မေးမြန်းသူ – RAIN
ဖြေဆိုသူ – Christensen – လက်ထောက်အထွေထွေအတွင်းရေးမှူး – ၁၊ Senthang Central Council
RAIN – ဒီက ကြည့်ရှုနေကြတဲ့ သူများအားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မင်္ဂလာပါဆရာ။
Christensen – ဟုတ်ကဲ့ မင်္ဂလာပါ။
RAIN – ဟုတ်ကဲ့ပါ။ အခုလိုမျိုး အချိန်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါ တယ်ဆရာ။ ဆိုတော့ ကျွန်မတို့ ဒီအင်တာဗျူးလေး မစခင်မှာ ဆရာက လက်ရှိမှာပေါ့နော် လက်ထောက်ထွေထွေအတွင်းရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်ဆိုတာကို ကျွန်မတို့ တွေ့ရတယ်။ ဆိုတော့ ဒီတော်လှန်ရေး မတိုင်ခင်မှာ ဆရာ့ရဲ့ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့တယ်။ ပြီးတော့ ဒီတော်လှန်ရေးကိုရော ဘယ်လိုခံယူချက်တွေနဲ့ ပါဝင်ဖြစ်ခဲ့တယ် ဆိုတာလေးကို အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင်။
Christensen – ဟုတ်ကဲ့။ အခုလိုမျိုး ကျွန်တော့်ကို ဖိတ်ခေါ်တဲ့ Kaladan Post ကို ကျေးဇူးတင်တယ်။ အခုလိုမျိုး ပြည်သူတွေနဲ့အတူပေါ့နော် တွေ့ဆုံခွင့် ဒီ Social Media ကနေ တစ်ဆင့် ပြည်သူတွေကို ကျွန်တော် တွေ့ဆုံခွင့်ရတဲ့အတွက်လည်း အင်မတန်မှ ဝမ်းသာ တယ်ဆိုတာ ပထမဆုံး ပြောကြားချင်ပါတယ်။ ကျွန်တော် ဒီတော်လှန်ရေး မစခင်မှာတော့ ကျွန်တော်က ကျောင်းသားပေါ့နော်။ ဒီကလေးတက္ကသိုလ်မှာ Master နဲ့ သမိုင်းမေဂျာနဲ့ ပေါ့နော် ကျောင်းတက်တယ်။ အဲ့ဒီ့နောက်ပိုင်းမှာ Covid ရောဂါ ရောက်လာတယ်။ ပြီးမှပဲ ကျွန်တော်တို့က ၂၀၂၁ နွေဦးတော်လှန်ရေးဆိုတာ ပေါ်ပေါက်လာတယ်။ ဒီဟာ ဘာကြောင့် ပေါ်ပေါက်လာသလဲဆိုတာကတော့ ကျွန်တော်တို့က အာဏာရှင်စနစ်ကို မကြိုက်ဘူး။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ကိုယ့်ခေါင်းဆောင်တွေပေါ့နော်။ ကျွန်တော်တို့ ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် ခေါင်းဆောင်လုပ်ခွင့် မရတဲ့ အတွက် ဒီတိုင်းပြည်ကို အုပ်ချုပ်ခွင့် မရတဲ့အတွက် ကျွန်တော်တို့က ဝမ်းနည်းပြီးတော့ ကျွန်တော်တို့က ဆန္ဒထုတ်ဖော်တယ်။ အဲ့ဒီကနေ စပြီးတော့ ကျွန်တော်ကတော့ ဒီဟာတော့ မဖြစ်သင့်ဘူး၊ ကိုယ်ရွေးချယ်ထားတဲ့ ခေါင်းဆောင်မှပဲ ကျွန်တော့်ကို ခေါင်းဆောင်လုပ်ပေးမှပဲ ကျွန်တော်ကတော့ ဒီလက်အောက်မှာပဲ ကျွန်တော်ကတော့ ကျောင်းတက်ပြီးတော့ ကျွန်တော်ကတော့ နေမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ဝင်လာတာ ဖြစ်တယ်ပေါ့နော်။ တော်လှန်ရေး ကို လုပ်ဖြစ်လာတာ ဖြစ်တယ်။
