ကျောက်လှေကားရွာအနီး စစ်တပ် စစ်ကြောင်း တော်လှန်ရေးတပ်များ တိုက်ခိုက်၍ ၁၀ ဦးသေဆုံး

နိုဝင် ၈
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီးတွင် အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း လက်အောက်ခံ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီ ၉ နာရီကျော် ကြာ ဖြစ်ပွားခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းက ယမန်နေ့ နိုဝင်ဘာ ၇ ရက် က ထုတ်ပြန် သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းက ပြောဆိုသည်။ အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ရွာအတွင်း ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ပကဖများ စစ်ရေးရပ်ဆိုင်း၍ ပြည်သူ့လမ်းပိုင်းများ ပြုပြင်ပေး

နိုဝင် ၈
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပကဖ) အဖွဲ့များသည် စစ်ရေးလှုပ်ရှားမှုများ မဆောင်ရွက်သေးဘဲ ပြည်သူလူထု အသုံးပြုနေသည့် လမ်းပိုင်းများကို ကောင်းမွန်စွာ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပကဖအသံက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပကဖအဖွဲ့များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီတွင် မုဒိမ်းတရားခံ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် စစ်မှုထမ်းဖမ်းသူများကို ဂုဏ်ထူးဆောင် ဆုချီးမြှင့်

နိုဝင် ၈
The Kaladan Post
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျောင်းသူငယ်များအပါအဝင် မိန်းကလေး ၁၀ ဦးထက်မနည်း မုဒိမ်းကျင့်ခဲ့သူ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းမျိုးညွန့်ဦး၊ စစ်မှုထမ်းလူငယ်များ အများဆုံး ဖမ်းဆီးပေးနေသူ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွှေတင် နှင့် အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင် (ခ) စိန်ထွန်း တို့ ၃ ဦးကို ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဆုများ ချီးမြှင့်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ဖော်သည်။ စစ်တပ်လက်အောက်ခံ BGF ထောက်ခံချက်ဖြင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ စိုင်းမျိုးညွန့်ဦးသည် မဘသ အစွန်းရောက်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အတွင်း အသက် ၁၃ နှစ်အရွယ် ကျောင်းသူငယ်တစ်ဦးအပါအဝင် မုဒိမ်းမှုများ ကျူးလွန်ခဲ့သူဖြစ် ကြောင်း ကျူးလွန်ခံရသူများက ထုတ်ဖော်ပြောဆိုထားသည်။


လေယာဥ် ထပ်မံဖြည့်တင်း စစ်တပ် အရေးသာပြီဟု မင်းအောင်လှိုင် ကြွေးကြော်

နိုဝင် ၈
The Kaladan Post
မြန်မာစစ်တပ်က တရုတ်ထုတ် Y-8F-200W သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီး (အမြီးနံပါတ် ၅၉၂၃၊ ၅၉၂၄) နှင့် ရုရှားထုတ် ရဟတ်ယာဉ် ၃ စီး ထပ်မံအင်အားဖြည့်တင်းလိုက်ပြီး၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းပဋိပက္ခများတွင် လေကြောင်းစွမ်းအား မရှိမဖြစ် လိုအပ်လာသည်ဟုဆို၍ စစ်တပ်အရေးသာလာနေပြီဟု ယမန်နေ့ လေယာဉ်လက်ခံပွဲတွင် ပြောဆို လိုက်သည်။ မင်းအောင်လှိုင်က နိုင်ငံတကာ ပဋိပက္ခများနှင့် ပြည်တွင်းအခြေအနေများအရ လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းများ အရေးပါလာသည်ကို ထောက်ပြပြီး၊ ပြည်ပအဖွဲ့အစည်းများက ရွေးကောက်ပွဲ ပျက်ပြားစေရန် ကြိုးပမ်းနေသည်ဟုစွပ်စွဲကာ၊ တော်လှန်ရေးတပ်များ တဖြည်းဖြည်း အရေးနိမ့်လာနေသည်ဟု ကြွေးကြော်သည်။ စစ်တပ်အနေဖြင့် လေကြောင်းစွမ်းအားကို ဆက်လက်တိုးတက်အားဖြည့်သွားမည်ဟု မင်းအောင်လှိုင်က အလေးပေး ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်မနေနိုင်တော့မည်ကို စိုးရိမ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် ဆောင်းပါး ရေးသား

