စစ်သား-ရဲ ၅ ဦး သေဆုံး၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိ

 

ဒီဇင် ၉

The Kaladan Post

မကွေးတိုင်း၊ စလင်းမြို့မရဲစခန်းမှ စိမ်းစိုဂိတ်ကင်းသို့ ကင်းပတ်ရန် ထွက်လာသော စစ်သားနှင့်ရဲ အင်အား ၂၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၃၆ မိနစ်ခန့်က တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား-ရဲ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက အတည်ပြုသည်။ တိုက်ပွဲအတွင်း မိုင်းဆွဲချိန်တွင် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံရောက်မှ သေဆုံးကာ ကုသဆေးရုံတွင် ထပ်မံ ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး G-3 ကျည်ဘောက် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အတောင့် ၃၀ ခန့် သိမ်းဆည်းရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စကု − ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းကို ကြားဖြတ်တိုက်၊ စစ်သား ၄ ဦး သေဆုံး၊ ပြည်သူ ၂ ဦး ပစ်သတ်ခံရ

 

ဒီဇင် ၉

The Kaladan Post

မကွေးတိုင်း၊ စကုမြို့နယ်အတွင်း စကုမြို့မှ ရွှေစက်တော်ဘုရားဘက်သို့ အင်အား ၁၂၀ ခန့်ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ကုတင်ကုန်းကျေးရွာအနီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး တပ်ကြပ်ကြီးအပါအဝင် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက အတည်ပြုသည်။ ထို့ပြင် ဒီဇင်ဘာ ၆ ရက်တွင်လည်း လက်ပတောရဲစခန်းရောက် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ဦး ထပ်မံ ဒဏ်ရာရရှိခဲ့သည်။

စစ်ကြောင်းက ခံကုန်းရွာ၌ အသက် ၄၀ ကျော် အမျိုးသား ၁ ဦးနှင့် ကူရွာ၌ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့ပြီး လူငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ကုတင်ကုန်းရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ မဟာမိတ်များနှင့် မင်းဘူးမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး စစ်ကြောင်းထိုး၊ တိုက်ပွဲဖြစ်နိုင်သဖြင့် ခရီးသွားပြည်သူများ ရှောင်ရှားရန် အသိပေး

 

ဒီဇင် ၉

The Kaladan Post

တနင်္သာရီတိုင်း၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက် ၆ နာရီမှစတင်၍ စစ်ကြောင်းထိုးလာနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်သည်။ ထို့ကြောင့် ခရီးသွားပြည်သူများ အနေဖြင့် အဆိုပါ လမ်းပိုင်းကို လုံးဝ အသုံးပြုသွား လာခြင်း မပြုကြရန် အထူး သတိပေးထားသည်။

အရေးပေါ်နာရေးကိစ္စများရှိပါက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ ကြိုတင် ဆက်သွယ်၍ ခွင့်ပြုချက်ရယူမှသာ သွားလာရန်နှင့် သွားလာရပါကလည်း ကားမှန်ချ၍ မောင်းနှင်သွားလာကြရန် မြိတ်ခရိုင် ပကဖ က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

 

ဆားလင်းကြီး − ချင်းတွင်းကမ်းဘေး ရွာများမှ အသံတိတ်သပိတ်ပါဝင်ရန် လူထုနှိုးဆော်

 

ဒီဇင် ၉

The Kaladan Post

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ က လာမည့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် “အသံတိတ်သပိတ်” တွင် ကျေးလက်မြို့ပြ မကျန် ပြည်သူအားလုံး ပါဝင်ကြရန် ယနေ့ လူထုနှိုးဆော်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူများကို အသံတိတ်သပိတ်အား အိမ်တွင်းအိမ်ပြင် မခွဲခြားဘဲ တစ်နိုင်ငံလုံး တပြိုင်နက် ပါဝင်ဆင်နွှဲကြရန် ဆိုင်းဘုတ်များ၊ ဆောင်ပုဒ်များဖြင့် ရဲဝံ့စွာ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွတ်ပါတီက အသံတိတ်သပိတ်ဖျက်ရန် ဒီဇင်ဘာ ၁၀ တွင် မဲဆွယ်ပွဲများ အကြီးအကျယ်လုပ်မည်