RAIN – ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ ဒီလက်ရှိမှာဆို လို့ရှိရင်လည်း ဆရာကိုယ်တိုင် ဒီတော်လှန်ရေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်နေတာ တွေ့ရ တယ်။ ဆရာကိုယ်တိုင် လူငယ်တစ်ဦးဖြစ်သည် အားလျော်စွာပေါ့နော်။ ဆိုတော့ ဒီကာလမှာ လူငယ်တွေများစွာ ဒီတော်လှန်ရေးမှာ ပါဝင်နေတာ ဦးဆောင်နေတာကိုလည်း တွေ့ရတယ်။ ဆိုတော့ ဒီလူငယ်တွေရဲ့ ဒီတော်လှန်ရေးအပေါ်မှာ ဒီလူငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးကြီးတယ်လို့ သုံးသပ်ထားလဲပေါ့နော်။ ပြီးတော့မှ ဒီလူငယ်တွေရဲ့ အကြီးမားဆုံး စိတ်ခေါ်မှုဆိုလို့ရှိရင်ရော ဆရာ့အနေနဲ့ ဘယ်လိုများ ပြောပြလိုပါလဲရှင်။
Christensen – ဟုတ်ကဲ့။ ဒီတော်လှန်ရေး ပါလာတာနဲ့ ကျွန်တော်တို့ကတော့ တော်လှန်ရေးက အဆင့်ဆင့်နဲ့ လာခဲ့တာပေါ့နော်။ ပထမအဆင့်မှာတော့ ကျွန်တော်တို့က ကိုယ့်ပြည်သူတွေက ရွေးချယ်တဲ့ ခေါင်းဆောင်က လုပ်ခွင့်မရတော့ ကျွန်တော်တို့က ဒီဟာဆိုရင်တော့ ကျွန်တော်တို့က အမှောင်ဘဝကို ပြန်ရောက်မယ်ဆိုတာ ကျွန်တော်တို့က ကြိုသိတယ်။ အဲ့ဒီသိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်က လူငယ်ဆိုတော့ လူငယ်အခန်းကဏ္ဍနဲ့ ကိုယ့်ဆန္ဒကို ထုတ်ဖော်မယ်ဆိုတဲ့ ဟာအတွေးနဲ့ အရင်ဆုံး ကျွန်တော် လမ်းထွက်ပြီးတော့ ဆန္ဒပြတယ်။ လက်နက်မကိုင်တဲ့ နည်းလမ်းနဲ့ အကောင်းဆုံး ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒ၊ လိုအင်ဆန္ဒပေါ့ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ပေမယ့် ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးက ဒီဟာကို ပယ်ဖျက်ပြီးတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ ကျွန်တော်တို့ကို ဖြေရှင်းတယ်။ အဲ့ဒီဖြေရှင်းတဲ့အခါကျတော့ ကျွန်တော်တို့က ဒီဟာနဲ့ မရတော့ဘူးဆိုပြီးတော့ လူငယ်တွေကို ထပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တာ ဖြစ်တယ်။ ဒီလက်နက်ကိုင်လမ်းစဉ် ရွေးချယ်တဲ့အခါမှာ လူငယ်ဆိုတဲ့ အခန်းကဏ္ဍက တော်တော်လေးမှ အရေးကြီးတဲ့အပိုင်းမှာ ပါလာတယ်။ တကယ်တော့ ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တော့မယ်ဆိုတဲ့ ကျွန်တော်တို့ ကြွေးကြော်သံတွေ စပေါ် လာတာနဲ့ လက်နက်ကိုင်နိုင်တဲ့သူက အင်အားရှိတဲ့သူမှပဲ ကိုင်နိုင်တယ်။ ဖျတ်လတ်တဲ့သူမှပဲ ကိုင်နိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ တကယ့်လူငယ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခန်းမှာ ပါဝင်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကလည်း ဒီမှာပါဝင်ပြီးတော့ လူငယ် တွေ ဘယ်လောက်ထိ ဦးဆောင်မှု အရေးကြီးသလဲဆိုတော့ ဒီဟာကတော့ တကယ့်တော့ လက်နက်ကိုင် ရွေးချယ်မှုလမ်းစဉ်က