နိုဝင် ၈
The Kaladan Post
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဖက်စစ်တပ်၏ မတရားချုပ်နှောင်မှု အတွင်း ဆေးကုသခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်များ ငြင်းပယ်ခံနေရသဖြင့် အသက်ရှည်ရှည် မနေနိုင်တော့မည်ကို စိုးရိမ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က အမေရိကန်အခြေစိုက် TIME မဂ္ဂဇင်းတွင် ဆောင်းပါး ရေးသားထားသည်။ နှလုံး၊ သွားဖုံး၊ အရိုးရောဂါများဖြင့် ဝေဒနာခံစား နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နေအိမ်အကျယ်ချုပ်ကာလကဲ့သို့ မိသားစုဆက်သွယ် ခွင့်ပင် မရှိသည့် လျှို့ဝှက်နေရာတွင် ချုပ်နှောင်ထားကြောင်း၊ မြန်မာအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦး လစဉ်သေဆုံးနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထား ကြောင်း ကင်မ်အဲရစ်က ဆိုသည်။ ယနေ့ နိုဝင်ဘာ ၈ ရက်သည် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဆယ်စုနှစ်တစ်ခု ပြည့်မြောက်သည့်နေ့ဖြစ်သော်လည်း စစ်တပ်က အတုအယောင်ရွေးကောက်ပွဲ ပြင်ဆင်နေသဖြင့် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကို ရွေးကောက်ပွဲမတိုင်မီ ချက်ချင်းလွှတ်ပေးရန်နှင့် ကမ္ဘာက နှုတ်ဆိတ်မနေသင့်ကြောင်း ၎င်းက တောင်းဆိုသည်။

တီးတိန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ချင်းညီနောင် တိုက်ခိုက်ရာ စစ်တပ် ၄၀ ဦး သေဆုံး

နိုဝင် ၈
The Kaladan Post
ချင်းပြည်နယ် တီးတိန်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုထိုးစစ်ဆင်ရာ ချင်းညီနောင်တပ်မတော်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။ ထို့အတူ ဖမ်းဆီးခံရသော ပြည်သူ ၁၄ ဦးကို နိုဝင်ဘာ ၆ ရက်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး၊ ထူးခြားစွာ အမျိုးသမီး တစ်ဦးကို စစ်ကောင်စီက အဓမ္မပြုကျင့်ခဲ့သည်ဟု ဖော်ပြထားသည်။ အောက်တိုဘာ ၂၆ ရက်မှစ၍ တီးတိန်းမြို့ ခလရ(၂၆၉) တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ၂၆ ကြိမ် အင်အား ၅၀၀ ခန့် ဖြည့်တင်းပြီးနောက် စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ သိုင်းငင်းမြို့ဘက် ဦးတည်ထိုးစစ်ဆင်လာခဲ့သည်ကို ချင်းညီနောင်က ဆန့်ကျင်တိုက်ခိုက်ခဲ့ရာ နေ့စဉ် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံး၊ ဒဏ်ရာရမှုနှင့် ထွက်ပြေးမှုများ ရှိခဲ့ကြောင်း ဆိုသည်။ အောက်တိုဘာ ၃၀ ရက်တွင် တီးတိန်-ကလေး လမ်း ဒိမ်လို (DIMLO) လမ်းခွဲအနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်း ထန်ခဲ့ရာ စစ်ကောင်စီ အထိန်းခံပြီး ရှေ့မတိုးနိုင်ဘဲ စခန်းချ ညအိပ်ခဲ့ရသည်ဟု ဖော်ပြထားသည်။ အောက်တိုဘာ ၃၁ ရက်တွင် ခလရ(၂၆၉) မှ အင်အား ၈၀ ခန့် စစ်ကူ ပို့ခဲ့ပြီး နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဆက်လက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်နက် ၁၃ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရခဲ့သည်။ နိုဝင်ဘာ ၃ ရက်တွင်လည်း လူသားဒိုင်းများဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တီးတိန်-ကလေး လမ်း ဆွောမ်းပီး (SUANGPI) လမ်းခွဲဘက်မှ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့အပြင် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကား တစ်စီးကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း ချင်းညီနောင်က ပြောဆိုသည်။

