————————————————————————
မေလ ၃
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်(၂) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အချို့ရှိခဲ့သော်လည်း ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း The Kaladan Post ၏ မေးမြန်းမှုအရ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပြောကြားသည်။ ကျန်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ပြီး ၎င်းတို့အား တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေနေဆဲဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၅ လက်၊ ခဲယမ်းများ၊ နင်းမိုင်းများနှင့် ယာဉ်ဖျက်မိုင်း အများအပြားကို သိမ်းဆည်းရရှိခဲ့သည်။ စစ်ကောင်စီဘက်က ပြန်လည်ခုခံမှုနှင့် လက်နက်ကြီးပစ်ကူများ ပြုလုပ်ခဲ့ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။
ဤစစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ အမှတ်(၂)၊ တိုင်းစစ်ဌာနချုပ် (ပဲခူး)၊ အမှတ် (၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၆) နှင့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
The Kaladan Post သည် နေ့စဉ်သတင်းများကို ဆက်လက်တင်ပြသွားမည်ဖြစ်သည်။