လူငယ်တွေ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အခန်းကဏ္ဍ ဖြစ်တဲ့အတွက်ကြောင့် လူငယ်တွေ ပါဝင်တာ ဖြစ်တယ်။ ပြီးတော့ ဘယ်လောက်ထိ အရေးကြီးသလဲဆိုရင်တော့ ကဲ စစ်တိုက်တော့မယ်၊ မြို့တွေသိမ်းလာတော့မယ် တဖြည်း ဖြည်းနဲ့ အာဏာရှင်စနစ်ကို တိုက်ထုတ်တော့မယ်။ ဒီက လူကြီးတွေကို ပါဝင်လုပ်လို့ မရတော့ ဘူး။ ပြီးတော့ ဆန်အိတ်ထမ်းတာပဲ ဖြစ်ဖြစ်ပေါ့ တခြားနေရာ ဆေးကုသတဲ့အပိုင်းမှာပဲဖြစ်ဖြစ် ပို့တဲ့နေရာမှာ လူငယ်တွေက ပိုပြီးတော့ ဖျတ်လတ်တဲ့အတွက်ကြောင့်မို့လို့ လူငယ်တွေ ပါဝင်တာတော့ အကောင်းဆုံးဖြစ်တယ်။ ဦးဆောင်တဲ့နေရာမှာ ကျတော့ ကျွန်တော်ကျတော့ အဲ့လိုမြင်မိပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ရဲ့ လက်အောက်မှာ နေထိုင်လာခဲ့တဲ့ အတွက် မြန်မာပြည်မှာနေပြီးတော့ မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို သင်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ပြီးတွန်းလှန်မယ်ဆိုတာကတော့ သူ့ရဲ့ အဓိကတော့ စစ်ရေးနည်းဗျူဟာတွေပေါ့ နိုင်ငံရေးနည်းဗျူဟာတွေကို ကျွန်တော်တို့က ပြန်လည်အသုံးချတဲ့သဘော ရှိတဲ့အတွက်ကြောင့်မို့လို့ နည်းနည်းတော့ အခက်အခဲတွေ ရှိလာနိုင်တယ်။ လူငယ်တွေ ခေါင်းဆောင်တဲ့အပိုင်းမှာပေါ့နော်။ ဒီမှာ တော်လှန်ရေးလုပ်တဲ့ သူတွေကတော့ များသောအားဖြင့် ပြည်တွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေကပဲ ဦးဆောင် တယ်ဆိုတော့ နိုင်ငံခြားမှာ ပညာသွားသင်ပြီးတော့ နိုင်ငံခြားမှာ ကျွန်တော်တို့ လိုလားတဲ့ပေါ့ နော် Federal Democracy စနစ်ကို ကျွန်တော်တို့က သေသေချာချာလေး ကောင်းကောင်း မွန်မွန်လည်း သင်ယူလေ့လာခဲ့တာမျိုး မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအပိုင်းမှာ လူငယ်တွေ တော်တော်အခက်အခဲ ရှိလာမယ်။ ဒါပေမယ့် လူငယ်တွေအနေနဲ့ပေါ့နော် တစ်ခုတော့ ကျွန်တော်တော့ ဖြစ်စေချင်တဲ့ဟာကတော့ နိုင်ငံရေးပညာရှင်များရဲ့ နိုင်ငံခြားမှ ပညာတော် သင်များရဲ့ အကြံပြုမှုကိုလည်း ကျွန်တော်တို့ကတော့ နားထောင်ဖို့လိုတယ်။ တော်လှန်ရေး လုပ်တဲ့အခါမှာပေါ့နော်။ တကယ်လိုအပ်တယ်ဆိုတဲ့ဟာ ကျွန်တော် ပြောချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ တော်လှန်ရေးဟာ ဆိုလို့ရှိရင် ဒါ ၄ နှစ်ကျော် ၅ နှစ်တာ ကာလပေါ့နော် အတိုင်းအတာ တစ်ခုထိ ရောက်ရှိလာတဲ့ အခါမှာ ဆရာ့အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးဟာ ဘယ်အဆင့်ကို ရောက်နေပြီလို့ ဆရာ့အနေနဲ့ သုံးသပ်ပါသလဲ။ ပြီးတော့မှ ဒီတော်လှန်ရေးကာလရဲ့ အခက်အခဲတွေ အောင်မြင်မှုတွေနဲ့အတူ ဒီအနာဂတ် အမြင်လေးကိုလည်း ရှင်းပြပေးပါဦးရှင်။