ပခုက္ကူ မြစ်ခြေ-ကျွန်းချောင်း တိုက်ပွဲ၊ စစ်သား ၁၀ ဦး သေဆုံး

နိုဝင် ၈
The Kaladan Post
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေ-ကျွန်းချောင်းဘက်သို့ အောက်တိုဘာ ၃၀ရက်တွင် စက်လှေများဖြင့် ကူးလာသော တပ်မ ၉၉ လက်အောက်ခံ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ဆိက္ခဝကျေးရွာအနီး တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံး၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းရင်သွေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဉ် စစ်တပ်ကင်းပုန်းမှ ပစ်ခတ်သည့် ကျည်ထိမှန်၍ ပကဖ ရဲဘော်တစ်ဦး ခေါင်းထိမှန် ကျဆုံးခဲ့ပြီး အလောင်း ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကြောင်းမှာ လက်ရှိ ကျွန်းချောင်းတောင်ဘက် ဓာတ်မြေဩဇာစက်ရုံတွင် တပ်စွဲထားပြီး ကင်းပုန်းများ ချထားကြောင်း သိရသည်။ နိုဝင်ဘာ ၂ ရက်တွင် ယင်းစစ်ကြောင်းက ညောင်လှကျေးရွာ အထက်တန်းပြ ဆရာ တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် မြို့စိုးကျေးရွာ နေအိမ် ၁၅ လုံး၊ ပေါက်တောနှင့် ကျွန်းချောင်းလေးကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ဆုံးရှုံးမှု အရေအတွက်ကို အတိအကျ မသိရသေးကြောင်း ပြောဆိုထားသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲခံရပြီး သေဆုံး

နိုဝင် ၈
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေကုန်းကျေးရွာရေတံခါးအနီးတွင် နိုဝင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်က တပ်၃ မှ အင်အား ၅၀ ဝန်းကျင်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပကဖ) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ဘဲ ပကဖ ဘက်မှ ထိခိုက်မှု မရှိဘဲပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်။ သေဆုံးသူများကို တပ်တွင်းသတင်းအရ သိရှိရပြီး နိုဝင်ဘာ ၈ ရက်တွင် နာရေးကိစ္စများ ဆောင်ရွက်နေကြောင်း သိရသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး အနီးဝန်းကျင်ကျေးရွာမှ နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ တပ်မတော်က ကားများဖြင့် ရုပ်အလောင်းများ လာရောက်ခေါ်ဆောင်ခဲ့ပြီး တစ်နေ့လုံး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု တာဝန်ရှိသူက ဆိုသည်။

ဘုတလင်မြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကို PDF ရဲဘော်များ ကယ်ထုတ်

နိုဝင် ၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲ နေထိုင်နေမှုကြောင့် တိုက်ပွဲများပြင်းထန်နေချိန်တွင် ပိတ်မိနေသော ဒေသခံ ပြည်သူများကို ဘုတလင်ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များက အန္တရာယ်ကင်းရာ ကယ်ထုတ်နေကျ ဗီဒီယိုဖိုင်ကို ဘုတလင်ကာကွယ်ရေး တပ်ဖွဲ့မှ ဒီနေ့ ထုတ်ပြန်သည်။ လက်ရှိ အကြမ်းဖက် စစ်တပ်များ ဘုတလင်မြို့နယ် ဇီးတောရွာ အတွင်း တပ်စွဲနေထိုင်နေမှုကြောင့် ဘုတလင်မြို့နယ် အတွင်း အရှေ့ကံ၊ ဇီးတော (နယ်) ရွာ၊ သရက်တိုရိုးရွာ၊ ရွှေချောင်းလည်ရွာ စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများ အကြီးအကျယ် ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရမှုများ ရှိနေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ ကယ်ထုတ်ရေး လုပ်ငန်းများတွင် ရဲဘော်များက တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကို လုံခြုံစွာ ဆွဲထုတ်ကာ ဘေးကင်းရာ ပို့ဆောင်နေကျ မြင်ကွင်းများကို ဗီဒီယိုဖိုင်တွင် ရိုက်ကူးထားပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာလ အတွင်း ပြုလုပ်မည့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသထဲမှ မြို့နယ် ၁၁ ခုတွင် ဘုတလင်မြို့နယ်လည်း ပါဝင်နေပြီး ဤရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြမည်ဟု ပြောဆိုနေကြသည်။

