———————————————————————————-
ဇွန် ၅
The Kaladan Post
၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ မနက် ၈ နာရီခန့်တွင် ဒေါနစစ်ကြောင်း(၃) နှင့် မဟာမိတ်တပ်ဖွဲ့များသည် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရန် သွားရောက်နေစဉ် နယ်မြေရှင်းလင်းရေးထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် ဒေါနတပ်ဖွဲ့များက လက်ဦးမှုရယူကာ ပစ်ခတ်ချေမှုန်းနိုင်ခဲ့ကြောင်း Launglone Peninsula Force – LPF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The Kaladan Post သို့ ပြောကြားသည်။
ဤတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို စစ်ကောင်စီက သယ်ယူသွားခဲ့သည်ဟု ယူဆရသည်ဟု ဆိုသည်။ “တိုက်ပွဲအတွင်း ၆ ဦးထက်မနည်း သေဆုံးတယ်၊ ၁၃ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို အုန်းပင်ကွင်းကျေးရွာရှိ စစ်ကောင်စီ၏ ဆေးရုံတွင် ဆေးကုသနေသည်ဟု သိရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ထိတွေ့ပစ်ခတ်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သေနတ်ဖောက်ချိန်မရဘဲ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့သည်။
ထို့နောက် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများအားလုံးကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း LPF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The Kaladan Post သို့ ပြောကြားသည်။ တိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ကြောင်းလည်း သိရပြီး လက်ရှိစစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေကာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် စစ်ဘေးရှောင်နေရသော ကျေးရွာသားများအနေဖြင့် ရွာအတွင်း မကြာခဏ ဝင်ရောက်သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးရန် LPF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံထားသည်။ ဤစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း(၃) – ဒေါနတပ်ခွဲ(၇) – LPF၊ ဒေါနတပ်ခွဲ(၄) – KBDF၊ ဒေါနစစ်ကြောင်း(၂) – YGF၊ MSRF၊ NMSP (AD) RMA နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤတိုက်ပွဲတွင် သေးဆုံး၊ ဒဏ်ရာရ စစ်ကောင်စီ တပ်များနှင့်ပတ်သက်ပြီး The Kaladan Post မှ သီးခြားအတည်ပြု နိုင်ခြင်းမရှိသေးပေ ။