Christensen – ဟုတ်ကဲ့။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင်ပေါ့နော် ဒီတော်လှန်ရေးကတော့ ကျွန်တော်တို့ နောက်ဆုံးအဆင့် ရောက်နေပြီလို့ ကျွန်တော်တော့ မြင်မိတယ်ပေါ့နော်။ ကျွန်တော်တို့က ပထမဦးဆုံးကျတော့ ဒီတော်လှန်ရေးကို နိုင်ငံပြုပြီးသားတဲ့ နိုင်ငံတွေပေါ့နော် စနစ်ကောင်းမွန်တဲ့ နိုင်ငံတွေလိုမျိုးတော့ ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ပြီးတော့ ရမယ်ဆိုပြီး ကျွန်တော်တို့က မျှော်လင့်တယ်။ အကောင်းဆုံးပေါ့နော်။ ၂ လ ၃ လလောက်ထိ တော့ ကျွန်တော်တို့က ကြိုးစားခဲ့တယ်။ ပြည်သူတွေ အကုန်လုံး ထပြီးတော့ ကြွေးကြော် တယ်ပေါ့နော်။ ကျွန်တော်တို့ လိုလားတာ ဒီဟာ ဖြစ်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့က တော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တယ်။ ဒါပေမယ့် ကျွန်တော်တို့က မရခဲ့ဘူး အဲ့အချိန်မှာ ပေါ့နော်။ အဲ့ဒါ ပထမအဆင့်တော့ ကုန်သွားပြီ။ ပြီးတော့ ဒုတိယအဆင့် အနေနဲ့ ကျတော့ ကျွန်တော်တို့ ကဲ ဒါဆိုရင်တော့ ဒီဟာနဲ့ မရရင်တော့ ကျွန်တော်တို့က လက်နက်ကိုင် လမ်းစဉ် ကိုပဲ ရွေးတော့မယ် ဟေ့ ဆိုပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တာ ဖြစ်တယ်။ အဲ့ဒီလက်နက်ကိုင် လမ်းစဉ် ရွေးချယ်တဲ့ အချိန်မှာပေါ့နော် ဒီခံစစ်နဲ့ ထိုးစစ်ပေါ့နော် သူက တိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ခံစစ်လုပ်တယ်။ သူ့ကိုလည်း ပြန်တိုက်တယ်။ အဲ့အချိန် မှာကျတော့ ကျွန်တော်တို့က စစ်ရေးနဲ့ပဲ ကျွန်တော်တို့ တော်လှန်တာပဲ ရှိတယ်။ ဒုတိယ အနေနဲ့ပေါ့နော်။ နောက်ဆုံးအဆင့် ကျတော့ ကျွန်တော်တို့ တော်လှန်ရေးလုပ်တာ စစ်ရေး တစ်ခုကို ကျွန်တော်တို့ ဖော်ဆောင်တာ တစ်ခုတည်းကို တော်လှန်ရေးလုပ်တာလို့ ကျွန်တော်တို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို Federal Democracy စနစ်ကြီးရဲ့ ပန်းတိုင်ကို ကျွန်တော်တို့က ဦးတည်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တကယ့် ဒီမိုကရေစီစနစ် အရဆိုရင်တော့ ကျွန်တော်တို့က မဲပေးဖို့လည်း လိုလားနေပြီ။ ပြီးတော့ နိုင်ငံရေးနဲ့ အပြိုင်အဆိုင်ပေါ့နော်။ ဖက်ဒရယ်နဲ့ ပြောရင်တော့ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ညှိနှိုင်းမှုတွေ လိုလားနေပြီ။ သူက ဘာလိုသလဲ၊ ကျွန်တော်က ဘာလိုသလဲ၊ ကိုယ့်ပြည်သူတွေက ဘာလိုသလဲ ဆိုတာ ထုတ်ဖော်ရတဲ့ အခြေအနေ ရောက်လာပြီ ဖြစ်တာမို့လို့ ကျွန်တော်တို့ကတော့ မြို့သိမ်းတိုက်ပွဲတွေ ကျွန်တော်တို့ ဆင်နွှဲ လာတာနဲ့ ကျွန်တော်တို့က အနိုင်တွေ ရလာတယ်၊ ထိန်းချုပ်နယ်မြေတွေ ရလာတယ်၊ စိုးမိုး နယ်မြေတွေ ရလာတော့ ကျွန်တော်တို့က နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ ဖြစ်လာတော့ပြီ။ ဟိုမှာ ပေါ့နော် ကျွန်တော်တို့ ကဲ ဒါဆိုရင်တော့ ဘယ်လိုအကောင်အထည်ဖော်မလဲ အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ။ စစ်ရေးအခန်းကဏ္ဍမှာ ဘယ်လိုအကောင်အထည်ဖော်မလဲ။ တရားဥပဒေ စိုးမိုးရေး အခန်းကဏ္ဍမှာ ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာမျိုးမှာကျတော့ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးနဲ့ ကျွန်တော်တို့ရဲ့ စနစ်ပေါ့နော် အားပြိုင်မှုတွေ ရှိလာပြီ။ အဲ့ဒါကြောင့်မို့လို့ ဒီကျွန်တော်တို့ရဲ့ စနစ်က နောက်ဆုံးအဆင့် ရောက်နေပြီလို့ ကျွန်တော် တော့ မြင်တာဖြစ်တယ်။ ပြီးတော့ အခက်အခဲနဲ့ ပြောရင်တော့ ဒီတော်လှန်ရေး စဝင်တာနဲ့ အပြင်မှာထွက်ပြီးတော့ ဟေး ကျွန်တော်ကတော့ ကျွန်တော်တို့ လိုချင်တဲ့ဟာ ကျွန်တော် တို့ကို ပြန်ပေးဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ အော်တာကတော့ မခက်ပါဘူး။ ဒီက ပြည်သူတွေ လမ်းမပေါ်မှာ ထွက်ပြီးတော့ အော်တာပဲ ရှိသေးတယ်။ ကိုယ့်ဆန္ဒ ထုတ်ဖော်တာပဲ ရှိသေး တယ်။ ဒါပေမယ့် တကယ့်လက်နက်ကိုင်တော့မယ်ဆိုရင်တော့ လက်နက်ရှိဖို့ လိုလာပြီ။ ပြီးတော့ ကျန်းမာရေးပဲဖြစ်ဖြစ်ပေါ့နော် လိုလားတဲ့အတွက်ကြောင့်မို့လို့ ဘာမှမရှိတဲ့ ဘဝကနေ ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားပြီးတော့ ဒီနေ့ ဒီအချိန်မှာတော့ ရှိသင့် သလောက်တော့ လက်နက်တွေလည်း ရှိလာပြီ၊ တပ်ဆင်နိုင်ခဲ့ပြီပေါ့နော်။ အောင်မြင်မှုတွေနဲ့ ပြောရရင်တော့ မြို့သိမ်းတိုက်ပွဲတွေ ရလာပြီ။ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ရလာပြီ။ ဒီဟာနဲ့ ဒီတော်လှန်ရေးရဲ့ ကျွန်တော်တို့ အောင်မြင်မှုလို့လည်း ကျွန်တော်တို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုပဲ ကျွန်တော်တို့ တိုက်တာ မဟုတ်ဘူး။ အုပ်ချုပ်ရေး လည်း အကောင်အထည်ဖော်လာနိုင်ပြီ။ ဒီစစ်အာဏာရှင်စနစ်ဆိုးဆိုရင်တော့ ဘာလဲဆိုရင် သူတို့က ပညာရေးကို သူက မသိအောင်ပေါ့နော် သူကတော့ လျှို့ဝှက်ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီဟာကောင်းပါတယ်၊ ချိုချဉ်က အရသာရှိတယ်ပေါ့နော်၊ ချိုတဲ့အရသာ ရှိတဲ့ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပြတဲ့ အခွင့်လည်း ရလာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုလည်း ရှိလာပြီပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က နောက်ဆုံးအဆင့်လည်း ရောက်လာပြီ ဒီအောင်မြင်မှုလည်း ရောက်လာပြီ။ အခက်အခဲတော့ များစွာရှိတဲ့ကြားထဲက ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံး မြင်တွေ့ခွင့်ရတာပေါ့နော်။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်တစ်ခုအနေနဲ့ ဒီတော်လှန်ရေး အင်အားစုတွေ ကြားက စိတ်ဝမ်းကွဲမှုတွေ ပြီးတော့မှ ဒီဝေဖန်သံတွေအပေါ်မှာ ဆရာ့ရဲ့ အမြင်နဲ့ သဘောထား လေးကိုလည်း သိပါရစေရှင်။ ပြီးတော့မှ ဒီထက်ပိုပြီးတော့ ညီညွတ်မှု ခိုင်မာစေဖို့ရာအတွက် ဘာတွေလုပ်ဆောင်သင့်တယ်လို့ ဆရာ့အနေနဲ့ မြင်ပါလဲ။ ပြီးတော့ စစ်ကောင်စီ တကယ်ကို အမြစ်ပြတ်ဖို့အတွက်ရော တော်လှန်ရေးအင်အားစုတွေကြားမှာ ဘယ်လိုပေါင်းစပ်ညှိနှိုင်းမှု တွေ အထူးသဖြင့် လုပ်ဆောင်သင့်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ပါလဲရှင်။
Christensen – ဟုတ်ကဲ့။ ဒီတော်လှန်ရေး အချင်းချင်းကြားမှာပေါ့နော် ဒီမညီညွတ်မှုတွေ ရှိလာတယ်။ ဒီဟာကျတော့ ပြန်ကြည့်ရင်တော့ စောစောက ကျွန်တော်ပြောထားပြီးတဲ့ အတိုင်းပါပဲ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့က နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်စနစ် လက်အောက်မှာပဲ နေလာခဲ့တဲ့အတွက်ကြောင့်မို့လို့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဟိုးအရင် ကနေ ဒီမြန်မာပြည်ကို ပြန်ကြည့်မယ်ဆိုရင် ဗမာပြည်ပဲဖြစ်ဖြစ်ပေါ့နော် တခြားတိုင်းရင်းသား တွေပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်ကသာအုပ်ချုပ်လာခဲ့တဲ့ နေထိုင်လာခဲ့တဲ့ အတွက် ကြောင့်မို့လို့ တကယ် ကျွန်တော်တို့ လက်တွေ့အသုံးချတဲ့ နေရာမှာ ဒီလိုမျိုးအခက်အခဲတွေ ကြုံလာနိုင်တယ်။ ဒီဟာကိုလည်း ကျွန်တော်တို့ အပြစ်တင်လို့ မရပါဘူးပေါ့နော်။ တော်လှန်ရေးလုပ်နေတဲ့ ပြည်သူတွေ အနေနဲ့ ပြီးတော့ အဖွဲ့အစည်းအနေနဲ့လည်း အပြစ်တင်လို့ မရပါဘူး။ တော်လှန်ရေးဆိုတာ ဘယ်သူမှ ဆရာမရှိပါဘူး။ ကိုယ်လိုချင်တဲ့ စနစ်ကသာ ဆရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာတစ်ခုတည်းနဲ့လည်း ပြီးတာဆိုရင်တော့ ပန်းတိုင်တစ်ခုတည်းနဲ့လည်း မပြီးနိုင်ဘူး။ ဘာလို့ဆို ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ လုပ်ဆောင်ချက် ပေါ်မှာ မူတည်တယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်က တကယ့် ဖက်ဒရယ်ဆန်သလားပေါ့နော် ဒီမိုကရေစီဆန်သလားဆိုတာ အပြလာတာ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီဟာ ကိုယ်ကပဲ ဆရာဖြစ်နေတယ် ကျွန်တော်ကတော့ ဆရာဖြစ်နေတယ် ဆိုတဲ့ဟာမျိုး မလုပ်ကြဘဲနဲ့ စုပေါင်း အင်အားဆိုတာ ရှာဖွေနိုင်ဖို့ တော်တော်လေးကို အရေးကြီးတယ်လို့ ကျွန်တော် မြင်မိတယ်။ ဘာလို့လဲဆိုတော့ အင်အားတစ်ခုကို