လောင်းလုံးမြို့နယ်တွင် ကြံ့ဖွတ်ပါတီရုံးကို သံမဏိလိပ်ပြာတပ်ဖွဲ့က ဖောက်ခွဲ

နိုဝင် ၈
The Kaladan Post
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသရန် လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က မြို့ပေါ်ရှိ ကြံ့ဖွတ်ပါတီရုံးကို နိုဝင် ဘာ ၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့မှ ထုတ်ပြန်သည်။ ဖောက်ခွဲမှုကြောင့် ကြ့ဖွတ်ပါတီရုံး မီးလောင်ပြာကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး ပြည်သူများအနေဖြင့် အဆိုပါ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း၊ စည်းရုံးနှိုးဆော်ခြင်း၊ အတင်းအကျပ်ဖိအားပေးခြင်း မပြုလုပ်ကြရန် တပ်ဖွဲ့က ပြောဆိုသည်။ ကျနော်တို့ ဒီနေ့ နံနက်အစောပိုင်းမှာ လောင်းလုံးမြို့ ကြံ့ဖွတ်ပါတီရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ပေါ့။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့ အနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ ဟု တပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့အနေဖြင့် ပြည်သူ့ဆန္ဒမပါသည့် အတုယောင်ရွေးကောက်ပွဲကို နေရာဒေသမရွေး ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

အာဏာဆက်ဆုပ်ရန် စစ်တပ် ဟန်ပြရွေးကောက်ပွဲသည် ပဋိပက္ခ ပိုဆိုးရွားစေမည် CRPH ပြောဆို

နိုဝင် ၈
The Kaladan Post
၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ၅ နှစ်ပြည့်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် အာဏာဆက်လက်ဆုပ်ကိုင်ရန် ကြိုတင်ကြံစည်ထားသည့် တရားမဝင် အတုအယောင်သာ ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၁,၁၇၁ နေရာအနက် ၁,၁၁၇ နေရာတွင် ကျင်းပနိုင်ခဲ့ကာ မဲပေးပိုင်ခွင့်ရှိသူ၏ ၇၁% ကျော်က ဆန္ဒမဲပေးခဲ့ရာ ခိုင်လုံမဲ ၉၆% ကျော် ရရှိခဲ့ကြောင်း၊ ပြည်တွင်း-ပြည်ပလေ့လာသူများက ယုံကြည်စိတ်ချရပြီး ပြည်သူ့ဆန္ဒ ထင်ဟပ်သည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း CRPH က ထောက်ပြသည်။အကြမ်းဖက်စစ်တပ်က တရားဝင်အစိုးရထံမှ အာဏာဥပဒေမဲ့ လုယူခဲ့မှုကြောင့် စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ တရားဥပဒေ စိုးမိုးမှု ပျက်ပြားမှုနှင့် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူး၊ မူးယစ်ဆေး ကုန်ကူးမှုများ အဆမတန် ကြီးထွားလာမှုကြောင့် မြန်မာ့တည်ငြိမ်ရေးသာမက ဒေသတွင်း-နိုင်ငံ တကာ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေကြောင်း CRPH က ရှင်းပြသည်။ ထို့ကြောင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ဟန်ပြဒီမိုကရေစီသာ ဖြစ်ပြီး ပဋိပက္ခ ပိုဆိုးရွားစေမည်ဖြစ်ရာ ငြိမ်းချမ်းရေး အလှမ်းကွာဝေးစေမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက ရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ရန် CRPH က တိုက်တွန်းတောင်းဆိုသည်။