 

ဒီဇင် ၉

The Kaladan Post

စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီက နွေဦးတော်လှန်ရေးဘက်တော်သားများနှင့် ပြည်သူများ ပါဝင်မည့် ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် ယင်းနေ့တွင် မဲဆွယ်စည်းရုံးပွဲ များနှင့် ပါတီဝင်အင်အားများဖြင့် လှုပ်ရှားမှုများ အကြီးအကျယ် လုပ်ဆောင်ရန် မြို့နယ်ပါတီများသို့ ညွှန်ကြားထားကြောင်း ပါတီ သတင်းရင်းမြစ်က အတည်ပြုသည်။ စစ်တပ်က အသံတိတ်သပိတ်ကို ဖြိုခွင်းရန် ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ပါတီက ရွေးကောက်ပွဲ ကြေညာတမ်း ရှင်းလင်းပွဲ များကို ရပ်ကွက်အဆင့်အထိ ပါတီဝင်များစွာ ပါဝင်စေရန် စီစဉ်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနက အသံတိတ်သပိတ်ပါဝင်ဆိုင်များ၊ အလုပ်ရုံစက်ရုံများကို ဖော်ထုတ် ချိတ်ပိတ်ရန်နှင့် ဥပဒေအရ အမှုဖွင့်ရန် ညွှန်ကြားထားပြီး ဝန်ကြီးဌာနများတွင် ခွင့်ရက်မပေးရန် ရုံးတွင်းညွှန်ကြားချက်များ ထုတ်ပြန်ထားကာ စျေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်သူများကို လမ်းပေါ်ထွက်ရန် စီစဉ်ရန်လည်း ညွှန်ကြားထားသည်။

 

ဖယ်ခုံ-ပင်လောင်း အစပ် − စစ်ဗိုလ်အပါအဝင် ၉ ဦး သေဆုံး၊ ၂ ဦး အရှင်ဖမ်း၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း

 

ဒီဇင် ၉

The Kaladan Post

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်အစပ်တွင် ဒီဇင်ဘာ ၆ ရက်က စစ်တပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ တော်လှန်ရေး အင်အားစုများက ပြန်လည်တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၉ ဦး ကျဆုံးပြီး ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က အတည်ပြုသည်။ ငါးကြင်းမြီးစက်သေနတ် ၁ လက်၊ RPG ၁ လက်အပါအဝင် လက်နက်ခဲယမ်းပစ္စည်းများ အများအပြား သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်လေးတောင်ဘက်ခြမ်းမှ အင်သား၊ ရှမ်းနှင့် ပအိုဝ်းလူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းထားသူများကို ရှေ့တန်းတွင် အသေခံအဖြစ် အသုံးပြုနေပြီး မလိုက်နာပါက ရိုက်နှက်နှိပ်စက်နေကြောင်း သိရှိရသည်။

ဂျပန် တိုကျို − မြန်မာ့အရေး လူ့အခွင့်အရေးနေ့ ချီတက်ပွဲတွင် စစ်အုပ်စု အတုရွေးကောက်ပွဲ ကန့်ကွက်ရှုတ်ချ

 

ဒီဇင် ၉

The Kaladan Post

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက သွားရောက်ပူးပေါင်းခဲ့ရာတွင် ဖက်ဆစ်စစ်အုပ်စု၏ အတု အယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် မတရားဖမ်းဆီး ထိန်းသိမ်း ခံနေရသည့် မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးကိုလည်း တောင်းဆိုဆန္ဒ ဖော်ထုတ်ခဲ့ ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို “All In One Piece Movement” အဖြစ် တစ်ပြိုင်နက်တည်း ပူးတွဲလုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။