တည်ဆောက်တော့မယ်ဆိုရင်ပေါ့နော် မီးနဲ့ဘက်ထရီ လိုမျိုးပေါ့ ဝါယာကြိုးတို့ မရှိရင်တော့ မီးမလင်းနိုင်သလိုပေါ့နော် တော်လှန်ရေး အချင်းချင်း ကြား အင်အားကို တည်ဆောက်တော့မယ်ဆိုရင်တော့ စည်းစည်းလုံးလုံးနဲ့ ဒီအင်အားစုများကို အင်အားငယ်ပဲဖြစ်ဖြစ် အကြီးပဲဖြစ်ဖြစ် စုပြီးမှပဲ ကျွန်တော်တို့ အင်အားကို တည်ဆောက်နိုင် မှသာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို အောင်မြင်မှာ ဖြစ်သလို ပြီးတော့ ဝေဖန်သံတွေ ကလည်း အခုန ကျွန်တော်ပြောကြားသလိုပေါ့နော် တကယ့် ပညာရှင်တွေက ဒီပြည်တွင်းမှာ မရှိဘဲနဲ့ နိုင်ငံခြားကို ရောက်နေကြတယ်။ တကယ့် နိုင်ငံရေးအကြောင်းပေါ့နော် ကောင်းကောင်းနားမလည်တဲ့သူမှပဲ ပြည်တွင်းမှာပဲ နေထိုင်ကြတယ်ဆိုတော့လေ တကယ် တော့ လက်တွေ့အသုံးချတဲ့နေရာမှာ စစ်တိုက်တာ တစ်ခုတည်း မဟုတ်တဲ့အတွက်ကြောင့် ဥပမာ အုပ်ချုပ်ရေး အကောင်အထည်ဖော်တဲ့ အချိန်မှာ တကယ်ပညာတတ်တွေ လိုအပ် လာပြီပေါ့နော်။ စစ်တိုက်တာ တစ်ခုတည်း မကတော့ဘူး။ ကျွန်တော်တို့ကတော့ တစ်ခါ တလေ ဟိုဘုံရန်သူကို သတ်သတ်မှတ်မှတ် မထားဘဲနဲ့ ကျွန်တော်တို့က ပစ်မှတ်ကို အများ ကြီးထားပြီးတော့ သစ်ပင်ကို အမြစ်မခုတ်ဘဲနဲ့ အကိုင်းမှာ ကျွန်တော်တို့ အချင်းချင်းကြား ခုတ်လိုက်သလိုမျိုး ဖြစ်တာ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ သတ်သတ်မှတ်မှတ် ဘုံရန်သူကို ကျွန်တော်တို့ ထားရှိဖို့ လိုသလို စနစ်ကိုလည်း ကျွန်တော်တို့ လိုချင်တဲ့စနစ်ကိုလည်း သတ်သတ်မှတ်မှတ် ထားမှပဲ ကျွန်တော်တို့ ရတယ်။ ဘယ်သူမှ ဆရာမရှိပါဘူးဆိုတာ ကျွန်တော် ပြောချင်ပါတယ်ပေါ့နော်။
RAIN – ဟုတ်ကဲ့ပါ။ ဒီလက်ရှိမှာ စစ်ကောင်စီအနေနဲ့ ပြုလုပ်မယ့် ဒီရွေးကောက်ပွဲ အပေါ်မှာရော ဆရာ့ရဲ့ သဘောထားအမြင်လေးကိုလည်း သိချင်ပါတယ်။ ပြည်သူတွေ အနေနဲ့ရော ဒီအပေါ်မှာ ဒီစစ်ကောင်စီ ပြုလုပ်မယ့် ဒီရွေးကောက်ပွဲကို လက်မခံတဲ့ ပြည်သူတွေအနေနဲ့ရော ဘယ်လိုတွေ တုန့်ပြန်ပြီးတော့ ဆန့်ကျင်သင့်တယ်လို့ ဆရာ့အနေနဲ့ အကြံပြုလိုပါလဲရှင်။
Christensen – ဟုတ်ကဲ့။ ဒီစစ်ကောင်စီက လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကျွန်တော့်အမြင်နဲ့ ပြောရရင်ပေါ့နော် ကျွန်တော်တို့ကို စစ်အာဏာရှင်စနစ်က ရေသန့်ဗူးနဲ့ ရေသန့်ကို ပေးတာ မဟုတ်ဘူး။ အဆိပ်မိနေတဲ့ ရေကို ပေးပြီးမှပဲ မင်းကြိုက်တာ ထည့်ပါ၊ ခင်ဗျားတို့ ကြိုက်တာထည့်ပါ၊ အချိုထည့်ပါ အငန်ထည့်ပါ ဆိုတဲ့ဟာမျိုးနဲ့ ကျွန်တော်တို့ကို လာပေးတာ ဖြစ်တယ်။ ဒီအဆိပ်မိနေတဲ့ အာဏာရှင်စနစ်နဲ့ လုံးဝကို ပြည့်နှက်နေတဲ့ ကျွန်တော်တို့က လုံးဝမရွေးချယ်သင့်ဘူးပေါ့နော်။ ဘယ်လောက်ပဲ မဲထည့်ထည့်ပေါ့နော် ဒီမဲကို ဘယ်လောက်ပဲထည့်ထည့် ကိုယ်လိုချင်တဲ့ အရာကို ရမှာမဟုတ်ဘူး။ သူပေးတဲ့ အရသာကိုပဲ ရမှာဖြစ်တယ်။ တကယ် ဖက်ဒရယ် ဒီမိုကရေစီဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ တန်ဖိုးကို အဓိကထားတာပေါ့နော် လွတ်လပ်မှုနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ တန်ဖိုးကို ထားတာ။ အတုအယောင် ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးတာ မဟုတ်ဘူး။ ရေသန့်ကို ရေသန့်လိုပေးတာ မဟုတ်ဘူး။ သူ့အကြိုက်ကို ကျွန်တော်တို့ကို ပေးပြီးမှပဲ ကဲ ခင်ဗျားတို့ သောက်ပါ ဆိုတဲ့ဟာမျိုးနဲ့ တူတယ်။ အဲ့ဒါကြောင့်မို့လို့ ပြည်သူများအနေဖြင့် ဘယ်လိုမျိုး အတုအယောင်နဲ့ လုပ်တဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့၊ မဲမပေးကြဖို့ပေါ့နော်။ ကျွန်တော်တို့ ဒီမှာဆိုရင်တော့ မြို့ပေါ်မှာ မနေဘဲနဲ့ ရှောင်ပြီးတော့ပေါ့နော် ဒေသ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေမှာ ရှောင်ပြီးတော့ နေလို့ရတာပဲ။ ဘာကြောင့် မြို့ပေါ်မှာပဲ ကျွန်တော်တို့က ဘာလုပ်နေမလဲ ထိုင်ကြမလဲပေါ့နော်။ ဒီချိန် မဲပေးတဲ့အချိန်မှာ ကျတော့ ကျွန်တော်တို့ဘက် လာလို့ရတယ်။ မြို့ပေါ်မှာပဲ မဲထည့်ဖို့ မနေသင့်ဘူးပေါ့နော်။ ဒီအချိန်မှာ ကျတော့ ဒါကြောင့်မို့လို့ အတု အယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်ပေါ့နော်။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်ဆုံးအနေနဲ့ ဒါ မိဘပြည်သူတွေကို ဘာများ ဆရာ့အနေနဲ့ တိုက်တွန်းအားပေးစကား ပြောကြားလိုပါလဲရှင်။
Christensen – ဟုတ်ကဲ့။ ပြည်သူ့တော်လှန်ရေး ဆိုတာနဲ့ အတူ လက်နက်ကိုင်တော်လှန်ရေး ဆိုတာကလည်း ပြည်သူတွေက ပြည်သူတွေရဲ့ ကြွေးကြော်သံမှပဲ ဖြစ်တည်လာတာ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း တော်လှန်ရေး မိသားစုတွေပေါ့နော် ဒီတော်လှန်ရေးသမားတွေကို ဒီထက်မကပေါ့နော် အကောင်းဆုံး ကိုယ့်ပြည်သူကလည်း ပေးဆပ်ခြင်း ဆိုတဲ့ အခန်းကဏ္ဍ ကိုယ်ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ လက်နက်ကို ကိုင်ပြီးမှ စစ်တိုက်တာ တစ်ခုတည်းကို တော်လှန်ရေး လုပ်တာ မဟုတ်ဘဲနဲ့ ဟိုဥပမာ မဲမပေးတာလည်း တော်လှန်ရေးလုပ်တာ တစ်ခုဖြစ်တယ်။ တခြားနေရာမှာပေါ့နော် သူလုပ်တဲ့နေရာမှာ စစ်ကောင်စီက လုပ်တဲ့နေရာမှာ မပါဝင်ဖို့ မသွားဖို့ကတော့ တော်တော်လေး အရေးကြီးတယ် ပေါ့နော်။ သူလိုချင်တဲ့အရာကို ဖြည့်ဆည်းမပေးဘဲနဲ့ တော်လှန်ရေးက လိုချင်တဲ့ အရာကိုသာ ဖြည့်ဆည်းပေးကြဖို့ ဒီကနေ ပြည်သူတွေကို ဖိတ်ခေါ်လိုပါတယ်။
RAIN – ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင်။